Tuesday, September 18, 2012

ရွှေတိဂုံကိုမြင်လျင်


by SarPayLawKa (စာပေလောက) on Tuesday, September 18, 2012 at 7:56am ·

(၁)
တီးတိုးရယ်မောသံလေးများ ပျံ့လွင့်လာ၏။
        သစ်ပင် ပုပုဝိုင်းဝိုင်းလေးများပေါ်တွင် အုပ်ဆိုင်းနေသော သစ်ရွက်စိမ်းများ ကြားမှ ရောင်စုံမီးလုံးလေးများသည် ပန်းသီး ပန်းပွင့်လေးများသဖွယ် ဖြာထွက် တောက်ပနေကြလေသည်။ မြက်ခင်းနုနု စိမ်းစိမ်းလေးပေါ်တွင် ထွာဆိုင်ခန့်မြင့်သော ရောင်စုံဖိနပ်လေးများ၊ သေးသွယ်ရှည်လျားသော ခြေချောင်းလေးများ၊ ပန်းနုရောင် ခြေသည်းလေးများ၊ အင်ဒိုနီးရှား ပါတိတ်လုံချည် အနားရေးများ၊ ရှူးဖိနပ်ပေါ်တွင် အိကျနေသော ခေါင်းလောင်းဘောင်းဘီ အောက်ခြေစများ၊ သိမ်မွေ့ယဉ်ကျေးစွာ လှုပ်ရှားနေကြလေ၏။
စားပွဲထက်မှ ဇွန်းသံ၊ ခက်ရင်းသံ၊ ဖန်ခွက်ထဲသို့ ရေခဲထည့်သံ၊ အရည်တစ်ခုခု လောင်းထည့်သံ၊ ခွက်ချင်းထိခတ်သံတို့ တိုးတိတ်ညင်သာစွာ ပေါ်ထွက် နေ၏။
        ရန်ကုန်မြို့တော်၏ လမိုက်သောည၊ ပူအိုက်သောညကို တစ်ခုသော ခြံမြေ အတွင်းဝယ် မီးရောင်စုံယှက်ဖြာ၍ အေးချမ်းသာယာသော ညအသွင်သို့ ပြောင်းလဲ ဖန်တီး၍ ထားလေသည်။ ရွှင်ပျမြူးတူးသော စကားသံလေးများသည် ညဥ့်ဦးပိုင်း၏ နာရီအချို့ကို နှစ်သက်ကြည်နူးဖွယ် ကုန်ဆုံးစေလျက် ရှိ၏။
        စားပွဲထက်မှ ရွှေနားရေးကွပ်သော ကြွေပန်းကန်လုံးများ၊ ဆင်စွယ်ရောင်တူများ၊ ငွေရောင်ဇွန်းခက်ရင်းများ၊ စက္ကူလက်သုတ်ပ၀ါ ဖြူရွရွလေးများသည် ပုလဲရောင် လက်သည်းချွန်လေးများနှင့် နှင်းဆီသွေး နှုတ်ခမ်းလေးများ ကြားဝယ် လူးလာတုံ့လှယ် နေကြလေ၏။
        အိမ်ထဲမှ ခေတ်ပေါ်ဂီတသံသည် ရယ်မောပျော်ရွှင်နေသော စကားသံများကြားမှ တစ်ခါတစ်ရံ လွင့်ပျံပေါ်ထွက်၍လာသည်။ စားပွဲအသီးသီးမှ အုပ်အုပ်ဆိုင်းဆိုင်း စကားဝိုင်းဖွဲ့နေသော အသံများသည် အချို့စားပွဲမှ ရုတ်တရက် ၀ါးခနဲ ရယ်ချ လိုက်သော အသံများကြားတွင် တိမ်မြုပ်ပျောက် ကွယ်သွား၏။ စားပွဲထိုးများသည် လင်ပန်းများ၊ ပုလင်းများကိုကိုင်၍ ခပ်သွက်သွက် လှုပ်ရှားသွားလာနေကြလေသည်။
