ပိုလှတဲ့နေ့ရက်များသို့
by မိုးကြာညို မိုး on Saturday, April 28, 2012 at 8:43am
နှစ်ဆန်းပိုင်းကာလအတွင်း ကျွန်မရဲ့သူဋ္ဌေးမက အဲဒီစကားပြောလာလို့ တော်တော်လေးစိတ်ညစ်သွား မိပါသည်။ အဲဒါကျွန်မရဲ့အိပ်မက်မဟုတ်ဘူးလေ။ သူ့အိပ်မက်ပဲ။ ကျွန်မကိုဘာလို့အဲဒီလိုလာပြောရတာလဲ။ ကျွန်မရဲ့ အကျင့်ကိုသူသိပါသည်။ ကျွန်မကအကျိုးသင့်အကြောင်းသင့် မပြောသမျှ သူများခိုင်းတာလုပ်တတ်သူ မဟုတ်ဘူး ဆိုတာ သူသေချာသိနေပါသည်။
သူမဤကဲ့သို့ပြောသည့်အတွက် ကျွန်မခေါင်းထဲမှာ အရင်နှစ်ရဲ့ ရောင်းအား အခြေအနေ၊ လက်ရှိဈေးကွက်အခြေအနေတို့ကို မလွှဲမရှောင်သာ တွက်ဆရမည်ဖြစ်သောကြောင့် စဉ်းစား စိတ်ကူးမှုများသည် ဦးနှောက်နောက်ပိုင်းရဲ့ လှုပ်ရှားမှုသာရှိတော့မည်ဖြစ်သည်။ ထိုကြောင့် ဦးနှောက်ရှေ့ပိုင်း လုပ်ဆောင်မှုဖြစ်သည့် အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှု၊ စိတ်ကူးအိပ်မက်များနှင့် တီထွင်နိုင်စွမ်းရည်တို့ ဖြစ်ပေါ်လာဖို့ရန် ဝေးကွာသွားရပါတော့မည်။ ကျွန်မအနေနှင့်မူ ဤအခြေအနေ ဖြစ်လာပါက
“ကိုယ့်ရဲ့စိတ်ကူးကတော့ ညို့ရဲ့ ရောင်းအားကို ၃၀% မြှင့်တင်စေချင်နေတယ်။ ဒီနှစ်အတွက် မင်းရဲ့ အိပ်မက်ကရောဘာများလဲ? မင်းရဲ့အိပ်မက်နဲ့ ကိုယ့်ရဲ့စိတ်ကူးကိုဘယ်လိုပေါင်းစပ်ကြည့်လို့ရမလဲ? အဲဒီ အတွက် မင်းကိုကိုယ်ဘယ်လိုကူညီရမလဲ?။ ကိုယ်တို့ပန်းတိုင်တွေတူညီအောင်ညှိကြည့်ရအောင်။”
ကဲ အဲလိုဆို ကျွန်မဘယ်လောက်ပျော်ရွှင်လိုက်မလဲလေ။ အရောင်းနှုန်းတိုးသွားတိုင်း ကျွန်မရမယ့် ကော်မရှင်နဲ့ ဘောနပ်စ်တိုးသွားမယ်ဆိုတာ ကျွန်မနားလည်ပါသည်။ Maslow’s Theory အလိုရ
စားဝတ်နေရေးပြေလည်မှု၊ ဘ၀လုံခြုံရေး၊ လူမှုဖူလုံရေး၊ မြတ်နိုးလေးစားတန်ဖိုးထားမှု၊ မိမိကိုယ်ကိုကျေနပ်မှု လို့ အဆင့်ငါးဆင့်ခွဲပြထားတဲ့ စိတ်ဓါတ်မြှင့်တင်ရေးပိရမစ်ကြီးမှာ ကျွန်မအနေနဲ့ တတိယဆင့်ကို လွန်မြောက်ခဲ့ ပြီလို့ပြောလို့ရပြီဖြစ်သည်။ ကော်မရှင်တိုးရုံ၊ ဆုကြေးငွေတိုးရုံနဲ့ ကျွန်မဒီအလုပ်ခွင်မှာပျော်မွေ့မှာ၊ စွမ်းစွမ်း တမံလုပ်ဆောင်လိမ့်မှာမဟုတ်ပါဘူး။ ကျွန်မရဲ့အရည်အချင်း နဲ့ ရပ်တည်မှုကို တန်ဖိုးထားအသိအမှတ် ပြုရုံလေးနဲ့တင်ဒီလုပ်ငန်းခွင်မှာပျော်ရွှင်နေမှာပါ။
