Sunday, September 30, 2012

ဒေါ်စု မိန့်ခွန်း ( အမေရိကန်နိုင်ငံ Yale တက္ကသိုလ်မှ --- နိဂုံး )


by Spring Flowers on Friday, September 28, 2012 at 11:05pm ·

                       အဲဒီအပြောင်းအလဲကောင်းကို ရအောင်ဖန်တီးရာမှာ ကျမတို့မှာ အဘက်ဘက်က အကူအညီလိုပါတယ် ။ ဒီတော့ အခုလို စကားပြောခွင့်ရတာလေးကို အခွင့်ကောင်းယူပြီး ပြောပါရစေ.........  မြန်မာပြည် တရားဥပဒေစိုးမိုးရေးပြန်လည်တည်ဆောက်ရာမှာ ကျမတို့ကို လူကြီးမင်းတို့က ကူညီပေးကြပါ။ ကျမတို့မှာ ကျွမ်းကျင်တဲ့ တရားသူကြီးတွေလိုပါတယ် ။ ကျွမ်းကျင်တဲ့ ရှေ့နေတွေလိုပါတယ် ။ ကျမတို့တက္ကသိုလ်တွေမှာ ဥပဒေကျောင်းကောင်းကောင်းတွေ လိုနေပါတယ် ။ 
    •                   ကျမတို့ တရားရေးဌာနက လူတွေနဲ့ ဒီမိုကရေစီကို တကယ်ကျင့်သုံးတဲ့ တိုင်းပြည်တွေရဲ့ တရားရေးဌာနတွေကလူတွေကြား အဆက်အသွယ်တွေ လိုပါတယ် ။ လိုနေတာတွေတော့ တကယ့်ကို အများကြီးပါဘဲ ။ အခွင့်အရေးဆိုတဲ့  rights တွေနဲ့ တာဝန်ယူတတ်မှုဆိုတဲ့ responsibility တွေ အကြောင်းကိုလည်း ကျမတို့ ပြည်သူတွေ သေသေချာချာ ရေရေလည်လည် သိအောင် ပညာပေးမှုတွေ လိုအပ်နေပါတယ် ။
    •                   လူတွေက ဒီမိုကရေစီအခွင့်အရေးတွေကို အရမ်းလိုချင်ကြပေမယ့် တာဝန်တွေအကြောင်းကိုတော့ အမြဲမသိချင်ကြပါဘူး ။ မြန်မာပြည်ဒီမိုကရေစီကိုတည်ဆောက်ချင်ရင် အဲဒီနှစ်ခုအပေါ်မှာ ညီတူညီမျှ အလေးပေးမှ ဖြစ်မှာပါ ။ ဥပဒေရဲ့ အကာအကွယ်ပေးမှုကို လိုချင်တဲ့ နိုင်ငံသားတွေဟာ သူတို့ကိုယ်တိုင်လည်း ဥပဒေကို စောင့်ထိန်းဖို့လိုပါတယ် ။ ဒါတွေအားလုံးကိုသာ ရအောင်လုပ်နိုင်မယ်ဆိုရင် မြန်မာပြည်ဟာ တကယ့်ကို သေချာတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုပြီး စိတ်ချလို့ ရပြီလို့ ကျမထင်ပါတယ် ။
    •               နှစ်ပေါင်းများစွာကြာအောင် ဥပဒေစိုးမိုးမှုမရှိတဲ့ ဒဏ်ကို ကျမတို့ ခံကြရပါတယ် ။ ဆိုလိုတာက နောက်ထပ်ဘာဖြစ်မလဲဆိုတာ ဘယ်တော့မှ သေချာရေရာခြင်း မရှိခဲ့ပါဘူး ။ ဒါဟာ မြန်မာပြည်ရဲ့ တကယ်ဖြစ်နေတဲ့ အမှန်တရားတစ်ခုပါ ။ ''  မနေ့ညက ဘယ်သူ့ကိုများဖမ်းသွားပြီလဲ ''  လို့  နှစ်ပေါင်းများစွာကြာအောင် နေ့စဉ်နေတိုင်း ကျမတို့ ပါတီဝင်တွေ  အချင်းချင်း မေးခဲ့ရပါတယ် ။ ဖမ်းတာတွေက များသေားအားဖြင့် ညသန်းခေါင်လောက်မှာ လာလာဖမ်းကြတာကိုး ။ ဒီတော့ မနက်ကျမှဘဲ ငါတို့ ပါတီဝင်တွေ ဘယ်သူတွေ လွတ်ကျန်ခဲ့သလဲ ၊ ညကရော ဘယ်သူတွေ ဖမ်းခံရသေးလဲ စသဖြင့် မေးရတာပါ ။ ဘယ်ကို ဖမ်းခေါ်လို့ ခေါ်သွားမှန်းမသိခဲ့ရတာကလည်း ခဏခဏပါဘဲ ။
     