        အငွေ့တထောင်းထောင်းထနေသည့် ဟင်းချိုသည် စဥ့်အင်တုံအတွင်းဝယ် ပွက်ပွက်ဆူနေဆဲပင် ရှိသေး၏။ ဟင်းသီးဟင်းရွက် စိမ်းစိမ်းစိုစိုများ၊ ပန်းကန်ပြားဖြင့် အပြည့်ရှိနေသော ငါးတစ်ကောင်လုံးကိုကြော်ပြီး အပေါ်မှ အုပ်ဆိုင်းထားသည့် ပဲငါးပိ များ၊ ခရမ်းချဉ်သီးစိတ်များ၊ ငါးရှဥ့်သားပေါ်မှ ကြက်သွန်ဖြူအမွှာလေးများ၊ နံနံပင် စိမ်းစိမ်းလေးများ၊ ဟင်းလျာ အားလုံးသည်ပင် မွမ်းမံခြယ်လှယ်မှုအောက်တွင် ရှိနေ ကြ၏။ ပျော်ရွှင်မှုအတွက် သို့မဟုတ် ယဉ်ကျေးမှုအတွက် တည်ခင်းစားသောက်သော ထမင်းစားဝိုင်းလေးများ၊ အသောက်အစားဝိုင်းလေးများသည် တိတ်ဆိတ် ငြိမ်သက် သော နွေညအလယ်မှာ တစ်ဒင်္ဂအားဖြင့်တော့ သာယာကြည်နူးဖွယ်ပင် ဖြစ်လေ၏။
        မြစမ်းရည်ကတော့ ပျင်းရိနေပြီ။ သူက သည်ပွဲကို သာထွန်းဦး၏ ဖိတ်ခေါ် ချက်ဖြင့် ရောက်ရှိလာရခြင်း ဖြစ်သည်။ သူတို့အဖို့တော့သည်လို နေရာမျိုးကို ရောက်လေ့ရောက်ထ မရှိသလို စိတ်ဝင်စားမှုလည်း သိပ်မရှိလှ။ အပြုံးလှလှများ၊ စကားချိုချိုများဖြင့် တန်ဆာဆင်နေရသည်ကိုလည်း စိတ်မရှည်လှ။ ပြီးတော့ စားရ သောက်ရသည်မှာလည်း ခံတွင်းမတွေ့လှပေ။ ဟင်းလျာအားလုံးသည် ချိုရဲရဲ၊ အီဆိမ့် ဆိမ့်ဖြစ်နေကာ အစီအစဉ်တကျ မရှိလှပေ။ ပထမပိုင်းမှာ အရည်တွေချည်း ဖိသောက် ကြပြီး နောက်ပိုင်းမှာ ဟင်းတွေချည်း ဖိစားကြသည်။ ပြီးတော့မှ ထမင်းကြော် ပန်းကန်ကြီးက ရောက်လာ၏။ ဘာတွေမှန်း မသိတော့။ သည်ကြားထဲမှာ ခက်ရင်းက ကိုင်နေ ကျမရှိသဖြင့် အပိုပစ်္စည်းလို ဖြစ်နေသေးသည်။ သာထွန်းဦးကတော့ ဟင်းဖတ် တွေကို တူနှင့် ကျင်လည်စွာညှပ်ပြီး သူ့ပန်းကန်ထဲကို ထည့်ထည့်ပေးသည်။ ကော်ရည်ဖြင့် ပျစ်ချွဲနေသော ပျော့စိစိ ဟင်းဖတ်များကို ရွံလှသဖြင့် မနည်း အောင့်အည်း သည်းခံကာ ဘေးကို မသိမသာ ဖယ်ရှားနေရသေးသည်။
