Thursday, September 27, 2012

အရိုးအဆစ်နာ ရောဂါ၊ လေးဖက်နာ ရှိသူများအတွက် ခံနိုင်ရည်ဖြင့် ကုသခြင်း


by Moenge Aung on Sunday, September 23, 2012 at 11:37pm ·

The Mandalay Hill
အရိုးအဆစ်ရောဂါ အမျိုးမျိုးတွင် လူသိအများဆုံးမှာ လေးဖက်နာရောဂါဟု အဆိုရှိပါသည်။ အရိုးအဆစ်ရောဂါ အထူးကု သမားတော်ကြီးတစ်ဦး၏ အဆိုအရ  လေးဖက်နာရောဂါသည် အဆစ်ရောင်ရောဂါ အမျိုးပေါင်း (၁၀၀) ထဲမှာ အုပ်စုတစ်ခု ဖြစ်သည်ဟု ဆိုသည်။ အရိုးအဆစ်ရောဂါ (၃၀၀) ကျော်ထဲမှ အုပ်စုတစ်ခု ဖြစ်သည်။ အရိုးအဆစ် ရောဂါများတွင် အသက်ကြီးသူများဖြစ်သော အရိုးကျီးပေါင်းတက် ရောဂါ၊ ခါးနာရောဂါ၊ ဒူးနာရော၈ါ၊ ဂေါက်ရောဂါများလည်း ပါဝင်သည်ဟု ဆိုသည်။ ကမ္ဘာ့ ဆေးပညာရှင်များ သုတေသန ပြုချက်အရ အမျိုးသမီးများမှာ ယောက်ျားများထက်ပို၍ အရိုးပွပြီိး အရိုးအဆစ် ကိုက်ခဲရောဂါများ ပို၍ဖြစ်လွယ်သည်။
အမျိုးသမီးများ သွေးဆုံးချိန်တွင် ပို၍ အရိုးပွပြီးအကြောတက်၊ အကြောရောင်၊ အရိုးအဆစ်နာနှင့် လေးဖက်နာ ရောဂါများ ပါဝင်လာလေ့ရှိသည်။ မြန်မာတိုင်းရင်းဆေးဝါး ထုတ်လုပ်သူနှင့် ရောင်းချသူများထံ မေးမြန်းကြည့်သောအခါ အကြောတက်ပျောက်ဆေး၊ အဆစ်အမျက်ကိုက် ပျောက်ဆေး၊ လေးဖက်နာဆေး၊ အဆီနာ အကြောပြေဆေးများကို ကြော်ငြာရှိသမျှ ဝယ်ယူ သောက်သုံးလေ့ ရှိသူများမှာ အမျိုးသမီးများက အများစုဖြစ်သည်ဟု ဆိုသည်။
 ကြော်ငြာရောင်းချသော မြန်မာ့ဆေးအများစုတွင် ဘေးထွက်ဆိုးကျိုးကို ဖော်ပြလေ့ မရှိသဖြင့် သတိထားပြီး ဝယ်ယူသုံးစွဲကြဖို့ လိုသည်။ အနောက်တိုင်း ဆေးများမှာ ဆရာဝန်ကြီးများ ညွှန်ကြားချက်ဖြင့်သာ ဝယ်ယူသုံးစွဲကြသော်လည်း တိုင်းရင်းမြန်မာဆေးများမှာ ကြော်ငြာထည့်ပြီး ဝယ်ယူ သုံးစွဲသူများသဖြင့် အမှားများစွာ တွေ့ရလေ့ ရှိသည်။ ထို့အပြင် ဆေးဈေးပေါခြင်း၊ သာမန် လက်လုပ်လက်စားများ ဝယ်ယူသုံးစွဲနိုင်သော ဈေးနှုန်းဖြစ်ခြင်းကြောင့် သုံးစွဲသူများခြင်း ဖြစ်သည်။ သို့သော် အနောက်တိုင်း ဆေးထက် အားသာသည်မှာ မြန်မာဆေးသည် ရောဂါမပျောက်သည့်တိုင်း ဘေးထွက်ဆိုးကျိုး နည်းသဖြင့် နာမည်ပျက် သိပ်မတွေ့ရခြင်း ဖြစ်သည်။ သို့သော် ရောင်းတန်းဆေးများ၏ အကျိုးအပြစ်ကို ဆင်ခြင်သုံးစွဲသင့်ပါသည်။ တစ်ခါတရံ အာနိသင် မရှိသော၊ ရောဂါနှင့် ကျိုးကြောင်းမဆီလျော်သော ဆေးများကို ဝယ်ယူသုံးစွဲရင်း