ကျွန်မ နှလုံးသားနန်းတော်ကို သိမ်းပိုက်စိုးမိုးသွားသူ
တစ်ညလုံး ဂျူတီဝင်ထားရတာမို့ ကြိမ်းစက်နေတဲ့ မျက်လုံးတွေက အိပ်ချင်စိတ်တွေဆီကိုသာ တွန်းပို့ နေခဲ့ပါသည် ။ ဂျူတီထွက်ဖို့မိနစ်ပိုင်းသာ လိုတာမို့ ပြန်ဖို့ ပြင်ဆင်နေချိန်မှာ
* ပန်းလေး ရေ ဆရာဦးမိုးမြင့်က သူရုံးခန်းကို ခဏ လာခဲ့ပါအုံးတဲ့ကွယ် * ဆိုတဲ့ အပြာဝတ်သူနာပြု ဆရာမကြီး အန်တီအေး အသံထွက်ပေါ်လာပါသည်။ အာ ..သွားပါပြီ ။ အဆောင်မပြန်ရသေးဘူးပေါ့ ။
စိတ်ရှုတ်ထွေး နောက်ကျိသွားသောမျက်နှာလေးဖြင့် အန်တီအေးကို အသာယာ ခေါင်းညိတ်ပြလိုက် မိပါသည်။ ပန်းလေး အိပ်ချင်နေတာကိုသိနေတဲ့ အန်တီအေးက ချော့ပြုံးလေး ပြုံးပြပြီး ထွက်သွား ပါတော့သည်။ အော် ..ဘ၀တွေရယ် အိပ်ချင်တာလည်း မအိပ်ရ ။ ကိုကိုယ့်နဲ့ သူများစိတ် ဆိုတာ ငါလို ဘ၀မျိုးတွေ ထင်ပါတယ်လေ။
*ဟူးးးးးးးးးးး* ဆိုတဲ့ လေပူတစ်ချက်ကို မှုထုတ်ကာ ဆရာ အခန်းဆီသို့ ဦးတည်လျှောက်လှမ်း လာခဲ့ပါတော့သည် ။ ဆရာ အခန်းရှေ့ရောက်တော့ ဆရာအခန်းတံခါးကို အသာယာ တွန်းဖွင့် ၀င်လာခဲ့ပါသည်။
*အယ် ...ဆရာအခန်းထဲ ဧည့်သည်ရှိနေတာဘဲ ...တောင်းပန်ပါတယ် ဆရာ ။ ပန်းလေးက ဆရာခေါ်နေတယ်ဆိုတာနဲ့ တံခါးမခေါက်တော့ဘဲ တန်းဝင်လာလိုက်တာပါ *
*ရတယ် ပန်းလေး ဆရာက သမီးကို စောင့်နေတာကွယ့် ။ ဒီဧည့်သည်ကလည်း သမီးကို စောင့်နေတဲ့သူဘဲလေ*
*ရှင့် .....သမီးကို စောင့်နေတာ ဟုတ်လား ဆရာ *
* ဟုတ်တယ် သမီးရေ သမီးကို စပယ်ရှယ်နာ့(စ်) ငှားချင်လို့လေ ။ ဒီက မောင်ကြယ်စင် မိခင်က လေဖြန်းပြီး အိပ်ယာထဲ လဲနေတယ်လေ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကဘဲ ဆေးရုံကဆင်းသွားတာပါ။ ခု မောင်ကြယ်စင်မင်းက အရေးတကြီး နိုင်ငံခြား ခရီးစဉ်တစ်ခု ပေါ်လာတာနဲ့ စိတ်ချရတဲ့ ဆရာမကို ငှားချင်တယ်ဆိုလို့ ဆရာက သမီးကို မျက်လုံးထဲ ပြေးမြင်လိုက်လို့ပါ ။ သမီး လူနာကည်း မနက်ဖြန်ဆိုဆင်းရတော့မှာဆိုတော့ လေ။ သမီးဆို နေ့ကော ညပါ နေပေးလို့ရမယ်လို့ ထင်လိုက်လို့ပါကွယ်။ နောက်ဆရာက သမီးကို လုပ်ပေးဖို့အကူညီတောင်းတယ်ဆိုရင်လည်း မမှားပါဘူးကွယ် *
