Wednesday, September 26, 2012

ကျွန်မ စိုက်သည့် ပျိုးပင်များ ....


by Swe Myat Hay Thi on Monday, July 2, 2012 at 12:28am 

              
   လှပပြီး အခက်အလက် ဝေဆာသည့် ပန်းဥယျာဉ်ကြီး တစ်ခု ဖြစ်ရန် အတွက်  .... ပထမဆုံး မျိုးစေ့ချမည့် မြေ ကို ဦးစွာ ရှင်းလင်းပြီး စိုက်ကွက်ဖော်ရမည် ။ မျိုးကောင်း မျိုးသန့် ဖြစ်လာမည့် မျိုးစေ့ ကို ရွေးပြီး မျိုးကျဲရမည် ။ ရေမှန်မှန်လောင်းပေး ပြီး ပေါင်းသင် မြေးဆွေး ထည့်ရမည် ။
အပင်ပေါက် ကလေးများ ကို ခရု မစား ၊ ပိုး မကိုက်အောင် နေ့စဉ် ဂရုတစိုက် ကြည့်ရှုရမည် ။ ပေါက်လာသည့် ပျိုးပင်များစွာ ထဲ မှ အလား အလာ မကောင်းသည့် ပျိုးပင်များ ကို အပင်ကောင်းလေးများ နှင့် မရောထွေး ရအောင် မျိုးခွဲ ပေးရမည်။ မလိုအပ်သည့် အပင်များ ကို ပေါင်းသင် ရှင်းလင်းပြီး မျိုးကောင်းမျိုးသန့် တွေ ကို စနစ်တကျ ခွဲထုတ်၍ လှပစွာ ပုံဖော် စိုက်ပျိုးပေးရမည် ။ ပန်းပင် အမျိုး အစား အလိုက် လိုအပ်သလို ရေလောင်း ၊ အစာကျွေး ၊ ပိုးသတ်ဆေးဖြန်း ၊ ဓာတ်မြေသြဇာ ထည့်ပြီး နည်း စနစ်တကျ ပြုစု ပျိုးထောင်သွားမှ သာ နောင်တစ်ချိန် မှာ လှပသော ပန်းဥယျာဉ်ကြီး အတွက် တန်ဖိုး မဖြတ်နိုင်သည့် ... တော်ဝင် ပန်းကလေးများ မလွဲ ဧကန် ဖြစ်လာမည် သာ .....

ကျွန်မ စိုက်သည့် ပျိုးပင်များ ....

              ကျွန်မ ဆိုင် ကို လာသည့်  Customer အများစု နှင့် ခင်မင်ရင်းနှီးသော ကျွန်မ ၏ မိတ်ဆွေ သူငယ်ချင်း များ ကျွန်မ ဆိုင် မှာ အဆီလာချ တိုင်း အပြန်မှာ မေးလေ့မေးထ ရှိသည့် မေးခွန်း တစ်ခု က .... ကျွန်မ ဆိုင် က  ၀န်ထမ်း ကလေး များ က အလွန် အင်မတန် မှ အလိုက် တသိ ရှိ ၊  လိမ္မာရေးခြား ရှိပြီး ၀န်ဆောင်မှု အလွန်ကောင်းကြတဲ့ အတွက် ... အဲဒီ လို ကလေးတွေ ကို လိုချင်ရင် ဘယ်မှာ သွားခေါ်ရပါ မလဲ တဲ့ .....သူတို့ ကို အကျေ အလည် မရှင်းပြဖြစ်ခဲ့တဲ့ ဤ အကြောင်းအရာလေး ကို ကျွန်မ စိုက်သည့် ပျိုးပင်များ .... ဆို သည့် ခေါင်းစဉ် နဲ့ နောင်တစ်ချိန် မှာ လုပ်ငန်း တစ်ခု ကို ဦးဆောင်ဦးရွက် ပြုမည့် .... မောင်လေး ...ညီမလေး များ အတွက် ... ရည်ရွယ် ပြီး ဒီ Note  ကလေး ရေးဖြစ်ခဲ့တာဖြစ်ပါတယ် .....

                 ပထမဆုံး ကျွန်မ လိုချင်တဲ့ ၀န်ထမ်းအသစ် ရဲ့ ပုံပန်းသဏ္ဍန် က .....  ရုပ်ရည် သန့်ပြန့်ပြီး ခန္ဓာ ကိုယ် အချိုး အစား ပြေပြစ်ရမည် ။ အနိမ့်ဆုံး ပညာ အရည်အချင်း ၁၀ တန်း ခန့် ရှိရမည် ။ အိမ်ထောင် မရှိသူ အပျိုဖြစ်ရမည် ။ အလုပ် ချိန် မှာ မနက် ၆ နာရီ ခွဲ မှ ည ၈ နာရီ ဖြစ်သဖြင့် ကျွန်မ အိမ် မှာ ညအိပ် လာနေပြီး အလုပ်ဆင်းနိုင်သူဖြစ်ရမည် ။ အမှန်တကယ် အလုပ်လုပ်ချင် သူ ဖြစ်ပြီး အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည် ။ မည်သည့် အလုပ်မျိုး မှ မလုပ်ကိုင်ဖူးသူ ( အရောင် မဆိုးရသေးသူ ) ဖြစ်ရမည် ။ ၀န်ဆောင်မှု လုပ်ငန်း လုပ်ကိုင် ရမည့် သူ ဖြစ်သဖြင့် ... စိတ်ရှည် သီးခံ နိုင်မည့် ကျိုးနွံ သည့် အသွင်အပြင် ပေါ်လွင်သော ရုပ်ရည် ဖြစ်ရမည် ။ ( မင်းသမီး ရှုံးလောက်အောင် ချောမော ပြီး ထောင့် မကျိုးသူ မဖြစ်စေရ ) ။