        ဒေါ်ဥမ်္မာကျော်ကတော့ အခြေအနေနှင့် အံဝင်ခွင်ကျ ဖြစ်နေဟန်ရှိ၏။ မြင့်မြင့်ထွန်းက ဧည့်ခံသောပွဲဆိုသော်လည်း ဒေါ်ဥမ်္မာကျော့် အသံကိုချည်း ကြားနေ ရ၏။ အလှပြုပြင်ဆိုင်တွင် စနစ်တကျ ထုံးဖွဲ့လာသော ဆံထုံး အခွေအလိပ်များ ကြားတွင် ရှားရှားပါးပါး သဇင်ပန်းနှစ်ခက်ကို ကနွဲ့ကလျ ထိုးစိုက်ထား၏။ မျက်ခုံးမွေးက နောက်ဆုံးပေါ် ခေတ်မီပုံစံ သေးသေးကွေးကွေးလေး၊ မျက်ခွံပေါ်တွင် အပြာနုရောင် အိုင်းရှဲဒိုး ဆွဲထားသည်။ နှုတ်ခမ်းက ပြောင်လက်သော ပုစွန်ဆီသွေး။ ဇာအင်္ကျီအနက် လက်ပြတ်အောက်မှ လက်မောင်းသား အိအိများ ရုန်းထွက်နေကြ၏။ ဘာပဲပြောပြော သတို့သမီးအသစ်စက်စက် မြင့်မြင့်ထွန်းထက်တော့ ပေါ်လွင်နေတာ အမှန်ပင်။ သူ့ဟန်ပန်သည် အရာရှိ အပျိုကြီးများကို ကျော်လွှားပြီး သာမန်ရုံးအုပ် စာရေးကြီး အဆင့်သာရှိသည့် မြင့်မြင့်ထွန်းကိုမှ ရွေးယူသည့် ဌာနစုမှူး ဦးဟန်တင်ကို လှောင်ပြောင်နေသည့်အသွင် ဆောင်နေ၏။ သူက ဦးဟန်တင်ကိုတော့ လေးစားမှုဖြင့် ဦး တပ်ခေါ်မြဲ ဖြစ်သော်လည်း မြင့်မြင့်ထွန်းတို့၊ မြစမ်းရည်တို့ကိုမူ “ညီမလေး” ဟု ခပ်ချိုချို ခပ်စီးစီးလေး ခေါ်လေ့ရှိ၏။
        ရင်းနှီးသော လူငယ်မိတ်ဆွေ အချို့ကိုသာ ရွေး၍ ဖိတ်ခေါ် ကျွေးမွေးသည့်ပွဲမို့ မြစမ်းရည်က သိပ်မလိုက်ချင်။ သူက ဦးဟန်တင်နှင့်တော့ ရင်းနှီး ၏။ ဦးဟန်တင်သည် သူ့ကို အလုပ်ရိုသေ၍ ခိုင်းတိုင်း အဆင်သင့်ရသည်မို့ ခင်မင်ရင်းစွဲရှိ၏။ မြင့်မြင့်ထွန်းနှင့် သူကတော့ သိပ်အဆင်မပြေလှ။ သို့သော် ဘာပြဿနာမျှတော့ မဖြစ်စဖူးပေ။ သာထွန်းဦးနှင့်ကတော့ ဦးဟန်တင်ရော မြင့်မြင့်ထွန်းပါ အလွန် အဖွဲ့ကျသည်။ သာထွန်းဦးနှင့် မြစမ်းရည်ကမူ အလွန်ရင်းနှီးသည့် မိတ်ဆွေများပဲ ဆိုပါစို့။ သို့ဖြင့် သည်နေရာကို မြစမ်းရည် ရောက်လာရ၏။ တစ်ရုံးတည်းသားအဖြစ် သူတို့ ငါးယောက်သာပါပြီး ကျန်လူများက ဦးဟန်တင်၏ အသိုင်းအ၀ိုင်းများနှင့် မြင့်မြင့်ထွန်း၏ အပေါင်းအသင်းများသာ ဖြစ်လေသည်။ ဦးဟန်တင်ကမူ ရာထူးအရှိန်အ၀ါ၊ မိဘအရှိန် အ၀ါဖြင့် ထည်ဝါသလို မြင့်မြင့်ထွန်းကလည်း ပညာဂုဏ် အလှဂုဏ်ဖြင့် ကြွားဝင့်၏။ သို့သော် ရုံးမှာတော့ မြင့်မြင့်ထွန်းက သာမန်ရုံးအုပ်စာရေးကြီး၊ ဒေါ်ဥမ္မာကျော်က အရာရှိ။ သူ့ကုသိုလ် အကျိုးပေးနှင့် သူပေပဲ။ သည်ပွဲမှာ မြင့်မြင့်ထွန်း၏ ကျောင်းနေဖက် သူငယ်ချင်းနှင့် ဦးဟန်တင်၏ မိတ်ဆွေ အရာရှိအတော်များများ ပါလေသည်။ အားလုံးကို ခြုံ၍ ဒေါ်ဥမ္မာကျော်က အထက်စီးရယူထားသဖြင့် မြင့်မြင့်ထွန်း မျက်နှာ ညိုနေ၏။ ဦးဟန်တင် အနေဖြင့်တော့ ဒေါ်ဥမ္မာကျော်ကို မဖိတ်၍ မဖြစ်။အချို့သော လူမှုကိစ္စလေးများသည် လုပ်ငန်းကို ထိခိုက်စေတတ်သည်ကို နားလည်သောကြောင့် ဖြစ်ပေမည်။
        “စားလေ မြ၊ ဟင်းတွေ အများကြီး ကျန်သေးတာ၊ ရေခဲယူဦးမလား”
        သာထွန်းဦးက မြစမ်းရည်ရှေ့မှ ဖန်ခွက်ထဲကို လိမ္မော်ရည် ဖြည့်ထည့်ပေး၏။ သူကိုယ်တိုင်ကတော့ ဘီယာတန်ခိုး၊ အရက်တန်ခိုးဖြင့် မျက်လုံးတွေ ရီဝေ၍နေပြီ။
        “ညီမလေးက တရုတ်အစားအစာ မကြိုက်ဘူးထင်တယ်၊ အင်းလေ ဒါမျိုးကလဲ စားနေကျမှ”
        ဒေါ်ဥမ္မာကျော်က အပြုံးတစ်ဝက်ဖြင့် ပြော၏။ သူ့ဘယ်ဘက်ဘေးမှ ဦးဟန်တင်က မြစမ်းရည်ကို ဂရုစိုက်ရန် သာထွန်းဦးက မျက်ရိပ်ပြသည်။ ဦးဟန်တင် ဘယ်ဘက်ဘေးမှ မြင့်မြင့်ထွန်းက ဒေါ်ဥမ္မာကျော်ကို မျက်လုံး တစ်ချက် ၀ံ့ကြည့်ရင်း ဦးဟန်တင်ဘေးကို တိုးကပ်လိုက်၏။ မြစမ်းရည်ကို ဂရုစိုက်လှဟန် မရှိသော်လည်း ဒေါ်ဥမ္မာကျော်ကို ဆန့်ကျင်သောအားဖြင့် အရေးတယူပြုသည်။
        “အို၊ ဒါတွေကလဲ စားကောင်းလှတာမှ မဟုတ်တာ၊ မြင့်မြင့်တော့ ကြက်သားသုပ်တစ်ခုပဲ စားလို့ရတယ်၊ မြစမ်းရည်ကလဲ သာထွန်းဦးကြောင့်သာ လိုက်လာတာနော်၊ မြစမ်းရည်တို့အလှည့်ကျရင် ဒီထက်ကောင်းတာ ကျွေးရမယ်၊ ဟုတ်တယ် မဟုတ်လား ကိုကို၊ မမဥမ္မာကျော်ကကော ဘယ်တော့စားရမှာလဲ၊ ရုံးမှာတင် လက်ဖက်ရည် တစ်ခွက်စီ မုန့်လေးတစ်ခုစီနဲ့တော့ မဖြစ်ဘူးနော်၊ ဟင်း ဟင်း”
        တကယ်တော့ ဒေါ်ဥမ္မာကျော်တွင် ဟန်သာရှိပြီး အစဉ်လို ငွေကြေး ကျပ်တည်း တတ်သည်ကို မြင့်မြင့်ထွန်းက အစင်းသိဖြစ်၍ ပြောခြင်းဖြစ်၏။ မြင့်မြင့်ထွန်းက ငွေစုငွေချေးမှာ အမှုဆောင်တစ်ယောက်ပဲ ဘယ်မသိဘဲ ရှိပါ့မလဲ။ ဒေါ်ဥမ္မာကျော့် အသင်းဝင် စာအုပ်ထဲမှာ သာမန်ချေးငွေရော၊ အထူးချေးငွေရော၊ အရေးပေါ် ချေးငွေတွေပါ ဇယားပြည့်နေသည်။ ဦးဟန်တင်၏ မိတ်ဆွေ အလုပ်သင် ဆရာဝန် တစ်ယောက်ကတော့ သူတို့ တိုက်ကွက်တွေကို သတိမထားနိုင်ဘဲ ဒေါ်ဥမ္မာကျော်၏ အလှကိုသာ ငေးမောကြည့်ရှုနေ၏။ မြင့်မြင့်ထွန်း၏ သူငယ်ချင်းများဖြစ်သော မဟာဝိဇ်္ဇာတန်းသူ မူမူနှင့် သူဇာတို့က ဦးဟန်တင်၏ သူငယ်ချင်း တရားရေးဝန်ထမ်း နှစ်ဦးနှင့် အဖွဲ့ကျနေကြ၏။ သူတို့ဘက်မှ ဟင်းချိုပန်းကန်နှင့် ဘဲကြွပ်ကြော်တစ်ကောင် ကတော့ ပြောင်ပြီ။ နောက်ထပ် နံရိုးကြော်တစ်ပွဲ ရောက်လာ၏။ ဆော်ဒါနှင့် ရေခဲများလည်း ထပ်ဖြည့်ကြပြန်သည်။ သည်တိုင်းဆိုလျှင်တော့ ၀ိုင်းက တော်တော်နှင့် သိမ်းမည်မထင်။
        ဒေါ်ဥမ္မာကျော်သည် မြင်းချေးဖြင့် စိမ်ထားသည်ဆိုသော ကြက်ဥကိုတူဖြင့် လျှောမကျအောင် ညှပ်ယူရင်း မြင့်မြင့်ထန်းကို စွေကြည့်၏။
        “အိုကွယ် စားရမှာပေါ့၊ မမတို့က မြင့်မြင့်တို့လို စွံအောင်မှ မလုပ်တတ်တာ၊ ဖြည်းဖြည်းပေါ့”
        ဆရာဝန်ပေါက်စသည် စိတ်ဝင်စားစွာ ခေါင်းထောင်၍ ကြည့်၏။
        “စွံအောင်လုပ်တာများ လွယ်ပါတယ်ဗျာ၊ ကိုယ့်အကွက်ထဲ ၀င်လာရင် အလွတ် မပေးနဲ့ပေါ့၊ အမြဲ အိုက်တင်ချည်းပဲ ခံနေရင်တော့ ဘယ်ဖြစ်မလဲဗျာ”
        ဦးဟန်တင်က ဆရာဝန်ဘက်ကိုကြည့်ပြီး ပြောလေသည်။ သို့သော် မြင့်မြင့်ထွန်း က သူ့အဓိပ်္ပာယ်နှင့်သူ မကျေမနပ်ဖြစ်ကာ ဦးဟန်တင်၏ ပေါင်ကို ဆွဲဆိတ်ဟန်တူ၏။ ဦးဟန်တင်ကရယ်ရင်း ပေါင်ကိုပွတ်သည်။ ဒေါ်ဥမ္မာကျော်က လည်တိုင်ကို အသာ မော့ရင်း “အို မလိုပါဘူး၊ အချိန်တန်တော့ သူ့ဟာနဲ့သူ ဖြစ်လာမှာပေါ့” ဟု ဆိုကာ မပွင့်တပွင့် ရယ်သွမ်းသွေး လေသည်။ မူမူတို့ဘက်မှ ၀ါးခနဲ ရယ်သံကြောင့် အခြားစားပွဲမှ လူများပင် လှမ်းကြည့်ကြသည်။ သူတို့ကတော့ စားလိုက်ကြ၊ ရယ်လိုက်ကြနှင့် အတော့်ကို အဆင်ပြေနေသည်။ စားပွဲက လေးထောင့် အရှည်လိုက် ခင်းထားသဖြင့် သူတို့ ဘာတွေ ပြောနေသည်ကို မကြားရ။ အခြားစားပွဲ တစ်ခုမှလည်း အားကျမခံ ရယ်မောသံကို ကြားရ၏။ တစ်ခဏချင်းမှာပင် ပြန်လည် တိတ်ဆိတ် သွားပြန်လေသည်။ ပွင့်တူရွက်တူကလေးများ လေအဝှေ့မှာ ယိမ်းနွဲ့နေကြသည်။