အချိန်ကုန်သွားတတ်သည်။ ရောဂါ ရင့်သွားတတ်သည်။ အရိုးအဆစ်ရောင် ရောဂါ၊ လေးဖက်နာနှင့် အကြောတက်ရောဂါ အမျိုးမျိုးတို့အတွက် အနောက်တိုင်းဆေးမှာ အကိုက်အခဲ ပျောက်ဆေးများက အဓိက ပါဝင်လေ့ ရှိသည်။ ယနေ့ အနောက်တိုင်း ဆေးဆိုင်များတွင် အရောင်းရဆုံး ဆေးများမှာလည်း အကိုက်အခဲ ပျောက်ဆေးများသာ ဖြစ်သည်။ သာမာန်အကြောတက်၊ အကိုက်အခဲ ပျောက်ဆေးအဖြစ် သုံးစွဲကြသောဆေးမှာ ပါရာစီတာမောဖြစ်ပြီး အစာအိမ်ကို မထိခိုက်နိုင်ဟု ကြော်ငြာများတွင် တွေ့ရသည်။
 ကိုက်တိုင်း ပါရာဇီတာမောကို သောက်သူများလာသဖြင့် လမ်းဘေးကုန်စုံဆိုင်၊ ကွမ်းယာဆိုင်မှအစ ပါရာစီတာမောကို အိမ်သုံးဆေးအဖြစ် ရောင်းချသည်။ သို့သော် ပါရာစီတာမောသည် အကိုက်အခဲ ပျောက်ချိန်မှာ နာရီပိုင်းမျှသာ ဖြစ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးမှာ သောက်သုံးမှု များပြားလာလျှင် အစာအိမ်နှင့် အူလမ်းကြောင်းသာမက အသည်းခြောက်ရောဂါကို ဖြစ်စေနိုင်သည်။ရှေးနှစ်ပေါင်း ၁၀၀ ခန့်ကတည်းက သုံးစွဲလာခဲ့သော အက်စပရင် အကိုက်အခဲပျောက်ဆေးမှာလည်း အဆစ်အမျက်ရောင်ရောဂါ၊ ဂေါက်ရောဂါသာမက နှလုံးသွေးကြောကျဉ်း ရောဂါများအတွက်ပါ ရည်ညွှန်း ရောင်းချကြသည်။ တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချသဖြင့် အက်စပရင်ဖောင်ဒေးရှင်းဟူ၍ပင် ရှိသည်။ သို့သော် နောက်ဆက်တွဲမှာ အစာအိမ် သွေးယိုခြင်း၊ အူနှင့်အူမကြီးတစ်လျှောက်တွင် အနာများဖြစ်ခြင်း၊ သွေးယိုစိမ့်ခြင်းတို့ ဖြစ်သူများလာခဲ့သဖြင့် ဆရာဝန်ကြီးများကပါ ရှောင်ရှား သုံးစွဲလာသည်။ အက်စပရင်ကြောင့် ဦးနှောက် သွေးကြောပေါက်ပြီး လေဖြတ်သူပင် ရှိသည်။ ပေါင်စတန်ဟူသော အကိုက်အခဲပျောက်ဆေးအပြင် စားဆေးတစ်မျိုးသည် ဂေါက်ရောဂါ ရှိသူများအတွက် တစ်ချိန်က ခေတ်စားလိုက်သေးသည်။
 ထိုဆေးသောက်လျှင် အစာအိမ်ဆေးပါ တွဲသောက်ရသည်။ နောက်ပိုင်းတွင် ဆိုးကျိုးများလာသည်။ ဗိုက်အောင့်ဝေဒနာ ခံစားရသူ များလာသဖြင့် ဆရာဝန်များ သုံးစွဲမှု နည်းသွားသည်။ အခြား အကိုက်အခဲ ပျောက်ဆေးမှာလည်း ထိုနည်း၎င်းပင် ဖြစ်သည်။ အချို့မှာ အစာအိမ် မကောင်းသဖြင့် စအိုမှထည့်ရသော ဆေးများပင် ရှိသည်။ ထိုဆေးများမှာလည်း ကြာကြာသုံးစွဲ၍ မကောင်းပေ။ တစ်ခါက နိုင်ငံခြားသို့ ပညာတော်သင်သွားသော ဆရာဝန်တစ်ဦးသည် အင်္ဂလန်နိုင်ငံတွင် နှင်းကျသော