Thursday, September 13, 2012

ကျားနဲ့ယုန်


by သော် ဇင် အုန်း on Thursday, September 13, 2012 at 8:26am 

ကျား နဲ့ ယုန်

ခေတ်မှီတဲ့ကျားတစ်ကောင်ဟာ အမဲကောင်ကိုချောင်းပြီး အလစ်ဖမ်းစားရတာ ကြာတော့ ပျင်းလာတယ်။အချောင်သက်သက်သာသာနဲ့ စားချင်လာတယ်။ဒါနဲ့ ကျားဟာ အကြံထုတ်ထုတ်တယ်။ကျားဆိုတော့ သိပ်ကြာကြာမစဉ်းစားရပါဘူး၊ အကြံရတာပေါ့။


ဒါနဲ့ ကျားဟာ သူ့အကြံကိုအကောင်အထည်ဖော်တော့တယ်။ပထမဆုံး သမင်တစ်ကောင်ကို ဖမ်းလိုက်တယ်။ပြီးတော့ မစားဘဲ ဒီလိုပြောပြီးပြန်လွှတ်လိုက်တယ်။
“ငါမင်းကိုစတာပါကွာ၊ဒီနေ့ကစပြီး အသားမစားတော့ဘူး၊သက်သတ်လွတ်အသီးအနှံစားပြီးဥပုသ်ရက်ရှည်စောင့်
အဓိဌာန်ဝင်မလို့ကွ” တဲ့
ကျားပါးစပ်ထဲကထွက်လာတဲ့သမင်ဟာ  ၀မ်းသာအားရပြေးလာပြီး တစ်တောလုံးကို ဒီအကြောင်းလျှောက်ပြောပြတယ်။ဒါပေမယ့်ဘယ်သူမှမယုံပါဘူး.။သမင်ကကျိန်တွယ်ပြောတော့ ပညာရှိယုန်ကစဉ်းစားတယ်။
“ခဏနေကြအုန်း
ငါကိုယ်တိုင်စမ်းမယ်”
ဆိုပြိး ကျားဆီကိုထွက်သွားတယ်။ကျားဆီရောက်တော့….
“သမင်ပြောတာဟုတ်လား၊ကျုပ်မယုံဘူး၊မြက်စားပြမှယုံမယ်”
လို့ပြောတယ်။ကျား ပဲ ….ဒါမျိုးစမ်းလို့ဘယ်ရမလဲ။မြက်တွေကိုချက်ချင်းကောက်စားပြတာပေါ့။ဒီတော့ပညာရှိယုန်အတည်ပြုလိုက်ပြီး 
တစ်တောလုံးယုံသွားကြပြီပေါ့။
နေ့တိုင်းကျားရဲ့ဂူမှာ အသီးအနှံလာပို့သူတွေနဲ့ ကြက်ပျံမကျ စည်ကားနေတာပေါ့။ဒါပေမယ့် ထူးဆန်းတာတစ်ခုက တိရိ စ္ဆာန်တွေထဲက အားအရှိဆုံး၊အသားအများဆုံးသတ္တ၀ါတွေဟာ
ကျားဂူသွားရင်းထူးဆန်းစွာပျောက်ဆုံးသွားကြတယ်။
ဒီလိုဖြစ်ပေမယ့် ကျားကိုတော့ မယုံသင်္ကာမဖြစ်ကြပါဘူး။တခြားအကြောင်းကြောင့်လို့ပဲထင်နေကြတယ်။
ကျားရဲ့ပုံစံကလဲမထင်ရက်စရာ၊မျက်နှာလေးက အမြဲချိုပြီး စကားသံလေးက ခပ်အေးအေး၊အမြဲတမ်းအိနြေ္ဒအပြည့်။ဒါပေမယ့် ပျောက်သူများလာတော့ မနေသာကြတော့ဘူး။ပညာရှိယုန်ကိုပဲအကျိုးအကြောင်းပြောဆိုပြီး စုံစမ်းခိုင်းကြတယ်။အကူအညီတောင်းကြတယ်။ယုန်လည်းစုံစမ်းဖို့ ကျားဆီထွက်လာခဲ့တယ်။ကျားဟာယုန်လာတာကိုမြင်တာနဲ့ ပျာပျာသလဲကြိုဆိုတယ်။လိုလေသေးမရှိဧည့်ခံတယ်။ယုန်လည်းလာရင်းကိစ္စမေ့သွားတယ်။
အနံ့တစ်ခု ရတော့မှ သတိပြန်ရတယ်။သေချာတယ်….ကျားရဲ့ပါးစပ်က နံတာ။ပညာရှိယုန်ပဲ သိပြီပေါ့။
ကျားကလဲသိပ်လျင်တော့ ယုန်အခြေအနေကို သဘောပေါက်သွားတယ်။ကျားပဲ…ဘယ်၇မလဲ
“ငါ့အကြောင်းကို မင်းသိပြီမဟုတ်လား၊သူများတွေကိုမင်းလျှောက်မပြောနဲ့ပြောရင်မင်းကိုငါသတ်စားမယ်၊
မပြောရင်လူအများရှေ့မှာ မင်းကို ဆရာခေါ်မယ်”လို့ ညှိတယ်။
ဘာကောင်ဖြစ်ဖြစ်  ကိုယ့်အသက်တော့ ကိုယ်မြတ်နိုးတာပဲမဟုတ်လား၊ပြေလည်သွားတာပေါ့။
ဒီလိုနဲ့ နှစ်တွေသာကြာသွားတယ်ဒီကိစ္စစုံစမ်းမရတော့ဘူး၊ကျားဂူမှာ စည်ကားဆဲ၊ကျားကလဲသက်သတ်လွတ်စား ဥပုသ်စောင့်မြဲ၊တိရိ စ္ဆာန်တွေကလည်း ပျောက်မြဲပေါ့လေ..

ဒါပေမယ့်  ယုန်ကတော့ ကျားရဲ့ဆရာ ဖြစ်သွား ပြီ လေ…….

                                                 (သော်ဇင်အုန်း)
                ဟန်သစ် မဂ္ဂဇင်း    ဇူလိုင်လ   ၁၉၉၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...