နယ်စပ်တစ်နေရာမှ တိုက်စားခြင်းခံဘ၀များ
by မိုးကြာညို မိုး on Friday, September 21, 2012 at 12:38pm
International Rescue Committee (Maesot) ရဲ့ ခန်းမကျယ်ကြီးထဲမှာ လူ ၂၅ ယောက်၏ အသက်ရှုသံမှအပ လုံးဝတိတ်ဆိတ်နေသည်။ လူအားလုံးရဲ့ အကြည့်တွေက ခန်းမရဲ့ နောက်ဆုံးအလည်တည့်တည်မှာ ထိုင်နေသော ကျွန်မထံသို့.......... ဒီအချိန်မတိုင်ခင်လေးတင် ညို့ရဲ့ အထက်အရာရှိ Peter က
မင်းက Data analysis မှာလဲ ........ မင်းရဲ့ အလုပ်အတွေ့အကြုံအရလဲ Survey ပိုင်းမှာ .............။
ဆိုတော့ ငါတို့အဲဒီ၂ခုလုံးတပြိုင်တည်းလုပ်ချင်တဲ့အတွက် မင်းဘယ်တစ်ခုကို ပိုပြီးလုပ်ချင်စိတ်ရှိလဲ?
ပိုပြီးစိတ်အားထက်သန်လဲ? မင်းဘာသာရွေးပါ။ Data ပိုင်းဆိုရင်တော့ မင်းရုံးမှာနေရမယ်။ Air-con နဲ့ ကော်ဖီလေးနဲ့ Laptop လေးနဲ့ အလုပ်လုပ်ရမယ်။ Survey ပိုင်းမှာဆိုရင်တော့ နေပူထဲသွားရမယ်။
မင်း တို့ လူ မျိုး တွေ ရဲ့ နယ် စပ် ဘ ၀ တွေ ကို အ ရှိ အ တိုင်း မင်း မြင် နိုင် မယ်။
သူ တို့ စ ကား သံ တွေ မင်း ကြား ရ မယ်။
-------
တဖြည်းဖြည်းကြီးစိုးလာသော တိတ်ဆိတ်ခြင်းဒါဏ် နှင့် ညို့ဦးနှောက်အတွင်းမှ
အားပြိုင်မှုတို့ကို သည်းမခံနိုင်တဲ့အဆုံး “ကျွန်မ field ထဲမှာပဲ survey ဆင်းမယ်”
တချို့ကတော့စိတ်ပျက်တဲ့အကြည့်တွေ တချို့မျက်ဝန်းတွေကတော့ ဂုဏ်ပြုနေသယောင်ယောင်....
-------
ညို့ အနေနဲ့ ၃လလုံးလုံး field ထဲမှာ တချက်မှ မညည်းမညူ စိတ်ပါဝင်စားစွာ အလုပ်လုပ်ခဲ့ပါသည်။
မညည်းညူခဲ့ပေမယ့် ရင်ထဲမှာ မျက်ရည်ကျခဲ့ရသည်များ စိတ်အားတက်ကြွခဲ့ရသည်များ ကတော့ ပုံပြင်နှယ်။
-------
ညို့ရင်ကို တိုက်စားသွားတဲ့ ဇာတ်လမ်းလေးတွေကတော့ ကမ္ဘာကျော် ရုပ်ရှင်တွေထက်အဆတစ်ရာမက
ရင်နင့်ဖွယ်ကောင်းလွန်းလှတာရှိသလို ခေတ်စနစ်ဆိုးရဲ့ တိုက်စားခြင်းကို အားနဲ့မာန်နဲ့
ရုန်းကန်တော်လှန်နေကြတာတွေလဲ ပါသည်။
-
ပထမဆုံးမိတ်ဆက်ပေးချင်တဲ့ ဘ၀ တစ်ခုကတော့
-
မခင်ခင်ကြည် - ရန်ကုန်ဇာတိ၊ MSc (Maths)၊ အသက် ၃၃ နှစ်၊ အရက်နှင့် မူးယစ်ဆေးသုံးစွဲသူတစ်ဦး၏ဇနီး၊
ကလေး ၃ ယောက်ရှိ၊ ခြေတဖက်ဆွံ့ရှာသူ၊ လက်ရှိ မဲ့ဆောက်ဆင်ခြေဖုံး တစ်ခုအနီးရှိ နွားတင်းကုပ်တွင်တရားမ၀င် နေထိုင်။
