Saturday, September 29, 2012

ကိုယ်ကျိုးစီးပွားသမားတွေကို နောက်မှာ ချန်ထားဖို့ (ဗသုန်)


by ပြည်သူ့ခေတ် on Saturday, September 29, 2012 at 4:45am ·


Crony ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် မြန်မာ အဓိဓာန်မှာ မြန်မာဘာသာဖြင့် ဘယ်လို ဖော်ပြထားသည် ဖြစ်စေ အဘိဓာန်မှာ ဖော်ပြထားတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုက နားလည် လက်ခံကြတာ မဟုတ်ပါဘူး။ ဝေါဟာရတွေရဲ့ ၀ိပ္ပလ္လာသ, သဘောကို လိုက်ကာအဓိပ္ပာယ်တစ်မျိုးနဲ့ နားလည် နေကြပြီး အဲဒီလို နားလည်မှုကလည်း ကောင်းတဲ့အမြင်နဲ့ နားလည်တာ မဟုတ်ဘူးဆိုတာ ကတော့ သေချာပါတယ်။
အဲဒီတော့ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း တင်ပြရမယ်ဆိုရင် Crony တွေရဲ့အပေါ်မှာ ပြည်သူတွေက အမြင် မကြည်မလင် ဖြစ်နေမှုဟာ ကြာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ Crony တွေနဲ့ ပတ်သက်လာရင် အောက်ခြေမှာ ရှိကြတဲ့ ဘယ်အလွှာကမှ ထောက်ခံ ပြောဆိုတာ မကြားရဖူးပါဘူး။ ဒီလို ဖြစ်ရတာကလည်း Crony တွေနဲ့ ပတ်သက်လာရင် သူတို့ရဲ့ မောက်မာမှု တွေနဲ့တကွ ဆင်းရဲသား ပြည်သူတို့အပေါ် ငဲ့ကွက်ခြင်းမရှိမှုစတဲ့ ချီးမွမ်းဘွယ် မရှိတဲ့ သတင်းများကသာ ပြည်သူတွေရဲ့ အကြားမှာ ပျံ့နှံ့နေခဲ့မှုကလည်း ကာလ အတော်ကြာနေလို့ ဖြစ်ပါတယ်။
          လက်ရှိအချိန်မှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေသစ်နဲ့ ပတ်သက်လို့ ဒီဥပဒေ ကို လွှတ်တော်တွင်းရှိ Crony အုပ်စုနဲ့ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်နေသူတို့ ပူးပေါင်းကာ ဦးဆောင် ရေးဆွဲကြပြီး ပြည်တွင်း Crony တွေ သာလျှင် ပိုမို အကျိုးဖြစ်ထွန်းစေလိမ့်မယ် လို့ မီဒီယာတွေကနေတစ်ဆင့် သိကြရတဲ့ အခါ အလတ်စား အငယ်စား လုပ်ငန်းရှင် များကစပြီး ပြည်သူတွေ အတွင်းမှာ Crony တွေနဲ့ ပတ်သက်လို့ အဆိုးမြင်မှု တွေ ပိုမို ပျံ့နှံ့လာတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာမှ ပြည်တွင်း ဈေးကွက်မှာ ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ် လာပြီး ပြည်သူတွေအတွက် အခွင့် အလမ်းကောင်းတွေ ဖြစ်ပေါ်လာလိမ့်မယ် လို့ မျှော်လင့်ထားကြလို့ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ပြည်တွင်း Crony တွေရဲ့ အကျိုးစီးပွားကို သိသာစွာ ရှေ့ရှုနေတဲ့ အချက်အချို့အား ဖယ်ရှားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အတည်ပြုခဲ့သည့် တိုင်အောင် ဒီဥပဒေ ရေးဆွဲမှု အခြေအနေ ကို ပြည်သူတွေအတွင်းမှာ မေးခွန်း ထုတ်စရာ အများအပြား ရှိနေပါတယ်။
