Wednesday, September 26, 2012

ရာသီသွေးမပေါ်ခြင်းအကြောင်း (အပိုင်း ၁)



ဒီတစ်ခါဖော်ပြပေးမယ့်အကြောင်းအရာကတော့ ရာသီသွေးထိမ်ခြင်း ရာသီသွေးမပေါ်ခြင်း အကြောင်းဖြစ် ပါတယ် ။ ပျိုဖော်ဝင်စအချိန်ကစပြီး သွေးဆုံးပြီးတဲ့အချိန်အထိ သိထားသင့်တဲ့ သိထားရမယ့် အကြောင်း အရာ တစ်ခု လည်းဖြစ် ပါသည် ။ အိမ်ထောင်သားမွေး ကိုယ်ဝန်ရှိတဲ့အရွယ်ရော ဆယ်ကျော်သက်အ ရွယ်တွေရော သိသင့်တဲ့ အကြောင်းအရာမို့ ရေးသားဖော်ပြပေးလိုက်ရပါတယ် ။

ရာသီသွေးမပေါ်ခြင်းကို မီးယပ်ထိမ်ခြင်း ၊
မီးယပ်သွေးမပေါ်ခြင်း ၊ မီးယပ်သွေးငုပ်ခြင်း ( Amenorrhea ) စသဖြင့်အမျိုးမျိုးခေါ်ကြပါတယ် ။ တချို့ ဒီလို မီးယပ်သွေးမပေါ်တဲ့ ပြဿနာကို အိမ်ထောင် မရှိတဲ့ အပျိုတွေပဲကြုံရတာလား ကလေးမလိုချင်တဲ့သူတွေကြုံရတာလား စသဖြင့်တွေးထင်တတ်ကြတယ် ။ ဒါပေမယ့် အိမ်ထောင်သည်တွေကိုယ်တိုင်လည်း ဒီပြဿနာဟာ ကြုံရလေ့ရှိပါတယ် ။ ဒီနေရာမှာ ပြဿနာလေးတစ်ခုကို နည်းနည်းတင်ပြချင်ပါတယ် ။ မြန်မာအမျိုးသမီး အများစုတွေးတတ်ကြတာကတော့ အသက် ၄၀ လောက်ဆို ငါတို့သွေးဆုံးပါပြီ ဆိုပြီး လွတ်လွတ်လပ်လပ် ဘာအကွယ်အကယ်မှမယူပဲ နေတတ်ကြပါတယ် ။ တကယ်သွေး ဆုံးတဲ့အချိန်က ၄၈ ၊ ၄၉ ၊ ၅၀ လောက်မှကြုံရတတ်တယ် ။ အဲဒီအခါ အသက်ကြီးမှ ကိုယ်ဝန်တွေ ရပြီး အခက်တွေကြုံရလေ့ရှိတယ် ။ အဲဒီအခါ မှ ကိုယ်မွေးလိုက်တဲ့ကလေးက ကိုယ့်မြေးအရွယ်လောက်ရှိနဲ့ ဒုက္ခတွေ ရှက်စရာတွေ နဲ့ကြုံရတာပါပဲ ။ ဒီလို အချိန်မှာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေး ရမယ့်ဒုက္ခ နဲ့ ရေရှည်ကို မျှော်ကြည့်လိုက်ရင် ဒီအသက်အရွယ်မှ ကိုယ်ဝန်ကို ဘယ်သူမှ လိုလားကြမှာတော့ မဟုတ်ပါဘူး ။ ဒီတော့ပြဿ နာက သွေးမဆင်းတော့ဘူး ရာသီမပေါ်တော့ဘူးဆိုရင် အပျိုလေးတွေ သာမက အိမ်ထောင် ကျပြီးသား သားသည်မိခင်တွေတောင်မှပဲ ထိတ်လန့်ကြရတာပါပဲ ။