                ထိုသို့ သော အချက်တွေ နဲ့ ပြည့်စုံဖို့ .... လူရွေးရတာ အင်မတန် ခက်ပါတယ်.... ရုပ်ချောတော့ ..... အချိုး မပြေ ထောင့် မကျိုး ၊ အပိုးကျိုးနေ ပြန်တော့ ထုံလွန်းနေ ၊ ချက်ချက်ချာချာ ရှိပြန်တော့ လည်း အလုပ်တကာ စုံလို့ လူကြော နပ်နေတဲ့ သူ ဖြစ်နေပြန်တော့ ကျွန်မ ဆိုင် က နဂို ကလေးတွေ ရဲ့ အကျင့် စာရိတ္တတွေပါ ပျက်စီး မှာ စိုးတဲ့ အတွက် မခေါ် ချင်ပြန်ပါဘူး ။ တခါ ပညာတတ် ဘွဲ့ရ မကြီး မို့ ... ပိုက်ဆံ ဘယ်လောက်ရရ သူများ ခြေထောက် မကိုင်ချင် ပါဘူး ...သူများ ခန္ဓာကိုယ် မကိုင်ချင်ပါဘူး ဆိုတာ က တသွယ် .....အဲဒီလို မှ မဟုတ် အားလုံး ပြည့်စုံ တဲ့ သူ ဖြစ်ပြန်ပါတော့ ...ကျွန်မ ပေးနိုင် သည့် စစချင်း ဘာမှ မတတ်သည့်သူ ကို ပေးသည့် အလုပ်သင် ၏ အခြေခံ လစာ နှင့် မလုပ်နိုင်ပါဘူး ...ဆိုတာ က တဖုံ နှင့် .... တွေ့က ရာ နေရာ ၊ ဈေးသည် ကနေ အမြို့မြို့ အနယ်နယ် က သူငယ်ချင်း အဆုံး ၊ ဆွေမျိုး လည်း မနေရ ၊ အခွင့်အလမ်း လည်း မနေရ ၊ လူပွဲ စား လည်း ပါရနှင့် .... ပါဘဲ ....ကျွန်မ ၀န်ထမ်း တစ်ခါ တစ်ခါ ခေါ်တိုင်း ခေါင်းမီးတောက်အောင် ရှာရပြီး မရမချင်း အလွန်တရာ စိတ်ညစ်ရတတ်ပါ တယ် .....

                ပထမဆုံး အချက်လေးတွေ နဲ့ ရှားရှားပါးပါး ကိုက်ညီတဲ့ စိတ်တိုင်းကျ သူလေး တွေ့ရင် စိတ်ထဲ က နှစ်သက်နေပေမယ့် ... ကိုယ့် အလုပ် နဲ့ ရေရှည် ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ ကို  အင်တာဗျုး သည့် နေ့ မှာ ပင် ....တရင်းတနှီး စကားစမြည် ပြောကြည့်ရင်း ကိုယ် လိုချင်တဲ့ ပုံစံ ၀င်မ၀င် ... ပုံသွင်းလို့ ရမရ ၊ ကျွန်မ ဆိုင် မှာ ရေရှည် ဖြစ်နိုင် ၊ မဖြစ်နိုင် .... ကျွန်မ ဆိုင် မှာ နဂို ရှိတဲ့ ကလေးတွေ နဲ့ အဆင်ပြေနိုင် ၊ မပြေနိုင်က အစ .... အကဲဖြတ် ကြည့်ရသလို .... ကျွန်မ မေးတာတွေ ကို သူ တကယ်ဖြေနေတာ လား ... အလုပ် ရအောင် အချိုးပြေအောင်ပြော ဆို နေထိုင်ဖြေပြနေတာလား .... က အစ အနီးစပ်ဆုံး လေ့လာရပြန်ပါတယ် .... ပြီးရင်တော့ အနီးစပ်ဆုံး လက်သင့် ခံနိုင်ပြီ ဖြစ်တာ မို့ .... ကျွန်မ အလုပ် နဲ့ ပတ်သက်သမျှ ကို အဲဒီ အလုပ် လာလျှောက်တဲ့သူ စိတ် မညစ် ညစ်အောင် အလှကြိုက်မယ့် ပုံစံ ဆို ...ဘယ်လို မလှမပ နေရတဲ့ အကြောင်း ၊ အပိုး မကျိုး တဲ့ သူဆို ဘယ်ရွေ့ဘယ် ချမ်းသာ သူများ ခြေထောက်တွေ အရောင်စုံ ကို ကိုင်ရတွယ်ရမည့် အကြောင်း ချွေးတွေသံတွေ နဲ့ ခန္ဓာကိုယ် အမျိုးမျိုး ကို ကိုင်တွယ် ရမည့် အကြောင်း ၊ အပင်ပန်း မခံနိုင်မည့် ပုံစံဆို ဘယ်လို ပင်ပန်းရမည့် အကြောင်း က အစ ပိုပို သာသာလေး ပြောလို့ ... ပြောင်းလဲသွားမည့် သူ့မျက်နှာ အခြေအနေကို အကဲခတ်ရင်း မှ နောက်ဆုံး စိတ်တိုင်းကျပြီ ဆိုမှ အလုပ် ခန့်သည့် အနေအထား ကို ရောက်ပါတယ် .....

