ခြေ, စစ်ပွဲများ
by မင်းလူ၏ ၀တ္တုတိုများ on Monday, September 24, 2012 at 11:07pm ·
ကမ္ဘာ့ဘောလုံးရာသီ တစ်ခုပြီးတစ်ခု ပြီးဆုံးသွားပြီ။ ထို့အတူ စစ်ပွဲရာသီတစ်ခုလည်း ပြီးဆုံးခဲ့ပြီ။ ဆုဖလားကြီးရတဲ့သူလည်းရ၊ ဆုကြေးငွေ ရတဲ့လူလည်းရ၊ ရေနံတွေရတဲ့လူလည်းရ၊ ကန်ထရိုက်စာချုပ်တွေ ရတဲ့လူလည်းရပေါ့လေ။
ခုနောက်ဆုံး ဆင်နွှဲခဲ့ကြသော အီရတ်စစ်ပွဲသည် သမိုင်းတစ်လျှောက် အထူးခြားဆုံးစစ်ပွဲဟု ဆိုကြသည်။ နောက်ဆုံးပေါ်ခေတ်မီ လက်နက်တွေ ဖောချင်းသောချင်းထုတ်သုံးကြသော အချက်လည်းပါဝင်သည်။ ဒေါ်လာသန်းချီတန်တဲ့ ဒုံးပျံတွေကို မီးရှူးမီးပန်းလောက် သဘောထားပြီး တရွှီရွှီပစ်နေသည်။
နောက်အဓိကအချက်တစ်ခုကတော့ မီဒီယာများ၏ အခန်းကဏ္ဍဖြစ်၏။ အရင်တစ်ခါစစ်ပွဲတုန်းက မီဒီယာသမား အများစုမှာ သိပ်အခွင့်အရေး မရလိုက်ကြ။ ပါးရည်နပ်ရည်ရှိသော စီအင်အင်သတင်းဌာနကသာ ရုပ်မြင်သံကြားသတင်းအဖွဲ့တစ်ဖွဲ့ကို ဘဂ္ဂဒက်မြို့ထဲသို့ ကြိုတင်စေလွှတ်ထားနိုင်ခဲ့သည်။ သူတို့ကလည်း စွန့်စွန့်စားစားသွားခဲ့ရခြင်းဖြစ်၏။
တကယ်စစ်ဖြစ်လာတော့ သူတို့ကသာ ရုပ်သံသတင်းတွေကို လက်ဝါးကြီးအုပ်ပြီး ရယူနိုင်ခဲ့သည်။ ဒါတောင် အကန့်အသတ်တွေ ရှိနေသေး၏။ သတင်းတွေကို မျှမျှတတဖော်ပြပေးပါမည်ဆိုတော့ သဘောတူညီချက်ဖြင့် ဘဂ္ဂဒက်မှာနေခွင့်ရခဲ့ခြင်း ဖြစ်၏။ နည်းပညာနှင့် ဆက်သွယ်ရေး အခက်အခဲကြောင့် ရုပ်သံသတင်းတွေကို အချိန်နှင့်တစ်ပြေးညီ အပြည့်အစုံမဖော်ပြနိုင်တာမျိုးလည်းရှိခဲ့သည်။
ခုတစ်ခါကျတော့ ဒီလိုမဟုတ်တော့။ စစ်ပွဲနံ့တာနဲ့ တစ်ပြိုင်နက် ကမ္ဘာအရပ်ရပ်က မီဒီယာသမားတွေ ဘဂ္ဂဒက်ကို စုပြုံရောက်ရှိသွားကြသည်။ ဟိုပုဂ္ဂိုလ်ကလည်း ' ဆာဒင်ကို ဘာထင်သလဲ ' လို့ကြွေးကြော်နေတာ။ တစ်ဖက်ကလည်း ' ပါဝဲ ဘာလဲဆိုတာ သိမယ် ' လို့ ကြုံးဝါးနေသလို ဟိုတစ်ယောက်ကလည်း ' ဘွတ်ဆို ဖရုံမသီးဘူး 'ဆိုတဲ့လူစားမျိုးကိုး။ ဒီတော့ တကယ်ပဲ ဆော်ကြနှက်ကြတော့မယ်ဆိုတာ ခန့်မှန်းလို့ရတာပေါ့။