ကျွန်မတို့ကို မြင်မြင်ချင်း သမီးငယ်လေးကို ဆွဲပြီး ဂျိုင်းထောက်လေးထောက်လို့ လာဖမ်းတဲ့သူတွေများလားဆိုတဲ့
အတွေးနဲ့ အခန်းနောက်ကွယ်မှာ ၀င်ပုန်းလိုက်တာ မြင်ဖြစ်အောင်မြင်လိုက်တော့ တို့ဗမာတွေ
ဒီလိုနေရာမျိုးမှာတောင် ပုန်းလျှိုးကွယ်လျှိုး ကျီးလန့်စာစား ပုန်းကွယ်နေရပါလားဆိုပြီး
အသိထဲမှာ ဆတ်ခနဲ ခါသွားရတယ်။ မခင်ခင်ကြည်နေထိုင်ရာ နွားတင်းကုပ်လေးထဲကို ကျွန်မရောက်သွားတော့
အငယ်ဆုံးသမီးလေးတစ်ယောက်ပဲ အနားမှာရှိနေပြီး ကလေးအကြီး နှစ်ယောက်က
နွားကျောင်းထွက်သွားပါသတဲ့။ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီး
မခင်ခင်ကြည်ရဲ့ နောက်ခံအကြောင်းလေးတွေမေးတဲ့အခါ.................
“ညီမရယ်... အစ်မက လူမျိုးခြားနဲ့အိမ်ထောင်ကျခဲ့တာလေ။ အစပိုင်းတုန်းကတော့ အစ်မမိဘတွေအိမ်မှာနေတယ်။
အစ်မယောက်ျားကလဲ အလုပ်လုပ်ရင်း မိသားစုကိုကြည့်ပါတယ်။ အစ်မလဲ ကျူရှင်လိုက်သင်တယ်လေ။
ဒါပေမယ့် ကလေးအငယ်ဆုံးလေးမွေးပြီးတဲ့အချိန်လောက်မှာ သူ... ဖောက်လာတော့တာပါပဲ။
ဘယ်ကဘယ်လိုတတ်လာလဲ မသိဘူး။ အရက်ရော ဆေးရော လုပ်တော့တာပါပဲ။
အစ်မမိဘတွေလဲ သည်းမခံနိုင်တဲ့အဆုံး နှင်ချလိုက်တယ်လေ။
(သြော်..... လင်ဆိုးမယား တဖားဖားတစ်ယောက်ရဲ့ အဖြစ်တွေကို ဆက်ပြီး ကြားရဦးမှာပါလား??
ဒါပေမယ့် မျက်နှာကိုပကတိအတိုင်းထားမိညို၊ ဘ၀နာတဲ့ ပညာတတ်တစ်ယောက်ရဲ့ မာနကို
သွားမထိခိုက်စေနဲ့ သူပြောပြတာတွေကို ကောက်ခြစ်ရင်း အကောင်းဆုံးနားထောင်သူ
အဖြစ်နဲ့ နှစ်သိမ့်ပေးရမယ်လေ)
အစ်မလဲ ခြစ်ခြုတ်ကုတ်ကပ်ပြီး အမေတို့ ရပ်ကွက်ထဲမှာပဲ အိမ်လေးတစ်လုံး ၆ လစာချုပ် ချုပ်ပြီးကာမှ
သူက နယ်စပ်ကိုသွားမယ်။ အဲဒီမှာ အလုပ်ကောင်းတယ်။ နင်တို့သားအမိတွေကိုလဲ စိတ်မချတော့
အကုန်လုံးသွားမယ်။ လိုက်ခဲ့။ မြ၀တီကနေ ဟိုဘက်ကိုကူးဖို့ ငါအဆက်သွယ် ရှာထားပြီးပြီ။
နင်ဒီမှာစာသင်တာ နှစ်ပဲခြောက်ပြား၊ငါအလုပ်လုပ်တာလဲ ဘယ်လောက်မှရတာမဟုတ်ဘူး
ဆိုပြီး ခေါ်ချလာတယ်ကွယ်။
(အော် အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းရဲ့ တရားခံဘယ်သူတွေများလဲ? မိသားတစ်စုအတွက်
သူများနိုင်ငံမှာ တရားမ၀င်အလုပ်သွားရှာရလောက်တဲ့အခြေအနေတွေကို ဘယ်သူတွေက ဖန်တီးနေတာလဲ?)