               အလုပ် စခန့် ပြီးလို့ ကိုယ့် အလုပ်ထဲ စသွင်းပြီ ဆိုတာ နဲ့ ပထမဆုံး မည်သည့် အတတ်ပညာ ကို မှ မသင်ခင် သတ်မှတ် ယူနီဖောင်း ကို သပ်ရပ် သန့်ပြန့်စွာ ၀တ်စားဆင်ရင်တတ်ဖို့ က စပြီး တကိုယ်ရေ သန့်ရှင်းမှုရှိဖို့ပါ သွန်သင်ရပါတယ် ။ သင်တန်း ခန်းမ ထဲ ရောက်ရင်လည်း သင်တန်းသူတွေ အရှေ့ က ဖြတ်ရင် ခေါင်းငုံ့သွား ၊ ခေါင်းမငုံ့ချင်ရင် အနောက် က ဖြတ် ဆိုတာ က တမျိုး ၊ သင်တန်း ခန်းမ မှာ မလို အပ်ဘဲ အချင်းချင်း စကား မပြောရ ၊ ငေးမော မနေရ ၊ မလွှဲသာ လို့ ပြောရရင်လည်း တိုးတိုး သက်သက် သာသာပြောဆိုရန် ၊ လာ ကစားသည့် သင်တန်းသူ နှင့်ရော ၀န်ထမ်း အချင်းချင်း နှင့် ပါ ယဉ်ကျေး ချိုသာစွာ ပြောဆိုဆက်ဆံရန် ၊ ကိုယ့် အရှေ့ မှာ ရောက်နှင့် တဲ့ လူ က သင် ရင် ပြောပြရင် လက်ခံရန် ၊ အချင်းချင်း အပြန်အလှန် လေးစားသမှုရှိရန် က အစ သွန်သင်ရသကဲ့ သို့ ..... ကိုယ့် ထက်နိမ့်ကျသည့် အလုပ် မှ ကလေးများ နှင့် ဆိုလျှင် လည်း အထက်ဖား အောက်ဖိ မလုပ်မိစေဖို့ ၊ လူ ကို လူ လိုမြင်ပြီး လူ တိုင်း ကို စာနာစိတ်ဖြင့် ပြောဆို ဆက်ဆံ တတ် ဖို့ပါ မကျန် အသေးစိတ် သင်ကြားပြီးမှ .... သူတို့ ကို ကျွန်မ ဆိုင် မှာ အမှန် တကယ် လာကစား သည့် သင်တန်း သူ များကို သင်အတိုင်း လေ့ကျင့်ကစားခိုင်းရပါတယ်... ထို မှ တဖန် တဖြည်းဖြည်း တတ်မြောက် ကျွမ်းကျင်လာလို့  Customer  ကို ပြန်သင်နိုင်သည့် အခါ ကျပြန်တော့ လည်း လေးစားစွာ ပြောဆို ဆက်ဆံတတ်ဖို့ ... ယဉ်ကျေး ချိုသာ စိတ်ရှည်စွာ သင်ပြနိုင်ဖို့ .....သင်တန်း သင်သည့် နည်းပြ ၏ ဟန်ပန် အမူအရာ က အစ ၀န်ဆောင်မှုပေးတဲ့ သူ ၏ ရုပ် အသွင် ဖြစ်ရမည် ( စာသင်တပည့် ကို သင်ပြနေ သည့် ကျောင်းဆရာမ ၏ လေသံ ၊ ဟန်ပန် ၊ မျက်နှာပေး မဖြစ်စေရ ) က အစ ၊ အလုပ်ချိန် အပြင်မထွက် ရ ၊ ဧည့်သည် မလာရ ၊ ဖုံးမပြောရ ၊ သီချင်း မဆိုရ ၊ စာအုပ် မဖတ်ရ ဆိုတာ နှင့် ကိုယ် သင် တဲ့ သူ ဟုတ်ဟုတ် မဟုတ်ဟုတ် ကစားတဲ့ သူ ၏ ဟန်ပန် အမူအရာ ကို အကဲခတ် တတ်ပြီး ဘာဘဲ လိုလို အဆင်သင့် တန်းပြီး ကူညီနိုင်စေဖို့ က အစ သွန်သင်ရပါတယ် ။

                ခန္ဓာ ကိုယ် အဆီချဖို့ စတင်သင်ကြားရာတွင် လည်း အလုပ်သင် ၏ အတိုင်း အဆ မသိ အင်မတန် လက်သံပြောင်စွာ ဖြင့် ရိုက် မှာ နှိပ်မှာ ကြောက်ကြတာမို့မည်သူ တစ်ဦးတစ်ယောက် က မှ ခံပေးမည့် သူ မရှိသဖြင့် .... ကျွန်မ ဆိုင် ကို ၀င်လာသမျှ အသစ် အသစ်ပေါင်း များစွာ ၏ အချိန် အဆ မသိသေးသည့် လက်သံ ကို ကျွန်မ တစ်ဦးထဲ သာ အားတင်းပြီး ခံပေးရပြန်ပါတယ်.... ကိုယ် က နာတယ် ပြောရင် ကလေးတွေ ကြောက်ပြီး မလုပ်ရဲ မှာ စိုးသဖြင့် တော်တော့် တန်တန် နာရုံမျှ ကို လုပ်လုပ် ...သမီး မကြောက် နဲ့ ... ရဲရဲ လုပ် ... အမ နာရင် ပြောမယ် ....အမ မနာပါဘူး....ရယ် လို့ ... အသစ် ကလေးတွေ အစဉ်အဆက် ကို အားပေး စကားပြောရင်း .... သူတို့ လုပ်တာ နည်း စနစ်တကျ ဖြစ်တဲ့ အထိ တွဲခေါ်ရပြန်ပါတယ် ....အဆီချ လုပ်တော့ လည်း စသင်တာ နဲ့ အ၀တ်အစား ကိုင်တွယ်တာ က အစ  ခွင့်တောင်းပြီး မှ ကိုင်ဖို့ ၊ နာမနာ ကို မေးပြီး  မှ လုပ်ဖို့ .... တစ်ယောက် နဲ့ တစ်ယောက် ခံနိုင်ရည် ချင်း အသားအရည် ဖွဲ့စည်း ပုံခြင်း မတူညီ နိုင်တာ မို့ ....  အစ ရက်တွေ မှာ အသားအရည် နဲ့ ခံနိုင်ပုံ အခြေအနေ ကို ကြည့်ပြီး ထိန်း လုပ်ပြီး နောက် မှ တဖြည်းဖြည်း ပုံမှန် လုပ်သွား ဖို့ က အစ သင်ရသလို ၊လာတဲ့  Customer တိုင်း ကို တူညီသော ၀န်ဆောင် မှု ဖြစ်စေဖို့ .... ဘယ်လို ပုံစံမျိုး နှင့် ဘဲ လာလာ လေးစားစွာ ပြု မူ ပြောဆို ဆက်ဆံ ဖို့ ... အချိန်တန် ဒီ လစာ ရမယ် ဆိုတာမျိုး မဟုတ်ဘဲ .... ကိုယ် လုပ်တဲ့ အလုပ် တိုင်း ၊ လာတဲ့ သူတိုင်း ကို စေတနာ စိတ် ကလေး နဲ့ ဆက်ဆံ ဆောင်ရွက် တတ်ဖို့ .... နဲ့ Customer ဆိုတာ သူငယ်ချင်း မဟုတ်တဲ့ အတွက် ... အရပ်ပြော ၊ သူငယ်ချင်းပြော နဲ့ ပြောဆို ဆက်ဆံခြင်း မပြုဘဲ လေးစားစွာ ပြုမူ ဆက်ဆံ တတ်ဖို့ ပါ မကျန် သင်ကြားရပြန်သလို .... ကိုယ် လုပ်ကိုင်ရသည့် မည်သည့်  Customer  က မဆို အလုပ် အကြောင်း မေး လျှင် ကိုယ်သေချာ မသိဘဲ ၊ ကိုယ့် အဖြေ တစ်ခုကို တာဝန် မယူနိုင်ဘဲ ကြားဖူးနားဝ နှင့် မဖြေဖို့ ၊ မည်သည့်အခါ တွင် မှ Customer ကို အခြားသော ၀န်ဆောင်မှု များ လုပ်ဖို့ ဆွယ်တာ မျိုး မလုပ်ဖို့က အစ အသေးစိတ် သွန်သင် မှာ ကြားထားရပြန် ပါသေးတယ် ။

