“ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး”
by Soe Min on Wednesday, September 26, 2012 at 3:31am
ဆိုကရေးတီးပြိုင်ပွဲမှာ ပြဇာတ်ပြိုင်ပွဲရယ်လို့ တစ်မျိုးတစ်ဘာသာ တိုးလာတဲ့အခါ တို့မြန်မာ့ယဉ်ကျေးမှု နယ်ပယ်မှာလည်းပဲ ပြဇာတ်ဆိုတဲ့ အနုပညာ ထွန်းကားခဲ့သေးတယ်လို့ နောက်လူတွေကို သိစေချင်ပါတယ်။ ငယ်ငယ်က ဇာတ်ပွဲတွေကြည့်တဲ့အခါ ပြဇာတ်အကကောင်းတဲ့ မြို့တော်သိန်းအောင်တို့ ဘီအီးဒီအောင်သိုက်တို့ကိုလည်း သတိရမိပါသေးရဲ့။ ရုပ်ရှင်ကြည့်တဲ့အရသာ၊ နောက်ပိုင်းဇာတ်ထုပ် ကြည့်ရတဲ့အရသာ၊ အိမ်မှာ တီဗီ ဗီဒီယိုကြည့်ရတဲ့ အရသာတွေဟာ ဖျော်ဖြေမှု အမျိုးအစားခြင်းတူပေမယ့် ခံစားမှု အာရုံဝင်စားမှုခြင်း မတူဘူးလေ။ ဇာတ်ရုံထဲက အရသာကို အိမ်မှာ အခွေနဲ့ပြန်ကြည့်ရင်တောင် ပြန်မရနိုင်ဘူး။ ဇာတ်ကြောင်းကိုသာ အစအဆုံးသိမယ်။ အနုပညာဖမ်းစားမှုကိုတော့ တစ်ကွက်စာ တစ်ထောင့်စာလောက်ပဲ ရလိမ့်မယ်။ စင်ပေါ်မှာက မီး အပေးအယူ၊ အသံအ၀င်အထွက်၊ ကားအဖွင့်အပိတ် အားလုံး သူ့ဟာနဲ့သူ ထောင့်စေ့ ခွင်ကျ။
သရုပ်ဆောင်တစ်ယောက်ရဲ့ မျက်နှာပေးကို အနီးကပ်ပြလိုက်ရင် နောက်လူတွေရဲ့ အခံရုပ်နဲ့ ဇာတ်ပို့နေတာတွေကို ဘယ်မြင်ရမလဲ။ စင်အောက်ကကြည့်ရင် မှုန်နေအောင်ချောတဲ့ စတိတ်ခ်ျမိတ်ကပ်တွေကလည်း ကင်မရာရဲ့ ကလို့စ်အပ်နဲ့ဆို သရဲရုပ်ကြီးပဲထွက်လာမှာ။ စင်ပေါ်ကဖိတ်ဖိတ်တောက်နေတဲ့ နတ်ဝတ်တန်းဆာတွေဟာ နေ့ဘက်မှာ သွားကြည့်ရင် မှိန်ကြောင်ကြောင်နဲ့ အရောင်မထွက်ပါဘူး။ တီးဝိုင်းက ပို့ပေးလိုက်တဲ့ ဒရမ်သံကလေးကအစ နောက်ဆုံး သေနတ်နဲ့ချိန်လိုက်တဲ့အခါ ဒိုင်းကနဲထွက်လာမယ့် ပေသီးဖောက်သံကလေးကအစ လွဲချော်တိမ်းပါးမရသလို စကားပြောနေရင်း မေ့သွားလို့ မှားသွားလို့ ကတ် ကတ် ဆို ရုပ်ရှင်ရိုက်သလို ပြန်ပြင်လို့ မရတာလည်း အားလုံးသိပြီးသားပါ။ ပြဇာတ်စထွက်လိုက်ကတည်းက စင်ပေါ်က အနုပညာရှင်များနဲ့ စင်အောက်က ပရိသတ်အကြားမှာ တကယ်မရှိသော်ငြား ပူးဝင်ခံစားလို့ရမယ့် စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို အသက်ဝင်လာအောင် တည်ဆောက်ယူရပါတယ်။ ဒါကြောင့်မို့ သူတို့နိုင်ငံမှာ ဂန္တ၀င်ပြဇာတ်တွေ ကပြတဲ့အခါ ဖြစ်နိုင်ရင် ဘယ်လောက်ပဲ ဝေးတဲ့နေရာကပဲ ကြည့်ရကြည့်ရ၊ ဇာတ်ရုံမှာပဲ ကိုယ်တိုင်သွားကြည့်ကြတာ များပါတယ်။
