ရဲမြင့်သူရေးတဲ့ ကဗျာတွေအကြောင်း အခြားတစ်ထောင့်မှ ပြောကြည့်ခြင်း
by Lunnset Noemyat on Thursday, September 27, 2012 at 11:52pm ·
ရဲမြင့်သူဟာ လူသိထင်ရှား ဒါရိုက်တာတစ်ယောက်ဖြစ်တယ်။
၂၀၁၂ စက်တင်ဘာလမှာ အဲဒီ့ဒါရိုက်တာ ရေးတဲ့ ကဗျာစာအုပ်တစ်အုပ်ထွက်လာတယ်။ ကဗျာ ၁၆ ပုဒ်ပါပြီး စကားပြေကဗျာများလို့ ခေါင်းစဉ်တပ်ထားတယ်။ ကဗျာစာအုပ်မှာ ပုံနှိပ်မှတ်တမ်းမပါဘူး။ နိုင်ငံရေးဦးတည်ချက်လိုမျိုး ၀ါဒဖြန့်စာသားတွေမပါဘူး။
ထူးခြားတာက ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားကျော်ကြားတဲ့ ကမ္ဘာ့သမိုင်းဝင်နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ရဲ့
ကဗျာအနုပညာအပေါ် မြင်တဲ့ အမြင်နဲ့ ကဗျာစာအုပ်ကို စဖွင့်ထားတာဖြစ်တယ်။ ဒါ့အပြင် ကဗျာဆရာဇေယျာလင်း၊ ကဗျာဆရာခင်အောင်အေး၊
ကဗျာဆရာမောင်ဒေးနဲ့ ကဗျာဆရာအောင်ပြည့်စုံတို့ရဲ့ ကဗျာအမြင်သဘောထားတွေကိုလည်း ထုတ်နှုတ်ထားသေးတယ်။ ဒီမှာ တစ်ခုသတိပြုမိတာက ဒီကဗျာစာအုပ်မှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကဗျာဆရာဇေယျာလင်းတို့ရဲ့ ကဗျာအနုပညာအပေါ်မြင်တဲ့ အမြင်တွေဟာ ဒီကဗျာစာအုပ်နဲ့ တိုက်ရိုက်ပတ်သက်နေတာမျိုးမဟုတ်ဘဲ ကဗျာရေးသူရဲမြင့်သူကြိုက်နှစ်သက်လို့ ပြန်လည်ယူငင်ထုတ်နှုတ်သုံးစွဲထားတာကိုပါပဲ။
ဒီကဗျာစာအုပ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ ကဗျာအမြင်သဘောထားတွေကိုတော့ ကဗျာဆရာခင်အောင်အေး၊ ကဗျာဆရာမောင်ဒေးနဲ့
ကဗျာဆရာအောင်ပြည့်စုံတို့က ရေးသားပေးထားပါတယ်။ အဆိုပါကောက်နှုတ်ချက်များအားလုံးထဲကမှ ကဗျာစာအုပ်ပါ ရဲမြင့်သူကဗျာတွေကို
မဖတ်ရသေးခင်မှာရော ဖတ်ပြီးတဲ့ အခါမှာရော ရဲမြင့်သူရဲ့ ကဗျာတွေအပေါ် ခြုံငုံသုံးသပ်တဲ့
နေရာမှာ ကဗျာဆရာမောင်ဒေးရဲ့ ကောက်နှုတ်ချက်ကို အတော်ကလေးသဘောကျမိတယ်။
စာအုပ်ထဲက အဓိကဖတ်ရှုရမယ့် စာသားတွေကို ညာဖက်ခြမ်းမှာပဲ ထားရှိတာကြောင့် ရဲမြင့်သူဟာ လက်ယာယိမ်းလားလို့ တွေးစရာဖြစ်တယ်။
ရဲမြင့်သူကဗျာတွေကို ဖတ်တဲ့အခါ နားလည်ရလွယ်သလိုလို မလွယ်သလိုလိုအခြေအနေတွေထက် အကြောင်းအရာတစ်ခုချင်းစီတိုင်းမှာ အားကောင်းတဲ့