                 တခါ မိန်းကလေး တွေ ထိန်းရတာ ဖြစ်လို့ ... လှပ ၀တ်စားထားတဲ့  Customer  မျိုးလာရင် က အစ ၀တ်ဆင်ထား သမျှ ကို  ပြူးပြူးပြဲပြဲ လိုက်ကြည့်နေတာမျိုး ၊ Customer ပြောလို့ အလိုက်သင့် နားထောင်ပေးတာ က လွဲပြီး Customer  များ ၏ ကိုယ်ရေး ကိုယ်တာ ကို စပ်စုခြင်း ၊ စွက်ဖက်ခြင်း ၊ ဝေဖန် ပြောဆိုခြင်း မလုပ်ရတာ က အစ သွန်သင် ရပြန်ပါတယ် ... ထို မှ တဖန် Customer  နှစ်ယောက် ကို တစ်ခန်း လုပ်ရတာ ( သို့ ) တစ်ကိုယ်လုံး အဆီချ ရလို့ Customer  တစ်ယောက် ထဲ ကို ၀န်ထမ်း နှစ်ယောက် သုံးယောက် ကိုင်တွယ် ရလျှင် အချင်းချင်း စကားများတာ ၊ လူရှေ့ငြင်းတာ ခုံတာ ၊ ပစ္စည်း ပျောက်တာ ၊ ကိုယ်လုပ်ရမည့် ပစ္စည်း ကိရိယာ အဆင်သင့် မဖြစ်တာ က အစ ကိုယ့် အလုပ် က ပြသနာကြောင့် လာသည့်  Customer  စိတ် အနှောက်အယှက် မဖြစ်စေရအောင် က အစ သင်ရပါသေးတယ် ။ ထိုမျှ မက သေး ...ကျွန်မ ဆိုင် က ကလေးများ အားလုံး ၏ လုပ်ငန်း ကျွမ်းကျင်မှု အလိုက် ထိုက်သင့်သော လစာ နှင့် လုပ်ရလျှင် လုပ်ရသလောက် ကော်မရှင် ဆိုတာကို လကုန်တိုင်း ပေါင်းပြီး ရှင်းပေးနေကြဖြစ်တာမို့ .... မျက်နှာ ကြီးငယ်မရွေး တူညီသော ၀န်ဆောင်မှု ဖြစ်စေချင်သည့် အတွက် မည်သည့်  Customer  က ပေးသော အခကြေးငွေ ကို မှ မယူရတာ က အစ ..... အလွယ် ရတာ များလျှင် အချောင် လိုချင်သည့် စိတ် ဖြစ်ပေါ်လာမည် ကို စိုးသဖြင့် အကျင့် စာရိတ္တ က အစ မပျက်စီး ရလေအောင် ၊ ကိုယ့် အားကိုယ် ကိုး တတ်ပြီး ကိုယ့် လုပ်အားနှင့် ရသည့် အခကြေးငွေ ဆိုတာ ကိုသာ တန်ဖိုး ထားတတ်အောင် ၊ အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင် အမှုပြုလျှင် က အစ ကိုယ့် အိမ်ထောင်ဖက် ဆိုတာ ကိုယ့် ဘ၀ အတွက် လက်တွဲဖော်သာ ဖြစ်ရမည် ။ ထိုသူ မရှိလျှင် ကိုယ့် ဘ၀ ကိုယ် မကျောင်းနိုင်တာ မျိုး ၊ ကိုယ့်ခြေထောက် ပေါ်ကိုယ် မရပ်တည်နိုင်သည့် အတွက် ကိုယ့် တ၀မ်း တခါး အတွက် .... အမှီ အခို အနေနဲ့ ယောကျာ်း တစ်ယောက် ကောက်ယူလိုက်ရတာမျိုး မဖြစ်စေဖို့ က အစ စိတ်ဓာတ် ပိုင်းဆိုင်ရာ ပါ သွန်သင်လေ့ကျင့်ပေးရပါသေးတယ်.... တခါတလေ မှာ  ပိုက်ဆံ ပေးခိုင်းသလို ဆက်ဆံပြုမူ တတ်သည့် Customer  မျိုး လာရင် က အစ ကလေးတွေ နားလည်အောင် မိန်းမ အချင်းချင်း အောက်ကျခံရတာ ၊ ဘာမှ မဖြစ်ပါဘူး ... ကျွန်မ တို့ အလုပ်တွေ က မိန်းမသား အချင်းချင်း ခန္ဓာကိုယ် ကို လှပအောင် လုပ်ပေးရ တာ ဖြစ်တာမို့ .... တခြား အလွယ် နည်းလမ်းတွေ နှင့် ပိုက်ဆံ ရနေသည့် မိန်းကလေးငယ် များ နှင့် ယှဉ်လျှင် ရိုးသား စွာ ချွေးသွေးရင်း ၍ အလွန်တရာ မှ ဖြူစင်သန့်ရှင်းစွာ ရှာဖွေထားသည့်  ပိုက်ဆံ ဖြစ်တာ မို့ ဂုဏ်ယူစရာကောင်းတာ မို့ အစစ အရာရာ စိတ်ရှည်သီးခံတတ်ဖို့ က အစ  ကလေးတွေ နားလည် လက်ခံအောင် ရှင်းပြရပါသေးတယ် ။