အချိန်နှင့်တိုက်ဆိုင်ပြီး ရောက်လာသည်။ သူသည် ဥတုပြောင်းကြောင့် နှာစေး၊ နှာရည်ယိုပြီး ခေါင်းအလွန်ကိုက်သည်။ မြန်မာပြည်မှလည်း ဆေးပါမလာသဖြင့် သူ့အရင် ဆယ်နှစ်ကျော်က ရောက်နှင့်ပြီးသော မြန်မာနိုင်ငံမှ ဆရာဝန်ကြီးတစ်ဦး၏ အိမ်သို့ သွားလည်ပြီး နှာမွန်ပြီး ခေါင်းကိုက်နေလို့ အကိုက်အခဲ ပျောက်ဆေးနှင့် အင်တီဘိုင်အိုတစ် ကလေးများ မရှိဘူးလားဟု တောင်းသောက်သည်။ ဆရာဝန်ကြီးက ရာသီဥတုပြင်းလို့ ဖြစ်တာပဲ ဘာကြောင့်ဆေးတွေ သောက်မှာလဲဆိုကာ အိမ်ရှင်မကို ကြက်သွန်ဖြူ မီးဖုတ်ခိုင်းသည်။ ပြီးနောက် ထိုဆရာဝန်လေးကို ပူပူနွေးနွေး စားစေသည်ဟု ဆိုသည်။ ကြက်သွန်ဖြူမီးဖုတ်သည် ရာသီဥတုဒဏ်ခံနိုင်ပြီး အကိုက်အခဲကို သက်သာစေသည်ဟု ပြောသဖြင့် ထိုဆရာဝန်ကလေးမှာ ရှက်ရှက်နှင့် ဆရာဝန်ကြီးကျွေးသော ကြက်သွန်ဖြူ မီးဖုတ်ဖြင့်ပင် ဝေဒနာ သက်သာရတော့သည်ဟု ကိုယ်တွေ့မှတ်တမ်း ရေးထားသည်ကို ဖတ်ရှုရဖူးပါသည်။
 ကြက်သွန်ဖြူသည် မြန်မာလူမျိုးတို့ ဟင်းချက်လျှင် နေ့စဉ်ပါသော အစားအစာဖြစ်သည်။ မြန်မာ့ရိုးရာ လက်ဖက်သုပ် တစ်ပွဲတွင်လည်း ကြက်သွန်ဖြူ အစိုရော၊ အကြော်ပါ ပါသည်။ ကြက်သွန်ဖြူသည် လေသက်သည်ဟုသာ သိထားကြသည်။ တကယ်တော့ ကြက်သွန်ဖြူသည် အညောင်းအကိုက်နှင့် ဒူလာရောဂါများအတွက်လည်း သင့်တော်သော အကိုက်အခဲပျောက်ဆေး ဖြစ်သည်။ ဒူလာရောဂါကို အချို့က ဂေါက် Gout ရောဂါဟု ဘာသာပြန်ဆိုကြသည်။ မဟုတ်ပါ။ ယောက်ျား ဒူလာ၊ မိန်းမမီးယပ်ဟု အဆိုရှိသည်။ ရှေးဗိန္ဓော ဆရာကြီးများ၏ အယူအဆအရ အရိုးအဆစ် ကိုက်ခဲသော လေးဖက်နာဆန်ဆန် ရောဂါအားလုံးကို (ယောက်ျားတွင် ဖြစ်လျှင်) ဒူလာရောဂါဟု ခေါ်ခဲ့ပုံရသည်။ ဒူလာမျက်စိ၊ မီးယပ်မျက်စိဟူသော စကားလည်း ရှိသည်။ ဒူလာစွဲကပ်ရာမှ မျက်စိမှုန်သွားလျှင် ဒူလာမျက်စိ၊ မီးယပ်သွေးဆုံးကိုင်ရာမှ မျက်စိဟူသော စကားလည်း ရှိသည်။ ဒူလာစွဲကပ်ရာမှ မျက်စိမှုန်သွားလျှင် ဒူလာမျက်စိ မီးယပ်သွေးဆုံးကိုင်ရာမှ မျက်စိတွေကြည့်မကောင်း၊မှုန်သွားလျှင် မီးယပ်မျက်စိဟု ခေါ်ကြသည်။ ရှေးကလူကြီးများသည် ဒူလာ၊ အရိုးအဆစ်ကိုက် ရောဂါများအတွက် အကိုက်အခဲ ပျောက်ဆေးများ သောက်လေ့ မရှိကြပါ။ အနင်းအနှိပ် ခံလေ့ရှိသည်။ သက်ကြီးရွယ်အိုများ၊ ဘုန်းကြီးရဟန်းများသည် အကိုက်အခဲကို အနင်းအနှိပ်ခံခြင်းဖြင့် ဖြေဖျောက်လေ့ရှိသည်။ နည်းလမ်းမှန်သော အနှိပ်ခံခြင်း Massage ကိုနိုင်ငံတကာတွင် လက်ခံထားသည်။ အကိုက်အခဲများကို သက်သာစေရုံသာမက စိတ်ကိုပါ ပြေလျော့သွားစေသည်။
