Thursday, September 27, 2012

ပုံပြောကောင်းတဲ့ လူငယ်လေးယောက်


by Han Thit Nyeim on Thursday, September 27, 2012 at 7:55am ·

ဟိုးမတိုမရှည်တုန်းကပေါ့ဗျာ။

ရွာတစ်ရွာမှာ (ဘယ်ရွာလဲတော့ မမေးနဲ့ဗျာ) အဲဒီရွာမှာ ပုံပြင်အပြောကောင်းတဲ့ လူငယ်လေးယောက်ရှိတယ်။ အဲဒီလူငယ်လေးယောက်ဟာ သူတို့ရွာရောက်လာတဲ့ လူတွေကို ယုံတမ်းပုံပြင်တွေပြောပြီး ပါလာသမျှ ပစ္စည်းတွေ လှည့်ပတ်လိမ်ညာယူလေ့ရှိတယ်။ တစ်နေ့ သူတို့ရွာကို ဝတ်ကောင်းစားလှနဲ့ လူတစ်ယောက် ရောက်လာပါတယ်။ 
ရွာထိပ်က ဇရပ်မှာ ဟိုလိုလို ဒီလိုလို စနည်းနာနေတဲ့ အဲဒီ လူစိမ်းဆီကို လူငယ်လေးယောက်ကလည်း မအူမလည်နဲ့ ရောက်သွားတော့တယ်။

လူငယ် (၁) ။ ။ ဟေ့လူ ဘယ်ကလာတုန်းဗျ...

လူစိမ်း။ ။ အင်း... တစ်နေရာရာကပေါ့ဗျာ


လူငယ် (၂) ။ ။ ခင်ဗျားကြည့်ရတာ ပုံပြင်တွေ ဘာတွေ အတော်လေး စိတ်ဝင်စားမယ့်ပုံပဲ။

လူစိမ်း။ ။ ပုံပြင်... ဟုတ်လား... ဘာပုံပြင်တွေတုန်းဗျ...

လူငယ် (၃) ။ ။ ယုံတမ်း ပုံပြင်တွေပေါ့ဗျာ

လူစိမ်း။ ။ ဟုတ်လား... ဆိုစမ်းပါဦးဗျာ။ ဘယ်လိုတုန်းဗျ... ပုံပြင်ဆို စိတ်ဝင်စားသား

လူငယ် (၄) ။ ။ အင်း... ဒီလိုဗျာ... ကျွန်တော်တို့တွေ တစ်ယောက်တစ်လှည့်စီ ပုံပြင်ပြောကြမယ်။

လူစိမ်း။ ။ အင်း... အဲဒီတော့

လူငယ် (၁)။ ။ ဒီလိုဗျာ။ သူများပုံပြင်ကိုနားထောင်ပြီးတဲ့အခါ... “မယုံဘူး” လို့ ပြောတဲ့သူက ရှုံးတယ်။

လူစိမ်း။ ။ အော်... “မယုံဘူး” လို့ ဆိုတဲ့သူက ရှုံးတယ်ပေါ့...

လူငယ် (၂)။ ။ ဟုတ်တယ်... တစ်ယောက်တစ်လှည့်စီပြောကြမယ်။ အဲဒီမှာ မယုံဘူးဆိုတဲ့သူက အရှုံးပဲ၊ လောင်းကြေးထပ်ပြီး ပြောကြတာပေါ့။

လူစိမ်း။ ။ အော်... လောင်းကြေးလည်း ပါတာပေါ့... ဘယ်လိုလောင်းမှာတုန်းဗျ...

လူငယ် (၃)။ ။ ကျွန်ခံကြေးဆိုရင်ကော...

လူစိမ်း။ ။ အာ... ဒီခေတ်က ကျွန်ခေတ်မှ မဟုတ်တော့တာ...