                 ကျွန်မ တို့ ပုံဖော် ပုံသွင်းယူရတဲ့ မျက်နှာ နဲ့ ခန္ဓာ ကိုယ် များ ဆိုတာ လည်း သက်မဲ့ အရာဝတ္တုများ မဟုတ်တဲ့ အတွက် တစ်ယောက် နဲ့ တစ်ယောက် ခံနိုင်ရည်ချင်း ၊ အသားအရည်ချင်း ၊ ခန္ဓာကိုယ် ဖွဲ့စည်းပုံချင်း ဆိုတာ ဘယ်လိုမှ မတူနိုင်တဲ့ အတွက် လာ စုံစမ်း တဲ့ Customer ရဲ့ ရောဂါ ရာဇ၀င် ၊ အသားအရည် ကို သေသေ ချာချာ မေးမြန်းပြီး ကျွန်မ တို့ တာဝန်ယူပေးနိုင်မှ လုပ်ပေးလေ့ ရှိသလို ဖြစ်တတ်တဲ့ Side Effect အမျိုးမျိုး က အစ သေသေ ချာချာ ရှင်းပြ ပြီးမှ လုပ်ပါလျှက် တခါ တလေ.......မထင်မှတ်ဘဲ အသား အရည် က ထင်ထားတာ ထက် ပိုပြီး Sensitive Skin ဖြစ်နေတာမျိုး .... အဆီချ Massage လုပ်ရင်း အခပ် မသင့်လို့..... နီသွားတာ မျိုး ....ဖြစ်ခဲ့ရင် ပြာယာခပ်ပြီး လာတဲ့သူ စိတ်ကျေနပ်အောင် လုပ်ပေးရ.... တောင်းပန် ရ.... တခါ တလေ သေသေ ချာချာ ရှင်းပြမိပါ လျှက် နဲ့ ဆတ်ဆတ် ထိအောင် အတိမ်းအစောင်း လုံးဝ မခံတဲ့ Customer မျိုး လူရှေ့သူရှေ့မရှောင် လက်ညှိုးငေါက်ငေါက်ထိုးပြီး လာ ရန်တွေ့တာခံရခဲ့ရင် လည်း ကျွန်မ က စပြီး အပြောအဆို ခံရလို့ ဆတ်ခနဲထိ  အထိမခံဖြစ်နေရင် ကလေးတွေ  Customer  ကို ပိုပြီး စိတ်ရှည် သီးခံ လိုစိတ် လျော့ပါးသွားမှာ စိုးရိမ်သဖြင့် ကိုယ့် ၀န်ထမ်း ကလေးတွေ ရှေ့မှာ ဘယ်လို အပြောအဆို ခံရရ ... ကျွန်မ သာလျှင် အံကြိတ် ခံရင်း မှားသွားသည့် ကလေး ဆိုတာ ကို အပြစ် မပုံချဘဲ အဲဒီ  Customer  စိတ်ကျေနပ်တဲ့ အထိ မျက်နှာငယ်စွာ နဲ့ အောက်ကျ ခံရ တောင်းပန်ရ နဲ့ ကျေနပ်အောင် ပြန်လုပ်ပေးရ နဲ့.... ပိုလို့ စိတ်ရှည် သီးခံ စွာ ဖြင့် ကျွန်မ ဆိုင် က ၀န်ဆောင်မှု ကို သူတို့ အမှန်တကယ် လက်သင့်ခံ လို့ ကျေနပ်ပျော်ရွှင်စွာ ပြန်သွားသည့် အချိန် ကာလ တစ်ခု ထိ တိုင်အောင် ကျွန်မ ကိုယ်တိုင် က စပြီး စံပြ ဖြစ်အောင် ကြိုးစားပြုမူ ဆက်ဆံနေထိုင်ရပြန်ပါတယ် ။

                ဤသို့ သွန်သင်ထိန်းကျောင်းရင်း တစ်နေ့ထက် တစ်နေ့ ပိုမို ပြီး လုပ်ငန်း သဘော သဘာဝ ကို သိနားလည် လာလျှင် လည်း ၀န်ထမ်းများ ၏ အရည်အသွေး အလိုက် ကိုယ့် အလုပ် နှင့် မပတ်သက် သည့် တခြားသော အလုပ်များ၏ သဘောတရား များ က အစ မျက်စိပွင့် ၊ နားပွင့်ပြီး ပိုမို ထူးချွန် ထက်မြက် သော ၀န်ထမ်းများ ဖြစ်လာစေရန် ပြုစု ၊ ပျိုးထောင်ပေးရသလို ၊ ၀န်ထမ်း အသီးသီး ၏ ၀ါသနာ နှင့် ထူးချွန် အားသာ မှု အလိုက် အခြား အခြားသော ပြင်ပ ဗဟုသုတ များ ကို ပါ တွဲခေါ် သွန်သင်ပေးရပြန်ပါသေးတယ် ။ ထို့သို့ အသစ် အသစ် သော ကလေးတွေ ကို အသေးစိတ် အဘက်ဘက် မှ ထောင့်စေ့အောင် သွန်သင်ဆုံးမ ပြုပြင်ရသကဲ့ သို့ .... ရင့်ကျက်သည့် နေရာ ကို တဖြည်းဖြည်းချင်း ရောက် လာသည့် Senior  ၀န်ထမ်း များ ကို လည်း အဟောင်း ဆိုတာ နှင့် လုံလောက် နေလျှင် အသစ် အသစ် ဆိုတာ ရောက်လာစရာ အကြောင်းမရှိ ၊ မလုံလောက် လို့သာ အသစ် ကလေးတွေ ကို ထပ်ထပ်ပြီး မွေးထုတ်နေရတာ ဖြစ်တဲ့ အတွက် အသစ်တိုင်း ကို လှိုက်လှဲစွာ တွဲခေါ်ပေးဖို့ ၊ အချင်းချင်း စံပြဖြစ်စွာ နှင့် ကိုယ် က စပြီး အလုပ် ကို ရိုသေတတ်ဖို့ ၊ စည်းကမ်း ပိုင်း  က အစ နောက် ..... ကလေး တွေ အတုမြင် အတတ် သင်စေရန် ပိုမို အလေးအနက် ထားတတ်စေဖို့ ၊ လူကြီးစိတ် ကလေးမွေးပြီး ရင့်ကျက်စွာ လုပ်ကိုင် ပြောဆို ကျင့်ကြံ အားထုတ် တတ်စေဖို့ က အစ ..... အသစ် ကို တစ်မျိုး အဟောင်း ကို တစ်ဖုံ မရိုး ရအောင် သင်ရပြန်သလို .... ကိုယ် က စပြီး ၀န်ထမ်း တိုင်း ကို အကောင်းမြင်စွာ နဲ့ သူတို့ တစ်ယောက်ချင်း စီ ၏ ဓလေ့ စရိုက် ၊ သဘော သဘာဝ ၊ ကြီးပျင်းလာသည့် ပတ်ဝန်းကျင် အနေအထား မတူနိုင်တာ ကို  အသေးစိတ်လေ့လာပြီး ၀န်ထမ်း ကလေး တစ်ဦးချင်းစီ ၏ အားသာချက် ၊ အားနည်းချက် များ အလိုက် အပြစ် လုပ်လျှင် က အစ အပြစ် အကြီး ၊ အသေး ကို လိုက်ပြီး ဆူသင့် လျှင် ဆူ ၊ အပြစ်ပေးသင့်လျှင် အပြစ်ပေး နှင့် နည်းလမ်း အမျိုးမျိုး သုံးပြီး ချော့တစ်ခါ ၊ ခြောက်တလှဲ့ ၊ ပျော့တစ်ခါ ၊  ကြမ်းတလှည့်ဖြင့် ကိုင်တွယ်ဖြေရှင်း ရတာမျိုး လည်း ရှိပါတယ် ။