တကယ်စစ်ပွဲဖြစ်လာတော့လည်း မီဒီယာသမားတွေအဖို့ ပွဲတော်ကြီးနဲ့တွေ့တဲ့အတိုင်းပဲ။ ဘယ်တုန်းကနှင့်မှ မတူအောင် သတင်းတွေကို တပျော်ကြီးယူနိုင်ကြသည်။ စစ်သားတွေ သေနတ်ကိုင်ပြီးပြေးလွှားနေကြသလို သတင်းသမားတွေကလည်း ဗီဒီယိုကင်မရာကြီးတွေ တကိုင်ကိုင်နဲ့ အပြိုင်လှုပ်ရှားနေကြတာ စစ်ကားရိုက်နေသလားထင်ရသည်။
ဒီစစ်ပွဲရဲ့ အဓိကထူးခြားချက်ကတော့ အဲဒါပဲ။ မီဒီယာသမားတွေ မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ကြားက တိုက်ရတဲ့စစ်ပွဲလေ။ သတင်းသမားတွေကလည်း ဘယ်လောက်ထိကဲသလဲဆိုရင် နေရာတိုင်းမှာ သူတို့ကို ရှောင်လို့မလွတ်တဲ့အထိပဲ။
လေယာဉ်တင်သင်္ဘောကြီးပေါ်မှာလည်း သူတို့ပါလာသည်။ စစ်ကားတွေနဲ့လည်း ကပ်လိုက်လာသည်။ မြို့တွေမှာလည်း အဆင်သင့်ဝင်ခိုပြီး စောင့်နေသည်။ လမ်းကြိုလမ်းကြားထဲမှာတောင် တွေ့နိုင်သည်။ ပြီးတော့ မြင်မြင်သမျှ ဗီဒီယိုရိုက်ပြီး သတင်းယူတော့သည်။ သတ္တိလည်း တော်တော်ကောင်းကြသည်။ တိုက်ပွဲတွေကြားထဲမှာ သူတို့မို့လို့ မကြောက်မလန့် ပြေးလွှားသတင်းယူနိုင်ကြသည်။
တစ်ခါတစ်လေများ ကင်မရာရှေ့ရပ်ပြီး စစ်ပွဲသတင်းကို ကြေညာနေစဉ် အနီးအနားမှာ ဗုံးဆန်လာကျလို့ ပြေးရင်ဇက်ကလေးပုသွားတာတောင် ရုပ်မြင်သံကြားမှာ မြင်လိုက်ရသည်။ တချို့သတင်းသမားတွေဆို စစ်သားတွေကို စည်းရုံးပြီး စက်အမြောက်ပေါ်မှာ ဗီဒီယိုကင်မရာ ဆင်ထားလိုက်သေးသည်။ ဒီအခါမှာ အမြောက်ဦးတည်ရာအတိုင်း ကင်မရာက လိုက်ရိုက်နေတော့ ပစ်မှတ်ကိုထိမှန်တဲ့မြင်ကွင်းတွေ မိမိရရရှိတာပေါ့။ တချို့ကင်မရာသမားကျတော့လည်း စစ်ပွဲကြားညပ်ပြီး အန္တရာယ်ရှိလာလို့ သေပြေးရှင်ပြေး ပြေးရတာတောင် ကင်မရာကို ပခုံးပေါ်မှာ နောက်ပြန်ထမ်းရိုက်ရင်းပြေးတာ။ နောက်မှာကျန်ခဲ့တဲ့ စစ်ပွဲမြင်ကွင်းတွေ ရနိုင်သလောက် ယူလိုက်သေးတာလေ။
သတင်းသမားတွေကလည်း ဟိုအရင်လို အနောက်နိုင်ငံမှ နာမည်ကျော် သတင်းဌာနကြီးတွေကချည်းပဲ မဟုတ်တော့။ တစ်ကမ္ဘာလုံးရှိ သတင်းဌာနအတော်များများက လာကြသည်။ ဒီတော့ သတင်းသမားတွေအားလုံး ပေါင်းလိုက်ရင် တပ်မကြီးတစ်ခုစာလောက်များ ရှိမလားမသိ။
