Thursday, September 27, 2012

အဘွားကြီးသုံးယောက်နှင့် စကားပြောခြင်း


by မင်းလူ၏ ၀တ္တုတိုများ on Thursday, September 27, 2012 at 1:37am ·


    အိမ်မှာ ဟင်းကောင်းကောင်း မစားရတာ ကြာပြီ။
    ထမင်းဟင်း ချက်ပြုတ်သည့် တာဝန်ကို နှစ်ပိုင်းခွဲထားသည်။ တနင်္လာနေ့မှ သောကြာထိ အမေကချက်ပြီး စနေ၊ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်များတွင် လေးမေက ချက်ပါသည်။
    မည်သည့်မျက်နှာကိုမှ မထောက်ဘဲ ပြောရမည်ဆိုလျှင် ကျွန်တော်သည် လေးမေ၏လက်ရာကို အမေ့လက်ရာထက်ပိုပြီး ကြိုက်ပါသည်။
ဤသည်မှာ သဘာဝကျပါသည်။ အကြောင်းကား လေးမေသည် ကျွန်တော့်ဇနီးဖြစ်သောကြောင့်ပင်တည်း။
    တစ်ခါတစ်လေကျတော သူတို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်တတ်ကြသည်။ ထိုအခါ လက်ရာနှစ်ခုပေါင်းပြီး ဘာတွေမှန်းမသိ ဖြစ်သွားတတ်လေသည်။ လေးမေက ပဲငံပြာရည်ကိုအချိုချက်ထားသော ဟင်းကို အမေက ဂေါ်ရင်ဂျီမဆလာ အုပ်မိတာမျိုး။
    ကျွန်တော် လူပျိုဘဝတစ်လျှောက်လုံး အမေ့လက်ရာကိုပင် ခုံခုံမင်မင် စားခဲ့ရပါသည်။
သူငယ်ချင်းတွေကလည်း အမေဟင်းချက်ကောင်းကြောင်း ပြောခဲ့ဖူးပါသည်။
    ခုနောက်ပိုင်းတွင်အမေ့ဟင်းတွေက သိပ်မကောင်းတော့ပါ။ အသက်အရွယ်က ထောက်လာသောကြောင့် စိတ်ရှည်လက်ရှည် မချက်နိုင်တော့ခြင်းဖြစ်လိမ့်မည်။ ပြီးတော့ မျက်စိကလည်းမှုန်လာပြီ။ နနွင်းအထည့်များသွားသဖြင့် ဟင်းတစ်အိုးလုံး ဝါထိန်နေတာမျိုးတွေကြုံလာရသည်။
    နောက်တစ်ခုက ကျွန်တော်တို့အိမ်သည် ဧည့်သည်များတတ်၏။ ရပ်ဝေးဧည့်သည်တော့မဟုတ်။ ရပ်ကွက်ထဲကပင် လာကြခြင်းဖြစ်သည်။ အမေက ဈေးသွားဈေးပြန် လမ်းမှာတွေ့သော ဓမ္မမိတ်ဆွေများကို ထမင်းစားဖိတ်လာလေ့ရှိသည်။ သူတို့ကလည်း ဖိတ်ကြားချက်ကို အမြဲလိုလိုလက်ခံပြီး လာစားလေ့ရှိသည်။ ထို့ကြောင့် ထမင်းဟင်းကို ပိုပိုသာသာချက်ထားရသည်။ လူများများစားလို့ရအောင် အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးရတော့သည်။