                တစ်ခါတစ်ရံ မှ မထင်မှတ်ဘဲ လက်ရှိ ပုံမှန် ၀င်နေကျ လူ အနေအထားထက် ကျော်လွန်ပြီး လူတအား ကျ လာတဲ့ အချိန် မျိုးဖြစ်လာတဲ့ အခါ မှာ လည်း ကျွန်မ ဆိုင်က ကလေးတွေ မလုပ် လုပ်ချင်လာအောင် မုန့်ဖိုး အပိုပေးခြင်း ၊ လက်ဆောင်ပေးပြီး ခိုင်းခြင်း ၊ Force  နှင့် ခိုင်းခြင်း မျိုး လုံးဝ မလုပ်ဘဲ .... လူဘယ်လောက် ကျကျ ၀န်ထမ်းတစ်ယောက် မှာ သူ့ရှိသင့် ရှိထိုက်တဲ့ လုပ်အား ကို အကုန် သုံးပြီးတဲ့ အချိန်မျိုး မှာ ပိုက်ဆံ အပို ဘယ်လောက်ထပ်ပေးပေး မလုပ်ချင်ကြတော့ တဲ့ သဘော သဘာဝ ကို ကိုယ်ချင်းစာ နားလည်မိသည့် အတွက် .... သူတို့ ကို တစ်ဘက်တစ်လမ်း မှ ၀ိုင်းကူသည့် အနေနှင့် သူတို့ တစ်နေ့ထဲ ငါးယောက် လုပ်နိုင်လျှင် ကျွန်မ အနည်းဆုံး သုံးယောက် လောက်တော့ ကြိုးစား ၀င်လုပ်ပြီး ကျွန်မ ပါ တတ်အားသလောက် လုပ်အား ၀ိုင်းကူပေးခြင်း ၊ ဘယ်လောက်ဘဲ ကျွန်မ ပင်ပန်း ၊ ပင်ပန်း ကျွန်မ တောင် ဒီလောက်လေး လုပ်ပြီး ဤ မျှ ပင်ပန်းနေလျှင် ကျွန်မ ဆီ မှာ ပုံမှန် လုပ်နေရတဲ့ ကလေးတွေ ဆို ဒီ့ထက် ပို ပင်ပန်းကြမှာ ဘဲ လို့ စာနာစွာတွေးမိ တဲ့ အတွက် ဘယ်သောအခါမျှ ညည်းညူခြင်း မပြုဘဲ ဘယ်လောက် လက်ကိုက်ကိုက် ၊ ပင်ပန်းပန်း ၊ အံကြိတ်ခံရင်း ကျွန်မ တို့ လူတအား ကျစဉ် မှာ ကျွန်မ တို့ တာဝန်ယူ လက်ခံထားသည့် Customer  အားလုံး ပြီးပြီ ဆို မှ ကလေးတွေ တစ်အုပ်ကြီး နှင့် ပျော်ပွဲစား ထွက်ခြင်း ၊ သီချင်း အတူတူ လျှောက်ဆိုကြခြင်း ၊ ရုပ်ရှင်ရုံ မှာ ရုပ်ရှင် သွားကြည့်ကြခြင်း ၊ Shopping Mall  တစ်ခုခု ကို ကလေးတွေ နှင့် အတူ Window Shopping  ထွက်ခြင်း စတာတွေ နှင့် သာ လူကျစဉ် မှာ အားလုံး ပင်ပန်း ခဲ့ကြသမျှ အမောဖြေကြ ရပါတယ် ......