စကားလုံးတွေနဲ့ ရွေးချယ်ဖွဲ့စည်းထားတဲ့ ကဗျာပိုင်းဆိုင်ရာ ရာသတစ်မျိုးမျိုးကို ရင်ဆိုင်တိုးတိုက်မိဖို့သာ ဖြစ်နိုင်ခြေများလိမ့်မယ်။ ရဲမြင့်သူဟာ
ကဗျာတစ်ပုဒ်မရေးခင်မှာ စကားလုံးတွေကို ကြိုတင်ရှာဖွေစုဆောင်းနေရာချတတ်သူလားလို့ ထင်ရလောက်အောင် စကားလုံးတွေရဲ့
ပါဝါအပေါ် အသုံးချတတ်လွန်းတယ်။ ကဗျာ ၁၆ပုဒ်စလုံးကို စကားပြေပုံသဏ္ဍာန်သုံးစွဲတယ်ဆိုပေမယ့် စကားပြေနဲ့ ကဗျာရဲ့ နယ်ခြားစည်းမျဉ်းမာဂျင်ပေါ်မှာ ရဲမြင့်သူဟာ သူ့ရဲ့ကိုယ်ပိုင်ဟန်ကို ရှာဖွေဖော်ထုတ်ဖို့ကြိုးစားခဲ့တယ်လို့ ယူဆရတယ်။ နောက်ပြီး ရဲမြင့်သူဟာ ကျယ်ပြန့်တဲ့ အကြောင်းအရာတွေကို သူ့ကဗျာတွေထဲ ထည့်သွင်းချိန်စက်ရတာကို သဘောကျသူဖြစ်နိုင်တယ်။ 'facebook မှာ ဓာတ်ပုံတွေ့တယ် 'ကဗျာဟာ
ဇေယျာလင်းရဲ့ '၄၅သန်းတန် ယုံကြည်မှု'ကဗျာကို သတိရစေတယ်။ ဇေယျာလင်းက တရုတ်ပြည်ရဲ့ကွန်မြူနစ်စနစ်အောက်က ဘာသာရေးကို
ကိုင်တွယ်ပြီး ပျော့ပြောင်းလာတဲ့ ကွန်မြူနစ်စနစ်ကို တစ်စွန်းတစ်စလှစ်ဟခဲ့တယ်။ ရဲမြင့်သူကတော့ ဆိုးရွားတဲ့ ဆိုဗီယက်ကွန်မြူနစ်စနစ်အလွန် ကာလတစ်ခုကို
အကောင်းမြင်ခဲ့တယ်။ 'ခေတ်ကို ဖြတ်ကျော်သွားကြတော့မည့် အာကာသမျောက်များ' ကဗျာဟာ မောင်ယုပိုင်ရဲ့ 'ဆင့်ကဲဖြစ်စဉ်'ကဗျာနဲ့ 'အဆင့်ဆင့်ပြောင်းလဲဆဲ ဆင့်ကဲဖြစ်စဉ်'ကဗျာနှစ်ပုဒ်ကို သတိရစေတယ်။ ဒါပေမယ့် မောင်ယုပိုင်ကဗျာက ဒစ်စကာဗာရီချန်နယ်ကလာတဲ့ လူမျိုးစိတ်ဆင့်ကဲဖြစ်မှုကို ကြည့်နေရသလို သရော်ဟန်ကဲပြီး ရေးဖွဲ့ထားခဲ့တာ။ ရဲမြင့်သူကဗျာကတော့ ဒစ်စကာဗာရီမှာ အခြေမခံဘဲ အာဏာပါဝါတွေ လူတန်းစားအထက်အောက်ဖိစီးမှုတွေ
စနစ်ဆိုးအမျိုးမျိုးတွေ အသားအရောင်ခွဲခြားမှုတွေ သိပံပညာတွေ စတဲ့ အရေးအရာအတော်များများကို စုံလင်အောင် ထည့်သွင်းရေးဖွဲ့တာတွေ့ရတယ်။ အကြောင်းအရာချင်းကွဲလွဲအောင် အားထုတ်ထားပေမယ့် ကဗျာအဆုံးသတ်ပုံချင်းတူညီလွန်းတာကိုတော့ သဘောမတွေ့ဘူး။
'ဟရိုကိ မူယာကာမိနှင့် ကြိုတင်ချိန်းဆိုမှုယူခြင်း' ကတော့ ပေါ်ပြူလာ သိပ်သိပ်ဖြစ်တဲ့ ဂျပန်စာရေးဆရာ မူရာကာမိရဲ့ အရေးအသာတွေကနေတဆင့် ခြေရာခံပြီး ရေးဖွဲ့ထားတယ်။ မူရာကာမိဝတ္ထုတွေမှာ အတွေ့ရများတဲ့ မူရာကာမိဝိသေသတွေကို အားပြုဖော်ထုတ်ရေးဖွဲ့တယ်။