    လေးမေကား အမှန်တကယ်ပင် ဟင်းချက်ကောင်းသူဖြစ်ခဲ့ပါသည်။ သမီးရည်းစားဘဝတုန်းက သူတို့အိမ်သို့ သွားသွားလည်ဖူးသည်။ ထိုအခါတွင် သူကကိုယ်တိုင်ချက်ပြုတ်ထားသော ထမင်းဟင်းများကို ကျွေးမွေးဧည့်ခံပါသည်။ တချို့မိန်းကလေးတွေလို ဘာတစ်ခုမှ ဟုတ်တိပတ်တိ မချက်တတ်ပါပဲလျက် အမေတွေ အစ်မတွေ ချက်ထားသည်ကို ကိုယ်ချက်သလိုလို လုပ်ပြီး ကျွေးတာမျိုးမဟုတ်ကြောင်း သေချာပါသည်။
    သူကိုယ်တိုင်ချက်ကြောင်း ကျွန်တော် သေသေချာချာ သိသည်။ သူ ချက်ပြုတ်နေပြီဆိုလျှင် ကျွန်တော်ကလည်း ဘေးမှာထိုင်၍ ငရုတ်သီထောင်းပေးခြင်း၊ ကြက်သွန်နွှာပေးခြင်းတို့ဖြင့် ကူညီခဲ့သောကြောင့်တည်း။
    အိမ်ထောင်ကျပြီးနောက်တွင်မူ သူ့လက်ရာများသည် တစ်စတစ်စညံ့၍လာလေတော့သည်။ ထို့ကြောင့် ကျွန်တော်က နင်ငါ့အပေါ် တဖြည်းဖြည်း အချစ်လျော့လာပြီထင်တယ်၊ နင်ချက်တဲ့ဟင်းတွေက အရင်လိုမကောင်းတော့ဘူးဆိုပြီး သမီးရည်းစားဘဝက လက်ရာများအကြောင်းကို တမ်းတမ်းတတပြောမိသည်။
    သူကလည်း...
    " လက်ရာကောင်းတယ်ဆိုတာ လူကချည်းကောင်းနေလို့ မပြီးဘူး၊ ပစ္စည်းကလည်းကောင်းဦးမှ၊ ဟိုတုန်းက သူကတစ်ပတ်မှ တစ်ခါလောက် အိမ်ကိုလာလည်တာ မဟုတ်လား၊ ပြီးတော့လည်း သိတဲ့အတိုင်းပဲလေ၊ သူကောင်းကောင်းစားရဖို့သာ စိတ်ထဲမှာ အဓိကထားတာကိုး၊ အကောင်းစားချက်ထားတာပေါ့ "
    " အေး အခုလည်း အဲဒီလို အကောင်းစားချက်ပေါ့ "
    " အမယ်၊ အဲဒီတုန်းက ချက်ပုံချက်နည်းမျိုးနဲ့သာ ချက်ရရင် တစ်နေ့ဆယ့်ငါးကျပ်နှစ်ဆယ် ကုန်မယ် သိရဲ့လား၊ အဲဒီလိုသာ စားနေရင် တစ်လတစ်လ ဆယ်ရက်လောက်ပဲ ခံမယ်၊ ကျန်တဲ့ရက်နှစ်ဆယ်က ဗိုက်မှောက်နေရမှာ "
    " မဟုတ်ဘူးလေ၊ နေ့တိုင်းလို့လည်း မဆိုပါဘူး၊ တစ်ခါတစ်လေပေါ့၊ နောက်ပြီး တစ်ရက်ရက်တော့ ငါ့ကို သမီးရည်းစားလို သဘောထားပြီး ချက်ကျွေးစမ်းပါဦး " ဟုအသနားခံလိုက်ရသည်။
    ဒီနေ့ကား ' တစ်ခါတစ်လေ 'ဖြစ်ပေသည်။
    အမေသည် ကျွန်တော်တို့ ကြီးဒေါ်ကြီး၏အလှူသို့ မနေ့ကတည်းကသွားနေသည်။ အိမ်မှာ ကျွန်တော်တို့လင်မယား နှစ်ယောက်တည်း။
    ကျွန်တော်က အိပ်ရာကနိုးသောအခါ လေးမေဈေးသို့ထွက်သွားနှင့်ပြီ ဖြစ်သည်။ သူပြင်ဆင်ပေးသွားသော နံပြားနှင့် လက်ဖက်ရည်ကို စားသောက်ပြီးနောက် သတင်းစာတစ်စောင်နှင့် နှပ်နေလိုက်သည်။