လူငယ် (၃) ။ ။ ဒါဆို ဘာကြေးလောင်းမှာတုန်း... ဒီလိုလုပ်ဗျာ... ပါလာသမျှ ရှိသမျှ အကုန်ထားခဲ့ကြေး လောင်းရအောင်ဗျာ။

လူစိမ်း။ ။ ပါလာသမျှ အကုန်... ဟုတ်လား... ဒါဆို အတွင်းခံပါ ချွတ်ပေးခဲ့ရမှာလားဗျ

လူငယ် (၄)။ ။ အာ... အဲဒါတစ်ခုတော့ ချန်ထားလိုက်ပါဗျာ... လူမြင်မကောင်းလို့ပါဗျာ...

လူစိမ်း။ ။ အင်း... ပါသမျှ အကုန်ဆိုပဲ... လောင်းကြေးနဲ့တင် ဖျားသွားလောက်တယ်။

လူငယ် (၁)။ ။ ဖျားသွားတာတွေ၊ နားကားတာတွေ လုပ်မနေနဲ့ဗျာ။ လောင်းမှာလား မလောင်းဘူးလား၊ ဒါပဲပြော...

လူစိမ်း။ ။ အင်း... တစ်ယောက်တစ်လှည့်စီ ပုံပြောကြမယ်။ “မယုံဘူး” လို့ ပြောတဲ့သူက အရှုံး... ဟုတ်လား။

လူငယ် (၂)။ ။ ဒါပေါ့... လောင်းမယ် မဟုတ်လား...

လူစိမ်း။ ။ အင်း... လောင်းတာပေါ့... ကဲ... ခင်ဗျားတို့တွေက ရွာခံလူတွေဆိုတော့ ခင်ဗျားတို့ အရင်စပြောဗျာ...

လူငယ် (၃)။ ။ အင်း... ကောင်းပြီလေ... စတာပေါ့... ဘယ်သူ အရင်စမလဲ...

လူငယ် (၄)။ ။ ဟိုကောင်... မင်းအရင် စပြောကွာ... သေချာပစေနော်...။

လူငယ် (၁)။ ။ ကဲဗျာ... စပြီ သေချာနားထောင်... ဒီလိုဗျာ... အရှိကို အရှိအတိုင်းပဲပြောမယ်...။ ကျုပ်တို့ရွာမှာပေါ့ဗျာ... ခုဆိုရင် လျှပ်စစ်မီးတွေများ ထိန်ထိန်ကိုညီးလို့ ၂၄ နာရီ တစ်ရက်၊ ၇ ရက်တစ်ပတ် နီးပါးကို လာတာ။ အိမ်တိုင်း အိမ်တိုင်းလည်း တီဗွီတွေ၊ ပန်ကာတွေ၊ အဲယားကွန်းတွေ၊ ကွန်ပျူတာတွေ အပြိုင်အဆိုင်ဖွင့်ကြ... သုံးကြ... အဲလိုဗျာ... အဲ... လျှပ်စစ်ဖိုးကလည်း များတယ်မထင်နဲ့နော်... မီတာခကလည်း သက်သာလိုက်တာမှဖြင့် တစ်လတစ်လကို မူကြိုကလေးမုန့်ဖိုး ပေးသလောက်ပဲ ကျတာ။ အဲလိုဗျာ... ကျုပ်တို့ရွာကြီးမှာ ဖြစ်နေတာ...။

လူငယ် (၁) က ပြောပြီးတာနဲ့ လူစိမ်းကို လှမ်းအကဲခတ်လိုက်တယ်။ လူစိမ်းက အနည်းငယ် စဉ်းစားဟန်ပြုပြီးတာနဲ့ ပြောတယ်။

လူစိမ်း။ ။ ယုံတယ်ဗျာ။ ယုံတယ်။

ကျန်တဲ့လူငယ် သုံးယောက်ကလည်း “ယုံတယ်” လို့ ပြောကြတယ်။ ဒါနဲ့ ဒုတိယလူငယ်ရဲ့ အလှည့်ရောက်လာတယ်။