    •                ၁၉၉၈ မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်စားပြုတဲ့ကော်မတီဆိုပြီး ကျမတို့ဖွဲ့ခဲ့ပါတယ် ။ ဆိုလိုတာက ၁၉၉၀ ရွေးကောက်ပွဲမှာ အရွေးခံရတဲ့ လူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့ပါ ။ ကျမတို့ အပြတ်အသတ်နိုင်ခဲ့တဲ့  ၁၉၉၀ ရွေးကောက်ပွဲ ရလာဘ်ကတော့ အသိအမှတ်ပြု မခံရပါဘူး ။
                       ကျမတို့လည်း အဲဒီကော်မတီကို ဖွဲ့မယ်ဆိုပြီး ကြေငြာလိုက်ရော အရွေးခံထားရတဲ့ အမတ်တွေများစွာ အထိန်းသိမ်းခံရပါတယ် ။  ''  သက်ဆိုင်ရာအာဏာပိုင်တွေနဲ့  လွှတ်တော်ကျင်းပမယ့်အကြောင်းကို ဆွေးနွေးဖို့ ခဏလိုက်ခဲ့ ပါ ''  လို့ ပြောပြီး ခေါ်သွားခံရတာပါ။

                        တကယ်တော့ ဘယ်ဟုတ်ပါ့မလဲ ......စစ်တပ်တို့ ၊ ရဲစခန်းတို့ကို ခေါ်သွားပြီး  မိသားစုတွေနဲ့ ပေးမတွေ့ဘဲ ရက်သတ္တပတ်ပေါင်းများစွာကြာအောင် အဲဒီမှာ ဖမ်းထားခဲ့ကြတယ် ။ ဘယ်ပုဒ်မနဲ့မှလည်း တရားစွဲခြင်းမရှိဘူး ။ တစ်ပတ်ပြီး တစ်ပတ်ဒီလိုဘဲ ဘာမှ မလုပ်ဘဲ ချုပ်ထားတာ ။ နှစ်ပတ်သုံးပတ်တခါတော့  သူတို့ကို အိမ်ပြန်ခွင့်ပေးတယ် ........ဘာကြောင့် အိမ်ပြန်ခွင့်ပေးမှန်းလည်း ကျမစဉ်းစားလို့မရဘူး ။  ပြီးရင် ပြန်ခေါ်သွားပြန်ရော .........အဲဒီလိုသွားလိုက်တာ တစ်နှစ်လောက် ကြာတယ် ။
                      အဲဒါပါဘဲ ...မြန်မာပြည်မှာ နိုင်ငံရေးလုပ်လို့ကတော့ ကိုယ့်ဘ၀ဟာ ဘယ်တော့မှ စိတ်ချလုံခြုံတယ်လို့ မရှိဘဲ သူတို့ သဘောရှိ လုပ်ချင်သလို လုပ်လို့ရတဲ့ အခြေအနေပါဘဲ  ။
    •                  ဒီနေရာမှာ ဒီပဲရင်းတုန်းက ကျမရဲ့ အတွေ့အကြုံကို ပြောရရင်  ( ၂၀၀၃  )  မှာ ကျမတို့ အထက်မြန်မာပြည်မှာ စည်းရုံးရေးဆင်းနေတုန်းက ဆိုပါတော့........။  စည်းရုံးရေး ရက်ကြာလာတာနဲ့အမျှ ပြည်သူတွေရဲ့ ထောက်ခံမှုကလည်း ပိုပိုများလာပါတယ် ။
                        တစ်ညနေတော့ ကျမတို့ နောက်တစ်နေရာကိုသွားရင်း လမ်းမှာ ကျမတို့ကားကို ဘုန်းကြီးတစ်ပါးက တားပါတယ် ။ ပြီးတော့ အဲဒီဘုန်းကြီးကပြောတယ် ၊ ကျမကို မိန့်ခွန်းပြောစေချင်တယ် တဲ့  ။ အချိန်ကလည်း နေ၀င်ရီတရောအချိန်ပါ ။ ပြသာနာတွေ ရှိနိုင်တယ်လို့ ကျမတို့ကို သတိပေးထားတာလည်း ရှိတော့ ကျမက အဲဒီဘုန်းကြီးကို ပြန်ပြောပါတယ်.......မဖြစ်ပါဘူး ၊ အရမ်းနောက်ကျနေပါပြီ ။ အဲဒီနေရာမှာ ကျမ ဟောပြောဖို့ စီစဉ်ထားတာလည်း မရှိပါဘူး ၊ ကျမတို့လည်း ဆက်သွားစရာရှိသေးတယ် လို့ ။ ဒါပေမယ့် သူက မရပ်ရပ်အောင် အတင်းကို ခေါင်းမာမာနဲ့ ပြောနေတော့တာဘဲ ။

                          အဲလိုအချိန်မှာ ကျမတို့ ကားတန်းနောက်က လူတစ်ယောက်ပြေးလာပြီး ကျမတို့ကို အကြောင်းကြားပါတယ် ........လူအုပ်တွေ ရောက်ချလာပြီး ကျမတို့လူတွေကို ရိုက်နှက်နေပြီတဲ့ ။
     