ပြဇာတ်ကပြတင်ဆက်မှု အနုပညာအကြောင်းကို ဟိုးအရင် “ဗွေးတုတ်” သီချင်းကလေး အကြောင်းရေးတုန်းက တစေ့တစောင်း ပြောခဲ့ပြီးပြီမို့ သည်တစ်ခါမှာတော့ ပြဇာတ်စာပေအကြောင်း ပြောချင်ပါတယ်။ ပုဂံခေတ်မှာကတည်းက ပြဇာတ်စာပေတွေရှိခဲ့တယ် ဆိုကြပေမယ့် သေသေချာချာ သိမိဖတ်မိတာကတော့ ကုန်းဘောင်ခေတ်က ဦးပုညရဲ့ ရေသည်ပြဇာတ် တို့၊ မဏိကက်ပြဇာတ်၊ ပါပဟိန်ပြဇာတ်တို့ကျတော့မှပါ။ အီနောင်နန်းတွင်းဇာတ်တော်ကြီးတို့၊ ကိန္နရာချောင်းခြားဇာတ် ဘလ္လာတိယပျို့တို့ကိုလည်း ပြဇာတ်စာပေအမျိုးအစားထဲ ထည့်ရမှာလား မသိပါဘူး။ ပြဇာတ်စာပေရဲ့သဘောကတော့ ဇာတ်ကြောင်းဖြစ်စဉ်အပြင် ဇာတ်ဝင်စကား အပြောအဆို နဲ့ ဇာတ်ကောင်တို့ရဲ့ ခံစားချက်ကို အမူအရာနဲ့ သရုပ်ဖော်ရတာပါ။ သို့သော်လည်း အဲသည်ရည်ရွယ်ချက်တွေ အပြင်မှာ ခေတ်ကိုသော်လည်းကောင်း ကာလအခြေအနေ တစ်ရပ်ရပ်ကိုသော်လည်းကောင်း ထင်ဟပ်ပြသလိုတဲ့ စာရေးသူရဲ့ စေတနာကလည်း တော်တော် အရေးပါသေးတာပါကလား လို့ မြင်မိပါတယ်။
ပြဇာတ်အနုပညာနဲ့ပတ်သက်ရင် ကိုယ်တို့ မြန်မာတွေထက် ဥရောပ၊ ပြင်သစ်ကလူတွေက ပိုလို့ ရူးရူးသွပ်သွပ်ခံစားကြသလို အဆင့်မြင့်မြင့်လည်း ဖန်တီးခဲ့ကြတယ် လို့ သတိထားမိပါတယ်။ ဆရာဇော်ဂျီ ဘာသာပြန်ခဲ့တဲ့ “မဟာဆန်ချင်သူ” ဆိုတာ ပြင်သစ်ကလာတာ မဟုတ်လား။ ပြင်သစ်နန်းတွင်းမှာ သဘင်သည်တွေကို ဘယ်တုန်းကမှ ဖက်ခွက်စားလို့ နှိမ့်ချဆက်ဆံခဲ့တာ မဟုတ်ပါဘူး။ ဘုန်းမီးနေလ အတောက်ပဆုံး လို့ဆိုတဲ့ လူဝီ၁၄ ဘုရင်မင်းမြတ်ကြီးတောင် သူကိုယ်တိုင် ၀င်ဝင်ကလွန်းလို့ ဖိုးကချင် မင်းတရားကလေး “Le Roi danse” လို့ နံမယ်ပေးထားကြသေးသတဲ့။ မော်လျဲတို့လို သဘင်သည်တွေနဲ့လည်း လုံးလားထွေးလား ထွေးရောယှက်တင် နေခဲ့သေးတယ်လို့ ရုပ်ရှင်တွေထဲမတော့ ကြည့်ခဲ့ဖူးတာပဲဗျာ။ မိုးဇက်ကြီးလည်း သူ့ခေတ်သူ့အခါက တော်သုံးနန်းသုံး၊ ဘုရင်မင်းမြတ်ကို ငုတ်တုတ်မေ့သွားလောက်အောင် ဖမ်းစားနိုင်တဲ့ ပြဇာတ်ဇာတ်ပို့ ဂန္တ၀င်တေးသံစုံဆရာကြီး ဖြစ်ခဲ့ပါတယ်။ (သူ့ခမျာ အဲသလောက်တော်လျက်နဲ့ ဦးနှောက်ဖောက်စားခံရလို့ ပိုက်ဆံခြူးတစ်ပြား မကပ်ဘူး လို့ ဆိုတယ်)။ အဲသလိုပါပဲ။ အင်္ဂလန်မှာလည်း ပြဇာတ်စာပေရေးတဲ့ ကမ္ဘာကျော် ဂန္တ၀င်စာရေးဆရာကြီး တစ်ယောက်ရှိခဲ့ပါတယ်။ ဆာဝီလျံရှိတ်စပီးယား တဲ့။ အင်္ဂလိပ်စာပေလေ့လာတဲ့သူတိုင်း သူ့ကိုမှ မကြားဖူးဘူးဆိုရင် မိုးကြိုးပစ်သွားမလောက် တော်လည်းတော် ကျော်လည်းကျော်တဲ့ အနုပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။