* အယ်...ဆရာကလည်း မဟုတ်တာ ပန်းလေးကို ဒီလောက်ပြောဖို့ မလိုပါဘူး ။ ပန်းလေးက ဆရာတပည့်ပါ ။ ဆရာမိတ်ဆွေဘဲ ပန်းလေး ကူညီပေးမှာပေါ့ ။ နောက်တစ်ခု ပန်းလေးကတောင် ကျေးဇူးတင်ရမှာပါဆရာ ။ ပန်းလေးက အလုပ်ရတာလေ
**ကဲ..ဒါဆိုရင်တော့ အဆင်ပြေပြီ မောင်ကြယ်စင်မင်းရေ *
*ကျွန်တော်မေမေကို စောင့်ရှောက်ပေးမယ်ဆိုလို့ အရမ်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ ကျွန်တော်က တစ်လလောက်ကြာမယ်ထင်တယ်။ ကျွန်တော်ကိုယ်စား မေမေကို သေချာလေးတော့ ဂရုစိုက်ပေးပါဆရာမရယ် ။ မနက်ဖြန်ဆို ကျွန်တော်က သွားပြီလေ။မနက်ဖြန်ဆရာမ လာတဲ့အခါ ကျွန်တော်နဲ့ ဆုံချင်မှ ဆုံပါလိမ့်မယ် ။ အိမ်မှာက မေမေရယ် ကျွန်တော်ရယ် အိမ်ဖော် မတုတ်ရယ်ကားဒရိုင်ဘာ ကိုသန်းစိုး ရယ်ဘဲရှိကြပါတယ် ။ အိမ်မှာ ကျန်တဲ့သူတွေကို ကျွန်တော် သေချာမှာခဲ့ပါ့မယ်။ ဆရာမ အလုပ်ကျသင့်ငွေကိုတော့ ခုတစ်ခါတည်း ရှင်းပေးခဲ့ပါ့မယ်နော် *
*ဟုတ်ကဲ့ ကျွန်မ သေချာ ဂရုစိုက်ပါ့မယ်ရှင်။ ခုလို အလုပ်အပ်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် *တစ်ချိန်လုံးညိမ်နေတဲ့ သူက ခုမှ အသံထွက်လာပါတော့သည်။ သူအသံကြားမှ ကြယ်စင်မင်းဆိုတာကို သေချာ ကြည့်လိုက်မိပါတော့သည် ။ အိုး.......တော်တော်ကို စမတ်ကျတဲ့ သူပါလား ။ ယောကျာင်္းပီပီတတနဲ့ အရမ်းကို ကြည့်ကောင်းလွန်းစွာ လူကြီးလူကောင်းဆန်လွန်းပါသည်။ စကားပြောတာက အစ တည်တည်ကြည်ကြည်နဲ့ သူအသံထဲမှာ ဆွဲဆောင်မှုအမိန့်သံတစ်ခု ပါဝင်စီးမျောနေပါတယ်။ပန်းလေးထက်တော့ ကြီးမယ့်ပုံပေါက်ပါသည်။ အိုး...ငါဘာတွေ လျှောက်တွေးနေမိပါလဲ ။ သူတာ ကာမပိုင် မိန်းမရှိသူတစ်ယောက်တာဆို ငါငရဲကြီးရော့မယ် ။ အိပ်ချင်နေတဲ့ စိတ်တွေ ဘယ်ကိုရောက်ကုန်ပါလဲ ။ ဟီးးးးးးးးးး တစ်ယောက်ထဲ စိတ်ထဲက ကြိတ်ပြုံးရင်းဆရာကြီးကိုကော သူကိုပါ နှုတ်ဆက်ကာ အဆောင်သို့ ပြန်လာခဲ့ပါသည်။