လူငယ် (၂)။ ။ အင်း... ကျွန်တော့်အလှည့်ပေါ့... သေချာနားထောင်နော်... ဒီထက် ပိုပြီးဖြစ်နိုင်တာ မရှိဘူး။ ဒီလိုဗျာ... အဝေးကြီး မကြည့်ပါနဲ့ ခု... ကျွန်တော်တို့ ရွာကြီးမှာပေါ့ဗျာ... လမ်းပန်းဆက်သွယ်ရေး ဆိုတာ အဆင်ပြေလိုက်တာမှဖြင့် ပြောမနေပါနဲ့... ရထားတွေဆိုလည်း မြန်မှမြန်၊ သန်မှသန်... ကျည်ဆန်မပြောနဲ့ လျှပ်စီးတောင် လိုက်လို့ဖြင့် မီမယ် မထင်ပါဘူးဗျာ။ ဘတ်စ်ကားတွေဆိုလည်း အချိန်ကဖြင့် မှန်မှမှန်... ၃ မိနစ်ခြား တစ်စီးစီ လာတာ။ အဲယားကွန်း၊ အဲယားမွန်း... အကုန်အပြည့်အစုံပါပြီးသား။ လေယာဉ်တွေဆိုရင်လည်း ပြောမနေနဲ့ဗျာ... အချိန်နဲ့အမျှကိုဆိုက်နေတာ။ ဒါကြောင့်လည်း လေယာဉ်ကွင်းနားမှာဆို ငှက်တွေတောင် မပျံဝံ့တော့ လောက်အောင်ကို ဖြစ်ရတာ။ အဲလိုဗျာ... ကျွန်တော့်ပုံပြင်။

သူလည်း ပြောပြီးတာနဲ့ သူစိမ်းရွာသားကို အကဲခတ်လိုက်တယ်...။

လူစိမ်း။ ။ ယုံပါ့ဗျာ။ အရမ်းအရမ်းကို ယုံပါ့ဗျာ။

ကျန်တဲ့ ရွာခံလူငယ် သုံးယောက်လည်း “ယုံပါတယ်” လို့ ပြောလိုက်ကြတယ်။ ဒါနဲ့ တတိယ လူငယ်ရဲ့ အလှည့်ရောက်လာတယ်။

လူငယ် (၃)။  ။ အင်း... မယုံတဲ့သူ အရှုံးနော်...

လူစိမ်း။ ။ ဟုတ်ပါတယ်ဗျ။

လူငယ် (၃)။ ။ အင်း... ကျွန်တော်တို့ ရွာမှာပေါ့ဗျာ... ဒီလိုဗျာ... ဆောင်ရွက်စရာအဲ... စာရွက်စာတမ်း ကိစ္စများ ရှိတယ်ဆိုရင်ဖြင့်နည်းနည်းတော့ ကြာတယ်ဗျာ။ အဲလိုကြာတာကို ကျွန်တော်ဖြင့် နည်းနည်းမှ သည်းခံလို့ကို မရတာ။

လူစိမ်း။ ။ ဘယ်လိုတုန်းဗျ...