ဒီအခါမှာ ပြဿနာကလေးတွေလည်းရှိလာလေသည်။ ဗီဒီယိုကင်မရာတွေက သူခိုးဖမ်းသောစက်တွေလို တစ်ချိန်လုံးစောင့်ကြည့်ခြင်း ခံရသောအခါ စစ်သားတွေအနေကျုံ့လာသည်။ တာဝန်မှ ခဏအနားရချိန်မို့လို့ တင့်ကားကိုမှီပြီး အိပ်နေတာတောင် အလွတ်မပေး။ ညရောက်လို့ မှောင်နဲ့မည်းမည်းမို့ သက်သာမလားမှတ်တယ်၊ အနီအောက်ရောင်ခြည်သုံး ညကြည့်မှန်ဘီလူးတပ်ထားသော ကင်မရာနှင့်ရိုက်ကြပြန်သည်။
ဒီကြားထဲမှာ သတင်းသမားတွေမေးတဲ့ အင်တာဗျူးတွေကို ဖြေရတာက အလုပ်တစ်ခု။ ဒါတင်မက တစ်ချိန်လုံး မျက်စီဒေါက်ထောက်ကြည့်ခံနေရသဖြင့် စစ်တိုက်ရာမှာ နည်းနည်းလေးမှ အမှားမခံဘဲဖြစ်နေရ၏။ အရပ်ဘက် အဆောက်အအုံတွေကို မှားပစ်မိတာ၊ အရပ်သားတွေကို သတ်ဖြတ်မိတာ၊ ကလေးတွေ သေကြေဒဏ်ရာရတာမျိုးကို ရုပ်မြင်သံကြားကတစ်ဆင့် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတာကိုး။
သတင်းသမားတွေဆိုတာကလည်း နိုင်ငံစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဝါဒစွဲ ရှိကြတာမဟုတ်။ သူတို့မှာ သတင်းစွဲသာရှိ၏။ ပြီးတော့သူတို့က သတင်းလိုက်ရာမှာသာ အပြိုင်အဆိုင် ရှိချင်ရှိမည်။ အချင်းချင်းတော့ စည်းလုံးညီညွတ်ကြသည်။ တစ်ကောင်ထိလျှင် ဝိုင်းအာတတ်သော ကျီးကန်းတွေလိုပင် သူတို့ထဲက တစ်ယောက်ယောက်များ ထိမိလို့ကတော့ ဝိုင်းပြီးဆူပူကန့်ကွက်တတ်ကြတာ။
အမေရိကန်နှင့် ဗြိတိသျှတို့သည် စစ်အောင်နိုင်ရေးကိုသာ အာရုံစိုက်မိနေသဖြင့် သတင်းဖြန့်ချိရေးဘက်မှာ အားနည်းသွားခဲ့ကြသည်။ ထိုအခါ သတင်းဌာနတွေနဲ့ ထိပ်တိုက်တွေ့ပြီး စစ်မျက်နှာနှစ်ဖက် ဖွင်ရသလိုဖြစ်သွား၏။ တစ်နည်းအားဖြင့် သုံးပွင့်ဆိုင်စစ်ပွဲလိုဖြစ်သွား၏။ အမေရိကန်နှင့် ဗြိတိသျှတို့သည် အီရတ်တွေအပေါ်အောင်နိုင်လိုက်သော်လည်း သတင်းမီဒီယာတွေကိုတော့ လက်မြှောက်လိုက်ရလေသည်။ ဘုရှ်တို့ တိုနီဘလဲတို့သည်လည်း သူတို့ပြည်တွင်းမှာတောင် မျက်နှာပန်းမလှပဲ ဖြစ်ရရှာသည်။ ဒီပွဲမှာ တကယ်အောင်ပွဲခံသွားတာကတော့ သတင်းမီဒီယာ ဌာနကြီးများသာဖြစ်လေ၏။