                   ထို့ပြင် ကျွန်မ ဆိုင် မှာ အလုပ် ပါးလို့ ၀င်ငွေ မကောင်းသည့် အခါမျိုး မှာ ကျွန်မ ဘယ်လောက် စိတ်ညစ်ညစ် အသံတိတ် ကြိတ်မှိတ်လို့သာနေပြီး ဘယ်သောအခါ မှ လူပါး လို့ ၊ ၀န်ထမ်းများ ၏ လစာ က အစ ၊ နေရေး ၊ စားရေး စားရိတ်ထောင်းနေလျှင်တောင် ကျွန်မ ကို မှီခိုနေသည့် ကလေးတွေ စိတ်ကျဉ်း ကြပ်ကြ မှာ စိုးသည့် အတွက် မည်သည့် အခါမျိုး တွင် မှ ငြီးငြူ နေထိုင်ခြင်း မပြုဘဲ ကြိတ်မှိတ် ပြီး ဘာကြောင့် အလုပ်ပါးရသလဲ ၊ ဘယ်လို ဖြေရှင်းရမလဲ ကို သာ ကိုယ့် အတွေး နဲ့ ကိုယ် ကိုယ့် အပြစ် ကို သာ ရှာပြီး လူပြန်ဝင်အောင် လုပ်ဖို့ နည်းလမ်း ရှာနေရပါသေးတယ် ...... ထိုသို့သော အချိန် မျိုးတွင် တိုက်ဆိုင်တတ် သည် က ...... ကျွန်မ ၀န်ထမ်း ကလေးတွေ ဗြုန်းဒိုင်းချည်း... ကြီးကြီးမားမား နေထိုင်မကောင်းဖြစ်တတ်ခြင်း ပင်ဖြစ် ပါတယ် ..... သူတို့ကလေးတွေ ရိုးရိုး တခါတရံ နေထိုင် မကောင်းဖြစ် သည့် အခါမျိုး မှာ အသေး အမွှား ဖြစ်သည့် အခါမျိုး တွင် တော့ အနီး တ၀ိုက် ဆေးခန်း များ တွင် သူတို့ရသည့် လစာ ထဲက ပြရုံနဲ့သာ ပြီးတတ်ကြတာမို့ ကျွန်မ ခေါင်းမခဲ ရပေမယ့် တခါတရံ မျိုး မှာ မထင်မှတ် ဘဲ ရောဂါ ကြီးကြီးကျယ်ကျယ် ဗြုန်းစားကြီး ဖြစ်လာတဲ့ အခါ မျိုးမှာ ကျွန်မ တော်တော် စိတ်ညစ်ရ ၊ ဒုက္ခရောက်ရပါတယ်.... အဲဒီ လို အရေး ကိစ္စပေါ်တတ်သည့် အခါတိုင်း က လည်း အများအားဖြင့် ကျွန်မ လက်ထဲ မှာ ပိုက်ဆံ မရှိနေတဲ့ အချိန်ဖြစ်သည့် အတွက် ဘာလုပ် ရ ဘာကိုင်ရမှန်း မသိအောင် ကျဉ်းထဲ ကြပ်ထဲရောက်ရပြန်ပါတယ် ... ဈေးသက်သာ မယ့် ဆေးရုံ ပို့ပြီး သက်ဆိုင်ရာ မိသားစု ကို အကြောင်း ကြားပေး လိုက်ရင် ပြီးမှန်း သိပေမယ့် ..... ကိုယ် နဲ့ တသွေးထဲ တသား ထဲ ကိုယ့် စိတ် ကိုယ့် စည်းကမ်း နှင့် ကြိုးစား ပြီးနေထိုင် လုပ်ကိုင် ခဲ့ကြရှာတဲ့ ကလေးတွေ ဖြစ်တာ မို့ ..... မျက်နှာလွဲ ခဲပစ် မလုပ်ရက် ပြန်တာ နဲ့ ဘဲ ....  နေထိုင် မကောင်း ၊ အသည်းအသန် ဖြစ် လို့ ... မိဝေး ဖဝေး နဲ့ တနယ် တကြေး မှာ အားငယ်ရှာ ရတဲ့ အထဲ .... ဆေးကုစရာ ဆေးဖိုးဝါးခ ပိုက်ဆံ က မရှိတဲ့ အတွက် .... သူတို့ မပြောပေမယ့် ..... ဝေဒနာ ခံစားနေရတဲ့ ၀န်ထမ်း ကလေး နဲ့ အတူ .... ဘ၀ တူ တဲ့ အခြားသော ၀န်ထမ်း ကလေးတွေ ရဲ့ မျက်နှာ ငယ်လေးတွေ ကို မြင်မိ လိုက်တဲ့အခါ မှာ အခု အသည်းအသန် ဖြစ်နေတဲ့ ကလေး သာ ကိုယ့် ၀န်ထမ်း မဟုတ်ဘဲ ..... ကိုယ့် ညီမ ... ကိုယ့် သမီး ..... ကိုယ့် သွေးသား သာ ဖြစ်ခဲ့ရင် ..... ငါ့ မှာ ပိုက်ဆံ မရှိနေရင်တောင် ငါ ဘယ်လိုဖြေရှင်းမလဲ .. ရယ်လို့ ...တွေးလိုက်မိတဲ့ စာနာစိတ် ကလေး ၀င်လာမိတဲ့ တခဏတာ မှာ .... မရှိရင် ရှိအောင် လုပ်ပြီး ကုမယ် ....ရယ် လို့ စိတ် ဒုံးဒုံးချပြီး .... ကိုယ့် မိသားစု ၀င် တစ်ယောက် ဖြစ်ရင် ကုမယ့် အနေအထား အတိုင်း ဆေးကုပေး ၊ ကိုယ့် မှာ ပိုက်ဆံ မရှိနေတဲ့ အချိန် ဖြစ်နေ ရင်တောင် အဲဒီ ကလေး အားမငယ်ရအောင် ပိုက်ဆံ မရှိတာ ကို အသိမပေးဘဲ ..... သူတို့လေးတွေ ရဲ့ ခေါင်းဆောင် ဆိုတာ စံပြဖြစ် ပြီး အနစ်နာတော့ ခံရမှာပေါ့ .... ဆိုတဲ့ စိတ် နဲ့အားတင်းပြီး ကိုယ် မရှိတာ က ရှာလို့ရ တယ် ... သူတို့ မရှီတာ က ရှာလို့ မရဘူး .... ဆိုပြီး ကိုယ် နဲ့ ဒိုးတူဘောင်ဘက် လုပ်ကိုင်နေတဲ့ ရဲဘော် ရဲဘက် စိတ် နဲ့သူတို့ အခက်အခဲကြုံလာရတိုင်း ....အားတင်း ပြီး ဖြေရှင်းခဲ့ရတဲ့ အကြိမ်ပေါင်း က လည်း မရေ မတွက်နိုင်အောင်ပါဘဲ ....