မနေ့တနေ့ကမှ မြန်မာပြည်မှာ တောကြိုအုံကြားက မူလတန်းအောင်လာခဲ့တဲ့ မြီးကောင်ပေါက်ကလေးတွေတောင် ရှိတ်စပီးယား မွေးထုတ်လိုက်တဲ့ ရိုမီယို နဲ့ ဂျူးလိယက် ကို ရင်းနှီးပြီးသား။ သူတို့မိဘမျိုးနွယ် မွန်တေဂူ နဲ့ ကက်ပျူလက်အထိတောင် မှတ်မိနေကြဦးမှာ။ အချစ်အကြမ်း စွန့်စားခန်းတွေ အားလုံးပိုင်တာမို့ သူရေးသမျှစာပေတွေက မပျောက်မပျက် တွင်ကျယ်လာလိုက်တာ။ ဘရစ်တနီစပီးယားတောင် အဲသည်အဖိုးအို ရှိတ်စပီးယားလောက် သည်းသည်းလှုပ် လူကြိုက်မများဘူး။ ငယ်ငယ်ကတည်းက ဖတ်ခဲ့ဖူးတဲ့ သူ့ပြဇာတ်တွေကို အခုပြန်ဖတ်မိတဲ့အခါမှာ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတာ တစ်ပုဒ်ရှိပါတယ်။ “ဂျူးလိယပ်ဆီဇာ” ပါ။ ကမ္ဘာပေါ်မှာ နံမယ်အကြီးဆုံး စစ်သေနာပတိကြီးရဲ့ဇာတ်ကြောင်းကို လက်ရာမြောက်စွာ ဖန်တီးရေးဖွဲ့ထားတဲ့ အဲသည်ပြဇာတ်ဟာ ထူးဆန်းလှစွာ စစ်ကိုမဖွဲ့ပဲ အချစ်ကိုဖွဲ့ထားတယ်ဗျ။ ဇာတ်ကြောင်းကတော့ လူတိုင်းသိပြီးသားမို့ ထူးထူးထွေထွေ ပြောစရာမရှိသော်ငြား ရေးဖွဲ့ထားတဲ့ ရှုထောင့်နဲ့ အမြင်ကတော့ ငယ်ငယ်တုန်းက ကလေးသာသာမှာ ဖတ်ခဲ့တုန်းက သဘောပေါက်ခဲ့တာကတစ်မျိုး၊ အခု အသက်အရွယ်ကလေးရလာတော့ ပြန်ဖတ်ကြည့် ခံစားကြည့်ပြီး သဘောပေါက်မိပြန်တာကတစ်မျိုး၊ ဇဝေဇ၀ါဖြစ်လာလို့ ဟိုဟိုသည်သည် ရှာဖွေဖတ်ရှုပြီး တွေးမိမြင်မိလာပြန်တာက တစ်မျိုး၊ အရသာအမျိုးမျိုးကို ခံစားမိစေတာမို့ စာရေးသူရဲ့ အနုပညာကို အံ့ချီးမကုန်ဖြစ်ရပါတယ်။
ဂျူးလိယပ်ဆီဇာဆိုတာ ကမ္ဘာပေါ်မှာ မသိတဲ့သူမရှိလောက်ပါဘူး။ ပြက္ခဒိန်ထဲက ဂျူလိုင်လတောင် သူ့ကို ဂုဏ်ပြုပြီး အမည်မှည့်ထားတာ။ ကလေးတွေကို ဗိုက်ခွဲမွေးလို့ရှိရင် ဆီဇာလုပ်တယ် လို့ ဆရာဝန်တွေ ခေါ်ကြတာဟာ သူ့ကိုမွေးတုန်းက အမိဝမ်းတွင်းကနေ ဓါးနဲ့ခွဲထုတ်ပြီး မီးရှူးသန့်စင်ခဲ့ရလို့ဆိုတာ လူတိုင်းသိပြီးသား။ သည့်ထက်နည်းနည်း ပိုသိရင် အီဂျစ်အလှဘုရင်မ ကလီယိုပါထရာ ရဲ့ ခင်ပွန်းလင်၊ သမိုင်းမှာ ၀က်ရူးပြန်ရောဂါရှိပါတယ်လို့ အစောဆုံးမှတ်တမ်းတင်ခံခဲ့ရတဲ့ စစ်ဘုရင်တစ်ပါးပေါ့။ လူတကာ ပါးစပ်ဖျား မှတ်သားမိဆဲဖြစ်တဲ့ သူ့ရဲ့နောက်ဆုံးစကားတစ်ခွန်းကတော့ “ဘရူးတပ်စ် မင်းလည်းပါသကိုး။” တဲ့။ ဓါးချက်ပေါင်းများစွာကို အံတုနေဆဲ ဆီဇာဟာ သူအင်မတန်ချစ်တဲ့ သူငယ်ချင်း ဘရူးတပ်စ်ရဲ့ ဓါးချက်ကိုမြင်လိုက်ရတဲ့အခါ မအိုဇာရဲ့ ကွမ်းတစ်ယာရေတစ်မှုတ်ရလိုက်တဲ့ ဗျတ္တကြီးလို စိတ်လျှော့လိုက်တော့တယ် လို့ ဆိုပါတယ်။ အဲသည်နောက်မှာတော့ ဘရူးတပ်စ်ကလေးရဲ့ အပူတိုက်ငိုချင်းခန်းပေါ့။ သူတစ်လှည့် မတ်အန်ထော်နီကတစ်လှည့် ငိုချင်းတွေ အပြိုင်ကြဲလိုက်တာ ပွဲကြည့်ပရိသတ်တွေတင်မကဘူး။ ရောမပြည်သူလူထုအပေါင်းကပါ မျက်ရည်ဖြိုင်ဖြိုင်ကျလိုက်၊ မချိတင်ကဲ တုတ်ဆွဲဓါးဆွဲဖြစ်လိုက်နဲ့ ဇာတ်ထဲမှာတော့ အို .. မင်းသားလေးငို ..။ သည်အခန်းဟာ အလွမ်းဆုံးပေါ့၊။