ဟုတ်ပါတယ်။ လူတိုင်းလူတိုင်းဟာ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေကြရပေမယ့် ကိုယ့်ရဲ့ လုပ်ဆောင်မှုနဲ့ဖြစ်တည်မှုကိုတော့ အသိအမှတ်ပေး ဂုဏ်ပြုစေလို ကြမှာပါ။ သို့ပေမယ့် ကျွန်မတို့ကိုယ်တိုင် အပါအ၀င် တော်တော်များများက အမှတ်ပေးရမယ့်အရာထက် အမှတ်လျှော့ရမယ့်အရာကို အလွယ်တတူ မြင်တတ်ကြပါသည်။ ဥပမာ ကလေးတစ်ဦးရဲ့ ပညာရည်စစ်တမ်းထွက်လာပြီဆိုပါတော့။ အမှတ်၉၀ကျော် ၄ဘာသာရပေမယ့် သူအားနည်းတဲ့ တစ်ခုတည်းသော ဘာသာရပ်မှာတော့ အမှတ် ၆၀ကျော်လောက်သာ ရရှိခဲ့သည်ရှိသော် မိဘများအနေနှင့် အမှတ်၉၀ကျော်ရရှိသည့်ဘာသာရပ်များအတွက် ချီးကျူးစကားအရင် ပြောမည့်အစား အမှတ်၆၀ကျော်သာရရှိသည့် တခုတည်းသောဘာသာရပ်အတွက် အရင်ဦးဆုံးအပြစ်တင်တတ် ကြပါသည်။ အမှတ်၉၀ကျော်ရသည့်ဘာသာရပ်များအတွက် ချီးကျူးလိုက်ပါက ကလေးအနေနှင့် အဘယ်မျှ ၀မ်းသာပျော်ရွှင်သွားမည်ကို မှန်းဆကြည့်နိုင်ပါသည်။ အမှတ်၉၀ကျော်ရသည့်ဘာသာရပ်များအတွက် ချီးကျူး ဂုဏ်ပြုလိုက်ခြင်းသည် ကျန်တစ်ဘာသာအတွက် တိုးတက်ရာပြေလည်ကြောင်းအဖြေမရှာခြင်း မဟုတ်သည်ကို မေ့လျော့နေတတ်ကြပါသည်။
ထို့အပြင် မိမိ၏ဆန္ဒသဘောထား၊ မိမိလိုဘကိုပဲ ပြည့်အောင်ဖြည့်ဆည်းပေးစေချင်ကြပြီး တပါးသူရဲ့ အတွေးအမြင်၊ ဆန္ဒ၊ စိတ်အားထက်သန်မှုတို့ကိုမေ့လျော့ထားတတ်ကြသဖြင့် ထင်သလောက် ပေါက်မြောက် အောင်မြင်မှု မရရှိနိုင်ခြင်းမျိုးလဲ မကြာခဏကြုံတွေ့တတ်ရပါသည်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံတွင် ဆယ်တန်းဖြေပြီးပါက အမှတ်အားဖြင့်သတ်မှတ်ပြီး အသက်မွေးဝမ်းကျောင်းဘာသာရပ်များ၊ ပညာရပ်ဆိုင်ရာ ဘာသာရပ်များ ခွဲပေးပြီးတက်ရောက်ကြရပါသည်။ မိဘများကလဲ မိမိသားသမီးများ အမှတ်ကောင်းကောင်း ရပါက ကလေးအနေနှင့် စီးပွါးရေးပညာရပ်ကို မည်မျှစိတ်ဝင်စားနေသည်ဖြစ်စေ ဆေးတက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်စသည်ဖြင့် တက်ရောက်စေကြပါသည်။
