Thursday, September 27, 2012

မဟာဗျူဟာအရွှေ့အပြောင်းမှာ ဘယ်လိုနည်းဗျူဟာတွေ လိုမလဲ


၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ကြာညောင်းခဲ့ တဲ့ မြန်မာ့နိုင်ငံရေးကတော့ ဒီမိုကရေစီ တစ်မတ်ဖိုး ရှိတဲ့ နိုင်ငံရေးလို့ ခေါ်ခဲ့ကြတယ်။ ထိုကာလဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီးကြီး တရှိန်ရှိန် တောက်လောင်နေတဲ့ကာလဖြစ်ပေမယ့်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လွှမ်းခြုံကြည့်ရင်တော့ အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ အရပ်သား သမ္မတ၊ အရပ်သား ၀န်ကြီးချုပ်။ အရပ်သား ကာကွယ်ရေးဝန်ကြီးတို့ပါဝင်တဲ့ အရပ်သာအစိုးရ အုပ်ချုပ်တဲ့ ပါတီစုံနိုင်ငံရေး စနစ်ကိုတွေ့ရမှာပါ။
သို့ပေမယ့် ဖဆပလ ဆယ်နှစ်ဆယ်မိုး အစိုးရခေတ် နိုင်ငံရေးဗျူဟာကတော့ ရိုးရှင်းပါတယ်။ လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ရွှေးကောက်ပွဲတွေမှာ အနိုင်ရဖို့ မြေပေါ် အတိုက်အခံတွေကို အင်အားချည့်နဲ့အောင်လုပ်ဖို့၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းဖို့ သို့မဟုတ် ထိန်းချုပ်ထားနိုင်ဖို့ပဲ ဖြစ်တယ်။

အလားတူပဲ။ မြေပေါ် အတိုက်အခံ နိုင်ငံရေး ပါတီတွေကလဲ ဖဆပလ အစိုးရကို ရွှေးကောက်ပွဲ နည်းလမ်းနဲ့ ဖြုတ်ချနုင်ဖို့ ကြိုးစားခဲ့ကြသလို တောတွင်း လက်နက်ကိုင် အင်အားစုတွေ ကလည်း လက်နက်ကိုင် တော်လှန်ရေး နည်းလမ်းနဲ့ ဖြုတ်ချဖို့ ကြိုးပန်းခဲ့ကြတယ်။
သို့ပေမယ့် မြေပေါ် နိုင်ငံရေး အတိုက်အခံ အင်အားစုတွေနဲ့ တောတွင်း လက်နက်ကိုင် အင်အားစုတွေက ဖြုတ်ချလို့-မရခဲ့တဲ့ ဖဆပလ အစိုးရဟာ ၁၉၅၈ ခုနှစ်မှာတော့ အတွင်းနိုင်ငံရေး ပဋိပက္ခတွေ ကြောင့် ပြိုကွဲသွားခဲ့ရတယ်။
၁၉၅၈ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ တစ်ဆယ့်ရှစ်လကြာ အိမ်စောင့်အစိုးရ တက်ခဲ့တယ်။ ၁၉ ၆၀ ခုနှစ် ရွှေးကောက်ပွဲမှာ ဦးနုရဲ့ ပထစ (ပြည်ထောင်စု ပါတီ)ဟာ အပြတ်အသတ် အနိုင်ရကာ အစိုးရ အာဏာကို ရလာခဲ့တယ်။
မဆလ ခေတ် မဟာဗျူဟာ
သို့ပေမယ့် အိမ်စောင့် အစိုးရ ဘ၀မှာ နိုင်ငံအာဏာနဲ့ အရသာကို သီရှိခဲ့သလို ဖဆပခ၊ ပထစ နိုင်ငံရေး ပါတီတွေရဲ့ ပျော့က်ွတွေ အားနည်းချက်တွေကို သိရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းခဲ့တယ်။
၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကာလအတွင်း အုပ်စိုးသူ လူတန်းစာ ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာ ဟာ အလွန် ရိုးရှင်းတဲ့ မဟာဗျူဟာပါ။
