Monday, September 3, 2012

နေရာတိုင်းမှာ အကြီးမှူး





ဘုရားလောင်းတော်သည် ဘယ်ဘ၀ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် များသောအားဖြင့်
ဦးဆောင် ဦးရွက် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်တာများသည်၊
ပါရမီနုစဉ်အခါက တိရစ္ဆာန်ဘ၀မှာပင် ခေါင်းဆောင်ကောင်း ပီသရင်း
သူတစ်ပါးအတွက် ကြည့်သူဖြစ်သည်၊ နောက်ဆုံး ယုန်မင်းဘ၀မျိုးကဲ့သို့ အသက်ပါ
ပေးလှူရဲခဲ့သည်၊ ရွေဟင်္သာမင်းဘ၀၊ ငုံးမင်းဘ၀၊ ဆင်မင်းဘ၀ကဲ့သို့
ခေါင်းဆောင်းကောင်းပီသခဲ့သည်။

တစ်ခါက ဘုရားအလောင်း ဆင်ဘ၀တစ်ခုမှာ ဖြစ်ခဲ့ဖူးသည်။ မုဆိုးတစ်ယောက်သည်
ဆင်၏ ဆင်စွယ်၊ အသွား၊ အသား တိုကို့ လှီးဖြတ်ရောင်းချ၍
အသက်မွေးဝမ်းကြောင်းပြုနေစဉ် ဘုရားအလောင်းပါသော ဆင်အုပ်ကြီးသည်
ပစ္စေကဗုဒ္ဓါကို မြင်လျှင် ရှိခိုးလေ့ရှိသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအခြင်းအရာကို မြင်သော မုဆိုးသည် တစ်နေ့တော့ သင်္ကန်းများ
တစ်ကိုယ်လုံးလွှမ်းခြုံပြီး ပစ္စေကဗုဒ္ဓါဟန်ဆောင်၍ လမ်းမှာ ထိုင်နေသည်။
ထိုသင်္ကန်းသည်လည်း ပစ္စေကဗုဒ္ဓါတစ်ပါး ရေအိုင်တစ်ခုမှာ ရေချိုးနေတုန်း
ခိုးယူအပ်သော သင်္ကန်းဖြစ်သည်။ ဆင်အားလုံးကလဲ ပစ္စေကဗုဒ္ဓါအထင်နှင့်
ရှိခိုးဦးတိုက်သွားသည်၊ မုဆိုးသည်လည်း ထိုဆင်အုပ်၏ နောက်ဆုံးလိုက်လာသော
ဆင်တိုင်းကို တစ်နေ့တစ်ကောင် လှံဖြင့်ထိုးသတ်သည်။ ဒီလိုနဲ့ တနေ့သောအခါ
ခေါင်းဆောင်ဖြစ်သော ဘုရားအလောင်း ဆင်သည် သူ၏ နောက်လိုက်နောက်ပါ ဆင်အုပ်
တဖြည်းဖြည်း ယုတ်လျော့လာနေသည်ကို သိသောအခါ သူ၏နောက်လိုက်ဆင်များကို
မေးသည်၊ ဘယ်သူမှ မသိဟု ဖြေကြသည်။ တနေ့တော့ ဘုရားအလောင်း
ဆင်ခေါင်းဆောင်သည် ပစ္စေကဗုဒ္ဓါ အယောင်ဆောင်ကို မြင်သောအခါ သံသယဖြစ်၍
ဒီပုဂ္ဂိုလ်ကို ဖန်းဖို့ရန် ဆင်အားလုံး၏ နောက်ဆုံးမှ လိုက်လေတော့သည်။
မုဆိုးလဲ ထုံးစံအတိုင် နောက်ဆုံးဆင်ကို လှံဖြင့် ပစ်လိုက်ရာ
ဘုရားလောင်းဆင်သည်လည်း သတိအမြဲရှိနေသောကြောင့် ထိုလှံကို
ရှောင်လွဲနိုင်ခဲ့သည်။ မုဆိုးလဲ ကြောက်အားလန့်အားနဲ့
သစ်ပင်တစ်ပင်၏ဘေးတွင် ပုန်းအောင်းနေသည်ကို ဘုရားလောင်းသိနေသည်၊
ဘုရားအလောင်းသည်လဲ ဒီမုဆိုးကို သစ်ပင်ရော လူရော နှာမောင်းဖြင့်
ရစ်ပတ်ပြီး ပေါက်သတ်မည်ဟု စိတ်အကြံဖြစ်လိုက်သေးသည်။ သို့သော်လဲ သင်္ကန်းကို
မြင်လိုက်သောအခါ များစွာသော ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်အားလုံးတို့၏
အရှက်ရစေရာရောက်တော့မည်ဟု အတွေးဝင်လာပြန်သည်။ ထို့ကြောင့်ပင် မုဆိုးအား
မသတ်တော့ဘဲ ဆိုဆုံးမလွတ်လိုက်သည်။ ဤကား ဘုရားလောင်း၏ တစ်ခုသော ဆင်ဘ၀က
ကျင့်ဝတ်ဖြစ်သည်။ ဘုရားအလောင်း ဘုရားဖြစ်လာသောအခါ ထိုမုဆိုးသည်
ရှင်ဒေ၀ဒတ်လာဖြစ်သည်၊ တော်တော်များများ ဘ၀တွေမှာ အရှင်ဒေ၀ဒတ်သည်
ဘုရားရှင်၏ ဆန့်ကျင်ဘက်မှာ အမြဲရှိခဲ့သလို အရှင်သာရိပုတ္တရာ၊
အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာစသော တပည့်ကြီးများသည်လည်း
ဘုရားရှင်နှင့် ဘ၀အဆက်ဆက်မှာ ဘုရားရှင်၏ဘက်တော်သားအဖြစ်
တွေ့ဖူးကြုံးဖူးသူများဖြစ်ကြသည်။ ထို့ကြောင့် တပည့်ကြီးများလဲ
တိရစ္ဆာန်ဘ၀များစွာ ကျင်လည်ခဲ့ရသည်ကို သိသာထင်ရှားသည်။