ဘရူးတပ်စ်ရဲ့ အကြောင်းပြချက်ကတော့ သူဟာဆီဇာ့ကို မချစ်လို့သတ်ရတာ မဟုတ်ပါဘူးတဲ့။ ချစ်လွန်းလို့ အဲသလိုလုပ်ရပါတယ်တဲ့။ သည်ကမ္ဘာပေါ်မှာ ဆီဇာ့ကို အချစ်ဆုံးသူတစ်ယောက် ပြပါဦးဆိုရင်တောင် သူ့အပြင် နောက်တစ်ယောက်ကို ရှေ့တန်းတင်စရာ မရှိပါဘူးတဲ့။ ပလီရန်ကောကွယ်။ ဖြူဖြူကျော်သိန်းနဲ့ တွေ့ပေးလိုက်ချင်ရဲ့။ “ဒါဟာ အချစ်တဲ့လား။ အဲဒါ အချစ်တဲ့လား။ ဒါများ အချစ်တဲ့လားကွာ မင်းပဲ ပြော..။” ဆိုပြီး ပွဲသိမ်းသွားမယ်။ အစကတော့ ဘရူးတပ်စ်ဆိုတာ အင်မတန်ကောက်ကျစ်သလောက် သူငယ်ချင်းချင်း မနာလိုစိတ်ရှိသူ၊ နောက်ကျောက ဓါးနဲ့ထိုးတတ်သူတစ်ယောက်အဖြစ်ပဲ စိတ်ထဲမှာ ရှိခဲ့ပါတယ်။ နိုင်ငံရေးလောကမှာ သည်လိုအဖြစ်မျိုးတွေဟာ ခရစ်တော်မပေါ်မီကတည်းက မထူးဆန်းတဲ့ လူ့စိတ်လူ့သဘောအနေနဲ့ ရှိခဲ့တယ်ဗျ။ သို့သော်လည်း အခုတစ်ခေါက် ပြန်ဖတ်မိတဲ့အခါ အမြင်တစ်မျိုးပြောင်းသွားတာ ဘာကြောင့်မှန်း မသိပါဘူး။ ဘရူးတပ်စ်ပြောတာ ဟုတ်လောက်ပါရဲ့ လို့ လက်ခံနိုင်လာပါတယ်။ သူကဘာပြောလဲဆိုတော့ ဆီဇာ့ကို သူသိပ်ချစ်ပါတယ် တဲ့။ သို့သော် ရောမနိုင်ငံတော်ကြီးကို ပိုချစ်ပါတယ်တဲ့။ ဆီဇာဟာ သူ့ကိုယ်သူ အရမ်းကြီးမြင့်တဲ့ နတ်ဒေ၀တာတစ်ယောက်၊ အကြွင်းမဲ့ အာဏာရှင်တစ်ယောက်အဖြစ်နဲ့ မြင်နေပြီဆိုတော့ အခုအချိန်မှာ ဆီဇာ့ကို မတားဆီးနိုင်ခဲ့ရင် ရောမအင်ပါယာကြီးတစ်ခုလုံး ဒုက္ခရောက်ရလိမ့်မယ်။ ကျဆုံးရလိမ့်မယ်တဲ့။ အဲသည်အခါကျတော့ တိုင်းသူပြည်သားတွေအားလုံး ဆီဇာ့ကို စက်ဆုပ်မုန်းတီးလာကြလိမ့်မယ်။ သူ့အနေနဲ့ အဲဒါကို အဖြစ် မခံနိုင်ပါဘူးတဲ့။ ဟုတ်လား မဟုတ်လား စဉ်းစားကြည့်ရအောင်နော်။
ပြဇာတ်ရဲ့အစမှာ ရောမက အားကစားကွင်းကြီးအလယ်မှာ မတ်အန်ထော်နီက ဆီဇာ့ကို ဘုရင်မင်းမြတ်အဖြစ် သုံးကြိမ်တိုင်တိုင် သရဖူအပ်နှင်းခဲ့တယ်။ ဆီဇာကလည်း သုံးကြိမ်တိုင်တိုင် ခါးခါးသီးသီး ငြင်းဆန်ခဲ့တယ် လို့ဆိုပါတယ်။ ကဲ သူက ဘယ်မှာ ဘ၀င်မြင့်လို့လဲ။ ဘယ်မှာ အာဏာမက်လို့လဲ။ အဲဒါကြောင့် ရောမသားတွေက အုတ်အုတ်သည်းသည်း ချီးမွှမ်းထောပနာပြုကြတာ မဟုတ်ဘူးလား။ သမိုင်းဆရာတွေဟာ အဲဒါကြောင့် သမိုင်းနောက်ခံ ၀တ္ထု၊ ရုပ်ရှင်၊ ပြဇာတ်တွေကို ကြောက်ကြတာနေပါလိမ့်မယ်။ အမှားတစ်ခုခု ပါသွားရင် သူတို့ဘယ်လိုအထောက်အထားနဲ့ ငြင်းငြင်း လူတွေက လက်မခံနိုင်တော့ပဲကိုး။ မင်းသားမင်းသမီးတွေ ကပြတဲ့ဇာတ်ကိုသာ အတည်ယူလိုက်ကြတယ်လေ။ အခုလည်း သည်သဘောပါပဲ။ ရှိတ်စပီးယားပြောတဲ့စကားကို သူ့ပြဇာတ်အပြင်ကိုထွက် ဆီဇာနဲ့ပတ်သက်တဲ့ စာပေအထောက်အထားကလေး ရှာကြည့်တော့မှ ပိုပြည့်စုံလာပါလိမ့်မယ်။ ပြဇာတ်ရဲ့သဘောက လိုအပ်သလောက်ကိုသာ တည်းဖြတ် တင်ဆက်ရတာကိုး။ ဆီဇာတို့ခေတ်က ရောမအင်ပါယာဟာ ဘုရင်စံနစ်မဟုတ်ပါဘူး။ ဒီမိုကရေစီစံနစ်လို့ ပြောရမယ်။ ဆီးနိတ်လွှတ်တော်နဲ့ အုပ်ချုပ်ပါတယ်။ အာရှတိုက်က ကုဿိန္နာရုံမှာ မလ္လာမင်းများ ဂဏလွှတ်တော်နဲ့ အုပ်ချုပ်သလို ခပ်ဆင်ဆင်ပေါ့။ ရွေးကောက်တင်မြှောက်တာနဲ့ အလှည့်ကျ စိုးစံအုပ်ချုပ်တာတော့ ကွာပါလိမ့်မယ်။ ထူးခြားချက်ကတော့ တစ်ဦးတစ်ယောက်ဆီမှာ အကြွင်းမဲ့အာဏာတွေ အပ်နှင်းမထားဘူး။ အဲဒါကြောင့် သူတို့ဟာ သက်ဦးဆံပိုင်ပဒေသရာဇ်စံနစ်ကို ပြန်ရောက်သွားမှာကို မလိုလားဘူးလို့ ယူဆရပါတယ်။
တဘက်က ဆီဇာဟာ ဘရူးတပ်စ် စွပ်စွဲသလို အာဏာမက်တဲ့သူ ဟုတ်မဟုတ် ပြန်ကြည့်ရအောင်။ ဆီဇာဟာ ၁၇ နှစ်သားမှာကတည်းက လူကြီးသားမက်ဖြစ်ခဲ့ပါသတဲ့။ ပထမမိန်းမ ကော်နဲလီးယားက ပေါ်ပြူလာပါတီက ဆင်းနားရဲ့ သမီးလို့ပြောတယ်။ ကော်နဲလီးယားကို ကွာလိုက်တာကတော့ သူ့သားမက် စစ်သူကြီးပွန်ပေရဲ့ ဆွေမျိုး ပွန်ပီးယပ်စ် ကို ယူမလို့ပါတဲ့။ (ရောမအင်ပါယာရဲ့ ထိပ်သီးစစ်သူကြီး သုံးယောက်မှာ နှစ်ယောက်က အချင်းချင်း လှည့်ပတ်သွေးစပ်ထားလိုက်တာပေါ့) အီဂျစ်ကိုရောက်တော့ ကလီယိုအဖာတရာ သိပ်လှတဲ့မအ၀ှာနဲ့ ရပြန်ရော။ ဒါပေမယ့် ရောမကလူတွေက အီဂျစ်ဘုရင်မကိုတောင် အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ သူတို့အတွက် ဆီဇာရဲ့ တတိယမြောက်နဲ့နောက်ဆုံးမိန်းမ ကယ်လပိုးနီးယား ဟာ ထိပ်တန်းအရာရှိကြီးတစ်ဦးရဲ့သမီးပါ။ (ကဲ ကြည့်။ ဘယ်လောက်နုံလိုက်သလဲ။ ဘုရင်မတောင် မယားငယ်နေရာပဲ ပေးထားတာ)။ ကလီယိုပါတရာက ဆီဇာ့ကို ရှင်ဘုရင်လုပ်တဲ့အရသာကို သင်မပေးပဲ နေပါ့မလား။ ကမ္ဘာ့သမိုင်းမှာ အကြီးကျယ်အခမ်းနားဆုံး စစ်အောင်ပွဲသဘင်ကြီးကိုကျင်းပတဲ့အခါ ကျွန်ယောင်္ကျား ကျွန်မိန်းမတွေ ဆွဲတဲ့ ဖာရိုဘုရင်ရုပ်ထုနဲ့ ယာဉ်ရထားကြီးပေါ်မှာ အီဂျစ်အလှဘုရင်မနဲ့ သူ့ရင်သွေးကလေးထိုင်ပြီး ထွက်တော်မူကြီး ကြွချီလာတာ ဟောလီးဝုဒ်ရုပ်ရှင်သမိုင်းမှာတောင် ဂန္တ၀င်မြောက်အောင် လှပခမ်းနားတယ် မဟုတ်ဘူးလား။ အဲသည်ပွဲကြီးဟာ ရက်ပေါင်းလေးဆယ်တိုင်တိုင် ကျင်းပတာပါတဲ့။ တပ်မဟာကြီးလေးခုနဲ့ စီတန်းလှည့်လည်ကြပါသတဲ့။ ဆီဇာအောင်နိုင်ခဲ့တဲ့ စပိန်၊ ဂေါလ (ပြင်သစ်)၊ အာဖရိက နဲ့ အာရှကို ရည်ညွှန်းပါသတဲ့။ မြို့လုံးပတ်လည်မှာ ပန်းပေါင်းစုံနဲ့ အမွှေးနံ့သာများနဲ့ ထုံမွှန်းလို့နေစေပါသတဲ့။ တပ်ဦးမှာကတော့ မြို့တော်အုပ်ချုပ်သူလူကြီးများ နဲ့ အဲသည်နောက်မှာတော့ ပြည်သူများ၊ ရထားလုံးနဲ့အပြည့်တင်ဆောင်လာတာ စစ်နိုင်တဲ့ဆီက သိမ်းယူလာတဲ့ ရွှေငွေကျောက်သံပတ္တမြားတွေပါတဲ့။ သူ့နောက်မှာ လူတစ်ယောက်က ဆီဇာဘုရင်မင်းမြတ် အောင်ပွဲရလာတဲ့ အတိုင်းတိုင်းအပြည်ပြည်စာရင်းကို ရှည်လျားစွာ ရွတ်ဖတ်တင်ပြနေပါသတဲ့။ စစ်မြေပြင်မြင်ကွင်းကို ပန်းချီကားများနဲ့တောင် သရုပ်ဖော်ထားပါသေးသတဲ့။ ဘုန်းတော်ကြီးများရဲ့ နောက်ပါးမှာတော့ သုံ့ရ ဆင်မြင်းကျွဲနွား၊ မင်း၊ မိဖုရား၊ မူးမတ်၊ စစ်သူကြီးများက လိုက်ပါလာရသတဲ့။ နောက်မှာမှသံစုံတူရိယာများ သီဆိုတီးမှုတ်ပြီး အောင်ပွဲရတပ်မတော်သားများ ချီတက်လာပါသတဲ့။ နောက်ဆုံးမှာ စစ်ရထားနဲ့ ကြွားကြွားရွားရွား ရပ်လို့ ထွက်တော်မူလာတာကတော့ ဆီဇာဧကရာဇ်မင်းမြတ်ပေါ့။ ဒါ ပထမနေ့ပဲ ရှိသေးတာနော်။ ဒုတိယနေ့ကျတော့မှ အီဂျစ်ကလာတဲ့ တပြည်သူမရွှေထားကို ပွဲထုတ်တာလို့ဆိုတယ်။ ပွဲတော်အတွင်းမှာ လူပေါင်းနှစ်သောင်းကျော်ကို လက်ဆောင်ငွေကြေးများ ပေးကမ်းသလို နောက်ပါတပ်သားများကိုလည်း ဘွဲ့အမည်အရည် ဆုလာဘ်ရာထူးများ ချီးမြှင့်သေးသတဲ့။ ပွဲတော်ကြီးများ ဘယ်လောက်စည်တယ် မစည်တယ်။ လူနင်းလို့သေရတဲ့အထဲမှာ ဆီးနိတ်လွှတ်တော်အမတ် နှစ်ယောက်တောင် ပါသွားသတဲ့ဗျား။ မှတ်ကရော။ အဲသည်ပွဲကြီးပြီးလို့ တစ်နှစ်အကြာမှာ သူ့ကိုလုပ်ကြံဖို့တိုင်ပင်တာဟာ အဲသည်ပွဲသဘင်ကြီးရဲ့ အရှိန်ကို ကြောက်ရွံ့သွားလို့ဖြစ်ပါလိမ့်မယ် လို့ စာရေးသူက ငေါ့ထားသဗျ။
ဘယ်လိုပဲတွေးတွေး ဆီဇာဟာ သူ့ခေတ်သူ့အခါက သူမတူအောင် ဘုန်းတန်ခိုး သြဇာအာဏာ ကြီးမားခဲ့တာကို မယစ်မူးပဲနေမယ် မထင်ပါဘူး။ သူလည်းလေ လောကီသား မဟုတ်လား။ သည်အခါမှာ သူ့ရဲ့လက်အောက်က ဆီနိတ်တာများအနေနဲ့ ဖြစ်နိုင်စရာနှစ်ခုပဲရှိတယ်။ ဆီဇာအလိုကျ မြှောက်ပင့်ညာဝါးပြီး ကိုယ့်အတွက် အခွင့်အရေးတစ်ခုခု ရအောင်လုပ်မလား။ ဆိုလိုတာက ကိုယ့်ဘ၀တက်လမ်းကို ဆီဇာ့ဘိနပ်ဦးမှာ ပူးချည်ထားလိုက်မလား။ နောက်တစ်ခုကတော့ ဆီဇာ့အောင်မြင်မှုတွေကို ကြိတ်ပြီးမနာလိုဖြစ်နေ၊ ရှေ့တင်တော့ ချိုချိုသာသာလေးဆက်ဆံပြီး