လက်နက်အင်အားကို အသုံးပြုပြီး ပြည်သူလူထုကို ပျားပျားဝပ် ကြောက်လန့် သွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြင်းပြင်းထန်ထန် နိုပ်ကွပ်ခဲ့တယ်။ အတိုက်အခံ နိုင်ငံရေးပါတီတွေ အားလုံး ဖျက်သိမ်းခဲ့တယ်။
ကျောင်းသားသမဂ္ဂတွေနဲ့ အလုပ်သမား အစည်းအရုံး တောင်သူလယ်သမား အစည်းအရုံးတွေကို ဖျက်သိမ်းခဲ့တယ်။ လူဖမ်းပွဲတွေ တရစပ် လုပ်တယ်။ သတင်းစာတိုက်တွေအားလုံး ကို ပြည်သူပိုင်သိမ်းခဲ့တယ်။ ပြည်သူတွေရဲ့ လွတ်လပ်ခွင့် မှန်သမျှကို နင်းချေပစ်ခဲ့တယ်။

ကြမ်းကြမ်းရမ်းရမ်း ကိုင်တွယ်ခဲ့
၁၉၆၂ ခုနှစ်မှာ ပထစအစိုးရထံမှ အာဏာသိမ်းခဲ့တဲ့ တော်လှန်ရေးကောင်စီ၊ ထို့နောက် တော်လှန်ရေးကောင်စီ တစ်ဖြစ်လဲ မဆလ အစိုးရတို့ဟာ ယင်းတို့ရဲ့ အုပ်စိုးမှု သက်တမ်း တစ်လျှောက် လုံးမှာ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း အုပ်ချုပ်ခဲ့ပါတယ်။ ကျောင်းသားထု အရေးအခင်း၊ အလုပ်သမား အရေးအခင်းနဲ့ ပြည်သူလူထုရဲ့ အုံကြွမှု မှန်သမျှကို အင်အား သုံး နှိမ်နင်းခဲ့တယ်။
မဆလ ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကျောင်းသားတွေ ပြည်သူတွေရဲ့ အုံကြွမှုမှန်သမျှဟာ အင်အားသုံး နှိမ်နင်းမှုကြောင့် ပြိုကွဲခဲ့ရပါတယ်။
၁၉၇၄ ခုနှစ် ဇွန်လမှာ ပေါ်ပေါက်ခဲ့တဲ့ အလုပ်သမားသပိတ်၊ ၁၉၇၄ ခုနှစ် ဒီဇင်ဘာမှာ ပေါ်ပေါက်ခဲ့တဲ့ဦးသန့် ဈာပနအရေအခင်း၊ ၁၉၇၅ ခုနှစ် ကျောင်းသားသပိတ်၊ ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက် မှိုင်းရာပြည့် အရေးတော်ပုံစတဲ့ အရေးတော်ပုံတွေဟာ အစိုးရရဲ့ ရက်ရက်စက်စက် နှိပ်ကွက်မှုတွေကြောင့် ပြိုကွဲခဲ့ရတယ်။
သို့ပေမယ့် ပြည်သူတွေရဲ့ အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ဒီမိုကရေစီကိုလိုလားတဲ့ စိတ်ဓာတ်တွေဟာ လွင့်ပါးပျောက်ကွယ်မသွားခဲ့ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ၀မ်းနည်းကြေကွဲမှုတွေဟာ အင်အားအဖြစ်သို့ ပြောင်လဲသွားခဲ့တယ်။
အသက်အရွယ် အိုမင်လာသူတွေရဲ့ နေရာမှာ ငယ်ရွယ်ပျိုမျစ်သူတွေက ၀င်ရောက် နေရာယူခဲ့ကြတယ်။ ကျဆုံးသူတွေရဲ့ နေရာမှာ နောက်ထပ် မွေးဖွားလာသူတွေက နေရာယူခဲ့ကြတယ်။
ဒီလိုနဲ့ ၁၉၈၈ ခုနှစ် သြဂုတ်လ အရောက်မှာတော့ ရှစ်လေးလုံး ဒီမိုကရေစီ လူထု အရေးတော်ပုံကြီး ပေါ်ပေါက်လာပြီ့း မဆလ အစိုးရ ပြုတ်ကျသွားခဲ့ပါတယ်။

မဟာဗျူဟာ အပြောင်းအလဲ မရှိခဲ့