        မြက်ခင်းပေါ်မှ လိမ့်၍ လိမ့်၍ ကျလာသော ပုလင်းခွံများကို စားပွဲထိုးလေး တစ်ယောက်က ကောက်ယူသိမ်းဆည်းနေ၏။ စားပွဲတစ်ခုမှ ပြန်ရန် ထကြပြီး နှုတ်ဆက်နေသံကို ကြားရသည်။ အခြားစားပွဲတစ်ခုတွင်မူ မြန်မာ အမျိုးသမီးနှင့်တူသူ တစ်ယောက်က နိုင်ငံခြားသားများကို အင်္ဂလိပ်စကားဖြင့် ရှင်းလင်း ပြောပြနေသည်ကို ကြားကြရ၏။ ယောက်ျားတွေချည်း ၀ိုင်းဖွဲ့ထားသော စားပွဲတစ်ခုမှမူ ပိုင်ရှင် အမျိုးသမီးကြီးကိုခေါ်ကာ ခပ်ထွေထွေဖြင့် ဘာတွေ ပြောနေသည်မသိ။ အမျိုးသမီးကြီး က စားပွဲထိုးလေးများကို ခေါ်ပြီး သူတို့စိတ်တိုင်းကျ ဆောင်ရွက်ပေးရန် ညွှန်ကြားနေ လေသည်။
        လေနုအေးလေးက တစ်ချက်တစ်ချက် ဝှေ့ယမ်းတိုက်ခတ်လာ၏။ ပင်လယ် ကဗွီးရွက်ကလေးများ လှုပ်ရှားနေကြသည်။ ခြံထဲမှ ကားတချို့ ပြန်ထွက်သွားကြပြီး အချို့စားပွဲများကို ကုလားထိုင်များခေါက်၍ သိမ်းလိုက်ပြီ။ ပေကျံနေသော စားပွဲခင်း ဖြူဖြူများကို ခေါက်သူက ခေါက်နေကြပြီ။ ပုလင်းလွတ်များကို တောင်းတစ်ခုထဲ စုထည့် သူက ထည့်နေ၏။ သူတို့ စားပွဲဘေးတွင် စားပွဲထိုးလေးတစ်ယောက်က ရိုသေစွာရပ်ပြီး စောင့် နေလေသည်။
        “ကဲ ဘာလိုသေးလဲ မှာကြဦးလေ”
        ဦးဟန်တင်က ၀တ္တရားကျေအောင် မေးနေသည်။ မြစမ်းရည်က “အိမ်ပြန်ချင် လှပြီ” ဟု ပြောချင်သော်လည်း မပြောတော့ဘဲ အသာငြိမ်နေ လိုက်သည်။
        “ပြည့်စုံပါပြီ၊ ပြည့်စုံပါပြီ၊ ဘာမှ မလိုတော့ပါဘူး၊ ကဲ၊ ခုနောက်ဆုံး ဦးဟန်တင်နဲ့ ဒေါ်မြင့်မြင့်ထွန်းတို့ အတွက်ပေါ့ဗျာ”
        အားလုံးက အရက်လက်ကျန်ခွက်များကို မြှောက်ပြီး ခွက်ချင်းထိလိုက် ကြသည်။ ပြီး တစ်ရှိန်တည်း မော့ချလိုက်ကြလေသည်။ သူတို့နေရာမှ ထကြသောအခါ ကိုးနာရီ ကျော်ပြီ။ အပြင်ဘက်တွင် အမှောင်လောက သည် ဆိတ်ငြိမ်လျက်ရှိ၏။
        “သာထွန်းဦးက မြစမ်းရည်နဲ့ အမျိုးသမီးတစ်သိုက်ကို လိုက်ပို့လိုက်၊ ကျွန်တော်တို့က ဒေါ်ဥမ္မာကျော်ကို လိုက်ပို့လိုက်မယ်၊ ကျန်တဲ့လူတွေကတော့ ကိုယ့်ဘာသာကိုယ် ပြန်ကြပေတော့ဗျာ၊ ကဲ အားလုံး ဂွတ်နိုက်”