သူတို့ကလည်း သတင်းတွေကို စိတ်ဝင်စားအောင် ပြည့်ပြည့်စုံစုံ ဝေဝေဆာဆာ ဖော်ပြနိုင်ကြသည်။ အရေးပါသော နေရာတစ်ခုခုဒုံးကျည်ထိမှန်တာမျိုးဆိုလျှင် ဘောလုံးပွဲ ဂိုးဝင်သွားတာကို ရိုက်ပြသလိုမျိုး ရှုထောင့်မျိုးစုံမှ ထပ်ကာထပ်ကာ ရိုက်ပြသည်။ စလိုးမိုးရှင်းခေါ် အနှေးရိုက်ချက်တွေတောင် ပါသေးသည်။ တချို့သတင်းထောက်တွေက စစ်ကားပေါ် ထိုင်လိုက်ရင်း-
"အခုဆိုရင် ကျွန်တော်ဟာ အမေရိကန်စစ်ယာဉ်တန်းနဲ့အတူ လိုက်ပါလာတာဖြစ်ပါတယ်။ ဘဂ္ဂဒက်မြို့နဲ့ ဆယ့်ငါးမိုင်အကွာကို ရောက်ရှိနေပါပြီ။ ဟိုးမှာ လှမ်းမြင်နေရတဲ့ မီးခိုးလုံးကြီးတွေကတော့ ရေနံတွင်းတွေ မီးလောင်နေတာဖြစ်ပါတယ်။ ဒုံးကျည်ထိမှန်ပြီး ပျက်စီးနေတဲ့ အီရတ်တင့်ကားတွေကို ကြိုကြားကြိုကြား မြင်နိုင်ပါတယ်။ စစ်ပွဲတွေကြားထဲမှာပဲ ဝမ်းရေးအတွက် သိုးကျောင်းနေတဲ့ အီရတ်ပြည်သူတစ်ဦးကတော့ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်သည်တင်ယာဉ်တန်းကြီးကို တအံ့တဩ ငေးမောကြည့်နေရှာပါတယ်"
ဆိုပြီး ဘောလုံးပွဲကြေညာသော လေသံဖြင့် ပြောနေသည်။
ဟုတ်ပါ့။ သတင်းဆက်သွယ်ရေး နည်းပညာတွေက အရမ်းတိုးတက်လာပြီဆိုတော့ စစ်ပွဲကိုပင် ဘောလုံးပွဲလို တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်နေပြီ။ ရုပ်မြင်သံကြားကြည့်ရှုကြသော ပရိသတ်တွေကလည်း ဘီယာလေးစုပ်ရင်း၊ စီးကရက်လေးဖွာရင်း ဇိမ်ကျကျကြည့်နိုင်ပြီ။ တချို့ဆိုလျှင် စစ်ပွဲသတင်းကိုကြည့်ရင်း အားမလိုအားမရဖြစ်လာပြီး " ဟာ ချပြီဟေ့၊ ဆော်ပြန်ကွ၊ ဟာ ကံကောင်းလို့ ကြည့်စမ်း " စသဖြင့် ဘောလုံးပွဲကြည့်နေသလိုမျိုးကို အားပေးကြတာ။
သတင်းတင်ဆက်ပုံ ကောင်းလွန်းသောကြောင့် အနုပညာမြောက်သော စစ်ရုပ်ရှင်ကားတစ်ကားကို ကြည့်ရသလိုဖြစ်လာသည်။ စစ်ပွဲသတင်းတွေက ဖျော်ဖြေရေးဆန်လာတော့မလား၊ စစ်ပွဲတွေကကော ဘောလုံးပွဲဆန်ဆန် ဖြစ်လာတော့မှာလား-
ဒါဆိုရင်ဖြင့်......။