                  ထိုကဲ့သို့ ပုံစံ အမျိုးမျိုးဖြင့် ကျွန်မ က စလို့ စံပြ ဖြစ်အောင် နေထိုင်နေရင်း ၊ ၀န်ထမ်း ကလေးတွေ ကို အဘက်ဘက် မှ ထူးချွန် ထက်မြက်သော ကလေးများ ဖြစ်စေ ရန် ပြုစု ပျိုးထောင် ၊ လိုအပ်သလို ပုံသွင်း နေသည့် ကြားမှ အကျင့်ပျက် ကလေးမျိုးများဖြစ် လာခဲ့လျှင် ကိုယ့် နည်း ၊ ကိုယ့် ဟန်နှင့်  အမျိုးမျိုး ထိန်းကျောင်း ပဲ့ပြင် သွန်သင် ကြည့်လို့ မှ လုံးဝ မရနိုင်သည့် အဆုံး ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ် ရသည့် အဖြစ်မျိုး အရောက် မခံနိုင်သည့် အတွက် .... စိတ်မကောင်းခြင်းများစွာ နှင့် အချိန် ကာလ ကြာရှည်စွာ လက်တွဲ အလုပ် လုပ် ခဲ့သည့် သံယောဇဉ် နှင့် လူ မသိအောင် တိတ်တဆိတ် ကြိတ်ကာ မျက်ရည် ကျခဲ့ ရသော် လည်း ကိုယ့် လုပ်ငန်းခွင် လူ သူရှေ့ မှာတော့ ဘာ မှ မခံစားရသည့် ပမာ အမာ ဇာတ်ရုပ်နှင့် အလုပ် ဖြုတ်ပစ်ခဲ့ရသည် များလည်း ရှိပါသေး တယ် ...... ထို့အပြင် ကျွန်မ ချစ်သော ကလေးတွေ အနက် မှ တယောက်တလေ အချိန်တန်ကာ အရွယ်ရောက် လို့ အိမ်ထောင်ပြုတာ မျိုး ၊ အခြားသော အလုပ်များ ဖြင့် ကိုယ့်လမ်း ၊ ကိုယ်လျှောက် ၊ ကိုယ့်ဘ၀ ကိုယ် ဆက်ကျောင်း ကြတော့မည် လို့ ခွင့်လာတောင်းသည့် အခါ မျိုးတွင် ..... သူတို့လေးတွေ ကို အစိမ်း အရိုင်း သက်သက် အခြေအနေမျိုး မှ စနစ်တကျ သွန်သင် တွဲခေါ် ရင်း ပြုစု ပျိုးထောင်ခဲ့ရ သည့် လောက်လား အားထားရသည့် အနေအထား တစ်ခုရောက်ခါ မှ .... ဗြုန်းကနဲ အလုပ်က ထွက်သည့် အတွက်  ကိုယ့် လက်ရုံး တစ်ဘက် ပြုတ်ရသလို စိတ်ဓာတ်ကျရသည့် အခြေ အနေမျိုးရောက်ပေမယ့် လည်း....  ကောင်းကောင်း မွန်မွန် အိမ်ထောင် ဘက် နှင့် တွေ့လို့ သူတို့ ဘ၀ လေးတွေ လှပသွားတာ / ကျွန်မ အလုပ် ထက် ပိုမိုတိုးတက် ကောင်းမွန်ပြီး သူတို့ ဘ၀လေးတွေ ထပ်ဆင့် ပြီး တိုးတက် မြင့်မားသွားတာ ကို ကြည်နူး ၀မ်းသာစိတ်ကလေး နဲ့သာ အစားထိုး ဖြေသိမ့်ခဲ့ရပါတော့တယ်.....

                   ဤသို့ဖြင့် ....  နောင်တစ်ချိန် မှာ လှပသော ကျွန်မ ဖြစ်စေချင်သည့် အမျိုးသမီးများ ၏ အလှအပ ၀န်ဆောင်မှုများ အားလုံး အတွက် ယုံကြည် အားထားရာ ..... GINGER Beauty Land  ပန်းဥယျာဉ်ကြီး ဖြစ်လာနိုင်စေရန် အတွက် .....နောက်ထပ် နောက် ထပ် ..... အသစ် အသစ်သော ပျိုးပင် ပေါက်လေးများ ကို ကျွန်မ အစ က တဖန် စိုက်ရပြန်ပါအုံး မယ်..... နောက်ထပ် တစ်ကြိမ် မြေရိုင်း ကို ရှင်းပြီး စိုက်ကွက်ဖော်ရပါအုံး မည်။ မျိုးကောင်း မျိုးသန့် ဖြစ်လာမည့် မျိုးစေ့ ကို ရွေးပြီး မျိုးစေ့ ကျဲရပါအုံးမည် ။ ရေမှန်မှန်လောင်းပေးပြီး ပေါင်းသင် မြေးဆွေး ထည့်ရပါအုံးမည် ။ အပင်ပေါက် ကလေးများ ကို ခရု မစား ၊ ပိုး မကိုက်အောင် နေ့စဉ် ဂရုတစိုက် ကြည့်ရပါအုံးမည် ။ ပေါက်လာသည့် ပျိုးပင်များစွာ ထဲ မှ အလားအလာ မကောင်းသည့် ပျိုးပင် ကို အပင်ကောင်းလေး များ နှင့် မရောထွေး ရအောင် မျိုးခွဲပေးရပါအုံးမည် ။ မလိုအပ်သည့် အပင်များ ကို ပေါင်းသင် ရှင်းလင်းပြီး မျိုးကောင်း မျိုးသန့် တွေ ကို စနစ်တကျ ခွဲထုတ်၍ လှပစွာ ထပ်မံ၍ ပုံဖော် စိုက်ပျိုးပေးရအုံးမည် ဖြစ်သလို ...... ပန်းပင် အမျိုး အစား အလိုက် လိုအပ် သလို ရေလောင်း ၊ အစာကျွေး ၊ ပိုးသတ်ဆေးဖြန်း ၊ ဓာတ်မြေသြဇာ ထည့်နှင့် နည်းစနစ် တကျ ထပ်မံ၍ ပြုစု ပျိုးထောင် ရပါအုံးမည် ။ ဤ သို့ ဖြင့် .... ကျွန်မ .... ပန်းစိုက် ဥယျာဉ်မှုး ဘ၀ ဖြင့် .... တသံသရာ လည်ရင်း ....တန်ဖိုး မဖြတ်နိုင်သည့် ..... တော်ဝင် ပန်းကလေးများစွာ ကို  .... ထပ်မံပြီး အသစ် ...အသစ် အဖန် တလည်လည် မွေးထုတ်ရင်းဖြင့် ........

 


ကျွန်မ စိုက်သည့် ပျိုးပင်များ ....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...