ကျွန်တော်တို့ နိုင်ငံကို ၁၉၈၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၀ ပြည့်နှစ်အထိ အုပ်ချုပ်ခဲ့တဲ့ အစိုးရခေတ်မှာလည်း မဟာဗျူဟာ အပြောင်အလဲ မရှိခဲ့ပါဘူး။
ဒီလိုနဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန် အစိုးရ ပေါ်ထွန်းလာခဲ့တယ်။ လွှတ်တော်သုံးရပ် ပေါ်ပေါက်လာတယ်။ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေ ပေါ်ထွက်လာတယ်။
ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်လို့ ကြေညာလိုက်ချိန်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် လွှတ်တော်ထဲရောက်ဖို့သာ ပဓာနလို့ ယူဆပြီး ၀မ်းမြောက်ခဲ့ကြသူတွေ ရှိသလို သံသယ မျက်လုံးတွေနဲ့ ကြည့်ခဲ့ကြသူတွေလဲ ရှိခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲဟာကော မှန်မှန်ကန်ကန် ကျင်းပမယ့် ရွေးကောက်ပွဲတွေ ဖြစ်လာမှာလား။ လွှတ်တော်ထဲရောက်တော့ကော ပြောရေးဆိုခွင့်တွေ ရှိလာမှာလားလို့ သံသယ ရှသူတွေ ရှိခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲတွေ ကျင်းပချိန်မှာလဲ မယုံသင်္ကာ ဖြစ်စရာတွေ အငြင်းပွားစရာတွေ တစ်ပုံတစ်ပင် ရှိခဲ့ပါတယ်။

နိုင်ငံရေး သိသိသာသာ ပြောင်းလာ
သို့ပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေ မကျင်းပမီနဲ့ ကျင်းပအပြီးမှာတော့ မြန်မာ့နိုင်ငံရေး အခြေအနေဟာ သိသိသာသာ ပြောင်းလဲလာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ၄၃ ဦးဟာ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အနိုင်ရပြီး လွှတ်တော်ထဲကို ရောက်ခဲ့ကြတယ်။
အင်န်အယ်လ်ဒီ ကိုယ်စားလှယ်တွေဟာ လွှတ်တော်အတွင်းမှာလည်း ပြောရေးဆိုခွင့် အတော်အတန် ရလာခဲ့တယ်။
ဒါ့ထက် ထူးခြားတာကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စာလှယ်တွေ၊ တပ်မတော် ကိုယ်စားလှယ်တွေဟာ အချို့သော ပြသနာတွေမှာ အင်န်အယ်လ်ဒီ ကိုယ်စာလှယ်တွေ နဲ့အတူ ရပ်ခဲ့ကြတဲ့ အဖြစ်ပါပဲ။ ပြီးတော့ လွှတ်တော် ပြင်ပ နိုင်ငံရေးဟာလည်း 'ဒီမိုကရေစီ အရောင်ဝါတွေ ထွန်းပလာသလိုမျိုး' ထင်မြင်လာရတယ် ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားတွေနဲ့ အစိုးရရဲ့ ဆက်ဆံရေး၊ အစိုးရနဲ့ နိုင်ငံရေးပါတီတွေရဲ့ ဆက်ဆံရေး၊ ဦးသိန်းစိန် အစိုးရနဲ့ အနောက်အုပ်စု အစိုးရတွေရဲ့ ဆက်ဆံရေး စတာတွေဟာလည်း ကောင်းမွန်တဲ့ ဘက်ဆီကို လျင်လျင်မြန်မြန်ပဲ ရွေ့ လာခဲ့တယ်။