    အီသီယိုးပီးယားမှ ဒုက္ခသည်များအကြောင်း ဖတ်ရင်း လေးမေဘာတွေများ ဝယ်လာမလဲဟုလည်းတွေးလိုက်မိသေး၏။ သူက ဒီနေ့သမီးရည်းစား ဘဝတုန်းကလို ကောင်းကောင်းလေးချက်ကျွေးမည်ဟု ဆိုထားသည်မဟုတ်လား။
    သူကခြင်းတောင်းကလေးဆွဲပြီး တက်လာသောအခါ
    " ဘာရခဲ့သလဲ "
    ဟု ဆီးမေးလိုက်၏။
    " ရတောင့်ရခဲပဲဆရာ၊ ပုစွန်ထုပ်ကြီးတွေ ရလာတယ် "
    " ဟာ... ကောင်းတာပေါ့၊ စားချင်နေတာကြာပြီ "
    သူကဆက်ပြောသည်။
    " ဈေးကလည်းမသက်သာဘူး၊ လေးဆယ်တဲ့၊ အချိန်ကလည်း စီးလိုက်တာ။ လေးကောင်ကို သုံးဆယ်သားတောင်ရှိတယ်။ အဲဒါ ဆယ့်နှစ်ကျပ်ဖိုးပဲ "
    ကျွန်တော်က မကြားချင်ယောင်ဆောင်ပြီး သတင်းစာပြန်ဖတ်နေလိုက်သည်။ သူကဆက်လက်၍
    " ဗူးညွှန့်က တစ်ကျပ်ခွဲ၊ ခရမ်းချဉ်သီး အစိတ်သားက နှစ်ကျပ်မတ်တင်း၊ ပုဇွန်ခြောက်ရယ်၊ မြေပဲရယ်၊ ဆီပါနဲ့ဆို နှစ်ဆယ်ကျော်ဖိုးပဲ၊ ဒါတောင် ကြက်သွန်တို့ ငရုတ်သီးတို့က အိမ်မှာရှိပြီးသားမို့လို့... "
    ကျွန်တော်က အရေးမကြီးလေဟန်ဖြင့် ခေါင်းတစ်ချက်သာ ဆတ်ပြလိုက်သည်။ သူက ထွက်မသွားသေးဘဲ...
    " ကဲ... ဇိမ်ယူမနေနဲ့၊ ထလေ... "
    " ဘာလဲ "
    " ဘာရမလဲ၊ သူပဲ ဟိုတုန်းကလို ချက်ကျွေးရမယ်ဆို၊ ဒီလိုဆို သူလည်း ဟိုတုန်းကလို ဝိုင်းကူညီရမှာပေါ့လို့... "
    သို့ဖြင့် ကျွန်တော်လည်း သူချက်ပြုတ်နေသည့်နားတွင် တောက်တိုမယ်ရ ကူလုပ်ပေးရပါသည်။ စကားတပြောပြောနှင့် လုပ်ကြကိုင်ကြရာ ဆယ့်တစ်နာရီ သာသာလောက်တွင် အားလုံးပြီးစီးသွားလေသည်။
    ဗိုက်ကလည်း ဆာလာပြီ။ ခဏတစ်ဖြုတ်နားပြီး ရေချိုးကြ၏။ အကြောအခြင်တွေ လျှော့ပြီး လန်းဆန်းသွားသဖြင့် ပို၍ပင် ဆာလာသည်။ ထမင်းပွဲကို ကျကျနန လှလှပပ ပြင်ဆင်ပြီးလေပြီ။ ကြက်သွန်နီ အကွင်းလိုက် အုပ်ထားသော ပုစွန်ထုပ်ဟင်း၊ ခရမ်းချဉ်သီးသုပ်၊ ဗူးညွှန့်ဟင်းချို၊ အညာငါးပိထောင်း။ ထမင်းပွဲကိုကြည့်ပြီး သွားရည်ယိုလာသည်။
    " စားကြစို့... "
    ဟု သူကပြောသည်။ ထမင်းဝိုင်းမှာ ဝင်ထိုင်မည်အပြုတွင်...