    ၂၀၀၃ ဒီပဲရင်း ( Source : အင်တာနက် )
    •                    အဲလို လာရိုက်တဲ့လူတွေထဲမှာ ဘုန်းကြီးလို ၀တ်ထားတဲ့လူတွေလည်း ပါပါတယ် ။ ဒါပေမယ့် တကယ့်ဘုန်းကြီးတွေ မဟုတ်မှန်းလည်း သိသာပါတယ် ။ ဘာကြောင့်လည်းဆိုတော့ လက်မောင်းတစ်ဖက်မှာ အဖြူရောင်လက်ကိုင်ပ၀ါတွေ ပတ်ထားတာကိုး......... ကြည့်ရတာတော့ သူတို့ အုပ်စုထဲက လူတွေ အချင်းချင်း သိဖို့ ပတ်ထားတာနဲ့ တူပါရဲ့ ။ သူတို့လက်ထဲမှာလည်း နည်းတဲ့ တုတ်တွေ မဟုတ်ဘူး ကိုင်ထားတာ ။ ဒီလိုနဲ့ ကျမတို့ရဲ့ လူလေးယောက် အရိုက်ခံရပြီး သေသွားပါတယ် ။
                     ကျမကားမှန်တွေကိုလည်း ရိုက်ခွဲကြတယ် ။ ကျမကားမောင်းသူက အတော်လေး အားကိုးရပါတယ် ။ အစက နောက်မှာ ကျန်တဲ့လူတွေကို စောင့်မယ်ဆိုပြီး ကျမ ထွက်မသွားဘဲနေခဲ့တာပါ ။ ကျမတို့လူတွေ ဒီလောက် အရိုက်ခံနေရတာကို ဒီအတိုင်းတော့ ပစ်ပြီး မထားခဲ့နိုင်ဘူး ဆိုပြီးပေါ့ ။
                      အဲဒီအချိန်မှာဘဲ ကျမကားကို မောင်းတဲ့ ဒရိုင်ဘာလေးက '' ဟိုမှာ ကြည့်ပါဦး ၊ ကျနော်တို့သွားမယ့်လမ်းကို ပိတ်နေကြပြီ '' လို့ ပြောပါတယ် ။ ကျမလည်း အဲဒါကို မြင်တယ်......ဟိုဘက်ကလာတဲ့ ကျမတို့လူတွေနဲ့ ပြတ်ထွက်သွားအောင် လုပ်တာနဲ့ တူပါတယ်လို့ တွေးမိတယ်  ။ ဒီတော့ ဒရိုင်ဘာလေးက  '' ကျနော် အဲဒီတားထားတာတွေကို ဖြတ်မောင်းရမလား   ''  တဲ့ ။ ကျမလည်း မောင်းပေါ့ ၊ ဒါမှ ဟိုဘက်ကလာတဲ့ ကျမတို့ လူတွေနဲ့ ပေါင်းမိမယ် လို့ ပြောလိုက်တယ် ( ရယ်သံများ ) ။  ရှင်တို့က ကျမကို ဘယ်လို လုပ်စေချင်လို့တုန်း  ....... ( ပိုကျယ်သော ရယ်သံများ ) 
      ဒီပဲယင်းတုန်းကဒေါ်စုကားကို မောင်းသော ကားဆရာ ( နာမည်က ကိုကျော်စိုးလင်းဟု ထင်ပါသည် ။ မှားရင် ပြင်ပေးကြပါရန် )
     
                  အဲဒီအတွေ့အကြုံက အတော်ကို သည်းထိတ်ရင်ဖိုပါဘဲ ... ...ကျမအရင်က တခါမှ ပိတ်ထားတဲ့ အတားအဆီးတစ်ခုခုကို ကားနဲ့ ခုန်ပျံကျော်လွှာမောင်းသွားတာမျိုး မလုပ်ဖူးဘူး ။ ( တသောသော ရယ်သံများ )

                     ဒါပေမယ့် တကယ်လည်း ဟိုဘက်ရောက်ရော လူတစ်ယောက်မှ မတွေ့ရဘူး ။ သူတို့က ကျမတို့ ပတ်ပတ်လည်မှာရှိတဲ့ လမ်းတွေကို အကုန်ပိတ်ဖို့ ကြိုးစားနေကြတာပါ ။ သူတို့ ရည်ရွယ်ချက်ကဘာလဲဆိုတာတော့ ကျမလည်း သေချာမသိပါဘူး ။ ကြည့်ရတာတော့ အားလုံးကို ပိတ်ပြီး ရိုက်မလို့လား ၊ ပိတ်ပြီး ဖမ်းချင်လို့လား တစ်ခုခုပါဘဲ ။ အဲဒီလိုနဲ့ ဟိုဘက်ရောက်တော့ ဘာမှမတွေ့တာနဲ့ ကျမတို့လည်း မောင်းလာလိုက်တာ နောက်တစ်မြို့လည်း ရောက်ရော အဖမ်းခံရတော့တာဘဲ ။

    •                ဒီမှာ ကျမပြောချင်တာက အရိုက်ခံလိုက်ရတဲ့လူတွေက ကျမတို့ပါ ၊ ဒါပေမယ့် အဖျက်သမားတွေဆိုပြီး ထောင်ချခံရတာလည်း ကျမတို့ပါဘဲ ။ အဲဒီတော့ ကျမတို့ စဉ်းစားမရတာက  ထောင်ကျတာနဲ့ ထိုက်တန်အောင် ( ထောင်ချခံရလောက်အောင် )  ကျမတို့ ဘာများလုပ်ခဲ့မိလို့လဲ ။ လက်ညိုးလေးနဲ့ ရွယ်တာမျိုးတောင်  မလုပ်မိပါဘူး ။  ဒါပေမယ့် အဲဒါအတွက်ကြောင့်ဘဲ ကျမကို နောက်ထပ် ( ၆ ) နှစ် အကျယ်ချုပ်ချလိုက်ပြန်တယ် ။ အဲဒါကို နောက်ထပ် တစ်နှစ်ထပ်တိုးတော့ ( ၇ ) နှစ်ဖြစ်သွားခဲ့တယ် ။ ဘာကြောင့်လဲဆိုတော့ ကြားထဲမှာ ကျမအိမ်ကို ရေကူးပြီး ၀င်လာတဲ့ အမေရိကန်တစ်ယောက်ရဲ့ အမှုကလည်း ရှိသေးတယ်လေ ။ ရှင်တို့ဆီက နှုတ်ခွန်းဆက်သမှုတွေကိုလည်း သူက အသေအချာ ယူလာပေးပါရဲ့   ( ရယ်သံများ ) ။  ဒီလိုနဲ့ ကျမလည်း ( ၇ ) နှစ် နေလိုက်ရတယ်ဆိုပါတော့ ။

    •                အဲဒီထပ်တိုးတဲ့ နောက်ဆုံးတစ်နှစ်ခွဲကတော့ ဧည့်သည် ( အမေရိကန် ) ရောက်လာတာကို ရဲကို အကြောင်းမကြားလို့ဆိုပြီး တိုးလိုက်တာပါ ။ ကျမကလည်း တကယ်ဘဲ ရဲကို မအပ်လိုက်ပါဘူး ၊ ဘာကြောင့်လည်းဆိုတော့ အပ်လိုက်ရင် တရားမျှမျှတတလုပ်ကြမယ် မထင်လို့ပါ ။ ကျမတို့ကိုယ်တိုင်လည်း အာဏာပိုင်တွေဆီက တခါမှ တရားမျှတမှု မရခဲ့ဖူးတာကိုး ။ အဲဒီတော့ တရားမျှတမှု ရမှာမဟုတ်ဘူးလို့ သိနေရက်နဲ့ လူတစ်ယောက်ကို သက်ဆိုင်ရာလက်ကို အပ်လိုက်တာ ကျမအနေနဲ့ မမျှတဘူးလို့ ထင်လို့ပါ ။
     