အဆောင်ရောက်တော့ ခုန အိပ်ချင်နေတဲ့ စိတ်တွေက ပြန်လည်နှိုးထလာကြပါသည်။ မျက်လုံးတွေရဲ့ အလိုအရ အိပ်ယာပေါ်အသာယာလဲလျောင်းလိုက်စဉ်မှာဘဲ မျက်လုံးတွေက ဆန္ဒပြည့်ဝသွားကြဟန်တူပါတယ် ချက်ချင်းအိပ်ပျော်သွားပါတော့သည်။ ညနေလောက်မှာတော့ ဆန္ဒပြည့်ဝသွားတဲ့ မျက်လုံးအစုံက အိပ်ရေးဝစွာ နိုးထလာကြပါသည်။ မျက်လုံးအစုံ ဖွင့်လိုက်တယ်ဆိုရင်ဘဲ ပထမဆုံး ပေါ်လာတဲ့ ပုံရိပ်တစ်ခုက ကြယ်စင်မင်းဆိုတဲ့ လူရဲ့ပုံဖြစ်နေပါတော့သည်။ အိုးးးးးးးးးးး ရှက်လိုက်တာ ။ ဘယ်သူမှ မသိပေမယ့် ပန်းလေးရဲ့ကိုယ်စောင့်နတ်ကတော့ သိနေမှာဘဲလေ ။ ဘာဖြစ်ရတာလည်းကွာ ။ တစ်ကြိမ်လေးဆုံလိုက်ရတဲ့ ယောကျာင်္းတစ်ယောက်ကို ပန်းလေးလို သိက္ခာတရားကို ကိုးကွယ်တန်ဖိုးထားသူတစ်ယောက်က ဘာဖြစ်လို့ တစ်ခါမြင်လိုက်ရတာလေးနဲ့တင် ခုလို ဖြစ်နေရတာလဲ။လုံးဝကို မဖြစ်သင့်ဘူး။ အယ် ...ခုလိုလေး တွေးမိနေချိန်မှာတောင် ပန်းလေး ရင်တွေ အဆင်မတန်ခုန်နေပါလား ။ ဟာ..ဒီခံစားချက်ကြီးက အချစ်ဆိုတာကြီးလား....ဟင်အင် ပန်းလေး မချစ်ချင်ဘူး မချစ်ပါရစေနဲ့ ဒီခံစားချက် ဒီဖီလင်ကြီးကို ပန်းလေး ခံစားပါရစေနဲ့ရှင် ။ပန်းလေး တို့ဘ၀တွေက စိတ်ကူးယဉ်ခံစားဖို့ အခွင့်ရေးမပေးပါဘူး ။ သူနဲ့ မဆုံခင်အချိန်ထိ မခံစားမိအောင် ထိန်းနေခဲ့တာမဟုတ်ခဲ့ပေမယ့်ဘယ်သူကိုမှလည်း ရင်မခုန်ခဲ့ပါဘူး ။ ခုန် မယ့်ခုန်တော့လည်း မဆီမဆိုင် အသိုင်းဝိုင်းက သူတစ်ယောက်ကိုမှတက်ခုန်ရတယ်ရှင်။ တော်တော် အလိုက်ကန်းဆိုးမသိတဲ့ ရင်ခုန်သံဘဲနော် ။
မနက်မိုးသောက်အာရုံရောက်တာနဲ့ အ၀တ်အိတ်လေးကို ဆွဲကာ ရင်ခုန်သံပိုင်ရှင်လေးရဲ့ အငွေ့အသက်တွေ ရှင်သန်နေရာ သူအိမ်လေးကို ပန်းလေး ရောက်လာခဲ့ပါသည်။ သူမရှိနေဘူးဆိုတာ ကြိုတင်သိနေပေမယ့် သူအိမ်ဆိုတဲ့ အသိတစ်ခုက ကျွန်မရင်ကို နွေးထွေး လှိုက်မောစေပါသည် ။ ကျွန်မရင်ထဲက သူကို နာမည်လေး တစ်ခုကို တိတ်တခိုးလေး ကင်းပွန်းတပ်ပေးထားမိပါသည်။ * ကိုကို * တဲ့လေ ။ကိုကို မေမေက ဖော်ရွေသဘောကောင်းသူတစ်ဥိးပါ ။ နေမကောင်းနေပေမယ့် အပြုံးချိုချိုတွေက အန်တီမေ မျက်နှာပေါ်မှာ ပျောက်ကွယ်မသွားပါဘူး ။ ကိုကို မေမေနာမည်က အန်တီမေဇင်လေ။ ပန်းလေးကတော့ အားလုံးခေါ်သလို အန်တီမေလို့ဘဲခေါ်ပါသည်။ ကိုကို ကအန်တီမေနဲ့ တော်တော်ကို တူပါသည်။ ကိုကိုကအန်တီမေကို သိပ်စိုးရိမ်သလို အန်တီမေကလည်း ကိုကို ကို