အဆင်းကျမှ ဘီးတပ်တွန်းပေးဖို့ အကွက်ကောင်း စောင့်နေမလား။ ဘရူးတပ်စ်ကတော့ ဒုတိယအမျိုးအစားထဲမှာပါမယ်လို့ ထင်ထားခဲ့ပါတယ်။ ဒါပေမယ့် ဆီဇာ့အသုဘမိန့်ခွန်းကို ရှိတ်စပီးယားက ဘရူးတပ်စ်ကိုယ်စားဝင်ပြောလိုက်တာ ကိုယ်တောင်မှ ဘရူးတပ်စ်ဘက် ပါချင်ချင် ဖြစ်သွားတယ်။ ဆီဇာ့ကိုယ်ထဲကို သူ့ဓါးသွားဝင်သွားတဲ့အချိန်မှာတောင် သူ့ဘက်က ဆီဇာ့ကိုချစ်တဲ့အချစ်က ဆံခြည်တစ်မျှင်လျော့မသွားပါဘူးတဲ့။ လူဆိုတာ လျှာအရိုးမရှိတိုင်း ပြောချင်ရာပြောလို့ရတာပါပဲ။ ဒါပေမယ့် စဉ်းစားကြည့်မိတော့ တကယ်လို့များ ဘရူးတပ်စ်က ဆီဇာ့ကိုသာ မသတ်ခဲ့ရင် ကမ္ဘာ့သမိုင်းမှာ ဆီဇာဆိုတာ ဘယ်လိုလူစားမျိုးအဖြစ် နိဂုံးချုပ်သွားမလဲ။ အာဏာရှင်လက်အောက်မှာ နေရတဲ့ပြည်သူတွေက အဲသည်အာဏာရှင်ကို ဘယ်လောက်တောင် ခါးခါးသီးသီးမုန်းသလဲဆိုတာ ပြင်သစ်တော်လှန်ရေးကြီးတွေ၊ ရုရှက ဗော်ရှီဗစ်တော်လှန်ရေးကြီးတွေကို ကြည့်ရင် သိနိုင်ပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေ ရှင်ဘုရင်သဖွယ် ပြုမူနေထိုင်တဲ့အခါမှာလည်း နောက်တော်ပါးက တစ်ဖ၀ါးမခွာ ခစားရသူတွေအဖို့ အမှုတော်ကိုထိပ်မှာရွက်ရသလို လက်သုံးတော်ဓါးကိုလည်း ဂုတ်ပေါ်ရွက်ထားရတာပဲ။ (မယုံရင် ပုံပြင်မှတ်ပါ ပိတ်သတ်ကြီးရယ်) ဘရူးတပ်စ်ဟာ ဆီဇာကို တကယ်ချစ်ရင် အဲသလိုအဖြစ်မျိုးနဲ့ ပြည်သူ့ချဉ်ဖတ်ဘ၀ရောက်သွားမှာ၊ ရောမအင်ပါယာကြီးကျရှုံးသွားမှာကို ဘယ်လိုလားပါ့မလဲ။
ကြက်တူရွေးကတော်တော် မယ်ဘော်ကလည်း မကဲချင်ပါဘူး။ ဘရူးတပ်စ် နဲ့ ဆီဇာတို့ရဲ့ သံယောဇဉ်က သူများတွေထင်ထားတာထက်တော့ ပိုဦးမှာပါတဲ့။ ပြဇာတ်ထဲမှာတော့ သူတို့နှစ်ယောက်ကို သူငယ်ချင်းအဖြစ် ဖွဲ့ပြတယ်။ တချို့စာအုပ်တွေထဲမှာကျတော့ တူတော်မောင် လို့ဆိုပြန်ရော။ ကောလာဟလအရကတော့ ဆီဇာရဲ့ တရားမ၀င်သားလိုလိုတောင် ပြောကြတယ်။ ဆီဇာက ဘရူးတပ်စ်ရဲ့ အမေနဲ့ရော နှမနဲ့ပါ မကင်းဘူးဆိုပဲ။ အဲသည်ထက်ဆိုးတဲ့ အတည်မပြုနိုင်သောသတင်းများအရတော့ အချစ်တော်ပါတဲ့။ ဆီဇာဟာ ဆယ်ကျော်သက်ကတည်းက ကာမဂုဏ်ကြူးတဲ့ဘ၀မှာ ကျားမမရွေး သုံးစွဲနိုင်သည် ဆိုတဲ့အစားမျိုးပါတဲ့။ ကြားသားမိုးကြိုး။ တခါက သူ့ဇနီးသည် ပွန်ပေးယပ်စ်ဟာ ရောမမြို့က ဖျာလိပ်နတ်ပါတီတစ်ခုကို မိန်းမလိုဝတ်စားထားတဲ့ သူငယ်ကလေးတစ်ကောင် ခေါ်သွားမိပါသတဲ့။ ဟိုရောက်တော့ နတ်ကွန်းထဲမှာ ကရင်းခုန်ရင်း ဟီလာတိုက်တော့မှ ရှောက်သီးဆေးပြားသံကြီးထွက်လာလို့ ကွပ်မျက်ဖို့ တရားစွဲတဲ့အခါ ဆီဇာက ကောင်လေးဘက်က