အုပ်စိုးသူတို့ရဲ့ မဟာဗျူဟာ အပြောင်းအလဲ
အကယ်၍ အကြင်သူ တစ်ဦးတစ်ယောက်ဟာ ယနေ့ တွေ့ မြင်ခဲ့ရတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေကို အနည်းငယ် အာရုံစိုက်ပြီး ကြည့်မယ်ဆိုရင်တောင် အုပ်စိုးသူတွေရဲ့ နိုင်ငံရေး မဟာဗျူဟာ အပြောင်းအလဲကို တွေ့ မြင်ရမှာသာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ အုပ်စိုးသူ လူတန်းစားဘက်က နိုင်ငံရေး မဟာဗျူဟာကို ပြောင်းလဲ ကျင့်သုံးနေပါပြီ။ ယနေ့ခေတ် အုပ်စိုးသူတွေ ပြောင်းလဲ ကျင့်သုံးတဲ့ မဟာဗျူဟာကတော့ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ ပထမ အစိုးရခေတ်ကပင် မတွေ့ခဲ့ရတဲ့ ဒီမိုကရက်တစ်ဆန်တဲ့ မဟာဗျူဟာ မျိုးပါ။ (ဒေါ်အောင်ဆန်းစုကြည်ကိုပင် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီလို ကော်မတီမျိုးမှာ ဥက္ကဌ တာဝန်ကို ပေးထားပါတယ်။)
ဒီလိုဖြစ်လေတော့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ ဘက်ကလည်း အရေးတကြီး စဉ်းစားစရာတွေ ရှိလာပါလိမ့်မယ်။ အလေးအနက် တွေးတော ပြင်ဆင်စရာတွေ ရှိလာမယ်လို့ ထင်ပါတယ်။
၁။ အုပ်စိုးသူတွေဟာ ဒီမိုကရေစီ စနစ်ကို တကယ်ပဲ နှစ်နှစ်ကာကာ ယုံကြည်ပြီး သန္နိဋ္ဌာန် ရှိရှိနဲ့ တကယ်ကူးပြောင်းဖို့ လုပ်နေတာလား။
၂။ ယင်းသို့ ဆောင်ရွက်တယ်ဆိုရင် ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ဘာဆက်လုပ်မှာလဲ။
၃။ ယင်းသို့ မဟုတ်ဘူးဆိုရင်ကော တစ်ခြား ဘယ်လို အဓိပ္ဗာယ် ရှိနိုင်သလဲ။ ဘာတွေ ဖြစ်လာနိုင်သေးသလဲ။ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ။
ဆိုတဲ့ အချက်သုံးချက်ကို အခြေခံကာ စဉ်းစားသင့်ပါတယ်။
နံပါတ်တစ် အချက်ကို မှန်ကန်ကြောင်း အမှတ်ခြစ်မယ်ဆိုရင်တော့ နံပါတ်နှစ်အတွက် အထူးအထွေ စဉ်းစားစရာလိုမယ် မထင်ပါဘုး။ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ၂၀၁၅ ရွေကောက်ပွဲမှာ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကိုသာ ရိုးသားစွာ ခံယူရုံပဲ ရှိပါတယ်။
သို့ပေမယ့် နံပါတ်သုံး အချက်ဖြစ်တဲ့ တစ်ခြား ဘယ်လို အဓိပ္ဗာယ် ရှိနိုင်သလဲ ဆိုတဲ့ အချက်ကိုတော့ အခုအချိန်မှာ ကံသေကံမ ပြောလို့ မရနိုင်ပါဘူး။ အနုမာန ယူဆချက်တွေကိုသာ ချမှတ်နိုင်မှာပါ။
သို့ပေမယ့် သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ နိုင်ငံမှာ ယနေ့တွေ့ မြင်နေရတဲ့ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွေဟာ ဒီမိုကရေစီ အရေးတော်ပုံကြီး လုံးဝ အောင်ပွဲခံခဲ့တဲ့အတွက် ရလာတဲ့ အသီးအပွင့်တွေ မဟုတ်သေးဘူး ဆိုတာ ပါပဲ။