အရမ်းကို ချစ်ပါသည်။ ကိုကိုအကြောင်းတွေ ပြောပြနေရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ဆိုသလိုမျိုးပါပဲ ။ နေ့ရော ညပါ အန်တီမေနဲ့ တူတူနေရတာမို့ အချိန်ကာလတစ်ခုမှာဘဲ ပန်းလေး နဲ့ အန်တီမေ တော်တော်လေးကို ရင်နှီး သံယောဇဉ်ရှိနေကြပါပြီ ။ ကိုကို ရေ ကြာလာလေ ကိုကို ဆိုတဲ့ လူတစ်ယောက်ကို ကျွန်မ မြတ်နိုးစွဲလန်းလာလေဖြစ်နေပြီ။ တစ်ကြိမ်တစ်ခါတည်းနဲ့ ကိုကိုက ကျွန်နှလုံးသားနန်းတော်ကို သိမ်းပိုက်စိုးမိုးသွားခဲ့ပါအပြီ ကိုကို ။ အချစ်ဆိုတဲ့ ခံစားချက်ကို ခံစားမိပြီဆိုတာနဲ့ လူတိုင်းက ကိုယ်ပိုင် အဓိပ္ပါယ် လေးတွေ သတ်မှတ်ဖွင့်ဆိုတတ်ကြပါသည်။ကိုကို့ ကို ချစ်မိသွားတဲ့ ပန်းလေး ရဲ့ အချစ် အဓိပ္ပါယ် ဖွင့်ဆိုချက်လေးကတော့ အချစ်ဆိုသည်မှာ
တွေ့ဆုံမှု အကြိမ်အရေတွက်တွေ မလိုအပ်ပါ ။
အချိန်ကာလတွေ မလိုအပ်ပါ ။
သတ်မှတ်ချက် စံထားချက်တွေ မပါဝင်ပါ။
အချစ်ဆိုသည်မှာ မထင်မှတ်တဲ့ အချိန်ကာလတစ်ခုမှ မထင်မှတ်လောက်အောင် သိပ်ချစ်သွားတတ်ပါသည်
ဧည့်ခန်းမှာ ချိတ်ထားတဲ့ ကိုကို ပုံကြီးကို စိုက်ကြည့်ရင်း ပါးပြင်ပေါ် မျက်ရည်တွေ တသွင်သွင် စီးကျလာပါသည်။ ကိုကိုရေအချိန်တန် အိမ်ပြန်ဆိုတဲ့ စကားလေးလို ပန်းလေး အိမ်ပြန်ရတော့မယ်နော်။ ပန်းလေး ကိုကို မျက်နှာလေးကိုတော့နောက်တစ်ကြိမ်လောက် တွေ့သွားပါရစေရှင် ။ ဘယ်တော့မှ ဘယ်ချိန်မှ ပြန်ဆုံစရာ အကြောင်းမရှိတော့တဲ့ ပန်းလေး ကိုကိုကိုနောက်ဆုံးအနေနဲ့ ဖြစ်ဖြစ် ပန်းလေး တွေ့ခွင့်ရပါစေ နော် ။ ကလေး တစ်ယောက်လို ဓာတ်ပုံကြည့်ကာတစ်တွတ်တွတ်တောင်းဆိုနေမိပါသည် ။ ပန်းလေး ရူးများနေပြီလား ။ မဖြစ်နိုင်တာတွေကို တမ်းတလွန်းနေပြီလား ။ မဟုတ်ရပါဘူး ။ပန်းလေး နှလုံးသားလေးက သူဘာသူ လွတ်လပ်စွာ ချစ်မိသွားတာပါ ကိုကို ။
ဒီလိုနဲ့ ကိုကို ပြန်ရောက်တဲကနေ့ ပန်းလေးက အိမ်ပြန်ရတဲ့ နေ့လေးဖြစ်ခဲ့ပါသည်။ ကံကြမ္မာက သနားလိုတဲ့ ပန်းလေး အိမ်အပြန်ခရီးကိုကိုကို ကိုယ်တိုင် လိုက်ပို့ပေးစေခဲ့ပါသည် ။ ပန်းလေး ပြန်တော့ အန်တီမေက မျက်ရည် အ၀ဲသားနဲ့ ကျန်ခဲ့ရှာပါသည်။ ဆေးရုံကဆင်းထဲက