 Ten-sions များ၊ Stress များကို ပါသက်သာစေသည်ဟု အနောက်တိုင်း ဆေးပညာ မဂ္ဂဇင်းများတွင် ထောက်ခံ ရေးသားထာသည်ကို ဖတ်ရဖူးသည်။ တစ်နည်းအားဖြင့် အနှိပ်ခံခြင်းကို ဖွဖွညင်ညင်သာသာ ပွတ်သပ်ပေးသော စနစ်သုံးပြီး အဆစ်ကိုက်၊ အဆစ်နာ၊ လေးဖက်နာ ဝေဒနာသည်များကို သက်သာစေနိုင်သည်။ အကိုက်အခဲ ပျောက်ဆေးများ နေ့စဉ် သောက်နေရခြင်းမှ သက်သာစေနိုင်သော အထောက်အကူ ဖြစ်ပေသည်။ လေးဖက်နာ ရောဂါ၊ အဆစ်ရောင်၊ အဆစ်ကိုက်နှင့် ဂေါက်ရောဂါခေါ် အဆစ်တစ်ဆစ်ချင်းရောင်သော ရောဂါများမှ ပျောက်ကင်းရန် ခက်ခဲသော ရောဂါမျိုး ဖြစ်သည်။ ဖြစ်လိုက် ပျောက်လိုက်နှင့် အမြစ်မပြတ်နိုင် ဖြစ်နေတတ်သည်။ အဆစ်ရောင် လေးဖက်နာကုသော ဆေးများသည် များသောအားဖြင့် အစာအိမ်ကိုထိသော အကိုက်အခဲ ပျောက်ဆေးများနှင့် ဘေးထွက်ဆိုးကျိုးများသော ဆေးပြင်းများသာ ဖြစ်သည်။ ထို့ကြောင့် ဆေးမပါဘဲ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သော နည်းလမ်းများကို ကုထုံးတစ်ခုသဖွယ် ရှာဖွေကျင့်သုံးဖို့ လိုသည်။ လေးဖက်နာနှင့် အရိုးအဆစ်ကိုက် ရောဂါသည်များအတွက် အိန္ဒိယနိုင်ငံနှင့် အနောက်တိုင်း နိုင်ငံများတွင် ယောဂသင်တန်း များစွာရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင်လည်း တရားစခန်းများသည် တရားအတွက်သာမက ကိုယ်တွင်းရောဂါများကိုပါ ရှုမှတ်ပြီး ပပျောက်နိုင်သော နည်းလမ်းများ ရှိနိုင်ပေသည်။ ကိုယ်ခံအား မြှင့်တင်ခြင်း၏ ပထမဆုံအးဆင့်မှာ မိမိကိုယ်မိမိ ယုံကြည်ခြင်းနှင့် စိတ်ဓာတ်မြှင့်တင်ခြင်းပင် ဖြစ်သည်။ မိမိကိုယ်မိမိ ရောဂါသည်အဖြစ် ခွေအိပ်မနေဘဲ တက်ကြွသော အပြုအမူများဖြင့် စတင်ရမည် ဖြစ်သည်။ မည်သည့်အစာမျှ မစားချင်သော စိတ်ကိုဖယ်ဖျောက်ပြီး သင့်တင့်အောင် စားတတ်ရမည်။ လူအများအတွင်းသို့ သွားလာလည်ပတ်ခြင်း၊ စကားပြောခြင်း ပြုလုပ်ရမည်။ မိမိတတ်နိုင်သမျှ မပင်ပန်းသော အားကစားနည်း တစ်မျိုးမျိုးကို ပြုလုပ်ပေးပါ။ ဆေးဝါးမပါသော ရောဂါပျောက်ကင်းနည်းမှာ ကိုယ်ခံအားနှင့် စိတ်ဓာတ်ကို မြှင့်တင်ခြင်းသာ ဖြစ်ပေသည်။
 ကြည်လွင်မြင့် (မုဒြာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...