          အမှန်အားဖြင့် တင်ပြရရင် ၁၉၈၈ ခု နောက်ပိုင်း အာဏာရှင် အစိုးရ လက်ထက်အတွင်း ကျွန်တော်တို့ နိုင်ငံ မှာ Crony တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီ Crony တွေဟာ အာဏာရှိ သူတွေနဲ့ သွေးသား တော်စပ်သူတွေ သော်လည်းကောင်း၊ ပုဂိ္ဂုလ်ရေးအားဖြင့် ရင်းနှီးကျွမ်းဝင်လွန်းသူတွေ သော်လည်း ကောင်း ဖြစ်ကြပါတယ်။ Crony တွေရဲ့ စီးပွားရေး လုပ်ငန်းတွေဟာ အာဏာရှင် အစိုးရရဲ့ အာဏာရှိ သူတို့နဲ့ တိုက်ရိုက် အားဖြင့် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပတ်သက်နေခဲ့ကြ ပါတယ်။ အာဏာရှင်အစိုးရရဲ့ နှစ်နှစ်ဆယ်နီးပါး မျှကြာအောင် အုပ်ချုပ်မှု ကာလအတွင်း နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှု နည်းပါးတဲ့ စီမံကိန်းတွေနဲ့ Crony တွေဟာ သူတို့ရဲ့ စီးပွားဖြစ်ထွန်းမှုများနဲ့ စီးပွားရေး အခွင့် အလမ်းတွေကို အဆမတန် ကြီးထွား အောင် လုပ်နိုင်ခဲ့ပါတယ်။ အာဏာရှင် အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခွင့်အလမ်းများကို မြန်မာ Crony တွေ ခွဲဝေရယူကြပုံကတော့ ၁၉ ရာစုနှစ်အတွင်းက အနောက် ဥရောပ နယ်ချဲ့တို့ အာဖရိကတိုက်ကို ခွဲဝေယူကြပုံ နဲ့ အလားသဏ္ဍာန် တူတယ်လို့ ပြောနိုင် ပါတယ်။
          နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍတွေဖြစ်တဲ့  ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်း၊ စွမ်းအင်၊ သတ္ထု၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်း စတဲ့ ကဏ္ဍစုံ၊ ရေပေါ်ရေအောက်၊ မြေပေါ် မြေအောက်၊ နိုင်ငံအနှံ့ Crony တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ ရှိနေပါတယ်။ ဒီလိုနိုင်ငံအနှံ့ Crony တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေရှိနေလို့ ဒေသခံတွေ အလုပ် အကိုင် အခွင့်အလမ်းတွေ ရကြတယ်။ ၀င်ငွေတွေ တိုးတက်ကြတယ်ဆိုတဲ့ အခြေ အနေက နည်းပါးပြီး Crony တို့နဲ့ ဒေသ ဆိုင်ရာ အာဏာပိုင်တို့ရဲ့ ပူးပေါင်း  ဆောင်ရွက်မှုတွေကြောင့် လယ်ယာမြေ လက်လွတ်ဆုံးရှုံး နစ်နာမှုတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်ယွင်းမှုတွေကြောင့် ဒေသခံ ပြည်သူလူထုဟာ အကျပ် အတည်းတွေ တွေ့ကြရပြီး ဒုက္ခဆင်းရဲ ရောက်တာတွေ ရှိခဲ့ပါတယ်။ သာဓက တစ်ခုအနေနဲ့ တင်ပြရရင် လက်ရှိအစိုးရ အဖွဲ့သစ် လက်ထက်မှာ ဖြေရှင်းလို့ မပြီး နိုင်သေးတဲ့ တောင်သူ လယ်သမားတွေ လယ်ယာမြေ ဆုံးရှုံးမှု ပြဿနာတွေဟာ ယခင် အစိုးရဟောင်း လက်ထက်က ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ပြဿနာတိုင်းဟာ Crony တွေကြောင့် ဖြစ်နေရတာလို့ သုံးသပ်သူ အများအပြား ရှိနေတာ       ကိုလည်း တွေ့ရပါတယ်။ နိုင်ငံအတွင်း ဒေသ အများအပြားမှာ ပြဿနာတွေ ဖြစ်ပေါ်နေတာ ဖြစ်လို့ ယခုအခါ လွှတ်တော်က ဒီပြဿနာတွေ ပြေလည် စေရေးအတွက် ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