နာမည်ဆိုးစာရင်မှာ ထည့်သွင်း ခံထားခဲ့ရာကနေ ပယ်ဖျက် ပေးလိုက်တဲ့အတွက် ၀င်ရောက်လာသူတွေဟာ တကယ်တော့ ဗီယက်နမ် စစ်ပွဲ ကာလတုန်းက ဆိုင်ဂုံမြို့ ထဲကို လွတ်မြောက်ရေးစစ်သည် (Libeator) တွေ အဖြစ်နဲ့ ၀င်ရောက်လာနုင်ခဲ့ကြတဲ့ ဗီယက်ကောင်းတွေလို မဟုတ်ကြပါဘူး။

ကြိုတင် ပြင်ဆင်စရာတွေရှိ
ဘယ်နိုင်ငံရဲ့ သမိုင်းမှာမှ လူပုဂ္ဂိုလ် တစ်ဦးတယောက်ရဲ့ စိတ်ကောင်း စေတနာကြောင့် ပြည်သူတွေ ဒီမိုကရေစီရခဲ့တယ်ဆိုတာ မရှိပါဘူး။ စိတ်ကောင်း စေတနာကောင်း ရှိတဲ့ 'မင်း' တွေရဲ့ ခေတ်မှာ ပြည်သူတွေဟာ ယာယီသာ ချောင်ချိမှုတွေ ယာယီ ငြိမ်းချမ်းမှုတွေတော့ ရရှိ နိုင်ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ ပြည်သူတွေအတွက် ထာဝစဉ်တည်တံ့မယ့် လွတ်လပ်မှုတွေ ငြိမ်းချမ်းမှုတွေ ပျော်ရွှင်မှုတွေ ရရှိဖို့ ပြည်သူတွေ ကိုယ်တိုင် ဥစ္စာရင်လို ဥစ္စာရင်ခဲ' ဆိုတဲ့ သဘောနဲ့ ကြိုးပမ်းကြရမှာသာ ဖြစ်ပါတယ်။
ယနေ့ ကျွန်တော်တို့ နိုင်ငံမှာ ကချင်ပြည်နယ်က စစ်မီးတောက်ကလည်း အရှိန်ကောင်းနေတုန်းပဲ ရှိပါသေးတယ်။ မြစ်ဆုံကိစ္စကလည်း စိတ်တုံးတုံးချနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ လယ်သမားတွေ လယ်ယာတွေ အသိမ်းခံနေရတဲ့ ပြဿနာ၊ စက်ရုံ အလုပ်ရုံ လုပ်သားတွေရဲ့ လစာတိုးပေးရေး လှုပ်ရှာမှု စတဲ့ ပြဿနာတွေ ရှိနေဆဲပါ။
သို့ပေမယ့် နိုင်ငံရေးမဟာဗျူဟာ ပြောင်းလဲလာတဲ့ ယနေ့ အခြေအနေမှာ ဒီမိုကရေစီ အင်အားစုတွေဘက် ကြိုတင် ပြင်ဆင်စရာတွေတော့ ရှိနေတာ အမှန်ပါ။ အဲဒါတွေကတော့ ... ..
၁။ ဒီမိုကရေစီ ပန်းတိုင်ကို မျက်ခြေ မပြတ်ဖို့
၂။ ပြောင်းလဲနေတဲ့ အခြေအနေတွေကို အမှန်အတိုင်း အရှိအတိုင်း မြင်နိုင်ဖို့၊ လက်ရှိ ရောက်ရှိနေတဲ့ အခြေအနေကို ပိုပြီး မမြင်မိစေဖို့၊ လျှော့လည်း မမြင်မိစေဖို့
၃။ ဒီမိုကရေစီ အင်အားစု အားလုံး အခိုင်အမာ သွေးစည်းညီညွတ်ကြဖို့
၎။ ပြည်သူတွေ အာလုံးလိုလို ဒီမိုကရေစီရဲ့ လေးနက်တဲ့ အဓိပ္ဗာယ်နဲ့ တန်ဖိုးတွေကို အကျေအလည် သိရှိလာအောင် စည်းရုံးဆောင်ရွက်ဖို့
ဒီမိုကရေစီ တော်လှန်ရေး သတိမပြတ် ရှီနေဖို့ ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဝင်းထွဋ်ဇော်
စက်တင်ဘာ ၂၇ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှ ကူး ယူး ဖော်ပြသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...