ဒီပြဿနာ ဟာ တချို့လူတွေအတွက်တော့ နေလို့ထိုင်လို့မကောင်းဘူး စိုးရမ်တယ် ဆိုတာလောက် နဲ့ပြီးသွားပေ မယ့် တချို့လူတွေအတွက်တော့ တကယ့်ကို အန္တရာယ်ရှိတဲ့ အနေအထားကိုရောက် သွားတာတောင်တွေ့ ရတတ်ပါတယ် ။ ဆယ်ကျော်သက်အရွယ်မှာ သွေးမပေါ်တဲ့အခြေအနေဟာ အိမ်ထောင်သားမွေးပြုလုပ်တဲ့ လူလတ်ပိုင်း အရွယ်မှာ ရာသီသွေးပုံမှန်ပေါ်နေရာကနေ ပျောက်သွားတဲ့ ကိစ္စဟာ အသက်အန္တရာယ်ကိုပါ ဒုက္ခပေးနိုင် တာမျိုးတွေရှိပါတယ် ။ ဒါကြောင့် မီးယပ်သွေးငုပ်သွားပြီဆိုရင် ဘာကြောင့်ငုပ်ရတယ် ဘယ်လို စုံစမ်းမလဲ ဆိုတာတွေ လုပ်ဆောင်ရမှာပါ ။ အကျိုးအကြောင်းသိသွားရင်လည်း လူနာတွေ အတွက် မဖြစ်သင့် တာတွေ မဖြစ်သွားဘူး ဒီတော့ အရမ်းကို အကျိုးရှိပါတယ် ။

ရာသီသွေးမပေါ်တာနဲ့ပတ်သတ်ပြီး မှတ်ထားသင့်တဲ့အချက်လည်းရှိပါတယ် ။ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက် ဟာ သွေးမပေါ်တော့ဘူးဆိုပါတော့ ။ အိမ်ထောင်မရှိပေမယ့်လည်း လိင်ဆက်ဆံမှုရှိ ခဲ့တဲ့အမျိုး သမီး တစ်ယောက်ဟာ သွေးမပေါ်တော့ဘူးဆိုပါတော့ ။ အဲဒီလိုအမျိုးသမီးတွေ မှာ နောက် တစ်ကြိမ်သွေး ပြန်ပေါ်တော့မှပဲ ကိုယ်ဝန်မရှိပါဘူးလို့ ကျိန်းသေပြောနိုင်ပါတယ် ။ သွေးမပေါ်မ ချင်းတော့ ကိုယ်ဝန်မရှိဘူးလို့ ဘယ်လို အာမခံချက်မျိုးမှမပေးနိုင်ပါဘူး ။

ရာသီသွေးမပေါ်ခြင်း ဘယ်နှစ်မျိုးရှိသလဲ ?

အဓိကအားဖြင့်တော့ နှစ်မျိုးခွဲထားနိုင်ပါတယ် ။ ပထမတစ်မျိုးကိုတော့ Primary Amenorrhea လို့ခေါ်ပါတယ် ။ သူ ကတော့ မွေးရာပါ ဖြစ်ပြီး တောက်လျှောက်အသက်ကြီးလာတဲ့အထိ ရာသီသွေးမပေါ် တဲ့အမျိုးသမီးတွေ ကို ခေါ် တာပါ ။ ဒီလို Primary Amenorrhea ကိုတော့ မိဘတွေကိုယ်တိုင်က ကိုယ့်သမီးကိုခေါ်လာပြီး ဆရာကို လာပြ ကိုပြသင့်တဲ့အမျိုးအစားဖြစ်ပါတယ် ။ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေနဲ့ ဆေးကုသမှုခံယူရမှာဖြစ်ပါတယ် ။

ဒုတိယတစ်မျိုးကိုတော့ Secondary Amenorrhea လို့ခေါ်ပါတယ် ။ ဒီအမျိုးအစားကတော့ သူတို့မှာ အိမ်ထောင်ရှင်တွေ ဖြစ်ကြတာများတယ် ကိုယ်ဝန်လည်းဆောင်နိုင်တဲ့အနေအထားရှိတယ် ဒါပေမယ့် မိသား စုရှေ့ရေး၊ Family plan ၊ မိဘအသက်ကြီးနေလို့ ကလေးယူရင်အဆင်မပြေနိုင်ဘူး စသဖြင့်ပေါ့ ။ ဒါပေမယ့် လည်း အိမ်ထောင်ရှိပြီးသားလူတွေမှာ သွေးထိမ်ပြီဆိုတာနဲ့ ကိုယ်ဝန်ရှိမရှိသိချင်ကြတာဟာ သူသူကိုယ်ကိုယ်ပါပဲ ။ ဒါကြောင့်သူတို့ ဆေးခန်းလာကြတယ် ပြီးတော့ ကိုယ်ဝန်ရှိမရှိ စမ်းပေးပါဦးလို့ ဆရာဝန်ကိုတိုင်ပင်ကြပါတယ် ။ အဲဒီအခါ ဆရာဝန်က ဆီးစစ်ခိုင်းတယ် ultrasound ရိုက်တယ်ပြီးတော့ စမ်းသပ်ကြည့်တဲ့အခါ ကိုယ်ဝန်မရှိဘူးလို့ အဖြေထွက်ခဲ့ရင်တော့ သူတို့တအားပျော်သွားတတ်ကြပါတယ် ။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုသိထားရမှာပါ ။ သူ့ရဲ့ seconday amenorrhea ဟာ ဦးနှောက်ထဲက Pituitary gland မှာ အကျိတ်တည်တာတို့ဘာတို့ ဖြစ်နေခဲ့ရင် အဲဒီအမျိုးသမီးဟာ အသက်အန္တရယ်ရှိပြီး သေဆုံးသွားနိုင်ပါတယ် ။ ဆရာဝန်တွေအနေနဲ့လည်း ကိုယ်ဝန်မရှိပဲနဲ့ သွေးမဆင်းတော့ဘူး သွေးထိမ်နေပြီဆိုရင် ဒီအတိုင်းလစ်လျှူရှူမထားသင့်ပါဘူး ။အ ကြောင်း အရင်းမှန် Cause ကို ရအောင်စုံစမ်းဖော်ထုတ်ရမှာဖြစ်ပါတယ် ။ ဒါကြောင့်သိထားရမှာက Primary Amenorrhea က အရေးကြီးသလို Secondary Amenorrhea ကလည်းအရေးကြီးတယ်ဆိုတာပါပဲ ။

