ဆိတ်ငြိမ်မှုကို ခွဲခြားရာတွင်
by Zay Ya on Thursday, September 13, 2012 at 7:29pm
A: ဆိတ်ငြိမ်မှု အစစ် နဲ့ ဆိတ်ငြိမ်မှု အတု - ဘယ်လို ကွာသလဲ။
B: ဆိတ်ငြိမ်မှု အတု က အမြဲတမ်း အားစိုက်ထုတ် နေမှ ရရှိတာ ဖြစ်ပါတယ်။ အားစိုက်ထုတ် ပြီးတဲ့ နောက်မှ တိတ်ဆိတ် သွား တဲ့ အဖြစ်ကိုသာ ရတယ်။ အဲ့လိုနဲ့ ရရှိတဲ့ တိတ်ဆိတ်မှုဟာ ဆိတ်ငြိမ်မှု စင်စစ် မဟုတ်ပါဘဲနဲ့၊ ဆိတ်ငြိမ်တယ် လို့ သတ်မှတ်လိုက်တော့တယ်။
စင်စစ် - တိတ်ဆိတ်တာ နဲ့ ဆိတ်ငြိမ်တာ နဲ့လည်း မတူဘူး။ တိတ်ဆိတ် တဲ့ အဖြစ်ဟာ - အလိုအလျောက် မရောက်လာဘူး။ တကယ်လည်း အပြင်ပန်း တိတ်ဆိတ်နေတဲ့ အဖြစ်ဟာ - မိမိ စိတ်အတွင်း သန္တာန် ထဲ မရောက် ဘူး။ ဒါပေမယ့် အသံ အားလုံး ငြိမ်ဝပ်ပြီး ၊ အတွင်းဘက်ဆီ ထိ တိုးဝင် - ဆိတ်ငြိမ် သွားအောင် မိမိ ဘာသာ "ဖန်တီး" ယူ ပစ်လိုက် တယ်။ အပြင်မှာ တိတ်ဆိတ် နေ၊ မိမိ ခန္ဓာ ငြိမ်သက်ဟန် ရှိနေပေမယ့် - အတွင်းမှာ - မိမိရဲ့ ဆူညံနေတဲ့၊ တချပ်ချပ် မြည်ကြွေးနေတဲ့ စိတ် ကစဥ့်ကလျား ဖြစ်စဉ်တွေ ရှိတယ်။ အဲ့ဒါတွေ အားလုံး ကို ဖိနှိပ် ထားနေရတယ်။ အဲ့ဒီ အခြေအနေ အားလုံးဟာ ဆိတ်ငြိမ်မှု စင်စစ် မဟုတ်တဲ့ အချိန်မှာ ဖြစ်တည်ပါတယ်။ ဒါ့ကြောင့်လည်း ဆိတ်ငြိမ် နေပါတယ်လို့ အမည်တပ် ထား တဲ့ အဲ့ခဏမှာ ခင်ဗျား မရယ်မောနေနိုင်ဘူး။ ခင်ဗျား ရင်ထဲ ရွှင်လန်း မနေနိုင်ဘူးရယ်။ အဲ့သလို ဆိတ်ငြိမ်မှု မျိုးကို ဆိတ်ငြိမ်မှု အတု လို့ ကျနော် ခေါ်ဆို ပါတယ်။
ဆိတ်ငြိမ်မှု အစစ် ကတော့ အားစိုက်ထုတ် စရာ မဟုတ်ဘူး။ အားစိုက်ထုတ်နေလို့ လည်း မရဘူး။ အလို အလျောက် ရောက်လာ ပါတယ်။ ပြုပြင် စရာ ဖန်တီး စရာ မဟုတ်ဘူး။ သိမြင်မှုရဲ့ နောက်ကွယ်ကနေ - အစဉ်အမြဲ ကိန်းဝပ် လာပြီးသားပဲ။ အပေါ်ယံကြော မှာ ဝဲလှည့် နေတဲ့ အရာ မဟုတ် ဘူး။ ပတ်ဝန်းကျင် အမြင် အပေါ် မမှီခို ဘူး။ မိမိ ရင်တွင်း အဆုံးထဲထိ သက်ရောက်ပါစေတော့ လို့ လုပ်ယူ စရာ မလိုပါဘူး။ မိမိ ရဲ့ ဆိတ်ငြိမ်မှု စင်စစ် အတွက် မိမိ ရင်တွင်း၊ နှလုံးတွင်း ကိုသာ လျိုးဝင် ကြည့်နိုင်ပြီး၊ မိမိသာလျင် အကောင်းဆုံး သက်သေ အဖြစ် ရှိနေ တယ်။
ဒါ့ကြောင့် ဝေဒကျမ်းတွေမှာ -
"ဆိတ်ငြိမ်မှု စင်စစ် ဟာ အသံတွေ တိတ်ဆိတ်နေတာ မဟုတ်ဘူး။ဆိတ်ငြိမ်မှု စင်စစ် မှာ အသံ ရှိတယ်။ဘာ အသံလဲ လို့ မေးဦးမလား၊ဆိတ်ငြိမ်သံ ကိုယ်၌က အထူးခြားဆုံး အသံ ဖြစ်တယ်"
လို့ ဆိုပါတယ်။
ဆိတ်ငြိမ်မှု အစစ် မှာ ခင်ဗျား ကြည်လင်အေးမြတဲ့ သန္တာန် အပြည့်အဝ ရှိတယ်။ ဒါ့ကြောင့်လည်း - ဆိတ်ငြိမ်မှု အတုနဲ့ မတူဘဲ၊ ခင်ဗျား ရယ်မောနေနိုင်တယ်။ ချမ်းမြေ့တဲ့ မိမိ အဖြစ် က မိမိ သန္တာန် ထဲ - လက်ယပ် ခေါ်စရာ မလိုဘဲ၊ အလိုလို ကိန်းအောင် ရောက် တယ်။ ကပွဲ ထဲမှာ၊ ဆူညံ ပွက်လော ရိုက်နေတဲ့ ဝန်းကျင် တစ်ခွင် မှာ၊ အစည်းအဝေး ခန်းမမှာ၊ ရုန်းရင်းဆန်ခတ် အများစု တွေရဲ့ ကြားမှာ - ဆိတ်ငြိမ်မှုက မပျောက် မပျက် ရှိနေ နိုင်တယ်။ တကယ် စင်စစ် ဆိတ်ငြိမ် တဲ့ အခါ အထင်ရှားဆုံး မိမိ သန္တာန်ဟာ - ဘယ်အတွေး၊ ဘယ်အကြောင်းအရာ တွေနဲ့မှ ယောက်ယက်ခတ် မနေဘူးပဲ။
.......................
Real Silence and False Silence.
.......................
Sept 13th 2012 at 4:17 PM
.......................
0 comments:
Post a Comment