အမှားလုပ်တဲ့သူတွေဟာ အမှားကို ၀န်ခံရမယ်။ ရှိတဲ့အမှားကို ပြင်ဆင်ရမယ်။အပိုင်း (၁)
by Lu Cifer on Thursday, September 13, 2012 at 8:23am
Written by ကိုမျိုး(မြန်မာစာ)
Wednesday, 12 September 2012 21:14
Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ကို ပေါ်ပြူလာဂျာနယ်၏ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)က စက်တင်ဘာလ ၉ ရက်နေ့တွင် တွေ့ဆုံပြီး မီဒီယာနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းများအား ဆက်စပ်ပြီး မေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။ ထိုမေးမြန်းမှု (အင်တာဗျူး)ကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ဝေခဲ့သော Popular Myanmar News ဂျာနယ်တွင် ဖော်ပြခဲ့ပါသည်။ ထိုသို့ဖော်ပြခဲ့သည့် အင်တာဗျူးအား Eleven Media Group ၀က်ဘ်ဆိုဒ်၌ ထပ်မံဖော်ပြလိုက်ပါသည်။
မေး။ ။ ပထမဆုံးအနေနဲ့ မေးချင်တာကဆရာ ခုဏကပြောသလိုပြန်လာတဲ့ သူတွေသေးသိမ်အောင်ရေးနေကြတယ် ရေးနေကြတယ်ဆိုတာ Facebook လည်းဖြစ်မယ် တရားဝင် မီဒီယာအချို့တွေလည်း ဖြစ်ကောင်းဖြစ်မယ်။ မီဒီယာပေါ်မှာ တက်ရောက် ပြောခွင့်ရှိတဲ့သူတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ အဲဒီလိုပုတ်ခတ်ပြောဆိုတဲ့ဟာက ၈၈ ကို သမိုင်းတစ်ခုလုံး မဟုတ်တောင် တစ်စိတ်တစ်ပိုင်းကို ထိခိုက်သွားစေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်နေမယ် သမိုင်း တစ်ခုလုံးကိုလည်း ထိခိုက်သွားစေတဲ့အကြောင်း အရာတွေဖြစ်နေမယ် အဲဒီသဘောလက်ရှိ မီဒီယာကျင့်ဝတ်နဲ့ ဘာလုပ်သင့်တယ်ဆိုတာလေးနဲ့ စမေးချင်တယ်။ မီဒီယာကျင့်ဝတ်နဲ့ ၈၈ သမိုင်းဆိုတာက ၂၄ နှစ်ကျော်ကာလကျမှ ဒီနေ့ အချိန်ခါမှ မှန်သည် မှားသည်ဆိုတာကို ဘယ်သူမှ ၀န်မခံသေးဘူး။ ကျူးလွန်တဲ့သူတွေပေါ့။ တစ်ဘက်က ဒီဟာကြီးဟာ မှန်ပါတယ်ဆိုပြီးတော့ ယုံကြည်ချက်နဲ့ နေခဲ့တဲ့သူတွေကပဲ မှန်တယ်လို့ ပြောနေတဲ့ကာလပါ။ အဲဒီလိုကာလမှာ မီဒီယာအနေနဲ့ ဘယ်လိုကျင့်ဝတ်နဲ့ ဘယ်လိုစကားလုံးမျိုး ဘယ်လိုအရေးအသားမျိုး ဘယ်လိုဖော်ဆောင်မှုမျိုး လိုအပ်သလဲပေါ့ အဲဒါလေးမေးချင်ပါတယ် ဆရာ။
