Sunday, September 30, 2012

အတိမ်းအစောင်းမခံတယ့် မြန်မာ့နိုင်ငံရေး


by Ven Ravika on Saturday, September 29, 2012 at 8:13pm 

လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်က တပ် မငြိုငြင်ဖို့၊ သိန်းစိန်အစိုးရ အမြင်ကြည်ဖို့၊ တိုင်းရင်းသားတွေ ယုံကြည်ဖို့ အချိန်အဆမှန်မှန်နဲ့ ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရတယ်လို့ ဆိုရမယ်။ အတိမ်းအစောင်းခံလို့ မဖြစ်ပါ။

ဘွင်ဘွင်ပြောရယင် တပ်က အခုထိ ဣနြေ္ဒရရ ရှိနေပါတယ်။ တပ်က ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ကို ကိုင်ထားပြီး လွှတ်တော်မှာလည်း ၂၅ ရာခိုင်နှုန်း ရှိနေလို့ ဘယ်ပြုပြင်ပြောင်းလဲရေးကိုမဆို တပ်က သဘောတူမှပဲ လုပ်နိုင်မှာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စာရေးသူတို့ ကြိုက်တာ မကြိုက်တာ သူမစဉ်းစားအားပါ။ ၂၀၁၅ ခုမတိုင်မီ တပ်ကို စည်းရုံးနိုင်ဖို့ သူ့အတွက်ရော တိုင်းပြည်အတွက်ပါ အင်မတန်မှ အရေးကြီးတယ်။


နယူးယောက်မြို့ရောက် သမ္မတသိန်းစိန်ကို အပြေးအလွှား သွားတွေ့တယ့် ဒေါ်အောင်ဆန်းစုကြည်နေရာကို ဝင်ကြည့်ပါ။ ဖို့ဝိန်းမြို့ကို သူ တန်ဖိုးထားတယ်။ တခဲနက်ကြိုဆိုမှုကို ရခဲ့တယ်။ မိသားစုနဲ့ ဝေးကွာနေရတယ့်သူအတွက် ဒါတွေက အားအင်တွေပါပဲ။ ရှေ့ခရီးကို ဆက်သွားဖို့ ဒီလိုထောက်ခံမှုတွေ လိုအပ်ပါတယ်။ သမ္မတသိန်းစိန်ကို တွေ့ရတော့ သူက ဂုဏ်ယူနေတယ့်ပုံစံပါပဲ။ မောင်လေးရေ အမ အောင်မြင်ခဲ့တယ်လို့ ကလေးလေးတစ်ယောက်လို ပြောနေသလိုပါပဲ။

သမ္မတသိန်းစိန်ကို အပြေးအလွှား သွားတွေ့တာဟာ အကြောင်းရှိပါတယ်။ သမ္မတသိန်းစိန်ဟာ သူ့လောက် ပေါ်ပြူလာမဖြစ်ပါ။ သူ့လောက်လည်း စွဲဆောင်မှု မရှိပါ။ ဒီဗွီဘီနဲ့ လုပ်တယ့် အင်တာဗျူးမှာ သမ္မတသိန်းစိန်က နာဂစ်မုန်တိုင်းအကြောင်းကို ထည့်ပြောသွားတယ်။ အကဲခတ်တွေက ဝန်ကြီးချုပ်သိန်းစိန်ဘဝကတည်းက ပြုပြင်ပြောင်းလဲရေးစိတ် ကိန်းအောင်းနေခဲ့ပြီလို့ ယူဆကြပါတယ်။ လက်ရှိပြုပြင်ပြောင်းလဲရေးမှာ သမ္မတသိန်းစိန် အစပြုခဲ့တယ့်လုပ်ငန်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ပြောပြခဲ့ပါတယ်။ ဒီတော့ ဒီပြုပြင်ပြောင်းလဲရေး အရှိန်ကောင်းဖို့ သမ္မတသိန်းစိန်လည်း ထောက်ခံမှုတွေ ရှိဖို့ လိုတယ်။ ဒါကို ပြည်သူအချို့က သိတယ်၊ နိုင်ငံခြားတိုင်းပြည်အချို့က သိတယ်၊ ကုလသမဂ္ဂလည်း သိတယ်။ အသိဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။

လူထုခေါင်းဆောင်နဲ့ သမ္မတတို့ နီးနီးကပ်ကပ် ရှိနေပုံကို စိတ်အဝင်စားဆုံး ဖြစ်နေသူတွေကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ သူတို့က ဒီချုပ်ကို အကောင်းမြင်ခဲ့သူများဖြစ်ပြီး ပြည်ခိုင်ဖြိုးကို တပ်ရဲ့အရိပ်လို့ သိထားကြတယ်။ သူတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်က သိန်းစိန်အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံလေ သံသယပိုရှိလေ ဖြစ်တယ်။ အထူးသဖြင့် တိုင်းရင်းသားခေါင်းဆောင်တွေက လက်ရှိတိုင်းရင်းသားပြဿနာဟာ လွှတ်တော်ပြင်ပမှာ ဖြေရှင်းရမယ့်ပြဿနာလို့ မြင်နေပြီး သမ္မတသိန်းစိန်က လွှတ်တော်တွင်းမှာ ဖြေရှင်းလို့ရတယ်လို့ မြင်နေခြင်းဖြစ်တယ်။ ဒေါအောင်ဆန်းစုကြည်က လွှတ်တော်ချီးမွမ်းခန်း ဖွင့်နေတာကို သူတို့ သဘောမကျကြပါ။

တပ်ကလည်း လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေကို စစ်မှန်ဘီလူးနဲ့ အဝေးကနေ လှမ်းပြီး အကဲခတ်နေမှာပါ။ အခြားလက်နက်ကိုင်အဖွဲ့များဖြစ်တယ့် တိုင်းရင်းသားအဖွဲ့အစည်းများကလည်း ဒီခေါင်းဆောင်နှစ်ဦးတို့ရဲ့ ရွေ့လျားမှုတွေကို စကင်ဖတ်နေမှာပါ။ အခြေအနေက နည်းနည်းတိမ်စောင်းသွားနဲ့ အဆိုပါနှစ်ဖွဲ့က ဝုန်းဒိုင်းကြဲတော့မှာမို့ပါ။ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ ဒီနှစ်ဖွဲ့အပေါ်မှာ မူတည်နေမှာမို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတသိန်းစိန်တို့အနေနဲ့ အတိမ်အစောင်းခံလို့ မဖြစ်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...