        သာထွန်းဦးသည် သူငှားလာသော ဒတ်ဆန်း နောက်ဖွင့်ကားပေါ်သို့ အမျိုးသမီး တစ်သိုက်ကို ခေါ်တင်လိုက်၏။ ရှေ့ခန်းသို့ မသွားမီ မြစမ်းရည်ကို တိုးတိုးပြောသည်။
        “မြကို နောက်ဆုံးမှ လိုက်ပို့မယ်နော်”
        မြစမ်းရည်သည် ရေမွှေးနံ့တွေ၊ ပေါင်ဒါနံ့တွေ လှိုင်နေသော အမျိုးသမီး တစ်သိုက်နှင့် အတူလိုက်လာရသဖြင့် အနေကျုံ့ပြီး အဖော်ကွဲငှက်လို ဖြစ်နေလေ၏။ သူတို့နှင့် မြစမ်းရည်က အသွင်မတူပါပေ။ သူ့ကို အရင် လိုက်ပို့ခိုင်းရရင် ကောင်းသားဟု တွေးကာ သာထွန်းဦးကို ကျိန်ဆဲနေမိ၏။
        သာထွန်းဦးနှင့် သူကတော့ မိတ်ဆွေ သူငယ်ချင်းလည်း မက ရည်းစားလည်း မကျဟု ဆိုရပေမည်။ တစ်ရုံးတည်း တစ်ခန်းတည်း လုပ်ကြသူချင်းတူတူ သူတို့နှစ်ဦးက အခြားသူများထက် ပိုပြီး တစ်ဦးနှင့်တစ်ဦး သံယောဇဉ်ရှိကြသည်။ မြစမ်းရည်က အေးဆေးပြီး စကားနည်းလှသဖြင့် အခြားမိန်းကလေးများနှင့်လည်း အပေါင်းအသင်း သိပ်မဖြစ်။ ရုပ်ရည်ကလည်း အများတကာလို မ၀တ်နိုင် မဆင်နိုင်၍ သိပ်မသားနားလှ။ ပြီးတော့ ရုံးမှာ မြစမ်းရည်တို့က အနိမ့်ဆုံးအဆင့်။ သူတို့ထက် နိမ့်တာ ရုံးအကူ မောင်အေးတို့၊ ဓာတ်လှေကားမောင်းသူတို့ပဲ ရှိတော့သည်။ လက်နှိပ်စက်စာရေး ဆိုတော့ ခိုင်းချင်တာရှိလျှင်သာ သတိရကြမည်။ လေးစားရိုသေမှုတော့ မရှိ။ သို့သော် သာထွန်းဦးကတော့ မြစမ်းရည်ကိုခင်သည်။ မြစမ်းရည်သည် မလှသော်လည်း ချစ်စရာကောင်းသူ၊ စိတ်နှလုံး သိမ်မွေ့သူ၊ ပညာတတ်ဆိုသည့် အချို့သော မိန်းကလေးများထက် အတွေးအခေါ် ရင့်ကျက်သူ၊ ဘ၀ကို နားလည်သူ၊ ပြီးတော့သူ့ကို ခင်တွယ်သူ။
        သာထွန်းဦးကတော့ ဘွဲ့ရ၊ လူငယ်တစ်ယောက်ပင်။ သို့သော် ရုံးမှာတော့ အထက်တန်းစာရေး သို့မဟုတ် စာရေးကြီးအဆင့်သာ ရှိသေးသည်။ သာထွန်းဦးက ဖော်ရွေသည်။ အကူအညီပေးတတ်သည်။ လူချစ်လူခင် ပေါသည်။ သာထွန်းဦးနှင့် မြစမ်းရည်တို့ ခင်မင်ရင်းနှီးခြင်းအတွက် ရုံးမှ အချို့မိန်းကလေးများက နှာခေါင်းရှုံ့ချင် ကြသော်လည်း သာထွန်းဦးကိုတော့ အခင်အမင် မပျက်။ ထို့အတူ မြစမ်းရည်ကိုလည်း အပေါင်းအသင်းမပျက်။ မြစမ်းရည်သည် အနေမှန်၍ အလုပ်ကို ရိုသေလေးစားသူ၊ ယုံကြည်စိတ်ချရသူ မဟုတ်လား။
