ခေတ်သစ်သင်ပုန်းကြီး (၁၂)
ကျည်တွေက ကလေးတွေကိုယ်ထဲ
ဖရိုဖရဲ ဝင်ကြဲနေခိုက်
“ကြယ်”တွေက အရပ်ရှစ်မျက်နှာထဲ
အလဲလဲ အကွဲကွဲ ပြိုကွဲလာနေသယောင်ရှိသည်။
ဦးသျှောင်ကြယ်သူကြီးကို ကန်ကြီးနှင့် မတွေ့မီ
ပေါက်ဖော်ကြီးတွေက တင်ကြိုတံဆိပ်ကပ်၏။
ကမ္ဘာပတ်လာသည့် ကြယ်မေမေကိုလည်း
စတားကြိုနည်းနှင့် ကြိုသူက ကြို
ရှစ်စဉ်ကြယ်စုထဲမလည်း
ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို လက်ရှောင်သူက ရှောင်
ပြေလည်စ “ခုံ”ကလေးအတွက် ကြောင်သူက ကြောင်
နိုင်ငံရေး ရသ သမားလိုလို ယောင်သူက ယောင်လာ၏။
အထောင်အသောင်းသော လူထုကလည်း
ပေါ်ခါစ ဥပဒေသစ် အားကိုးပြီး
စီတန်းလမ်းလျှောက်၊ သွေးတိုးစမ်း ထုပ်ဆီးတိုးရာ
ထမင်းရည်ပူလောင်ကြ
ကျည်တွေကတော့ ကလေးတွေကိုယ်ထဲ
ဖရိုဖရဲ ဝင်လုဝင်ဆဲပင်။
မအံ့ဩတော့ပါ။
မီဒီယာသမားများလည်း
စကားဝိုင်း၊ အလုပ်ရုံဆွေးနွေးပွဲ၊ ဖိုရမ်၊ ဆယ်မီနာ
ခေါင်းစဉ်ပေါင်းမြောက်မြားစွာဖြင့်
ပြောဆိုငြင်းခုန်လာကြ၊ ဒီမိုကရေစီ ပီသရေးပေါ့။
အွန်လိုင်းနှင့် ပုံနှိပ်၊ ကျင့်ဝတ်နှင့် ဥပဒေ
အခြေအတင် ဆွေးနွေးလာကြ၊ မီဒီယာ ပီသရေးပေါ့။
ပူပူနွေးနွေး စာနယ်ဇင်းလူကြီးမင်းသစ်များလည်း
စာနယ်ဇင်းသမားများအား အကာအကွယ်ပေးရေးကို
ဆီမန်းမန်းသလို တတွတ်တွတ် ရွတ်နေခိုက်မှာပင်
သူတို့ကိုယ်တိုင် ရင်ဆိုင်နေရသော အမှုအလီလီအတွက် ခုခံချေပနေရဆဲ
ပုံနှိပ်မီဒီယာလောကကား မိုးထဲရေထဲမှာပင်။
အွန်လိုင်းမှာတော့
အကြောင်းအရာ၊ ကျင့်ဝတ်ဟူ၍ ခဏထား
ယူနီကုဒ်တစ်ခုတည်းမှာပင် စကားတွေ များပြီးရင်းများ
စံမြန်မာ၊ ဧရာ၊ ဇော်ဂျီ၊ မြန်မာ-၃
ဆုံးမဆုံးနိုင်ကြသေး မုန်တိုင်းထဲမှာပင်။
သည်နှယ်သာ နှင်ကြလျှင်ဖြင့်
လွတ်လပ်သော မီဒီယာပန်းတိုင်ကို အသက်ငင်လျက် ပန်းဝင်နိုင်ရေး
မဝေးပါစေနှင့်၊ မဝေးစေနှင့်ပေါ့။
မအံ့ဩကြပါနှင့်။
ပုံနှိပ်နှင့် အွန်လိုင်းလို ပရိသတ်၏ ရွေးချယ်မှုဖြင့်
ရှင်သန်နေသည့် မီဒီယာများက
စတုတ္ထမဏ္ဍိုင်ပီသရေးအတွက်
ကျားကုတ်ကျားခဲ ရုန်းကန်နေချိန်တွင်
ပရိသတ်က ရွေးစရာ သိပ်မလိုဘဲ
အိမ်တိုင်ရာရောက် ခရီးပေါက်လာသည့်
တီဗီ၊ ရေဒီယို၊ ထိုထိုသော မီဒီယာအများစုကား
ဦးနှောက် မလို
အရေပြားတစ်ထောက်ကိုသာ အာရုံထား
ဖျော်ဖြေရေးသက်သက်များဖြင့် မှိုင်းတိုက်
အတွေး မှောင်မိုက်ဖုံး
ရောင်းကုန်သဖွယ် လူလုံးပြမှုအား
အနုပညာအလား ပုံဖော်လာကြ
မောင်နှင့်နှမ၊ သားနှင့်အမိ အတူကြည့်ရခက်သည့်
ပြကွက်များ မပါသေးသည့်တိုင်
အားကျအတုယူဖွယ်
တွေ့ဆုံမေးမြန်း ဆွေးနွေးခန်းများတွင်ပင်
ဆံဖျား၊ အရေပြားနွှယ် ကြော်ငြာဆွယ်ပြကွက်များသာ မင်းမူ
ပြည်သူကို အလုပ်အကျွေးပြုမည်ဆိုသော
ရုပ်သံမူဝါဒ ဘယ်ချောင်မှာ ကျကျန်ရစ်ပါလိမ့်
ဗျို့ဟစ်၍ မေးတော်မူရမတတ်
အံ့ဩကုန်နိုင်ရပါပေ့။
မည်သို့ပင်ဖြစ်စေ
နိုင်ငံသားများ မီဒီယာ၏ အလုပ်အကျွေးပြုမှုကို ခံယူနိုင်ကြပါစေ။
0 comments:
Post a Comment