မြ၀တီရောက်တော့ ပွဲစားဆိုတဲ့လူ လာခေါ်ပြီး မဲ့ဆောက်ကို ပို့ပေးတယ်။
အခန်းလေးတခန်းမှာ အစ်မတို့ မိသားစုကို ထားပေးတယ်။ အဲ့ဒီပွဲစားက
ငါပြန်လာခေါ်မယ်၊ နေခဲ့ကြဦး။ ငါနင်တို့အတွက် အလုပ်လိုက်ရှာဦးမယ်၊ အခုရှိတဲ့ ပိုက်ဆံပေးလိုက်ဦး။
အလုပ်ရဖို့ ငွေပေးသင့်ပေးရမှာ လို့ ဆိုပြီးတော့ အခန်းတံခါးကို အပြင်က သော့ခတ်သွားတယ်လေ။
အစ်မတို့မှာ စားစရာလဲမရှိ သောက်စရာရေတောင်မရှိဘူး ညီမရယ်။အပြင်လဲထွက်လို့မရ၊
ထွက်လို့ရတောင် မထွက်ရဲပါဘူး။ညီမစဉ်းစားကြည့်လေ... အဖမ်းအဆီးကိစ္စတွေကြားဖူးနေတော့
ခိုးဝင်လာရတဲ့ အစ်မတို့မှာ ဘယ်ကိုသွားလာရဲပါ့မလဲ။
တစ်နေ့နဲ့တစ်ညလုံးလုံး အဲ့အခန်းထဲမှာပိတ်ခံထားရတယ်ကွယ်။
( ခိုးတယ်ဆိုတာ ဘယ်နေရာမှာမှမကောင်းဘူး။ ငယ်ငယ်ကတည်းက ခေါင်းထဲမှာ အမြစ်တွယ်နေတဲ့
အသိတစ်ခုက တအိအိနဲ့ နိမ့်ဆင်းပြိုကျနေတယ်။ မကောင်းတာတော့မကောင်းဘူး။ သူတို့ခမျာ လူဖြစ်ရဲ့သားနဲ့
လှောင်အိမ်ကျဉ်းချခံရတာ ဒါပေမယ့် ခိုးဝင်တယ်ဆိုတဲ့ ကိစ္စကရော?? ဘယ်သူ့မှာတာဝန်ရှိပါသလဲ??)