ဖြေ။ ။ အခုပြဿနာက မိုးသီးဇွန် ပြန်လာတယ် ။ ကိုနိုင်အောင်ပြန်လာတယ် ABSDF မြောက်ပိုင်းကိစ္စ ပြဿနာတက်တယ်။ ဒီကိစ္စတက်လာတဲ့အခါ ABSDF ဥက္ကဋ္ဌတွေအနေနဲ့ သူတို့အနေနဲ့ မှားယွင်းကောင်း မှားယွင်းခဲ့မယ်။ တကယ် မစွပ်စွဲသင့်တဲ့သူတွေကို စွပ်စွဲခဲ့မယ်။ တကယ် ထောက်လှမ်းရေးမဟုတ်တဲ့ သူတွေကို သူတို့စွပ်စွဲပြီးတော့ မှားယွင်းခဲ့မယ်။ နောက်လက်နက်တွေသာ အဓိကဆိုပြီး အာဏာရှင်စနစ်ကလည်း အကြွင်းအကျန်တွေ ရှိတဲ့အခါ လက်နက်ရှိတဲ့အချိန် တရားဥပဒေ စိုးမိုးမှုမရှိတဲ့အချိန် လက်နက်ရှိတဲ့ သူကနိုင်တဲ့အချိန်မျိုး ဖြစ်သွားတယ်။ အဲဒါကြောင့်မို့လို့ ဒီပြဿနာ ပေါ်ခဲ့ရတယ်။ ကိုထွန်းအောင်ကျော် အပါအ၀င် လူအများကြီးဟာ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတယ်။ သတ်ဖြတ်ခံခဲ့တာက တာဝန်ရှိတာက တာဝန်ရှိတာတစ်ပိုင်း တာဝန်ရှိတဲ့သူကလည်း ရှိတဲ့အတိုင်း အမှားကို ၀န်ခံရမယ်။ အမှားကိုဝန်ခံပြီးတော့ အပြစ်ဒဏ် ကျသင့်တဲ့သူကလည်း အပြစ်ဒဏ်ခံပေါ့ သတ္တိရှိရှိ ကိုယ်လုပ်ခဲ့တာ ကိုယ်ခံရမယ်။ ဒါပေမယ့် မဆိုင်တဲ့ သူတွေ ABSDF မှာ ပါဝင်ခဲ့တဲ့သူတွေ ၈၈ မှာ ရက်စက်စွာ နှိမ်နင်းခံရပြီးတဲ့နောက်ပိုင်း နိုင်ငံခြားကို ထွက်ပြေးပြီးတော့ ရရာလက်နက် ဒါမှမဟုတ် မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆန့်ကျင်မယ်ဆိုပြီး ထွက်ပြေးခဲ့တဲ့သူတွေဟာ ကျ ဆုံးသွားတဲ့ တော်လှန်ရေးတွေရဲ့ ထုံးစံအတိုင်း သူတို့မှာ ရပ်တည်ရာမဲ့ နိုင်ငံပေါင်းစုံကို ရောက်သွားကြတယ်။ သူတို့ဘ၀တွေ ပျက်သွားကြတယ်။ သူတို့ အခြေအနေတွေ ပျက်ယွင်းသွားကြတယ်။ အဲလိုအခြေအနေ ပျက်ယွင်းသွားတဲ့ သူတွေဟာ တစ်ချိန်ချိန်မှာ သူတို့ပြန်လာဖို့ လုပ်ခဲ့ကြပြီ။ ဒီမှာရှိနေတဲ့ မီဒီယာတွေရော အချို့လူတွေ စွပ်စွဲသလို ဒေါ်လာမက်လို့၊ ကြောက်လို့ ထွက်ပြေးသွားတယ်လို့ အဲဒီလိုတွေမဟုတ်ဘူး။ အခြေအနေကို လွဲမှားစွာ သုံးသပ်မှုတွေ မြင်နေရလို့ ကျွန် တော့်အနေနဲ့ ဒါဟာလွဲမှားတယ်ဆိုတာ ရှင်းပြချင်ပါတယ်။ အဓိကအကြောင်းအရင်းက ဒီမှာရှိနေတဲ့ လူငယ်ဂျာနယ်လစ်တွေရော လူငယ်နိုင်ငံရေးသမားတွေရော ဒီမှာကျန်ခဲ့တဲ့ ပြည်တွင်းမှာကျန်ခဲ့တဲ့ နိုင်ငံရေးသမားတွေရော နားလည်ဖို့အချက်ကတော့ ပြည်ပကပြန်လာတဲ့သူတွေဟာ နိုင်ငံရေး နယ်ပယ်မှာ ပါဝင်လှုပ်ရှားပါစေ။ သူတို့မှာ အတွေ့အကြုံတွေ ရှိလာခဲ့တယ်။ သူတို့မှာရှိတဲ့ နိုင်ငံတကာ အတွေ့အကြုံနဲ့ ဒီမှာရှိနေခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီးတော့ ကျွန်တော် တို့နိုင်ငံကို ရှေ့ဆက်သွားအောင်လုပ်နိုင်တဲ့ အခြေအနေတွေ ဖန်တီးဖို့ လိုတယ်။ ဒီလိုလုပ်နိုင်မှသာလျှင် ကျွန်တော်တို့နိုင်ငံဟာ ပိုပြီးတော့ ဒီမိုကရေစီဟာ ပိုပီပြင်မယ်။ သူတို့ရဲ့ လုပ်ပိုင်နိုင်ခွင့်ကို ဖွင့်ပေးဖို့ လိုတယ်။ သူတို့ကိုသွားပြီးတော့ သူတို့ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ထိခိုက်အောင် ဒေါ်လာစားတွေ အခွင့်အရေးသမားတွေလို့ ပုတ်ခက်နေတာမျိုးတွေကို ကျွန်တော်တော့ လုံးဝ မနှစ်မြှို့ဘူး။ တစ်ယောက် နှစ်ယောက်တော့ မှားကောင်း မှားမယ်။ အားလုံးမှားခဲ့တာ မဟုတ်ဘူး။ အဲဒါကို ကျွန်တော်ပြောချင်တာ။
မေး။ ။ ကျွန်တော်တို့ မီဒီယာအကြောင်းပါပဲ ဆရာ။မီဒီယာသမားတွေက လက်ရှိ ကြိုတော့လည်း ကြိုတယ်။ ဒီပေါ်မှာပဲ ဥပမာ ၈၈ က ဒီဟာကို မကြိုဖို့ မဲခွဲဆုံးဖြတ်ရတယ် ဆိုတာမျိုးတွေ။ ဒါကတော့ သူတို့အတွင်းထဲမှာ တစ်ကယ်ရှိချင်လည်း ရှိနိုင်တယ်။ မရှိချင်လည်း မရှိနိုင်ဘူး။ ဒီအကြောင်းရာကို မီဒီယာပေါ်တင်ပြီးတော့ စကားလုံးဖော်ပြတဲ့ဟာက ဆရာတို့က ပြည်သူကို တကယ့်ထင်ထင်ရှားရှား ဒီ ၈၈ ဆိုတဲ့ဟာက ကောင်းပါတယ် ဆိုတဲ့ အကြောင်းအရာပေါ်မှာ ဒီနေ့ဒီအချိန် မှာ တည်ပြီးတော့ ရေးနေသင့်သလား သို့တည်းမဟုတ်ဖြစ်နေတဲ့ အကြောင်းအရာပေါ်မှာပဲ တိုင်းပြည်ဟာ ၈၈ ကြောင့် ကောင်းတဲ့အပြောင်းအလဲတွေ ရှိခဲ့တယ်။ ဒီဟာကို ပြန်ဖော်ဆောင်ကြမယ်ဆိုတဲ့ အမြင်မျိုးမဟုတ်ဘဲနဲ့ လက်တလော ဖြစ်နေတဲ့ကိစ္စကိုပဲ တင်ပြရမလား။ ၈၈ ဆိုတာဟာ မမှားခဲ့ဘဲနဲ့ အမှားလို့ ထင်ခံခဲ့ရတယ်။ ၈၈ ဆိုတာကို အမှန်တရားပါလို့ ဖော်ပြနေဖို့ အချိန်ကာလ အနေနဲ့ မီဒီယာအနေနဲ့က ကျွန်တော်တို့မှာ တာဝန်ရှိပါသလား။ ၂၄ နှစ်လုံးလုံး ကျွန် တော်တို့ တာဝန်မကျေခဲ့ဘူး။ ဒီနေ့ဒီအချိန်မှာ ဒါကိုကျွန်တော်တို့ ဖော်ဆောင်နေသင့်သလား။
ဖြေ။ အာဏာသိမ်းခါနီး အခြေအနေတွေ ခင်ဗျားဘာပဲဖြစ်ဖြစ် မြင်တွေ့ခဲ့ရမှာပါ။ ဘယ်လိုကြောင့် အာဏာသိမ်းခဲ့တယ်။ အာဏာသိမ်းဖို့ အခြေအနေတွေ ဘယ်သူက ဖန်တီးခဲ့တယ် ဘယ်လိုအခြေအနေမျိုးတွေ ဖန်တီးခဲ့လို့ အဏာသိမ်းခဲ့တယ် အာဏာသိမ်းပြီးသိမ်းခါစမှာ ကျွန်တော်တို့ ဒီကိစ္စမှာ လှုပ်ရှားခဲ့သူတွေက နောက်ထပ် ၂၆ နှစ် ငါတို့ခံရမှာဆိုးလို့ ငါတို့အနေနဲ့ မဖြစ်ဖြစ်တဲ့နည်းနဲ့ တိုက်ပွဲဝင်မယ်ဆိုတဲ့စိတ် ကျွန်တော်တို့ရင်ထဲမှာ ကိန်းအောင်းနေခဲ့တယ်။ တစ်ကယ်လည်း ၂၄ နှစ် ကြာခဲ့တယ်။ အာဏာရှင်စနစ်က ဒီမိုကရေစီပြောင်းလဲဖို့ အခုထက်ထိ ရုန်းကန်နေရတုန်းပဲ။ တကယ်ကျတော့ ကျွန်တော်တို့ဆီမှာရှိနေတဲ့ အယ်ဒီတာတွေ တော်တော်များများက ၈၈ တုန်းက မမွေးသေးတဲ့သူတွေတောင် ရှိတယ်။ မွေးခါစတွေ ရှိတယ်။ အဲဒီလူတွေက ဒီဟာပေါ်မှာ ရေးသားနေကြတဲ့အခါအပေါ်မှာ သူတို့က လက်တလောဟာတွေပဲ ကြည့်တယ်။ သမိုင်းတွေကို ပြန်မကြည့်ဘူး။ ဥပမာ ကျွန်တော့်ရှေ့မှာရှိတဲ့ အဲဒီတုန်းက ကြေးမုံသတင်းစာကို သူတို့မြင်ဖူးမှာတောင် မဟုတ် ဘူး။ လူတွေသန်းနဲ့ချီပြီး ဆန္ဒပြတယ်ဆိုရင် ကျွန်တော်တို့ကို ဟားရင် ဟားနေမှာ လူတွေသန်းနဲ့ချီပြီး ဘယ်လိုလုပ်ရှိမှာလဲဆိုပြီးတော့။ တစ်ကယ်ဆိုရင် သန်းဂဏန်းရှိတယ်။ မန္တလေးမှာဆိုရင် အဲဒီတုန်းက လူဦးရေ ခြောက်သိန်းနဲ့ ရှစ်သိန်းကြား ရှိတယ်။ သြဂုတ်လ ၂၆ရက်နေ့မှာ အထက်မြန်မာပြည် မြို့လုံးဆိုင်ရာ နယ်လုံးဆိုင်ရာတစ်ခရိုင်လုံးက ရာပြည့်ကွင်းမှာ ဆန္ဒပြတယ်။ အဲဒီတုန်းက ကျွန်တော်က သတင်းထောက်တစ်ယောက်ကို လူဦးရေ လေးသိန်းလောက်ရှိတယ်လို့ပြောတော့ သူက မန္တလေးမြို့လူဦးရေတောင် ခြောက်သိန်းနဲ့ ရှစ်သိန်းကြားပဲရှိတယ် ဖြစ်နိုင်ပါ့မလားတဲ့။ ကျွန်တော်ကလည်း လေးသိန်းမရှိတောင် သုံးသိန်းတော့ရှိတယ်လို့ ပြောတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ လမ်းတစ်လမ်းလုံးမှာတောင်မှ လူတွေဟာ အိမ်ပေါက်စေ့တိုင်းမှာ လူတစ်ယောက်လောက်ပဲ ကျန်တယ်။ တစ်လမ်းလုံးမှာ မသွားနိုင်တဲ့သူပဲ ကျန်တယ်။ တစ်လမ်းလုံးကထွက်တာ တစ်ချို့က ရပ်ကွက်ကထွက်တယ် ကျောင်းသားက ထွက်တယ် ၀န်ထမ်းကထွက်တယ်။ အိမ်ရှင်မက ထွက်တယ်။ တစ်မြို့လုံးကလူတွေ ရာပြည့်ကွင်းမှာ အနည်းဆုံး သုံး၊ လေးသိန်းလောက်ရှိတယ်။ မြို့လုံးကျွတ် ဆန္ဒပြတာ။ အဲဒီဟာမျိုးတွေ ဒီကလေးတွေက ကြုံဖူးမှာ မဟုတ်ဘူး။ အများဆုံးကြုံဘူးရင် ၂၀၀၇ တုန်းက ကြုံဖူးမယ်။ ငါးသောင်း တစ်သိန်းထက် မပိုဘူး။ ကျွန်တော်တို့တုန်းက အဲဒီလိုမှ မဟုတ်ဘဲ ရန်ကုန်မြို့မှာတင် သန်းနဲ့ချီပြီး ရန်ကုန်မြို့လူဦးရေက အဲဒီတုန်းက သုံးသန်းလေး သန်းလောက်ပဲ ရှိတယ်။ တကယ်အရေးကြီးတဲ့နေ့တွေမှာ ဆန္ဒပြရင် သန်းနဲ့ချီပြီးတော့ ဆန္ဒပြကြတယ်။ ဒါတွေအားလုံး သူတို့ ကြုံဖူးမှာ မဟုတ်ဘူး။ ဒါတွေအားလုံးဟာ အိမ်မက်တွေ ဘယ်လိုမှ မဖြစ်နိုင်တဲ့ဟာတွေ။ ဒါတွေအားလုံးကို ကျွန်တော်တို့မှာ အရေးအခင်းတုန်းက အချက်အလက်တွေ ကျွန်တော်တို့မရဘူး။ သတင်းစာတွေကို ကျွန်တော်တို့ ပြန်ပြီး လှန်ကြည့်တဲ့အခါမှာ အံသြစရာ လူအုပ်ကြီးတွေကို ကျွန်တော်တို့ တွေ့ရတယ်။ ဒါတွေကို မတွေ့ခဲ့ဘဲ ဒါကိုပြောတဲ့အချိန်မှာ စွန့်လွှတ်ခဲ့တဲ့ ကျောင်းသားတွေ စွန့်လွှတ်ခဲ့တဲ့သူတွေရဲ့ ဘ၀ပျက်ခဲ့တဲ့သူတွေရဲ့ ပြောတဲ့စကားကို သူတို့က ဘယ်လိုလုပ်ပြီးတော့ ပြောမလဲ။ သူတို့အနေနဲ့ ဟိုမှာ ရုန်းကန်ရတဲ့ အခြေအနေမျိုးတွေ ရှိတယ်။ ကိုယ့်တိုင်းပြည်လည်း မဟုတ်ဘူး။ ပညာလည်း မတတ်ဘူး။ အခြေအနေတွေကလည်း အားလုံး ပြောင်းလဲနေတယ်။ ပညာလည်းမရှိ အလုပ်အကိုင်လည်းမရှိ ကိုယ့်နိုင်ငံကိုလည်း တစ်သက်လုံး ပြန်လာလို့မရတဲ့ အခြေအနေမျိုးတွေမှာ သူတို့ အခုပြန်လာလို့ရတဲ့ အခြေအနေမျိုးတွေမှာ သူတို့ကို ကြိုဆိုတဲ့ဟာက မကောင်းဘူး။ မိုးသီးဇွန် မှားကောင်း မှားမယ် ဒေါက်တာနိုင်အောင် မှားကောင်း မှားမယ်။ ဒါပေမယ့်ကျန်တဲ့ သူတွေအားလုံးကတော့ မှားတဲ့သူတွေ မဟုတ်ဘူး။
မေး။ ။ ဓာတ်ပုံတစ်ပုံ အကြောင်းနဲ့ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ အကြောင်းအရာကို သိချင်ပါတယ်။ ဆရာတို့ ၈၈ တုန်းက ဆရာဝန်သမဂ္ဂလား။ ဆရာတို့လုပ်ထားတာ။ အဲဒီဓာတ်ပုံတစ်ခုဟာ အင်တာနက်ပေါ်မှာ တက်လာပြီးတဲ့ အခါကျတော့ ဆရာဟာ သမဂ္ဂမှာ လုပ်ခဲ့တဲ့အပေါ် တချို့ကလည်း အပြုသဘောနဲ့ ရေးတယ်။ တချို့ကလည်း လှောင်သလိုနဲ့ ရေးတယ်။ လှောင်သလိုဆိုတာက အခုကျမှ ဘာလို့လာပြီး ရေးနေတာလဲပေါ့။
ဖြေ ။ ။ အသေးစိတ်ပြောရရင် ကျွန်တော်က နိုင်ငံရေး မလုပ်ဘူးလို့ ဆုံးဖြတ်ပြီးပြီ။ ကျွန်တော်က နိုင်ငံရေးလည်း လုပ်ခဲ့ပြီးပြီလေ။ ကျွန်တော် ၂၅ နှစ်မှာ NLD မှာ တိုင်းစည်းရုံးရေး ကော်မတီဝင်ပေါ့။ အသက်နဲ့စာရင် ကျွန်တော်က ရာထူးမြင့်ပါတယ်။ နောက်အများကြီးလည်း ရှိပါတယ်။ ရှင်းရှင်းပြောရရင် နိုင်ငံရေးမှာ မကိုက်ညီလို့ ထွက်ခဲ့ပြီးပြီ။ နောက်ထပ် နိုင်ငံရေးလုပ်ဖို့လည်း မရှိဘူး။ ကျွန်တော်ဒီကိစ္စကို ဘာကြောင့် အခုအချိန်မှ ထုတ်ရေးရလဲဆိုတော့ ကျွန်တော်တို့ မြောက်ပိုင်းကိစ္စမှာ အဓိက ပတ်သက်တဲ့ အောင်နိုင်က ကျွန်တော်နဲ့ အရေးအခင်းကာလ တစ်လျှောက်လုံး ကျွန်တော်နဲ့ သူနဲ့ တွဲခဲ့တယ်။ စိုးလင်းတို့ ထွန်းအောင်ကျော်တို့ဆိုတာ ကျွန်တော်တို့ တွဲခဲ့တဲ့သူတွေ။ ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ပြောသင့်တယ်လို့ ယူဆတဲ့အတွက်ပါ။ ကျွန်တော်က အရေးအခင်းကာလကို မန္တလေးမှာ ဖြတ်သန်းခဲ့တယ်။ ကျွန်တော့်ရဲ့ ၂၂ နှစ်ဆိုတာထဲမှာ ပါပြီးပြီ။ ပြီးတော့မှ ကျွန်တော် ၁၀ ရက်နေ့မှာ ကျွန်တော်တို့ မန္တလေးအထက်ဗမာပြည် နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစုက ကျွန်တော့်ကို တာဝန်ပေးတယ်။ နောက် အထက်ဗမာပြည် ဗကသက အောင်နိုင်နဲ့ အောင်မြင့်ထွန်းကို တာဝန်ပေးတယ်။ ကျွန်တော်တို့ သုံးယောက် ရန်ကုန်ကိုဆင်းလာပြီးတော့ ဒီမှာ ခေါင်းဆောင်ရတဲ့ အခြေအနေကို သုံးသပ်ဖို့၊ ကျွန်တော်တို့ ဒီမှာရှိနေတဲ့ အောက် ဗမာပြည် ဗကသနဲ့ ဒီကကျောင်းသား အင်အားစုတွေနဲ့ နောက်ပြီး ဒီကနိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ အခြေအနေတွေကို အကဲဖြတ်ဖို့နဲ့ နောက်ပြီး သူတို့ကို ပြန်ပြီးသတင်းပို့ဖို့ ကျွန်တော်တို့ ရန်ကုန်ကို ဆင်းလာတယ်။ ကျွန်တော်တို့ ၁၀ ရက်နေ့ ဆင်းလာတော့ ၁၁ ရက်နေ့ ရန်ကုန်ကို ရောက်တယ်။ ၁၀ ရက်နေ့ လမ်းမှာပဲ ဘာဖြစ်လဲဆိုတော့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲလုပ်မယ်လို့ ရေဒီယိုက ကြေညာတယ်။ ကြေညာတဲ့ အခါကျတော့ ကျွန်တော်တို့က ဒီမိုကရေစီရပြီလို့ တွက်လိုက်တယ်။ အာလုံးက ၀မ်းသာနေတာပဲ။ ဒီမိုကရေစီတော့ ရပြီပေါ့။ တကယ်လည်း ရမှာလားဆိုပြီး ထပ်ပေါင်းကြည့်တဲ့အခါကျတော့ ကြားဖြတ်အစိုးရ ဖြစ်နေတယ်။ အဲတော့ သူတို့တောင်းဆိုတဲ့အတိုင်း။ အဲတော့ ကျွန်တော်တို့ အနေနဲ့ ဒီလို အသေးစိတ်တွေ မလုပ်နိုင်ခဲ့တဲ့အခါမှာ ကျွန်တော်တို့ အများကြီး ပြဿနာရှိတယ်။ အဲတော့ ကျွန် တော်တို့ သုံးယောက်က ဒီရောက်လာတော့ ကျောင်းသားတွေက ဗကသနဲ့ တွေ့တယ်။ ကျွန်တော်က ဦးတင်ဦးနဲ့ စတွေ့တယ်။ နောက်ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ နောက်သူနဲ့တွေ့ ပြီးတော့ ကျွန်တော်တို့ ထပ်မတွေ့တော့ဘူး။ ဘယ်သူ့ကို ထောက်ခံရမလဲလို့ပြောတော့ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရမယ်။ မန္တလေးက သပိတ်တပ်ပေါင်းစုက ဆရာတော်ဦးရေ၀တက သူက အတွင်းရေးမှူး။ ထောင်ထဲရောက်ပြီးတော့ နောက်ထောင်က လွတ်လာတော့ ပျံလွန်တော်မူသွားတယ်။ သူတို့ဆီကို