Amenorrhea လို့ခေါ်တဲ့ ရာသီသွေးထိမ်ပြီဆိုရင်တော့ ကိုယ်ဝန်ရဲ့လက္ခတွေကို သိထားဖို့လိုပါတယ် ။ ဥပမာ သွေးထိမ်ပြီးတော့ ပျို့ချင်အန်ချင်တာရှိသလား ရင်သားတွေတင်းလာသလား နေရတာ မအီမသာဖြစ် လာသ လား ဆီးခဏခဏသွားသလား စတဲ့ လက္ခဏာတွေဖြစ်ပါတယ် ။ ဒုတိယအမျိုးအစား Secondary Amenorrhea ကတော့ ကိုယ်ဝန်နဲ့သာမကတော့ပဲ လူနာရဲ့ စိတ်လှုပ်ရှားမှု စိတ်ခံစားမှု အခြေ အနေတွေပေါ်လည်းမူတည်ပါတယ် ။ ဥပမာ အလွန်အမင်း ၀မ်းသာစရာနဲ့ကြုံလိုက်ရတဲ့ကိစ္စမျိုးမှာဆိုရင် ရုတ်တ ရက် သွေးပေါ်ရမယ့်ရက်မှာ မပေါ်တော့တာလည်းဖြစ်တတ်ပါတယ် ။

Pituitary gland မှာ အကျိတ်ဖြစ်တဲ့လက္ခဏာတွေက ဘာတွေလဲ ?

အကျိတ်ပေါ်တဲ့လက္ခဏာတွေကတော့ မိန်းမအသံကနေ ယောင်္ကျားအသံပြောင်းသွားခြင်း ၊ ပုံမှန်အားဖြင့် မိန်းကလေးတွေမှာ အမွှေးအမှင်ပေါက်တဲ့နေရာမဟုတ်ပဲ တခြားနေရာတွေမှာ အမွှေးအ မှင်တွေ ပေါက်လေ့ ရှိခြင်း ၊ ရင်သားများသေးသွားခြင်း ၊ အိမ်ထောင်ရေးအပေါ် Sex အားငြီးငွေ့စိတ်ပျက်၍ ငြင်း ပယ်နေခြင်း စတဲ့ လက္ခဏာတွေဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ဒီအကျိတ်ရှိပြီဆိုရင် မိန်းကလေး သွင်ပြင်တွေလျော့ နည်းသွားပြီး ယောင်္ကျားလေး ဟော်မုန်းတွေ steroid ဟော်မုန်းတွေများလာပြီး ဒီလို လက္ခဏာတွေဖြစ်လေ့ရှိပါတယ် ။ ဒါကတော့ ပုံမှန်ရာသီပေါ်လာပြီးမှ ပြန်ပျောက်သွားတဲ့သူတွေမှာ သတိထား ရမယ့်အပိုင်းတွေပါ ။ သွေးသားအပြောင်းအလဲမှာ ကိုယ်အလေးချိန် တအားတိုးခြင်း တအားပိန် သွားခြင်းစတာတွေလည်းကြုံရလေ့ရှိပါတယ် ။ ဒါ့အပြင် လည်ပင်းက Thyroid ဆိုတဲ့အကျိတ်တစ် မျိုးအရမ်းအလုပ်လုပ်ရတဲ့အခါ Hyperthyroidism ဖြစ်ပြီး သွေးမပေါ်တော့တာလည်းရှိတတ်ပါတယ် ။ ဒါပေမယ့် သူ့ပြောင်းပြန် သိုင်းရွိုက် ဂလန်းက အလုပ်လုပ်တာနည်းလို့ Hypothyroidism ဖြစ်ပြီဆိုရင်တော့ သွေးဆင်းတာ များလာတတ်ပါတယ် ။ Hyperthyroidism ရဲ့ လက္ခဏာတွေကတော့