နောက်တော့ အိမ်ရှင်က လာပြောတယ်။
အစ်မတို့လဲ ရှမ်းလိုမတတ်တော့ တစ်ခန်းကျော်က ကလေးမလေးတစ်ယောက်က ဘာသာပြန်ပေးတယ်လေ။
အခန်းခပေးဖို့လာပြောတာတဲ့။ အစ်မတို့မှာရှိသမျှပိုက်ဆံအကုန် ဟိုလူကယူသွားပြီလေ။
ဘယ်လိုမှရှင်းပြလို့မရတဲ့အဆုံး တစ်မိသားစုလုံး လမ်းပေါ်ဆွဲချခံရတာပဲကွယ်။
အစ်မရန်ကုန်မှာ ဆရာမလုပ်ခဲ့တာပါ။ တစ်ခါမှ အဲ့လိုစော်ကားမခံရဖူးဘူး။ ရှက်လိုက်တာလွန်ပါရော။
ပြန်မယ်ဆိုရင်တောင် ဘယ်ကစရိတ်နဲ့ပြန်ရမှာလဲ။ တပြားမှကိုလက်ထဲမှာ မရှိတော့တာ။
( သူ့နေရာမှ ကျွန်မသာဆိုရင် ဆိုတဲ့အတွေးကို အဆုံးထိမရောက်သွားအောင် ဟန့်တားထားလိုက်သည်။
မတွေးရဲပါ။ မတွေးဝံ့ပါ။ ညိုသာဆိုရင်..........အို..မတွေးပါနဲ့ဆို..... အတ္တအရေခွံတစ်ခုကို ကမန်းကတန်း
ကောက်ယူဝတ်ဆင်လိုက်ရတော့သည်)
အဲဒီအချိန် အစ်မယောက်ျားက ပွဲစားကို ရှာမယ်ဆိုပြီး ထွက်သွားတယ်။
အစ်မနဲ့ ကလေး၃ယောက် တစ်ညလုံး အမှိုက်ပုံတခုနားမှာ ပုန်းပြီး ကျန်နေခဲ့တာပေါ့။
မနက်ကျတော့ သူပြန်လာပေမယ့် ပွဲစားကိုမတွေ့ခဲ့ဘူးပြောပေမယ့် အရက်တွေတော့မူးလာပြန်တယ်ကွယ်။
ဘယ်ကပိုက်ဆံနဲ့သောက်ခဲ့လဲတော့ အစ်မ မသိဘူး။ သူနောက်တစ်ခါထပ်ထွက်သွားပြီးတော့
ပြန်ပေါ်မလာတော့တာ ဒီနေ့အထိပါပဲကွယ်။ အဲ့ဒီနေ့ပဲ အစ်မတို့ကို နွားမွေးတဲ့ အဘိုးကြီးတစ်ယောက်ကတွေ့လို့
ဒီတင်းကုပ်ကလေးမှာ ပေးထားတာညီမလေးရယ်။ အစ်မလဲအစပိုင်းက အဲ့အဘိုးကြီးရဲ့သဒ္ဓါကြေးလေးနဲ့
အသက်ဆက်နေရပေမယ့် တကယ်တမ်းကျတော့ အစ်မလဲ တန်ရာတန်ကြေးပေးရတော့တာပေါ့...”
နောက်ဆုံးစကားလုံးများကိုပြောချိန်မှာ သူ့ပေါင်ပေါ်ခေါင်းအုံးပြီး အိပ်နေတဲ့သမီးငယ်လေးရဲ့
နားကို မသိမသာပိတ်လိုက်တာ တွေ့ရတော့ ညို့မျက်ရည်တွေ စိမ့်ထွက်လာရသည်။
( ပညာတတ်ဆရာမတစ်ယောက် ဘ၀လက်တွဲဖော်အရွေးမှားရာက စ လာလိုက်တဲ့ အမှားတွေ
ပြဿနာတွေ ကြေကွဲဖွယ်တွေ .... ၆လက်မ မှ မခြားတဲ့ နိုင်ငံခြားမှာ ဆက်လက်ပြီး
ခံစားရဦးမယ့် ဒုက္ခတွေ။ ကလေးငယ်လေး ၃ ယောက်ရဲ့ရှေ့ရေးအတွက် ဘာမဆို ဘယ်သူ့ကိုမဆို