လူငယ် (၃)။ ။ ဒီလိုဗျာ... ကျွန်တော် ရွာကူးလက်မှတ် စာအုပ်လေးသွားလျှောက်တာ... နှစ်ရက်တောင်ကြာတယ်ဗျာ။ တကယ်ဆို တစ်ရက်တည်းနဲ့ ပြီးရမှာ။ ဒါတင်မကပါဘူးဗျာ။ ကျွန်တော့်တူလေးတစ်ယောက် ရွာသားလက်မှတ် သွားလုပ်တယ်ဗျာ။ လက်ဗွေနှိပ် မှတ်တမ်းယူ ဘာညာတွေအားလုံးလုပ်တာ နေ့ဝက်လောက် ကြာတယ်။ မနက် ၉ နာရီလောက်က လုပ်တာ ညနေ ၃နာရီခွဲမှ ကတ်ပြားလေးထွက်လာတယ်။ တကယ်က နေ့လည် ၁၂ နာရီလောက်ကတည်းက ရသင့်တာ။ ပြီးတော့ ကျွန်တော့်မိန်းမ ရွာသူကြီးဆီမှာ ထောက်ခံစာသွားယူတာ သူကြီး အိမ်သာတက်နေလို့ ငါးမိနစ်ကြီးများတောင် စောင့်လိုက်ရတယ်။ အဲလိုဗျာ... နေရာဌာနတွေများ အလုပ်လုပ်တာမှာဖြင့်ဗျာ... ကြာလိုက်တာ ဒုံးပျံကတောင် အဖေခေါ်ရတယ်။ ကျွန်တော့် ကိုယ်တွေ့ပေါ့ဗျာ။

သူရဲ့ ကိုယ်တွေ့ကို ပြောပြီးတာနဲ့ အဲဒီလူငယ်က သူစိမ်းဧည့်သည်ကို လှမ်းကြည့်လိုက်တယ်။

လူစိမ်း။ ။ အာ... ယုံပါတယ်ဗျာ။ အဟုတ်ကို ယုံတာ... ဒီထက်မြန်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တော့တာ... ယုံတယ်ဗျာ။ ယုံတယ်။

ကျန်တဲ့လူငယ် လေးယောက်ကလည်း “ယုံတယ်” လို့ ပြောကြတယ်။ ဒါနဲ့ စတုတ္ထမြောက် လူငယ်ရဲ့ အလှည့်ကို ရောက်လာတော့တယ်။

လူငယ် (၄)။ ။ အင်း... ကျုပ်က ကိုယ်တွေ့တော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း အဟုတ်ပါဗျာ။ စာစောင်တွေ၊ စာရွက်တွေ၊ မီဒီယာတွေမှာ အတိုင်းသားကိုတွေ့နိုင်၊ ကြားနိုင်နေတာပါပဲဗျာ။ နိုင်ငံခြားက ကျောင်းသားတွေလည်း ခုဒီရွာထဲမှာ လမ်းသလားနေကြတာလည်း အားလုံးမြင်တဲ့အတိုင်းပဲ မဟုတ်ဘူးလားဗျာ။

လူစိမ်း။ ။ ဟုတ်လား... ဆက်ပါဦးဗျာ။

လူငယ် (၄)။ ။ အဟုတ်ပေါ့ဗျ... ခုဆို ကျုပ်တို့ရွာကြီးက တက္ကသီလာတွေ၊ စာသင်ကျောင်းတွေဟာဖြင့် နာမည်ကျော်လွန်းလို့ ဒီပြင့်ရွာတွေကတောင် လာတက်ရတာ...။ လာတက်ရဆို... ကျုပ်တို့ ရွာက ဘွဲ့ရ ပညာတတ် ဖြစ်မှလည်း ကမ္ဘာ့ရွာကြီးက အသိအမှတ်ပြုသလိုဖြစ်နေတာကိုးဗျ။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေက ထုတ်ပေးတဲ့ စာတီးဖီးကတ် (Certificate) လေးပဲ ရရ၊ ပညာဒါန သင်တန်းတွေက ပေးတဲ့ ထောက်ခံစာလေးပဲ ရရဆိုပြီး စတူးဒန့်ဗီဆာ (Student Visa) နဲ့ မရမက လာတက်နေကြတဲ့ ကျောင်းသားတွေကလည်း ပျားအုံ တုတ်နဲ့ ထိုးသလို ရွစိတက်နေ့တာသာ ကြည့်ကြတော့ဗျာ။ ကဲ... ဒါပဲ ကျွန်တော့်ပုံပြင်က။