ဥပမာပေးပါရစေ။ ကျွန်မ၏ အကိုအရင်းသည် သစ်တော ဆိုင်ရာပညာရပ်များအား အလွန်အမင်းဝါသနာထုံသော်လည်း မိဘများဖြစ်စေချင်၊ ဆန္ဒရှိသည့် ဆေးပညာ တက္ကသိုလ်သို့တက်ရောက်ခဲ့ရပါသည်။ ဆေးကျောင်းတွင်လဲ စာမေးပွဲကျခြင်း၊ ပြန်လည်ဖြေဆိုရခြင်းများ အလျဉ်းမရှိခဲ့သလို စာတော်ပြီးပညာချွန်သည့် ကျောင်းသားစာရင်းတွင်ပါဝင်ခဲ့သည်။ သူ့အနေနှင့် သစ်တော ပညာရပ်အားဝါသနာပါသော်လည်း မိဘများအားငဲ့ကွက်သဖြင့် ဆေးကျောင်းတက်ခဲ့ရကြောင်း ဘွဲ့ယူသည့် နေ့တွင်မှ မိသားစုစုံညီပြောပြသဖြင့် ကျွန်မတို့မိခင်မှာဖြေမဆည်နိုင်ဖြစ်ခဲ့ရသည်။ သို့သော် ယခုလက်ရှိတွင်မူ ဆေးရုံဆရာဝန်အဖြစ်အမှုထမ်းရင်း တဖက်ကလည်း စီးပွါးရေးလုပ်ငန်းအလတ်စား တစ်ခုကိုအောင်မြင်စွာ လုပ်ကိုင်နေပြီဖြစ်သည်။ သူဝါသနာကြီးလှသော သစ်တောဆိုင်ရာဘာသာရပ်အား အလုပ်မှအနားယူပြီးကာမှ လုပ်ကိုင်တော့မည်ဖြစ်ကြောင်းလည်း မချိတင်ကဲမောင်နှမချင်းပြောဖြစ်ကြပါသည်။ ဤကိစ္စ၌ အကြောင်းရင်း အားလေ့လာဆန်းစစ်ကြည့်ပါက ကလေးတစ်ယောက်ဝါသနာနှင့် ဆန္ဒကိုအလေးထား ဂရုမမူဘဲ မိမိဆန္ဒ ကိုသာ ဦးစားပေးခဲ့ခြင်း၊ ကလေး၏စိတ်ဝင်စားမှုရှိသော၊ တိုးတက်နိုင်ချေရှိသောအလားလာများအား လျစ်လျူရှု ခဲ့ခြင်း၊ မိဘနှင့်သားသမီး မျက်နှာစုံညီညှိုနှိုင်းအဖြေရှာမှုအားနည်းခြင်း စသည့်အခြင်းအရာများ တွေ့ရပါသည်။ ထို့အတူပဲ ကျွန်မတို့ရဲ့လုပ်ငန်းခွင်ထဲမှာလည်း ထပ်တူနီးပါးအခြေအနေတွေ ရှိနေတတ် ပါသည်။