    ကျေးဇူးရှင် ဂျွန်ယက်တော ။ သူလုပ်တာနဲ့ မဆီမဆိုင် ဟိုက နောက်ထပ် ( ၁၈ ) လ ထပ်ကျရတယ်လို့ ()း
    •                  တကယ်တော့ ကျမအဲဒီလူအတွက် စိုးရိမ်ပေးနေစရာတောင် မလိုခဲ့ပါဘူး  ။ သူက နိုင်ငံခြားသားဆိုတော့ မကြာမတင် လွှတ်ပေးလိုက်ကြမှာပါဘဲ ။ ကျမမှာသာ လွတ်မယ့်အချိန်မလွတ်ဘဲ နောက်ထပ် ( ၁၈ ) လ အကျယ်ချုပ်နဲ့ ထပ်နေလိုက်ရသေးတယ် ။ ဒါကလည်း ( ၂၀၁၀ ) ရွေးကောက်ပွဲတွေ လုပ်နေတုန်း ကျမကို အကျယ်ချုပ်ဆက်ထားချင်လို့ လုပ်တာနဲ့ တူပါတယ် ။ ဒီတော့ အာဏာပိုင်တွေဟာ သူတို့နိုင်ငံရေးအမြတ်အတွက် ဥပဒေကို မှောက်လိုက် လှန်လိုက် လုပ်လို့ ရနေခဲ့တယ် ။ ဒီတော့ ဒါဟာ တရားဥပဒေစိုးမိုးမှု မဟုတ်ပါဘူး ။ ဒါကြောင့်ဘဲ အခု ကျမတို့ဟာ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ရရှိဖို့ လွှတ်တော်ထဲမှာ အပြင်းအထန်ကြိုးစားနေပါတယ် ။ ပြီတော့ ဥပဒေစိုးမိုးမှုဟာ တခြားသော ဒီမိုကရေစီပြုပြင်ရေးတွေနဲ့ အတူတကွ ဒွန်တွဲပြီး သွားနိုင်အောင် ကြိုးစားနေကြပါတယ် ။
    John Yettaw အမှုဖြင့် တရားရုံးမှာ
    •                  တရားရေးဘက်မှာ လုံလောက်တဲ့ ပြောင်းလဲမှုမရှိရင် စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းလဲမှုလို့ ယုံလို့ရမှာ မဟုတ်ပါဘူး ။ ဒီတော့ လူကြီးမင်းတို့ အနေနဲ့ မြန်မာပြည်မှာ ဖြစ်နေတာတွေကို စောင့် ကြည့်ရင်း အဲဒါကိုတော့ မမေ့ကြပါနဲ့ ။ ကျမတို့မှာ လောလောဆယ် တရားရေးမဏ္ဍိုင်ဆိုတာ ရှိကို မရှိဘူးဆိုတာ သိထားပေးကြပါ ။ ကျမတို့မှာ သန့်ရှင်းတဲ့ ၊ အားကောင်းတဲ့၊ လွပ်လပ်တဲ့ တရားရေးမဏ္ဍိုင်မရှိသေးသရွေ့ကတော့ မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မရောက်သေးပါဘူး ။