        ဒတ်ဆန်းကားလေးက တက္ကသိုလ်ရိပ်သာလမ်းမှ ညာဘက်သို့ကွေ့၍ အင်းလျား လမ်းထဲကို ၀င်သည်။ အင်းလျားရေပြင်သည် အမှောင်ထုအောက်တွင် ငြိမ်ဝပ်လျက်။ အင်းလျားနှင့် ရတနာမှ မီးအိမ်လေးများ လင်းနေကြသည်။ သူငယ်အချို့ ကံ့ကော်ရိပ်မှာ ဂစ်တာတီး၍ သီချင်းဆိုနေကြလေသည်။
        ပြည်လမ်းဘက်ကို ကွေ့ခဲ့၏။ ယိုးဒယားကနုတ်ပန်းတွေ ရေးခြယ် ထားသော အင်းလျားကန်ပေါင်ရိုးနှင့် အုတ်လှေကား ဖြူဖြူများကို တွေ့ရသည်။ စွပ်ကျယ်စက် လမ်းထဲကို ကွေ့ဝင်၏။ မိန်းကလေးအချို့ ဆင်းကြသည်။ မြင့်မြင့်ထွန်း၏ သူငယ်ချင်း များ ဖြစ်ကြလေသည်။ အမျိုးသမီး ဘော်ဒါဆောင်မှ ပြန်ထွက်လာပြီး ပြည်လမ်းအတိုင်း ပြန်မောင်းလာသည်။ လှည်းတန်းတွင် မိန်းကလေးတစ်ယောက် ဆင်းသည်။ ဦးဝိစာရ ကွက်သစ်တွင် တစ်ယောက်ဆင်းသည်။ နောက်ဆုံးတော့ ကားနောက်ပိုင်းမှာ မြစမ်းရည် တစ်ယောက်တည်း ကျန်ရစ်လေသည်။
        ဒတ်ဆန်းကားလေးသည် အရှိန်ပြင်းစွာ ပြေးလွှားနေ၏။ ရှေ့တူရူမှ တိုက်ခတ် တိုးဝင်လာသော လေအရှိန်ကြောင့် ဆံပင်များ လည်ပင်းတစ်ဝိုက်တွင် ပျံ့လွင့် ရစ်ပတ် နေကြသည်။ ရန်ကုန်မြို့သည် စောစီးစွာ တိတ်ဆိတ် ငြိမ်သက်နေပေပြီ။ ရုပ်ရှင်တွေ သိမ်းကုန်ပြီ။ ဈေးသည်တွေ ပြန်ကုန်ပြီ။ ဆူးလေလမ်းမ တစ်ဝိုက်သာ မီးရောင် ဖြာလျက်ရှိ၏။ ပန်းဆိုးတန်းလမ်းကို လွန်လာသော် အမှောင်နှင့် တိတ်ဆိတ်ခြင်း အလယ်သို့ ပြန်ရောက်သွားလေ၏။
        မြစမ်းရည်သည် ငိုက်မြည်းစပြုလာသည်။ တက္ကသိုလ်ရိပ်သာ လမ်းပေါ်မှ ညစာစားပွဲလေးသည် သူ့အမြင်မှာ မှုန်ဝါးပျောက်ကွယ်စ ပြုလာသည်။ ရောင်စုံ မီးလုံးလေးများ၊ ပွင့်တူရွက်တူပင်လေးများ၊ ပင်လယ်ကဗွီး ရွက်လေးများသည် မှိန်လိုက် ပျောက်လိုက် ဖြစ်နေရာမှ တစ်စတစ်စ ပျောက်ဆုံးသွားလေသည်။





0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...