ထိုးကျွေးပေးလိုက်မယ့် အစတေးခံ မိခင်မေတ္တာ)
အို.........တော်ပြီ.. တော်ပြီ...ဆက်မကြားပါရစေနဲ့တော့.......... ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့နော်
အဲ့ဒီနေ့ကတော့ မျက်ရည်လွယ်တဲ့ကျွန်မ တရိရိတိုက်စားခြင်းတစ်ပုဒ်ကို ရင်နာနာနဲ့ ဆုံးအောင် နားမထောင်နိုင်ခဲ့ပါဘူး။
-----
တိုက်စားခြင်းကို အံတုနေသော လူသားတစ်ဦးနှင့်လဲ မိတ်ဆက်ပေးပါရစေဦးရှင်..... သူ့နာမည်က
ကိုကျော်ကျော်ဦး - ပဲခူးဇာတိ၊ အထက်တန်းအောင်၊ အသက် ၂၄၊ အိမ်ထောင်မရှိ၊ တရားမ၀င်နေထိုင်၊ ဆောက်လုပ်ရေးလုပ်သား။
တစ်လုံးကို ၈ပေပတ်လည်လောက်ရှိမည့် တဲကုပ်ကုပ်လေးတွေချည်း ရှိနေသည့် ဗမာရပ်ကွက်တစ်ခုအတွင်းက
တစ်ခုသောတဲငယ်လေးရှေ့မှာ ပွတ်ချွန်းဆေးလိပ်ကိုဖွာရှိုက်ရင်း ညနေခင်းကိုခံစားနေသူကတော့ ကိုကျော်ကျော်ဦးပါပဲ။
တစ်နေကုန်တစ်နေခမ်း အလုပ်ခွင်ထဲမှာ အလုပ်ကြမ်းတွေကို ခန္ဓာကိုယ်နဲ့ ချွေးနဲ့ရင်းပြီးရှာခဲ့ရပေမယ့်
စစ်တမ်းမေးခွန်းတွေဖြေရင်း သူ့ဘ၀ဇာတ်ကြောင်းကိုတော့ မမောတမ်း ဒီလိုရှင်းပြခဲ့ပါတယ်။
“ ကျွန်တော်ထွက်လာတုန်းက အသက် ၁၈ နှစ်ပါ။ မဲ့ဆောက်ကိုရောက်တာ ၁နှစ်ခွဲပဲရှိပါသေးတယ်။
ထွက်လာတုန်းကတော့ တော်တော်ငယ်သေးတယ်၊ စားသောက်ဆိုင်မှာ အလုပ်ရမယ်၊ လခကောင်းမယ်ဆိုပြီး
ရနောင်းမှာတွေ့တဲ့ လူတစ်ယောက်က ထိုင်းဘက်ကမ်းကို ခေါ်လာတယ်။လက်တွေ့မှာတော့ ကျွန်တော်လုပ်ရတာ
ငါးဖမ်းသင်္ဘောတစ်စင်းမှာပါ။ ရှမ်းစကားလဲမတတ် ငါးလုပ်ငန်းလဲ မကျွမ်းကျင်တဲ့သူဆိုတော့မကြာခဏ
ဆူခံ ရိုက်ခံရတယ်။
(အင်းးးး ဟိုဘက်ကမ်း ဒီဘက်ကမ်း တကယ်ဆို ဘာမှဝေးတာမဟုတ်ဘူး။ နိုင်ငံကဆင်းရဲနိမ့်ကျခဲ့တော့
ဒီလိုဒီလို ဖြစ်ရပ်မျိုးတွေ အရောင်းအ၀ယ်ခံ လူ့အခွင့်အရေးဆုံးရှုံးရရှာသူတွေရဲ့ ရင်နာစရာတွေ။
ငါတောင် ဒီလောက်နာကျင်ရမှာတော့ ဘ၀တစ်ခုလုံးထိခိုက်ခဲ့ရသူတွေမှာ ဘယ်လောက်တောင်
နာကျည်းလိုက်မလဲ?? အို ...မတွေးပါနဲ့လေ.. ဆက်နားထောင် မိညို... ဆက်နားထောင်)
ဒီမှာကြည့်ပါ အစ်မ... ကျွန်တော့လက်က ကောက်နေတာ မြင်လား??