သူလည်း ပြောပြီးတာနဲ့ ဧည့်သည် ရွာသားကို လှမ်းအကဲခတ်လိုက်တယ်။

လူစိမ်း။ ။ အဲ... ယုံတယ်ဗျာ... အရမ်းအရမ်းကို ယုံရပါတယ်။ ယုံချင်စရာ... အဲ... တကယ်ကို ယုံတာပါဗျာ။

ကျန်တဲ့ လူငယ်သုံးယောက်လည်း “ယုံတယ်” လို့ ပြောကြတယ်။ ဒါနဲ့ပဲ ဧည့်သည် ကိုလူစိမ်းရဲ့ အလှည့်ရောက်လာတာပေါ့ဗျာ။

လူငယ် (၁)။ ။ ကဲ... ခင်ဗျား အလှည့်ရောက်ပြီ။ မဟုတ်တရုတ်တော့ လုပ်မယ် မကြံနဲ့နော်...

လူစိမ်း။ ။ အင်းပါ... ကဲ… သေချာနားထောင် ဒီလိုဗျ ကျုပ်ပုံပြင်က...

လူငယ် (၂)။ ။ အင်း...

လူစိမ်း။ ။ ဒီလိုဗျာ... ဟိုး တိုတိုတုန်းကပေါ့...

လူငယ် (၃)။ ။ ဟိုးရှည်ရှည်က လုပ်ပါဗျာ...

လူစိမ်း။ ။ အာ... ခုဟာ သိပ်မဝေးသေးဘူးဗျ... ဒီတော့...

လူငယ် (၄)။ ။ ဟေ့လူ... ပြောစရာရှိသာ ပြောပါဗျာ... တိုတိုရှည်ရှည် အဓိက မဟုတ်ပါဘူး...

လူစိမ်း။ ။ အင်း... ဒီလိုဗျာ... သိပ်မဝေးသေးဘူးပေါ့ဗျာ... လူတစ်ယောက်ရှိတယ်။ သူက အထူး စပ်စုရေး ဌာနက အရာရှိပေါ့ဗျာ... တစ်နေ့ သူ့ဌာနကို တိုင်စာတစ်စောင်ယောက်လာတယ်။ သူတို့ရွာကြီးမှာ ကလိန်ကကျစ်မှုတွေ အတော်လေးထကြွနေတယ်လို့လည်း စာထဲမှာပါတယ်။ အဲဒါကို လုပ်နေတာက လူငယ်လေးယောက် ဆိုပဲ။

လူငယ်များ။ ။ အော်... ပြီးတော့...

လူစိမ်း။ ။ အဲဒီ လူငယ်လေးယောက်ဟာဖြင့် ယုံတမ်းပုံပြင်တွေ ပြောပြီး လူတကာကို ရိုက်စားလုပ်နေတယ် လို့လည်း သိရတယ်။ ဒါနဲ့ပဲ အဲဒီ လူငယ်လေးယောက်ကို ဖမ်းဖို့ အထူးစပ်စုရေး ဌာနက အရာရှိမင်းကိုယ်တိုင် ရွာထဲမှာ ခြေဆန့် လိုက်လာရတော့တယ်။ အဲလိုဗျာ... ပြီးတော့ အဲဒီ အရာရှိဆိုတာ တခြားသူ ဟုတ်ရိုးလား ကျွန်တော်ပဲပေါ့ဗျာ... ဟဲ... ဟဲ... ငှဲ... ငှဲ... ခု ခင်ဗျားတို့ကို ဖမ်းတယ်။ ပုံပြင်ပြောမှုနဲ့ ဒါပဲ... ယုံတယ်မဟုတ်လား ကျွန်တော်ပြောတာ...။

လူငယ်များ။ ။ အဲ... အီး... အား... အင်း...

..................................................................

ကဲ... ပုံပြင်လေးကတော့ ဒါပါပဲ။ ယုံယုံ မယုံယုံ အားလုံး ဟိုရောက်မှပဲ ရှင်းကြတော့ဗျာ။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...