- အပူဒါဏ်မခံနိုင်ခြင်း
- ရင်တုန်ပြီး ညဖက်အိပ်မပျော်ခြင်း
- အပူမခံနိုင်ပဲ အအေးခံပြီး အစားပိုစားလာခြင်း
- မျက်လုံးအပြင်ဖက် ပြူးထွက်လာခြင်း
- နှုတ်ခမ်းမွှေးရေးရေးပေါ်လာခြင်း
- လည်ဇလုပ် ထွက်လာခြင်း
- ရင်သားများသေးလာခြင်း
- ဆီးခုံမွှေးအထက်တက်လာပြီး ပိုများလာခြင်း
- အသံသြလာခြင်း

စတာတွေဖြစ်ပါတယ် ။ ကဲ ဒီလိုဆိုရင် Primary Amenorrhea အကြောင်း ဆက်ပြီးလေ့လာကြည့်ကြရအောင် ။ သူ့ကိုဖြစ်စေတဲ့အကြောင်းတွေကတော့ မွေးစဉ်ကတည်းက သားအိမ် ၊ သားအိမ်လည် တံ ယောနိမိန်း မကိုယ်ပါ လာခြင်း ကြောင့်ဖြစ်တတ်ပါတယ် ။ မွေးကတည်းက မပါလာတဲ့ချို့ယွင်း ချက်ကြောင့် သွေး ဆင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ တချို့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ အပြည့်မပါလာ တာတွေရှိ တတ်ပါတယ် ။ အချိုင့်ကလေး ငါးပုံတစ်ပုံ ခြောက်ပုံတစ်ပုံလောက်ပဲပါလာတယ် ။ ဆိုလိုတာက မိန်းမကိုယ် အပေါ်ပိုင်း သုံးပုံ နှစ်ပုံလောက်က မဖွံ့ဖြိုးပဲ သားအိမ်လည်းဖြစ်ပေါ်မလာဘူး ။ သားဥလောက်ပဲရှိတဲ့ အမျိုးသမီးတွေမှာ မီးယပ်သွေးလုံးဝမပေါ်ပါဘူး ။ နောက်တစ်ခုကတော့ သားဥရော သားအိမ်ရော မိန်းမကိုယ်ရော အစုံပါလာတယ် ။ ဒါပေမယ့် Imperforate hymen လို့ခေါ်တဲ့ အမြှေးပါးက ဖုံးနေတဲ့အ တွက် သွေးမ ဆင်းနိုင်ပဲ သွေးတွေ စုနေတာမျိုးဖြစ်တတ်ပါတယ် ။ အသက် ၁၇ ၊ ၁၈ ရောက်တော့မှ ဗိုက်ထဲအလုံးကြီး ကြီးလာလေ့ ရှိပါတယ် ။ နောက်တစ်ချက်ကတော့ အမျိုးသမီး တစ်ယောက်မှာ သွေးအား အရမ်းနည်းလို့ရှိ ရင်လည်း သွေးမ ဆင်းတတ်ပါဘူး ။ ဥပမာ သံဓါတ်ချို့တို့ လို့ သွေးအားနည်းရောဂါဖြစ်တာတို့ Haemoglobin < 6 mg % ဆိုရင် သွေးထိမ် တတ်ပါတယ် ။ ဒါ့အပြင် တစ်ကိုယ်လုံးပိန်ခြုံးချို့တဲ့တဲ့အခြေအနေတစ်မျိုးဖြစ်တဲ့ General Disabiliy မှာလည်း အားပြတ်သွားတဲ့အခါ သွေးမဆင်းတော့တာတွေဖြစ်တတ်ပါတယ် ။


စမ်းသပ်စစ်ဆေးမှုတွေနဲ့ ကုသမှုအပိုင်းတွေကို ဆက်လက်ရေးသားပါဦးမယ် ။

Ref : Internet / Wikipedia / Gynaecology

သက်တန့်ချို
 — 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...