ကျွန်တော်တို့ သတင်းပို့တယ်။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ NLD နဲ့ တွေ့တယ်။ ကျွန်တော်တို့က သုံးယောက်ပါလာတယ်။ အောင်နိုင် ၊ ပြဿနာတက်တဲ့ အောင်နိုင်ရယ်။ အောင်နိုင်က ၂၁ နှစ်၊ ကျွန်တော်က ၂၅ နှစ်၊ အောင်မြင့်ထွန်းက ၁၉ နှစ်။ တက္ကသိုလ်ကျောင်းသား။ ကျွန်တော်က ဆရာဝန်ဖြစ်နေပြီ။ ဦးနုနဲ့ အောင်မြင့်ထွန်းက သွားတွေ့တယ်။ ကျွန်တော်နဲ့ အောင်နိုင်နဲ့က ဦးတင်ဦးနဲ့ တွေ့တယ်။ သုံးယောက်ပေါင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ တွေ့ပြီးတော့ ဦးအောင်ကြီးနဲ့တော့ ကျွန်တော်တို့ မတွေ့လိုက်ရဘူး။ ဦးနုက ၉ ရက်နေ့မှာ တရားဝင် ၀န်ကြီးချုပ်ဖြစ်တယ်လို့ ကြေညာလိုက်တယ်။ တချို့ကတော့ ထင်ကြတယ်။ အာဏာလိုချင်လို့လို့ ထင်တာပေါ့။
၁၀ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုပြီးတော့ လွှတ်တော်က ကြေညာလိုက်တယ်။ နိုင်ငံရေး Pressure ပေးတယ်။ တကယ်တော့ အဲဒီခေတ်က ကျွန်တော်တို့က သမိုင်းနားမလည်တဲ့ လူငယ်တွေရဲ့ အမှားပေါ့။ ဦးနုကြီးက တကယ်အမှန်။ သူက နိုင်ငံရေး ကျွမ်းကျင်နားလည်တယ်။ ကျွန်တော်ထင်ပါတယ်။ တခြားသူတွေလည်း မှားမယ်ဆိုတာ။ ကျွန်တော်တို့က ရေရှည်ပြန်စဉ်းစားတဲ့အခါကျတော့ ဦးနုရဲ့ နိုင်ငံရေးကျွမ်းကျင်မှုကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ အဲဒီအနေ အထားမျိုး ဖြစ်တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ ပြီးတော့ ၁၂ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ။ တကယ်က ကျွန်တော်က ကျောင်းပြီးသွားပြီ။ ဒါပေမယ့် ကြားဖြတ်အစိုးရဖွဲ့မယ်။ လက်မှတ်ထိုးရမယ်ဆိုတော့ အဲဒီ ကျောင်းသားပွဲလည်း ကျွန်တော်တက်တယ်။ ၁၃ ရက်နေ့ကျတော့ ကြားဖြတ်အစိုးရဖွဲ့ဖို့အတွက် ဆွေးနွေးတဲ့အတွက် အဲဒီပွဲကို တက်တယ်။ ဒါပဲ။ အရေးအခင်းပြီးတော့ စစ်တပ်က အာဏာသိမ်းတော့ ရန်ကုန်မှာပဲ ကျွန်တော်ရှိတယ်။ အမှန်တကယ်က ဆန္ဒပြခဲ့တာက ကျွန်တော့်ရဲ့ အဖွဲ့အစည်းက မန္တလေးမှာပဲ။
Written by ကိုမျိုး(မြန်မာစာ)
Wednesday, 12 September 2012 21:14
Eleven Media Group
http://news-eleven.com/index.php?option=com_content&view=article&id=15455%3A2012-09-12-15-36-02&catid=78%3A2009-11-13-06-25-17&Itemid=135
0 comments:
Post a Comment