အခြေနေတော်တော် ကောင်းနေပြီ ဖြစ်တဲ့ အန်တီမေက ပန်းလေးရဲ့ စေတနာပါပါ ပြုစုဂရု စိုက်မှုတွေ အောက်မှာ လူကောင်းပကတိပြန်ဖြစ်လာခဲ့ပါသည်။ အိမ်ကို မကြာကြာလာလည်ဖို့ တတွတ်တွတ် မှာရင်း လက်ပြနှုတ်ဆက်ကျန်ခဲ့သူမှာ မျက်ရည်စတွေနဲ့ဖြစ်သလို ကားပေါ်ပါလာတဲ့ ပန်းလေးပါးပြင်မှာလည်း မျက်ရည်တွေနဲ့ပါ ။ အန်တီမေက ပန်းလေးကို ခွဲ့ရလို့ ခံစားရလို့ကျတဲ့ မျက်ရည်စတွေဖြစ်သလို ပန်းလေးကတော့ အန်တီမေကို ခွဲရခြင်းကော ချစ်ရသူ ကိုကို ကို ခွဲခွာရခြင်းကော ပေါင်းစုံ ကျဆင်းလာသော မျက်ရည်တွေက ပါးပြင်ပေါ်မှာ နေရာ အပြည့်ပါပဲ ။ ပန်းလေး ကိုကြည့်ပြီး ကိုကို လည်း စိတ်မကောင်းနေပုံရပါသည်။ တစ်လမ်းလုံးနှုတ်ဆိတ်နေလာပေးပါသည်။ အဆောင်ရောက်တော့မှဘဲ ကိုကို ဆီက စကားသံထွက်လာပါသည်။
* ကျေးဇူး အရမ်းတင်ပါတယ် ဆရာမ ...မေမေကို ခုလို ဂရုစိုက်ပေးတဲ့အတွက် ။ မေမေနဲ့ ဆရာမကို ကြည့်တာနဲ့ မေမေ အပေါ် ဆရာမဘယ်လောက်ထိ ဂရုစိုက်ခဲ့တယ်ဆိုတာ သိစေ မြင်စေပါတယ် ။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားနဲ့ တောင် မလုံလောက်နိုင်ပါဘူး ။ဆရာ အချိန်ရတဲ့အခါတွေမှာ မေမေ ဆီကို လာလည်ပေးပါနော် ။ မေမေက သံယောဇဉ်အရမ်းကြီးတတ်တယ် ။ အိမ်မှာ တစ်ယောက်ထဲနေနေရတောာ့ အဖော်မျှော်နေတာလေ *
* ဟုတ်ကဲ့ပါ အန်တီမေကို ပန်းလေး အရမ်းချစ်ပါတယ် . ပန်းလေး အားတဲ့ အချိန်တွေ လာလည်ပါ့မယ် ။ ပန်းလေးကို ခွင့်ပြုပါအုံးရှင် *ဆိုတဲ့နှုတ်ဆက်စကားသံလေးနဲ့ အတူ အ၀တ်လေးဆွဲကာ ကိုကို့ ကို ကျောခိုင်းကာ အဆောင်ထဲသို့ ၀င်လာခဲ့ပါတော့သည် ။ ကိုကိုရေ ကျော်ခိုင်းထားပေမယ့် ပန်းလေး နှလုံးသားတွေကို ကိုကို ကို လှည့်ကြည့်နေကြပါတယ်ရှင် ။ အချစ်ဆိုတဲ့ ခံစားချက်နဲ့ ပူးတွဲ ပါလာတတ်တဲ့ အလွမ်းဆိုတဲ့ ဝေဒနာကလည်း တော်တော် ခံရဆိုးစေတာဘဲနော် ။
