စကားတို့ အလွန်
by Zay Ya on Tuesday, September 11, 2012 at 5:38pm
ကြီးမြတ်သော အရာတိုင်း သည် ဘာသာစကား တို့ အလွန်၌ ဖြစ်၏။
ပြောဆိုရန် အကြောင်းခြင်းရာ တို့ များပြားလွန်း လာသည့် အခါ၊ ပြောဆိုရန် ဘာသာ စကား ခက်ခဲ လာစမြဲ ဖြစ်၏။ သေးငယ်သော အရာ တို့နှင့် ပတ်သက် ၍ သင် ပြောဆို နိုင်သေးသည်။ ယှဉ်တွဲ ဖက်စပ် နိုင်သည့် ယုတ္တိ အစဉ် များနှင့် ပတ်သက် ၍လည်း စကားပြောဆို နေနိုင်သေးသည်။
စင်စစ် သေးမွှားသော အရာ တို့၌ သာ စကား ပြောဆိုနိုင်နေခြင်း ဖြစ်သည်။ မိမိ ကိုယ်ကိုယ် မိမိ တစ်ဖြောင့်တည်း ရှုမြင်၍- အတွေ့အကြုံ တစ်ခု အောက် သက်ရောက် မိသော အခါတွင် ယင်း ကြုံတွေ့ရသည့် အဖြစ်ကို တိတိပပ ဖော်ကျူးရန် စကား ရှာ မရတော့ပေ။ စကားလုံးတို့၏ ဘောင် သည် အနှစ်သာရ ကို ဖော်ကျူးနိုင်ရန် မဖြစ်နိုင် တော့ပေ။ မိမိ သန္တာန်တွင်း လျိုးဝင် နိုင်လေ၊ ဘာသာစကား၏ အသုံးဝင်မှု နယ်ပယ် တို့ ကျဉ်းမြောင်း လာလေပင် ဖြစ်ပါ၏။
စကား၊ ဝေါဟာရ တို့သည် Utilitarian အသုံးချခံ သာ ဖြစ်သည်။ ၎င်းတို့ကို နိစ္စဓူဝ လုပ်ငန်းဆောင်တာ များ ၌ ထိထိ ရောက်ရောက် အသုံးချ နိုင်သည်။ သို့သော် ယင်း ကဲ့သို့ သာမာန် ဒုံးရိုး ဘဝ မှ လွန်၍ - အခြား တစ်ဖက် သို့ ခြေဆန့်နိုင်သော အခါတွင် ၎င်းတို့ နယ်ပယ်သည် စတင် ကျဉ်းကျုံ့ လာကြ၏။ မေတ္တာ နှင့် ယှဉ်ဖက် လာသော အခါ - စကား ဝေါဟာရ တို့သည် ဘေးရောက် ကုန် ကြ၏။ အကျင့်သီလ၊ ဆုတောင်း၊ ဒါန တို့နှင့် ပတ်သက် လာသောအခါ ၎င်းတို့သည် မပြည့်မစုံ ဖြစ်လာကြ၏။ ဘာဝနာ ဖြင့်၊ မိမိ သိစိတ် အတွင်း သို့ နက်သည် ထက် နက်နက် - တိုးဝင် နိုင်လာသည့် အခါတို့၌ စကား ဝေါဟာရတ္ထ တို့သည် အဓိပ္ပါယ် ဆိတ်သုဉ်း ကုန်ကြ၏။
ထို့ကြောင့် ကြီးမြတ်သော အရာတိုင်းသည် ဘာသာစကားတို့ အလွန် ၌ ဖြစ်တည်သည် ဟု ဆို၏။ ဘာဝနာ အားဖြင့် ကြုံဆုံ လာရသည့် မည်သည့် အဇ္ဈတ္တ ဖြစ်စဉ် အပွင့်အဖူး တွင် မဆို - စကား ဝေါဟာရ တို့ အနှစ်သာရ မဲ့ကုန်ကြသည့် အဖြစ် သည် အတိအကျ ရှိ၏။ ယင်း အဖြစ်သို့ ဆိုက်ရောက် သော အခါ ကို ဘာဝနာ နှင့် ထုံမွှမ်းနိုင် စွမ်းအား ကောင်းစွာ ရှိနေပြီ ဟု ဆိုနိုင်ပါ၏။ ထိုအချိန်၌ ဘဝ သည် ယခင့် ယခင် နိစ္စဓူဝ အချိန် များ ထက် ပိုမို လှပလျက် ရှိ၏။ ပိုမို အေးမြ ချမ်းမြေ့ဖွယ် ရှိ၏။ စကား တို့ အလွန်၌ သိမြင်မှု သက်သက်ဖြင့် တည်နေသော ယင်း ဘဝသည် ရွှင်လန်း သော စိတ်ဖြင့် အတိပြီးလျက် ရှိပါ၏။
~ On Meditation ~
..........................
Sept 10th 2012 at 8:04 AM
..........................
0 comments:
Post a Comment