                           ဒါကို ပြောရတဲ့ အကြောင်းက မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်မရောက် ဘယ်တော့ သိရမလဲ လို့ လူတွေက ကျမကို ခဏခဏ မေးကြလို့ပါ ။ ကျမကလည်း နောက်ကြောင်းပြန်မလှည့်တဲ့ ဖြစ်စဉ်  irreversible process  ဆိုတာမျိုး မရှိပါဘူး လို့ဘဲ  ပြန်ဖြေလေ့ရှိပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ၁၉၆၂  မှာ စစ်တပ်က အာဏာသိမ်းစဉ်တုန်းကလည်း ကျမတို့ဟာ ဒီမိုကရေစီကို ကျင့်သုံးနေခဲ့တဲ့ နိုင်ငံပါဘဲ ။ ဒီတော့ '' နောက်ကြောင်းပြန်မလှည့်တော့ဘူး  '' လို့ ပြောလို့ ဘယ်တော့မှ  ရမှာတော့ မဟုတ်ပါဘူး ။
                           ဒါပေမယ့် လူတိုင်း အသိအမှတ် ပြု ၀န်ခံရမယ့် အချိန်တစ်ခုကတော့ ရောက်ကို ရောက်လာရပါမယ် ..........အဲဒါကတော့  '' ဒီမိုကရေစီလမ်းကို နောက်ကြောင်းပြန်လှည့်တာဟာ  ရှေ့ဆက်သွားတာထက် ပိုပြီး များစွာအကျိုးယုတ်တယ် ၊ ဆုံးရှုံးစေတယ် ''  လို့ အားလုံး ၀န်ခံအသိအမှတ်ပြုတဲ့ အချိန်ပါဘဲ ။ အားလုံးကို ကျေးဇူးတင်ပါတယ် ။








    0 comments:

    Post a Comment

    စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

    Followers

    Total Pageviews

    အမှာပါးစရာများရှိနေရင်

    Pop up my Cbox

    Blog Archive

    အက်ဒမင်

    အခြားကဏ္ဍများကို လေ့လာရန်

    ရှာဖွေလေ တွေ့ရှိလေ

    စာပေမြတ်နိုးသူများ

    free counters
    Related Posts Plugin for WordPress, Blogger...