    " ဆရာမကြီး၊ ဆရာမကြီး "
    ဟု အိမ်ရှေ့ကခေါ်သံကြားရ၏။ လေးမေနှင့်ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ လေးမေက ထသွားပြီး တံခါးဖွင့်သည်။
    " အမေလား၊ အလှူသွားတယ်၊ ဩော် ဟုတ်လား၊ လာလေ... "ဆိုသော လေးမေ၏အသံကို ကြားနေရ၏။
    အဘွားကြီးသုံးယောက်သည် အိမ်ထဲသို့ တန်းစီပြီးဝင်လာကြသည်။ ရှေ့ဆုံးက အမေ့ဆီအညာကုန်တွေ လာရောင်းနေကျ ဒေါ်မှိန်။ သူ့နောက်မှာ ရပ်ကွက်ထဲက ဒေါ်ပုလေး။ နောက်ဆုံးက အဘွားကြီးကိုတော့ ကျွန်တော်မသိ။
    " ဆရာမကြီးက အနှိပ်သည်ကောင်းကောင်း တွေ့ရင်ပြောဆိုလို့ ခေါ်လာတာ "
    ဒေါ်ပုက တတိယအဘွားကြီးနှင့် မိတ်ဆက်ပေးသည်။ လေးမေက...
    " ဩော်... ဟုတ်လား၊ အမေကတော့ ညလောက်မှ ပြန်ရောက်မယ်လို့ပြောတယ်... "
    " ဒါဆိုမောတာပဲ.."
    " ခဏတစ်ဖြုတ် နားကြဦးပေါ့၊ ဩော် ဒါနဲ့ ထမင်းကော စားပြီးကြပြီလား "
    " အင်း... "
    ဒေါ်ပုလေး ရေရွတ်လိုက်သော အင်းသည် စားပြီးပြီဆိုသည့် သဘောမဟုတ်။ အင်းရှည်ကြီးဖြစ်သည်။    
    " မစားရသေးရင်လည်း တစ်ခါတည်းဝင်စားလိုက်ပါလား "
    " စားကြပါ၊ စားကြပါ၊ ပြီးမှပဲ၊ အင်း..."
    " ရပါတယ်အဒေါ်ရဲ့... "     
    " ပြီးမှဆို အလုပ်ပိုနေပါဦးမယ်၊ တစ်လက်စတည်း ဝင်လိုက်မှပါ..."
    လေးမေနှင့် ဒေါ်ပုတို့ကြားတွင် ဒေါ်မှိန်က ဝင်၍ဖြေရှင်းပေးလိုက်သည်။
    ထမင်းပွဲကို သူတို့သုံးယောက် အတွက်ပါ ပြင်ဆင်လိုက်သည်။ ထမင်းကြမ်းတွေလည်း ရှိသေးသဖြင့် ထမင်းတော့လောက်လိမ့်မည်ထင်သည်။
    ဒေါ်ပုလေးနှင့် ဒေါ်မှိန်တို့သည် အိမ်မှာဝင်စားနေကျဖြစ်သဖြင့် နေသားတကျ ထိုင်လိုက်ကြ၏။ အနှိပ်သည် အဒေါ်ကြီးကတော့ မနေတတ် မထိုင်တတ် ဖြစ်နေသည်။
    ထမင်းဝိုင်းတွင် အားလုံးထိုင်မိကြပြီးမှ တစ်စုံတစ်ခုကို ကျွန်တော်စဉ်းစားလိုက်မိသည်။
    ပုစွန်ထုပ်ကြီးလေးကောင်ကိစ္စ။
    မူလအစီအစဉ်အရ လေးမေနှင့် ကျွန်တော် တစ်ယောက်လျှင် မနက်တစ်ကောင် ညတစ်ကောင်စီစားကြဖို့ဖြစ်သည်။
ခုတော့...