          အစိုးရဟောင်း လက်ထက်မှာ အာဏာရှိသူတွေနဲ့ ပတ်သက်နေမှုတွေ ကြောင့် Crony တွေဟာ အခွင့်ထူးခံတွေ အဖြစ်နဲ့ ဥပဒေအထက်မှာ ရှိနေတဲ့ လူတန်းစား ဖြစ်ခဲ့ပါတယ်။ Crony တို့ရဲ့ စီးပွားရေး လုပ်ငန်းများ နိုင်ငံအတွင်းမှာ ပျံ့နှံ့နေတာနဲ့အတူ Crony တို့ရဲ့ အမှုထမ်း များ လက်ရင်း လက်ဖျား လက်ဝေခံများ ဟာလည်း နိုင်ငံအနှံ့ ရှိနေခဲ့ပါတယ်။ Crony တို့ရဲ့ အရှိန်အ၀ါ ကြီးမား လွန်းတာကြောင့် Crony တို့နဲ့ ပတ်သတ် လာရင် အစိုးရ၀န်ထမ်း အဆင့်ဆင့်တွေ ကလည်း အလျှော့ပေး ဆက်ဆံကြရပါ တယ်။ အကျိုးဆက် အနေနဲ့ကတော့ တရားဥပဒေ စိုးမိုးမှု ပိုမိုအားနည်း လာတာတွေ၊ အဂတိလိုက်စားမှု ပိုမို များပြားလာတာတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် လက်ရှိအစိုးရ လက်ထက်မှာ ကြုံတွေ့နေရတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုပြဿနာ၊ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ ပြဿနာနဲ့ အဂတိ လိုက်စားမှု ပိုမိုများပြားလာတဲ့ ပြဿနာ တွေမှာ Crony တွေမှာလည်း တာဝန် ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
          ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေး စနစ် ပြောင်းလဲနိုင်ရေးအတွက် ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့တဲ့အခါ Crony အချို့နဲ့ အာဏာရှင် အစိုးရဟောင်း လက်ထက်က အာဏာရှိခဲ့သူ အများစု တို့ဟာ လွှတ်တော်တွေမှာ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်လာကြပါတယ်။ အဲဒီလို ဖြစ်လာရတာကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဖြစ်လာကြတာ ဖြစ်ပါ တယ်။ ဒီလို Crony အချို့နဲ့တကွ သူတို့နဲ့ နှီးနွှယ် ပတ်သက်နေတဲ့ အာဏာရှင် အစိုးရဟောင်း လက်ထက်က အာဏာ ရှိသူ အများစုတို့ဟာ ဥပဒေပြု လွှတ်တော် မှာ အဓိကအင်အားလို ပါဝင်လာ သောကြောင့် စောစောပိုင်း ကာလတွေမှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး ပေါ်လစီကို ပြည်သူတွေက ပြည့်ဝစွာ ယုံကြည်မှု မရှိခဲ့ကြပါဘူး။ နိုင်ငံရဲ့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အတွက် လွှတ်တော်များနဲ့တကွ အစိုးရ အဖွဲ့သစ်တို့ ပေါ်လာကာစ စောစောပိုင်း ကာလတွေမှာ လွှတ်တော်တွေနဲ့ အစိုးရ အဖွဲ့သစ်တို့မှာ ပါဝင်လာကြတဲ့ Crony အချို့နဲ့ အစိုးရအဖွဲ့ဝင် အချို့ဟာ အာဏာရှင် အစိုးရလက်ထက်က ပုံစံ အတိုင်း ပြည်သူတွေအပေါ်မှာ စီးမိုးတဲ့ အပြောအဆို အနေအထားများနဲ့ ဒီမိုကရေစီစနစ်ဦးရဲ့ မျက်နှာစာမှာ မဖုံးနိုင် မဖိနိုင် ခပ်ပြောင်ပြောင် ရပ်ပြခဲ့တာကို လည်း တွေ့ကြရပါတယ်။ ထိုကဲ့သို့သော အပြောအဆိုနဲ့ လုပ်ရပ်များကြောင့် ထိုပုဂိ္ဂုလ်များကို လည်းကောင်း၊ လွှတ်တော်များနဲ့ အစိုးရအဖွဲ့သစ် အတွင်းမှာ ပါဝင်နေကြတဲ့ Crony များနဲ့ အာဏာရှင် အစိုးရ လက်ထက်က အာဏာရှိသူ အချို့ကို လည်းကောင်း၊ ပြုပြင် ပြောင်းလဲရေးကို မလိုလားတဲ့ ရှေးရိုးစွဲများ နောက်ကြောင်း ပြန်လှည့်မည့် သူများအဖြစ် ပြည်သူတွေက သတ်မှတ် ခဲ့ကြပြီး ဒီမိုကရေစီရေးအတွက် သောက ပွားခဲ့ကြရပါတယ်။