ကိုကို လွမ်းရင်း အလုပ်တွေကို မနားမနေ ကြိုးစားလုပ်နေခဲ့ပါသည်။ ဖြစ်နိုင်ရင် အားလုံးကို မေ့ထားချင်သည် ။ ဘယ်လောက်ဘဲမနားမနေ အလုပ်တွေ လုပ်နေပါစေ ကိုကို လွမ်းတဲ့ ခံစားချက်လေးကတော့ တိုးဝင်လာနေတတ်ပါသည် ။ အန်တီမေကိုသတိရနေပေမယ့်ဝေဒနာတွေ မတိုးပွားအောင် ကြိတ်မှိတ်နေခဲ့ပါသည် ။ ညစဉ်တိုင်း ငိုနေမိတာ ပန်းလေး ခေါင်းအုံးလေးကသက်သေပါပဲ ကိုကို ။ ပြန်တွေ့ချင်တယ် ကိုကို ရယ် ။ လောကဓံ ဆိုတာကို ရင်ဆိုင်နိုင်ခဲ့သူ ပန်းလေးက အချစ်ဆိုတဲ့ အရာနဲ့ကြမှ ဒူးထောက်အရှုံးပေးနေရပြီ ကိုကို ။ အလုပ်က နွမ်းနယ်စွာ ကိုကို့ ကို လွမ်းတဲ့ စိတ်တွေကို ရင်ဝယ်ပိုက်ရင်း လေးလံသော ခြေလှမ်းတွေနဲ့ ဆေးရုံကနေ အဆောင်သို့ ပြန်ရောက်လာခဲ့ပါသည်။ စိတ်နဲ့ လူ ဘယ်လောက် မကပ်လိုက်သလဲဆို ဧည့်ခန်းကဖြတ်ချိန်မှာတောင် ဘယ်သူကိုမှ မမြင်မိ မကြည့်မိပါဘူး ။ ပန်းလေး နာမည်ကို ခေါ်သံကြားလိုက်မှ လှမ်းနေတဲ့ ခြေလှမ်းတွေရပ်တံ့သွားပါတော့သည်။ ခုမှ ကြည့်မိပါတော့သည် ။ ဧည့်ခန်းမှာ ထိုင်နေကြသောသူများ .... အိုး ဟုတ်ရဲ့လား ..မဖြစ်နိုင်တာကိုယ်လက်ဖျားကို မသိမသာ ဆိတ်ဆွဲကြည့်လိုက်မိတဲ့ အထိ အံ့သြမှင်သက်နေမိပါသည်။ ကိုကို ၊ အန်တီမေ ၊ ဆရာ လူစုံပါပဲ။
* ဆရာတို့ အန်တီမေတို့ ပါလား ။ အန်တီမေကို ပန်းလေး သတိရနေတာ *ပြောလည်းပြော အန်တီမေ ဘေးနားကို ချက်ချင်းရောက်သွားမိပါသည်။
* တွေ့မှ ချွဲမနေပါနဲ့ ။ အန်တီမေမှာတော့ ဘယ်နေ့များ လာလည်မလဲလို့ မျှော်လိုက်ရတာ ညဉ်းလေးကတော့ နေနိုင်တယ်နော် *
* မဟုတ်ပါဘူး အန်တီမေရယ် ။ ပန်းလေး လူနာတွေ ဆက်တိုက်စောင့်နေရလို့ပါ ။ အန်တီမေကို အရမ်းကို သတိရနေတာပါ *
*ဟုတ်ပါပြီ။ နောက်မှ အလွမ်းသယ်ကြပါနော်....ခုလာရင်းကိစ္စလေးကို ပန်းလေးကို ပြောပြလိုက်အုံးမယ်ဗျို့ *ဆရာကြီးပြောမှ လာရင်းကိစ္စဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်ရှိသွားပါတော့သည်။
* ဆရာတို့လာရင်းကိစ္စကတော့ ပန်းလေးကို ခွင့်တောင်းစရာ ရှိလို့ပါ ။ အမှန်ဆို ဒီခွင့်ပြုချက်မျိုးက ပန်းလေး မိဘအုပ်ထိန်းသူတွေဆီမှာ ပြောရမယ့်စကားတွေပါ ။ ပန်းလေးက မိဘတွေလည်းမရှိတော့ဘူးဆိုတော့ ပန်းလေး မိဘအနေနဲ့ အန်တီမေက ဆရာဆီမှာပန်းလေးကို တောင်းရမ်းပါတယ်ကွယ် ။ အန်တီမေက သူသားကို ပန်းလေးနဲ့ နေရာ ချထားပါရစေတဲ့ *
*ရှင် *ပန်းလေး ကိုယ်နားကိုယ်ပင် မယုံနိုင်လောက်အောင်ပါပဲ ။ ဒါကြီးက တဂယ်ကြီးလား ။ သူကို လှမ်းကြည့်တော့ ပန်းလေးကို ပြုံးပြီးစိုက်ကြည့်နေပါသည်။