သက်သေလိုက်ပေးပါသတဲ့။ အမှုလည်းပြီးရော မိန်းမကို ကွာရှင်းလိုက်တော့ အတင်းအဖျင်းတွေ ပွထလာပါလေရောတဲ့။ သူ့ဘေးနားမှာ ဘက်စ်မန်းလုပ်နေတဲ့ မတ်ခ်အန်ထော်နီကလည်း ခေါမကျောက်ရုပ် အရှုံးပေးရလောက်အောင် ကြွက်သားအဖုဖုနဲ့ အကိတ်ကြီးမို့လို့ ခေါ်ထားတာဖြစ်ပါသတဲ့။ ဖရော်ရကား ဖရော်ရကား။ အဲဒါ သားသားအုန်းကျွန်းတစ်လုံးမှ မပါဘူးနော်။ အင်္ဂလိပ်လိုဖတ်ပြတဲ့ ကျော်စွာတစ်ရာထဲက ကြားရတဲ့အတိုင်း ပြန်ရေးပြတာ။ စော်တော်ကား မော်တော်ကား။ ကိုယ်တောင် ကြားထဲက တရားစွဲချင်စိတ်ပေါက်တယ်။
သမိုင်းဆိုတာ အဖြစ်အပျက်ကတော့ တစ်ခုတည်းပါပဲ။ ကိုယ်သန်ရာကိုယ်ဆွဲတွေးရင်း ကြုံပလေ ဘုံပွေ ဖြစ်ကုန်ကြရော။ ပြောချင်တဲ့သူတွေ ပြောချင်ရာပြောကြပစေ ဂျူးလိယပ်ဆီဇာဆိုတာ မြေထဲပင်လယ်တ၀ိုက် အီတလီ၊ ပြင်သစ်၊ စပိန်၊ အီဂျစ်၊ အာဖရိက၊ တူရကီနဲ့ အာရှမိုင်းနားအထိ စကြာဝတေးမင်းကြီးပမာ သြဇာအာဏာပျံ့နှံ့ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။ မွေးစကနေ အသက်လေးဆယ်ကျော်အထိ သူလိုကိုယ်လိုဘ၀ကနေ (တကယ်တော့ အရည်အချင်းတွေက ပြည့်စုံနေပြီးသား။ ပြခွင့်မကြုံသေးလို့သာ) နှစ်ပေါင်းနှစ်ထောင်ကျော်ကြာအောင် လူသိများနေဆဲ နံမယ်ရှင်သန်နေဆဲ နိုင်ငံခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါတောင် နန်းစံသက်က နှစ်နှစ်လောက်ပဲ ကြာလိုက်လို့။ အနှစ်နှစ်ဆယ်လောက်များသာ ဆိုရင် တို့ကမ္ဘာ့သမိုင်းကြီးဟာ အသစ်ပြန်ကျက်ယူရလိမ့်မယ် ထင်ပါရဲ့တဲ့။ သူမကွယ်လွန်မီတစ်ရက်မှာ စကားစပ်လို့ ငြင်းကြခုန်ကြရင်း လောကမှာ ဘယ်လိုသေခြင်းမျိုးကို အနှစ်သက်ဆုံးလဲ လို့ အမေးခံရတဲ့အခါ မမျှော်လင့်ပဲ ရုတ်တရက်ချက်ချင်း သေရတာမျိုးကို အကြိုက်ဆုံး လို့ ဖြေပါသတဲ့။ သူ့ဆန္ဒနဲ့အကိုက်ညီဆုံး သေခြင်းတရားနဲ့ ရောမသားတို့ရဲ့ နှလုံးသား၊ ကမ္ဘာသူကမ္ဘာသားတွေရဲ့ မှတ်ဥာဏ်တွေထဲမှာ ထာဝရရှင်သန်ခွင့်ကိုပါ တပါတည်း ဆောင်ကျဉ်းပေးခဲ့တဲ့ ဘရူးတပ်စ် ရဲ့ ချစ်ခြင်းမေတ္တာကို အခုမှပဲ သေသေချာချာ သဘောပေါက်မိတော့တယ်ကွယ်။ ကဲ .. ဦးချစ်ကောင်း နဲ့ Sai ဗျား။ (သူတို့နှစ်ယောက်ကိုတော့ ဟိုလိုလို သည်လိုလို မတွေးကြနဲ့ဦးနော်)
“ချစ်လွန်းလို့ဖြစ်သွားတာပါ။ စိတ်ဆိုးပြီး နာကြည်းသွားလား။ မင်းအမျိုးသား သူငယ်ချင်းလေးအပေါ်မှာ ကိုယ် လုပ်လိုက်မိတဲ့ အဖြစ်ဟာ ….။ အချစ်လေး …။ ကိုယ်ဟာ လူကြမ်းလေးပါ။ ချစ်ချစ်ရေ … ကိုယ်ဟာ လူကြမ်းလေးပါ။”
0 comments:
Post a Comment