'ဆူကွန်ဗစ်ဟာ မအိပ်သေးဘူး' ဆိုတဲ့ ကဗျာကတော့ ပြည်ပနိုင်ငံတစ်ခုရောက်တုန်း အကြမ်းကောက်လာတဲ့ ပုံရိပ်တွေ စာသားတွေနဲ့ ကဗျာပြုတာလို့ သိရတယ်။ အဆိုပါပြည်ပနိုင်ငံရဲ့ မြို့ပြဖြစ်တည်မှုကို တွေ့နိုင်တယ်။
ကဗျာစာအုပ်Title ကဗျာဖြစ်တဲ'့ မြင်းရုပ်ချားရဟတ်တွေ လည်ရင်း သမိုင်းဟာ ကုန်လွန်ရင်း' ကဗျာထဲမှာတော့ ရဲမြင့်သူဟာ
လူနဲ့လူ့အဖွဲ့အစည်းဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပထ၀ီနိုင်ငံရေးအမြင်တွေကို ချစ်ခြင်းမေတ္တာအသံနဲ့ အနားသတ်ပေးထားတယ်။
ရဲမြင့်သူရဲ့ ကဗျာတွေဖတ်ရတဲ့အခါ ကဗျာအပုဒ်တိုင်းမဟုတ်ပေမယ့် ဇေယျာလင်း၊ မောင်ယုပိုင်နဲ့ မောင်ဒေးတို့ရဲ့ လွှမ်းမိုးမှုကို
တစ်နေရာမဟုတ်တစ်နေရာမှာ သွားသွားတွေ့ရတတ်တယ်။ အကြောင်းအရာရွေးချယ်မှုပိုင်းမှာ မောင်ယုပိုင်ရဲ့ အရိပ်တချို့ကိုတွေ့ရသလို ကဗျာအတွင်းပိုင်း စာသားဖွဲ့စပ်ပုံတချို့မှာ ဇေယျာလင်းနဲ့ မောင်ဒေးတို့ရဲ့ သြဇာကိုမရှောင်နိုင်ခဲ့ဘူး။ 'ဟာလာဟင်းလင်းသည် ခုချိန်ခါများ'ကဗျာကတော့
မောင်ယုပိုင်အကိုင်အတွယ်များခဲ့တဲ့ အာကာသစကြ၀ဠာဆိုင်ရာသိမှုတွေမှာ အခြေခံတဲ့ ကဗျာအမျိုးအစားထဲ အကျုံးဝင်မယ်ထင်တယ်။
အလားတူပဲ 'သစ်တောကြီးတွေမှာ ဘာသာစကားအမဲမလိုက်ရ'ကဗျာဟာ မောင်ယုပိုင်ရဲ့
'ဘာသာစကားပင်လယ်မှ ကဗျာထုတ်ယူခြင်း' ကဗျာကို သတိရစေတာပါပဲ။ ဒါပေမယ့် ကဗျာစာအုပ်တစ်အုပ်လုံးကို ဖတ်ပြီးတဲ့အခါမှာ အဲဒီ့လို
လွှမ်းမိုးမှုတွေဟာ ရဲမြင့်သူရဲ့ ကဗျာတွေကို အနှောင့်အယှက်မပေးဘဲ အရောင်တင်ပေးတဲ့ လွှမ်းမိုးမှုတွေလို့ မြင်လာရမယ်။ ဆိုလိုတာက
ကိုယ်ပိုင်ဟန်အားကောင်းတဲ့ ကဗျာဆရာတွေရဲ့ လွှမ်းမိုးမှုတွေကနေ ရဲမြင့်သူဟာ သူ့ကိုယ်သူပေါ်လွင်အောင်အောင် တည်ဆောက်ပြနိုင်ခဲ့တယ်။
အနည်းဆုံးတော့ တည်ဆောက်ပြဖို့ ကြိုးစားခဲ့တယ်။ မောင်ဒေးညွှန်းဆိုသလိုပဲ ရဲမြင့်သူဟာ အရင်းအမြစ်ကြွယ်တဲ့ ကဗျာဆရာဆိုတာ သံသယ၀င်စရာမလိုဘူး။
'မိမိ၏ သယံဇာတများကို မိမိကိုယ်တိုင်ထုတ်ယူသုံးစွဲခြင်း'၊ 'ခရမ်းချည်သီးလောက်တောင် လင်းလို့လား'၊'ကားလ်မတ်လည်း မကယ်နိုင်ဘူး'စတဲ့ ကဗျာတွေကို