ပထဦးဆုံးတင်ပြခဲ့သည့် ရုံးတွင်းအခြေအနေကဲ့သို့ပင် မကြာခဏ အလုပ်(company)၊ အလုပ်ရှင် သူဌေး၏ (သို့) မန်နေဂျာ၏ဆန္ဒနှင့် ၀န်ထမ်း၏မျှော်မှန်းချက်၊ အိပ်မက်များ၊ လုပ်နိုင်စွမ်းရည်နှင့် အရည်အချင်း တိုင်းတာမှုညွှန်းကိန်းအံချော်မှုများကြောင့် ပဋိပက္ခအကြီးအသေးများ နေ့စဉ်နှင့်အမျှဖြစ်ပျက်နေရပါသည်။ ရံဖန် ရံခါတွင်မူ ရည်ရွယ်ချက်၊ မျှော်လင့်ချက်နှင့် စိတ်ပါဝင်စားမှုတို့ တူညီနေလင့်ကစား အခြေအနေအား ကိုင်တွယ် ချဉ်းကပ်ဖြေရှင်းပုံနည်းလမ်းကြောင့်လည်း ပြဿနာဖြစ်လေ့ရှိသည်။ အထက်တွင်ဖော်ပြခဲ့ပြီးသော အမှတ် ၉၀ လေးဘာသာရသည့်ကျောင်းသားလေးကဲ့သို့ပင် ချီးကျူးဂုဏ်ပြုမှုမခံရဘဲ အမှတ် ၆၀ တစ်ဘာသာအတွက် အပြစ်တင်မှု အပြစ်ပေးမှုများရရှိပါက မျှော်လင့်ချက်တို့မည်မျှပင်ထပ်တူကျနေပါစေလေ ယခုအချိန်မှာ အတွေး အမြင်ပြောင်းလဲသွားနိုင်ပါသည်။ ဆိုးသောအပြောင်းအလဲဖြစ်နိုင်ပါသည်။
အလုပ်ခွင်တွင်းဖြစ်စေ၊ မိသားစုတွင်း၊ မိတ်ဆွေသူငယ်ချင်းတွင်းဖြစ်စေ၊ ပြဿနာများအတွက် ညှိနှိုင်းရာတွင် မိမိ၏တဖက်သတ်အမြင်အတွေးများအားဖြင့် အကောင်းဆုံး အမှန်ဆုံးကို ၁၀၀% ရရှိနိုင်မည် မဟုတ်ပါ။ လက်ဖမိုး လက်ဖ၀ါး အငြင်းအခုံ၊ ဒိုင်းဖြူ ဒိုင်းမည်း အငြင်းအခုံ ကဲ့သို့ဖြစ်နေပါလိမ့်မည်။ ပမာဆောင် ပါဦးမည်။အရပ်မြင့်မားသောသစ်ကုလားအုတ်တစ်ကောင်ရဲ့ အမြင်အတွေ့အသိနှင့် ယုန်လေးတစ်ကောင်ရဲ့ အမြင်အတွေ့အသိ ဘယ်သို့မှ တူညီနိုင်မည်မဟုတ်ပါ။ ထို့အတူပဲ သစ်ကုလားအုတ်ရဲ့ စားမှုနေမှုဘ၀နှင့် ယုန် ၏စားမှုနေမှုဘ၀သည်လဲ မတူညီပါ။ ကျွန်မတို့လူသားများအနေနှင့်ကတော့ သစ်ကုလားအုတ်လို ယုန်လို စားမှုနေမှု အမြင်အတွေ့မတူညီခြင်းအားနှိုင်းယှဉ်ပြောအပ်စရာမရှိပါ။ သို့သော် လူအချင်းချင်း ပေါင်းသင်း ဆက်ဆံ၊ လက်တွဲဆောင်ရွက်၊ ညှိုနှိုင်းဆွေးနွေးရာများတွင်တော့ အမြင်ကျယ်ကျယ် အသိသိမြင့်မြင့်မားမားနှင့် စာနာနားလည်စွာ၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားတန်ဖိုးထားစွာ၊ သဘောထားကြီးရင့်စွာ ကိုင်တွယ် ဖြေရှင်းဖို့လိုအပ်ပါသည်။