          အဲဒီလို ပြည်သူတွေရဲ့ သောကကို သိရှိတဲ့အတွက် ၁-၃-၂၀၁၂ နေ့က ပြည်ထောင်စု လွှတ်တော်မှာ သမ်္မတကြီး ဦးသိန်းစိန်က အစိုးရအဖွဲ့ အတွင်းမှာ ခေါင်းမာဂိုဏ်း အပျော့ဂိုဏ်းဆိုတာ မရှိပါ ဘူးလို့ ပြောကြားခဲ့ပါတယ်။ သို့သော်လည်း  အစိုးရအဖွဲ့အတွင်းက ရှေးရိုးစွဲဝါဒီတွေကို ချန်ထားခဲ့မယ်လို့ သမ္မတကြီး က မေလ အတွင်းမှာ ကြေညာခဲ့ပြီး စက်တင်ဘာ လဆန်းမှာ အစိုးရအဖွဲ့ကို အကြီးအကျယ် ပြင်ဆင် ဖွဲ့စည်းခဲ့ ခြင်းဖြင့် မေလအတွင်းက ပြောကြားခဲ့မှုကို သမ္မတကြီးက အကောင် အထည်ဖော်ခဲ့တာကို တွေ့ရပါတယ်။ ပြည်ထောင်စု အစိုးရ အဖွဲ့အတွင်းမှာ ယခုကဲ့သို့ ဖြစ်ပေါ်လာခဲ့ခြင်းဟာ ပြည်သူ တွေ သုံးသပ်ခဲ့ကြတဲ့အတိုင်း ပြည်ထောင် စု အစိုးရ အဖွဲ့အတွင်းမှာ သဘောထား တင်းမာသူများနဲ့ ပျော့်ပြောင်းသူများ (ခေါင်းမာဂိုဏ်း အပျော့ဂိုဏ်း) ရှိနေတယ် ဆိုတာ ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကတော့ ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းက အနေအထား ဖြစ်ပြီး အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ အကြီးအကဲ ဖြစ်တဲ့ နိုင်ငံတော် သမ်္မတကြီးက သမ္မတရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာအရ ဆောင်ရွက် ခြင်း ဖြစ်ပါတယ်။
          တကယ်တော့ လွှတ်တော်တွေ အတွင်းမှာလည်း သဘောထား တင်းမာ သူများနဲ့ ပျော့ပြောင်းသူများ (ခေါင်းမာ ဂိုဏ်း၊ အပျော့ဂိုဏ်း) ဆိုပြီး ရှိနေတာကို တဖြည်းဖြည်း ပေါ်လွင်စွာ မြင်နေရပြီ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အများ အကျိုးစီးပွားနဲ့ ကိုယ်ကျိုးစီးပွားတို့ စပ်ယှဉ်တဲ့ ကိစ္စရပ်တွေမှာ ပိုမိုပေါ်လွင်စွာ မြင်တွေ့ရပါတယ်။ သို့သော် အစိုးရအဖွဲ့ မှာကဲ့သို့ ဆောင်ရွက်လို့ မရနိုင်ပါဘူး။ ပြည်သူ့ကိုယ်စားလှယ် ဆိုတဲ့ အဓိပ္ပာယ် အရ ပြည်သူတွေက ရွေးချယ်ထားတဲ့ သဘောဖြစ်လို့ ဒီပုဂိ္ဂုလ်တွေ ကိုယ်စား လှယ် ဖြစ်လာမှုဟာ၊ မဲဆန္ဒရှင် ပြည်သူ တွေနဲ့ သက်ဆိုင်နေပါတယ်။ ဒါကြောင့် ပြည်သူ့ ကိုယ်စားလှယ်ဆိုတဲ့ အဖြစ်ကို မေ့လျော့ပြီး ပြည်သူတွေရဲ့ အသံကို နားမထောင် ပြည်သူတွေရဲ့ အကျိုးစီးပွား ကိုလည်း ရှေးမရှု  ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်နေတဲ့ ကိုယ်စားလှယ်တွေနဲ့ တကွ အပေါင်းပါ ဖြစ်နေတဲ့ ကိုယ်စားလှယ် တွေကို နောက်တစ်ကြိမ် လွှတ်တော်ထဲ မရောက်အောင် နောက်မှာ ချန်ထားခဲ့ဖို့ ကတော့ မဲဆန္ဒရှင်  ပြည်သူတွေရဲ့ တာဝန် သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
(ပြည်သူ့ခေတ်၊ အတွဲ ၃၊ အမှတ် ၁၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...