    ထုံးစံအတိုင်းဆိုလျှင် အိမ်ရှင်များဖြစ်သော ကျွန်တော်နှင့် လေးမေတစ်ယောက်က ဟင်းခွက်ကို စနှိုက်ရမည်။ ထိုအခါတွင် ဧည့်သည်များလည်းဖြစ်၊ လူကြီးများလည်းဖြစ်သော ထိုအဘွားကြီးသုံးယောက်ကို အရင်ဦးချရလိမ့်မည်။
    ဦးချရပြီဆိုကတည်းက ပုစွန်ထုပ်တွေကို ခပ်ထည့်ပေးရတော့မည်။ တစ်ပိုင်းစီဖဲ့ပြီး ထည့်ပေးလို့လည်းမကောင်း၊ တစ်ယောက်တစ်ကောင်စီ ထည့်ပေးလို့တော့ ဘယ်နည်းနှင့်မှ မဖြစ်။ သူတို့သုံးယောက်ကို သုံးကောင်ထည့်ပေးလိုက်လျှင် ကျွန်တော်တို့လင်မယား နှစ်ယောက်အတွက်တစ်ကောင်သာကျန်မည်။
    ထမင်းဝိုင်းသည် ငြိမ်သက်နေ၏။ မည်သူကမျှ စတင်မလှုပ်ရှားကြ။ ဒေါ်ပုလေးသည် ထမင်းတွေ အကြောင်းမဲ့ သက်သက်လက်ချောင်းကလေးများဖြင့် ထိုးဆွနေသည်။ ဒေါ်မှိန်က ထမင်းနည်းနည်းကိုပါးစပ်ထဲထည့်လိုက်သည်။ ကျွန်တော်လည်း မနေသာသဖြင့်...
    " ကဲ.. အဒေါ်တို့ ဟင်းတွေ ထည့်စားလေ အားမနာနဲ့ " ဟုပြောလိုက်ရသည်။ ခဏကြာသည်အထိအခြေအနေက ဒီအတိုင်း။
    ဒေါ်မှိန်က စတင်လှုပ်ရှားသည်။
    သူသည် လက်လှမ်းလိုက်သည်။ သူ့လက်၏လားရာကား ပုစွန်ထုပ်ပန်းကန်ဆီသို့။ ကျွန်တော်ထိတ်ခနဲ ဖြစ်သွားသည်။ သူ့လက်သည် ပုစွန်ထုပ်ပန်းကန်ပေါ်တွင် စက္ကန့်ဝက်ခန့်ဝဲပြီးနောက် လမ်းကြောင်းပြောင်းသွားသည်။ ခရမ်းချဉ်သီးသုပ် တစ်ဇွန်းခပ်သည်။ လေးမေ၏ သက်ပြင်းချသံ ခပ်သဲ့သဲ့ကိုကြားလိုက်ရသလား မသိ။
    ဒေါ်ပုလေးနှင့် အနှိပ်သည်ကြီးတို့ကလည်း တစ်ဇွန်းစီ ခပ်ထည့်သည်။ ကျွန်တော်တို့လည်း လိုက်ထည့်၏။
    ဒေါ်ပုလေး လက်လှမ်းပြန်သည်။ ဗူးညွှန့်ဟင်းချို ခပ်သောက်သည်။ ကျန်သူများက လိုက်သောက်ကြပြန်၏။
    ဤသို့ဖြင် ခရမ်းချဉ်သီးသုပ်၊ ဗူးညွှန့်ဟင်းချို၊ ငါးပိထောင်းတို့သာ တစ်လှည့်စီ ထည့်စားနေကြသည်။ ပုစွန်ထုပ်ပန်းကန်က အရာမယွင်း။ မည်သူမျှ မတို့သေး။
    ဒီအတိုင်းကြီး ကျပြန်တော့လည်း ကြည့်လို့မကောင်း၊ တစ်ခုတော့ လုပ်မှဖြစ်မည်။ ထိုအကျပ်အတည်းကို လေးမေက ဖြေရှင်းပစ်ရန် ဆုံးဖြတ်ချက်ချလိုက်ဟန်တူသည်။