"ဟုတ်ကဲ့ခင်ဗျာ၊ ရာသီဥတုကတော့ စစ်သားတွေအကြိုက်ပေါ့ခင်ဗျာ။ စောစောက မိုးဖွဲဖွဲရွာထားပေမယ့် အခုတော့ ကောင်းကင်တစ်ခွင်လုံး ကြည်ကြည်လင်လင်ဖြစ်လာပါပြီ။ စစ်ပွဲဝါသနာရှင်များ မြင်ကြတဲ့အတိုင်းပဲ မြောက်ဘက်စစ်မျက်နှာကနေ သုံးငါးနှစ်ပုံစံအတိုင်း အုပ်စုဖွဲ့ပျံသန်းလာတာကတော့ အမေရိကန်တိုက်လေယာဉ်များပဲဖြစ်ပါတယ်။ တောင်ဘက်စစ်ပွဲ ဧရိယာအတွင်းကနေ လေယာဉ်ပစ်အမြောက်များနဲ့ အသင့်စောင့်ဆိုင်းနေတာကတော့ ဘာသာရေးအစွန်းရောက် စစ်သွေးကြွများပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဟာ အလွန်သတိထားရပါတယ်ခင်ဗျ။ ပလိန်းမာကင်လို့ခေါ်တဲ့လေယာဉ်တစ်စင်းချင်းကို အသေစောင့်ကြည့်ဖို့ လိုပါတယ်"
စစ်ပွဲသတင်းကို တိုက်ရိုက်ထုတ်လွှင့် ကြေညာနေခြင်းဖြစ်၏။ ကမ္ဘာအရပ်ရပ်ရှိ စစ်ပွဲဝါသနာအိုးတွေကလည်း ရုပ်မြင်သံကြားရှေ့မှာ မခွာတမ်းကြည့်ရှုအားပေးနေကြသည်။
စစ်ပွဲများမှာ နိုင်ငံချင်းတိုက်ရတာက လေးနှစ်မှတစ်ခါ တိုက်ရခြင်းဖြစ်၏။ ကြားထဲမှာတော့ ကလပ်အသင်းတွေဖွဲ့ပြီး တိုက်ကြရသည်။ မစ်လစ်ထရီယူနိုက်တက်၊ ရီးယဲဆိုးဂျား၊ အေစီရောကက် စသော ကလပ်အသင်းများမှာ နာမည်ကြီးများဖြစ်ကြသည်။ စစ်တိုက်ကောင်းသော တပ်မှူးများကို ကြေးကြီးပေး၍ ငှားရမ်းကြရသည်။
စစ်တိုက်ရာမှာလည်း စည်းမျဉ်းစည်းကမ်းကို လိုက်နာကြရသည်။ တစ်ဖက်သတ် ကိုယ်ကချည်းတိုက်လို့မရ။ အိမ်ကွင်း အဝေးကွင်း တစ်ပြန်စီတိုက်ကြရသည်။ ပြစ်ဒဏ်ဖြစ်ခဲ့လျှင် ဒါရိုက်ဒုံးကျည်၊ အင်ဒါရိုက်ဒုံးကျည်များ အပေးခံရသည်။ စည်းကမ်းဖောက်ဖျက်လျှင် အဝါကဒ် အနီကဒ်များပြပြီး စစ်ပွဲတစ်ပွဲ၊ နှစ်ပွဲ အပယ်ခံရသည်။
စစ်ပွဲကာလမှာ ပထမပိုင်း လေးဆယ့်ငါးရက်၊ ပြီးတော့ ဆယ့်ငါးရက်နား၊ ဒုတိယပိုင်း လေးဆယ့်ငါးရက် ဆက်တိုက်။ သရေဖြစ်နေလျှင် အချိန်ပို ဆယ့်ငါးရက်စီထပ်တိုက်ရသည်။ ဒီလိုမှ အနိုင်အရှုံး အဖြေမပေါ်သေးလျှင် ပင်နယ်တီဒုံးကျည် ငါးစင်းစီအပြန်အလှန် ပစ်ခတ်ကြရလေသည်။
* * * * * *
(မဟေသီမဂ္ဂဇင်း၊ ၂၀၀၃၊ ဩဂုတ်)
0 comments:
Post a Comment