ဘာပဲဖြစ်ဖြစ် ဘုရားအလောင်းတော်သည်ပင် ဤမျှလောက် တိရစ္ဆာန်များ
ဖြစ်ဖူးခဲ့လျှင် စာရေးသူတို့ သာမန်လူသားများဆိုရင်ကား ဘယ်လို
အနိမ့်စားတိရစ္ဆာန်တွေတောင် ဖြစ်ခဲ့မလဲ မသိနိုင်။ သံသရာတကွေ့ကွေ့မှာတော့
ဖြစ်ဖူးမှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ဘုရားအလောင်းတော်၏ ပါရမီနုစဉ်က
တိရစ္ဆာန်ဘ၀ပင်ဖြစ်လင့်ကစား သူတော်ကောင်းစိတ် အပြည့်ရှိသည်ကို အားကျ
ကြည်ညိုနိုင်သလို စာရေးသူတို့သာမန်လူများသည်လည်း မရေမတွက်နိုင်သော
တိရစ္ဆာန်ဘ၀များ ဖြစ်ခဲ့ရသည် နောင်လဲ မဖြစ်နိုင်၏ အာမမခံနိုင်သေးသည်ကို
သတိ သံဝေယူနိုင်ကြရန် ဘုရားအလောင်း တိရစ္ဆာန်ဘ၀ဖြစ်တော်စဉ်များက
သင်္ခန်းစာပေးသည်။



စာရေးသူ မှီသလောက် စုစည်းပြီး တင်ပြထားပါသည်။ ပြည့်စုံလုံလောက်မည်ဟူ၍ကား မယူဆပါ။



ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...