တစ်ဖက်သား၏အလေးထားမှု၊ ပြင်းပြသောဆန္ဒ၊ လက်ရှိအနေအထား၊ ရည်ရွယ်ချက် နှင့် ခံစားချက်တို့ကို လေ့လာသုံးသပ်ပြီး အချောမွေ့ဆုံး ဆွေးနွေးခြင်း။ မိမိနှင့် မတိုက်ဆိုင်သောဆန္ဒ သဘောထားများရှိလာပါကလည်း အပြန်အလှန်မေးခွန်းထုတ်ပြီး အဖြစ်သင့်ဆုံးအရာကို ညှိနှိုင်းယူဖို့လိုအပ် ပါသည်။ ငါကအကြီးမို့လို့၊ ငါကမိဘ၊ ငါကဆရာ၊ ငါကမန်နေဂျာ မို့လို့ ငါပြောသမျှ ဖြစ်ရမယ် ခေါင်းငြိမ့်ရမယ် ဆိုတာမျိုးမဖြစ်သင့်သလို ငါကတော့အငယ်ပဲ၊ ငါကတော့နောက်လိုက်ပဲ၊ ငါကတော့သူ့လောက်ပညာမစုံဘူး၊ အတွေ့အကြုံမများဘူး စသည်ဖြင့်လည်း မိမိအိပ်မက်များအားဖျောက်ပစ်စရာမလိုအပ်ပါ။ အကျိုးသင့် အကြောင်းသင့်ရှင်းပြနိုင်ရပါမည်။ တပါးသူလက်သင့်ခံနိုင်အောင် ဆွဲဆောင်စည်းရုံးနိုင်ရပါမည်။ ရုံးလုပ်ငန်းတွင် အပိုဆုကြေးငွေ၊ အကျိုးခံစားခွင့် စသည်တို့နှင့်ဆွဲဆောင်စည်းရုံးနိုင်မည်ဟုလည်းတရားသေ သတ်မှတ်၍မရပါ။ မိသားစုတွင်လည်း ကလေးကျေနပ်ရင် ပြီးရော လုပ်ပေးကြတာပေါ့ဟူ၍ လည်းမဖြစ်နိုင်ပါ။ သင့်တင့် လျောက်ပတ်သည့် ရုံးစည်းကမ်း၊ အိမ်စည်းကမ်း၊ သူငယ်ချင်းစည်းကမ်းများ ထားရှိပြီး အလွန်အကျွံ အခြေအနေများကိုထိန်းသိမ်းရင်း တစ်ဦးချင်းစီ၏လွတ်လပ်စွာတွေးခေါ်ခွင့်၊ အပြန်အလှန်ဆွေးနွေးခွင့်၊ ပုဂ္ဂလိက ဆိုင်ရာ လွတ်လပ်ခွင့်များအား အပြန်အလှန်လေးစားခြင်းဖြင့် ပျော်ရွှင်ချမ်းမြေ့သော အိမ်တွင်းရေး၊ လုပ်ငန်းခွင် စသည်တို့ကို ပျိုးထောင်သင့်ပါသည်။ အမျိုးသားရေး၊ နိုင်ငံရေး၊ တိုင်းရေးပြည်ရာ စသည်များကတော့ ကျွန်မအသိနှင့် အလှမ်းဝေးကွာလွန်းလှပါသဖြင့် သုံးသပ်ဝေဖန်ခြင်း မပြုလိုပါ။
နေ့စဉ်နှင့်အမျှ လုပ်ငန်းခွင်၊ မိသားစုဘ၀၊ မိတ်ရင်းဆွေချင်းပေါင်းသင်းဆက်ဆံရေးတွင် တစ်ဦး နှင့်တစ်ဦးအပေါ် အကောင်းမြင်ပေးခြင်း၊ ချီးကျူးစရာရှိသည်ကို ချီးကျူးဂုဏ်ပြုပြီး လိုအပ်သောအခြေအနေများ အတွက် သတိပေးခြင်း၊ လမ်းပြညွှန်ပေးခြင်း စသည်တို့ဖြင့် ပိုမိုသာယာသော နေ့ရက်များဖန်တီးနိုင်ကြဖို့ ဝေမျှပါရစေ။
ချစ်ခြင်းများစွာဖြင့်
မိုးကြာညို
0 comments:
Post a Comment