အိုးးးးးးးးးးး ပန်းလေး ရှက်လိုက်တာ ။ လုံးဝကို မထင်မှတ်ခဲ့ မမျှော်လင့်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ ။ ရင်တွေ ခုန်နေတာ သေတောင်သွားမလားထင်ရပါတယ် ကိုကို ရယ် ။ ဘာပြန်ပြောရမှန်းမသိအောင် အရမ်းကို မှင်သက်သွားစေပါသည်။ ဆရာကဆက်ပြောလာပါသည် ။
* ပန်းလေး ရုတ်ရက်ဆိုတော့ တော်တော်လေး အံ့သြနေတယ် ထင်တယ် ။ ပန်းလေး အချိန်ယူစဉ်းစားပါနော် ။ ပန်းလေး အဖြေရပြီဆို ဆရာဆီကို အကြောင်းပြန်ပါနော် *
* ဟုတ်ကဲ့ ပါ ဆရာ ပန်းလေး စဉ်းစားပါရစေအုံးနော် *အန်တီမေက ပန်းလေး ပုခုံးလေးကို ညင်သာစွာ ဖက်ထားပါသည်။ ပန်းလေးကို စိုက်ကြည်ကနေတဲ့ သူမျက်လုံးတွေက စကားတွေအများကြီးပြောနေသလိုပါပဲ ။ အန်တီမေတို့ ပြန်သွားတဲ့အထိ ပန်းလေး ရှော့မိနေသလို မှင်သက်နေမိဆဲပါ ။ ဒါကြီးက တကယ်လား။အရေးကြီးဆုံးက ကိုကို ကကော ပန်းလေးကို ချစ်လို့လား ။ အန်တီမေ သဘောတူလို့ အန်တီမေ စိတ်ချမ်းသာအောင် လိုက်လျောတာလား။ ဒါမျိုးဆိုရင်တော့ ပန်းလေး ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး ကိုကို ။ ပန်းလေး အတွေးတွေနဲ့ ချာချာလည်နေစဉ် ပန်းလေးထိုင်နေတဲ့ ခုံရဲ့မျက်နှာချင်းဆိုင်ခုံပေါ်ကနေ အသံလေး ထွက်လာပါသည် ။ ဖုန်းသံလေးပါ ။ ဖုန်းလာတာ မထူးဆန်းပေမယ့် ဖုန်းသံလေးက အင်မတန်ကို ထူးဆန်းနေပါသည် ။
* ပန်းလေး ကို အရမ်းချစ်တယ် .... ပန်းလေးကို အရမ်းချစ်တယ် *ဆိုတဲ့ ကိုကို အသံက ဆက်တိုက်ကို မြည်နေပါတယ် ။ ဖုန်းလေးကို ကိုင်လိုက်ချိန်မှာတော့
* ပန်းလေးကို ကိုကို အရမ်းချစ်တယ်ဆိုတာ မပြောခဲ့ရလို့ ဖုန်းဆက်လိုက်တာ ပါ ပန်းလေး *
* အို *
*တကယ်ပြောတာပါ ပန်းလေး ..ကိုကို ကို လက်ထပ်ဖို့ စဉ်းစားတဲ့ အခါ ပန်းလေးကို ကိုကို သိပ်ချစ်တယ်ဆိုတဲ့ အချက်လေးကျန်နေမှာ ဆိုးလို့ ပါ ပန်းလေး *