    " ဟင်းတွေထည့်မစားကြပါလား "
    ပြောပြောဆိုဆို ပုစွန်ထုပ်တစ်ကောင်ကို ခပ်လိုက်သည်။ အနှိပ်သည်ကြီးသည် လေးမေကို ဖြတ်ကနဲ ကြည့်လိုက်၏။ လေးမေ၏လက်သည် အလွန်အရေးကြီးသော ပစ္စည်းတစ်ခုကို မပြီးရွှေ့နေသော ဝန်ချီစက်မောင်းတံ တစ်ခုလိုဖြည်းညင်းစွာ ရွေ့လျားနေသည်။
    ဒေါ်ပုလေး၏ပန်းကန်ဆီသို့။
    ဒေါ်ပုလေးသည် ခေါင်းငုံ့၍ ထမင်းနယ်နေရာမှ သူ့ပန်းကန်နားသို့ ဇွန်းအရောက်တွင်...
    " မထည့်နဲ့သမီး၊ ကြီးကြီး သက်သက်လွတ်စားတယ် "
    ခရမ်းချဉ်သီးသုပ်ထဲတွင်လည်းကောင်း၊ ဗူးညွန့်ဟင်းချိုထဲတွင် လည်းကောင်း၊ ကျွန်တော်ကိုယ်တိုင် ထောင်းထားသော ပုဇွန်ခြောက်တွေပါသည်ကို သတိရမိသည်။
    လေးမေသည် သူ့လက်ကို ဒေါ်မှိန်၏ ပန်းကန်ဘက်သို့ ရွှေ့သွားပြန်သည်။ ဒေါ်မှိန်ကလည်း
    " အဒေါ်ချောင်းဆိုးနေလို့ကွယ် မတည့်ဘူးထင်တယ်... " ဟုပြောပြန်သည်။ လေးမေ၏လက်ရွှေ့သွားပြန်၏။ အနှိပ်သည်ကြီးသည် ချီတုံချတုံ ဖြစ်နေပုံရသည်။ ကျွန်တော်ကားရင်တဖိုဖို။ သူသည် တံတွေးကို မြိုချလိုက်ပြီး...
    " ဟိုဒင်း... အင်း... ကျုပ်သွားနာနေလို့..."
    ဇွန်းကိုင်ထားသော လေးမေ၏ လက်သည် ငါးမျှားတံကို သုတ်လိုက်သလို ဆတ်ခနဲ ရုတ်သိမ်းလိုက်သည်။ ပုစွန်ထုပ်ကြီးကို ကျွန်တော့်ပန်းကန်ထဲသို့ အလျင်အမြန် ထည့်ပေးလိုက်၏။
    ထမင်းဖြူများပေါ်တွင် ရဲခနဲဖြစ်သွားသည်။ ပုစွန်ခေါင်းကိုဖဲ့လိုက်သည်။ အထဲမှာ အဆီတဝင်းဝင်း။ အသားကတော့ဖွေးနုနေသည်။
    ကျွန်တော်သည် ပုစွန်ခေါင်းကိုစုပ်လိုက်သည်။ လက်ကြားထဲမှ ပုစွန်ဆီတွေ စီးယိုကျလာသည်။ ထိုအခိုက် အနှိပ်သည် အဒေါ်ကြီးနှင့် မျက်လုံးချင်းတစ်ချက်ဆုံမိ၏။
    လည်ချောင်းထဲက နင်သလိုဖြစ်လာသည်။

                                                   ဒဂုန်မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၈၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...