ရဲမြင့်သူရဲ့ အားကောင်းတဲ့ အရေးအသားတွေအဖြစ်မြင်တယ်။ ရဲမြင့်သူကဗျာတွေဟာ မစ်သ်ဆန်တယ်။ အထိန်းအချုပ်မရှိ လွှတ်ရေးတယ်လို့ ထင်စရာရှိပေမယ့်
ပန်းတိုင်ကို မမေ့ဘူး။ ဒါ့အပြင် ရဲမြင့်သူကဗျာတွေနဲ့ ပတ်သက်ရင် မပြောမဖြစ်ပြောရမှာက ပုံရိပ်တွေပဲ။ ရဲမြင့်သူရဲ့ ကဗျာတွေထဲမှာ အပြောဘာသာစကားတွေထဲ
ကပ်ငြိနေတဲ့ ပုံရိပ်အပြတွေရဲ့ ထူးခြားချက်တွေကိုလည်း သတိထားမိတယ်။ ဒါရိုက်တာပီပီကဗျာထဲက အပြတွေဟာ ထပ်ချည်းတလဲလဲမဟုတ်ဘဲ
ကဗျာဖတ်သူမျက်စိထဲ အကွင်းလိုက် အကွက်လိုက် မရိုးအောင် ပြသနိုင်တာတွေ့ရတယ်။
ရဲမြင့်သူရဲ့ ကဗျာ ၁၆ပုဒ်မှာ ၅ပုဒ်ဟာ အပြိုင်ဝါကျတွေနဲ့ အဆုံးသတ်ထားတယ်။ ဒါဟာ ရဲမြင့်သူကဗျာတွေရဲ့ပုံသဏ္ဍာန်ပိုင်းဆိုင်ရာ
အားနည်းချက်တစ်ခုဖြစ်နိုင်ပြီး တစ်ချိန်တည်းမှာပဲ ရဲမြင့်သူဟာ အဆုံးသတ်တွေကို တမင်တကာဂရုမစိုက်တာပေါ်လွင်တယ်။ စကားပြေဆန်ဆန်ဖွဲ့စည်းမှု
အတိုင်းမှာကိုပဲ ပုံသဏ္ဍာန်ရဲ့ တချို့နေရာတွေမှာ ၀တ္ထုသွားတစ်ခုလို အလုပ်လုပ်တယ်။ ကဗျာတစ်ပုဒ်ထဲမှာပဲ အပိုဒ်ထပ်ခွဲထားတာတွေနဲ့ စကားပြောတွေကို
မျက်တောင် အဖွင့်အပိတ်နဲ့ ယူတာမျိုးတွေ ရှိတာကို မြင်ရလို့ ဖြစ်တယ်။ 'ဟရိုကိ မူယာကာမိနှင့် ကြိုတင်ချိန်းဆိုမှုယူခြင်း'၊' ဟာလာဟင်းသည် ခုချိန်ခါများ'
၊' ယာခင်းထဲက စက်ဝိုင်းကွင်းတွေဟာ အမှိုက်သရိုက် ရုပ်တုသက်သက်လား'၊'ခရမ်းချဉ်သီးလောက်တောင် လင်းလို့လား' စတဲ့ ကဗျာတွေမှာ အပိုဒ်ခွဲထားပုံက ကဗျာပုံသဏ္ဍာန်အရအပိုဒ်ခွဲတာထက် ၀တ္ထုတိုပုံသဏ္ဍာန်လို ပိုအလုပ်လုပ်တယ်။ 'မိမိ၏ သယံဇာတများကို မိမိကိုယ်တိုင် ထုတ်ယူသုံးစွဲခြင်း'မှာတော့
စကားပြောတချို့ကို မျက်တောင်အဖွင့်အပိတ်သုံးစွဲတာတွေ့ရတယ်။ ရဲမြင့်သူကဗျာတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးပြောချင်တာက အကြမ်းထည်
ဆန်လွန်းတဲ့ စာသားဖွဲ့စည်းပုံပဲ။ မလိုအပ်ဘဲရှည်လျားလွန်း မလိုအပ်ဘဲ "နဲ့" "ရဲ့" "တဲ့" စတဲ့ စကားလုံးတွေကို ဖောဖောသီသီသုံးစွဲလွန်း မလိုအပ်ဘဲ
မရပ်မနားပြောလွန်းတဲ့ စာသားဖွဲ့စည်းပုံပါပဲ။ ဒါပေမယ့် ဒါကပဲ ရဲမြင့်သူကဗျာတွေကို ဆက်ခါဆက်ခါဖတ်စေနိုင်တဲ့ ရသဟန်တစ်မျိုးဖြစ်သွားတော့တယ်။
လွန်းဆက်နိုးမြတ်
၂၆.၉.၁၂
ညနေ ၀၃း၃၀နာရီ
0 comments:
Post a Comment