* ဟုတ်ကဲ့ ပန်းလေး ထည့်စဉ်းစားလိုက်ပါ *ဖုန်းလေးကိုလည်း ပိတ်လိုက်ပါတော့သည်။ ကိုကို ရယ် ပန်းလေး ပျော်လို့ သေတော့မယ်ရှင့် ။ ကံကြမ္မာက သိပ်ချစ်ဖို့ကောင်းလိုက်ပုံများကိုကို ကို့ ပိုင်ဆိုင်ခွင့်ရတဲ့ အပြင် ကိုကို အချစ်တွေကိုပါ ထပ်လောင်းဖြည့်စွတ်ပေးလိုက်ပါသေးသည်။ ကျေးဇူးတင်ပါတယ် ရှင်။လှတယ်ဆိုတာထက် သိပ်ကို ရှင်းသန့်ပြီးချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ဆေးရုံပေါ်မှာ စတွေ့မိလိုက်စဉ်ထဲကဒီကောင်မလေးက ငါလက်ထပ်မယ့် မိန်းကလေးလို့ သေချာစွာ ဆုံးဖြတ်ထားခဲ့မိပါသည်။ မေမေကိုလည်း ပြောပြခဲ့ပါသည်။ မေမေ ဆေးရုံတက်တဲ့ 2ပတ်အတွင်း ကောင်းမလေးကို ပိုင်ဆိုင်လိုစိတ်တွေက ပိုလို့ ပြင်းထန်လာခဲ့မိပါသည်။ နောက်ဆုံး မေမေဆေးရုံကဆင်းတာနဲ့ မေမေနဲ့ သဘောတူညီချက်ယူတာ ကောင်မလေးကို မေမေနားကို ခေါ်ကာ မေမေကို လေ့လာစေခဲ့ပါသည်။ဦးလေး ဆရာဝန်ကြီးရဲ့ တပည့်မလေးဖြစ်နေတာမို့ အစစအဆင်ပြေစေခဲ့ပါသည်။ အနီးကပ်လေ့လာကြည့်လိုက်ပြီး မေမေဆီက အမှတ်ပြည့်အောင်ကြောင်း ထောက်ခံချက်ရလိုက်ချိန်မှာတော့ သူမလေးက ကျွန်တော် သတို့သမီးလေးဆိုတာ သေချာသွားစေခဲ့ပါသည် ။ သူမလေးမှာ ချစ်သူမရှိသေးဘူးဆိုတဲ့အချက်ကလည်း ကျွန်တော်အတွက် ပိုလို့အားတက်စေခဲ့ပါသည်။ ကောင်မလေးကိုကျွန်တော်သေချာ ပိုင်ဆိုင်ရမယ်ဆိုတာကို သိခဲ့ရတဲ့နေ့လေးကတော့ သူမလေးကို လွမ်းလို့ အိမ်ကို တိတ်တဆိတ်ပြန်လာတုန်းကျွန်တော် ပုံကိုကြည့်ပြီး စကားတွေ ပြေနေခဲ့တဲ့ ကောင်မလေး နှုတ်ဖျားကထွက်ကျလာတဲ့ အချစ်ဖြောင့်ချက်တွေကြောင့်သူဟာ ကျွန်တော် သတို့သမီးလေးဆိုတာ အတိကျသေချာသွားစေခဲ့ပါသည်။ သူမလေးကို ကျွန်တော် ဘယ်လောက်ထိချစ် မြတ်နိုးခဲ့တယ် ၊ တန်ဖိုးထားခဲပတယ်ဆိုတာလေးတွေကို တစ်နေ့မှာတော့ ကောင်မလေးသိအောင် ပြောပြရအုံးမယ် ။* ကိုကို * ဆိုတဲ့ ခေါ်သံလေးတစ်ခုကို အရူးမူး တမ်းတ်နေခဲ့တယ်ဆိုတာကိုလည်း ထည့်ပြောပြရမယ် ။ ဘယ်အချိန်မှာလည်းဆိုတော့ ပထမ သက်ဦးလေး မွေးတဲ့ နေ့လေးမှာပေါ့ ။
တွေ့ဆုံမှု အကြိမ်အရေတွက်တွေ မလိုအပ်ပါ ။
အချိန်ကာလတွေ မလိုအပ်ပါ ။
သတ်မှတ်ချက် စံထားချက်တွေ မပါဝင်ပါ။
အချစ်ဆိုသည်မှာ မထင်မှတ်တဲ့ အချိန်ကာလတစ်ခုမှာ မထင်မှတ်လောက်အောင် သိပ်ချစ်သွားတတ်ပါသည်
ခိုင်လေး (ရွှေတောင် )
0 comments:
Post a Comment