အဲဒီသင်္ဘောက လူတွေရိုက်လိုက်တာဘယ်ဘက်လက်ကျိုးသွားပြီး ဗမာအလုပ်သမားအချင်းချင်း ရှိတာလေးနဲ့
ကြပ်စီးပေးထားကြလို့ လက် မဖြတ်ပစ်ရတာပါ။ အဲဒီတုန်းကလဲ အားလုံး ၀ိုင်းတားကြလို့သာ ပင်လယ်ထဲအပစ်ချမခံရတာ။
ရေလယ်ခေါင်ကြီးမှာ ရိုက်နှိက်ထားတဲ့ဒါဏ်ရာတွေနဲ့ ပစ်ချခံရင် သေမှာပဲ။
( အို.... ဘုရားသခင်..... လူသားချင်းစာနာစိတ်ဆိုတာ ကိုယ်ချင်းစာတရားဆိုတာ ဘယ်မှာလဲ? )
အဲဒီနောက်ပိုင်း ကမ်းကပ်တိုင်းပြေးဖို့ကြံတာပါပဲဗျာ။ ၃ခါလောက် ထွက်ပြေးလို့ အရိုက်ခံရပြီး ၄ကြိမ်မြောက်မှာ
ရှမ်းမိတ်ဆွေ ၂ ယောက်အကူအညီနဲ့ ထွက်ပြေးလာနိုင်ခဲ့တယ်။ ဒါပေမယ့်ဗျာ ကိုယ်၌က
ဘတ် (အလုပ်သမားကဒ်) မရှိ ပါ့တ်စ်ပို့မရှိနဲ့လေဗျာ။ဘယ်လိုလုပ် ပေါ်ပေါ်ထင်ထင်သွားလာရဲမှာလဲ။
ဒီလိုပဲ လူပို့တဲ့ကား ထဲမှာ ကြပ်ကြပ်သိပ်သိပ်နဲ့လိုက်ပြီးဘန်ကောက်ကိုရောက်သွားသေးတယ်။
အဆင်မပြေပါဘူးဗျာ။ ဘန်ကောက်မှာ သူတောင်းစား မဖြစ်ခဲ့ရုံတမယ်ပါပဲ။
ဒါနဲ့ ဒီဘက်ကိုထပ်ခိုးထွက်လာရပြီး အခုဆောက်လုပ်ရေးတခုမှာ ၀င်လုပ်နေရတယ်။
တခါတလေလဲ ရဲဖမ်းရင် တစ်နေ့စာကုန်တာပါပဲ။ ဒါတောင် ဒီနှစ်တွေအတွင်း ရှမ်းလိုတော်တော်ပြောတတ်လာလို့နော်။
(အလုပ်သမားကဒ်လုပ်ဖို့က အလုပ်ရှင်ရဲ့ထောက်ခံစာရယ် တစ်နှစ်စာ ဘတ်ငွေ ၁၈၀၀ ရယ်၊
ပွဲစားခက ဘတ်ငွေ ၁၂၀၀၊ ပါတ်စ်စပို့အသေးလို့ သူတို့ခေါ်တဲ့ ထိုင်းနိုင်ငံအတွင်းသွားလာခွင့်
ပါတ်စ်ပို့က လုပ်ခွင့်ရပ်ဆိုင်းထားချိန်။ လုပ်ခွင့်ရရင်တောင်မှ ပွဲစားခမပါ အနည်းဆုံး ဘတ်ငွေ ၆၀၀၀နှင့် အထက်။
တစ်နေ့လုပ်မှ ဘတ် ၁၈၀-၂၀၀ သာရသောသူများ ဘယ်ကဘယ်လို? ဟူးးးးးးးးးးးးးးးးးးးးးးးး)
မဟုတ်ရင် ဖမ်းခံရပြီး သွန်တဲ့အထဲပါသွားဦးမှာ။ သွန်ရင်လဲ ဒီဖက်ကို ပြန်လာရမှာပဲဗျ။
ဟိုဘက်က ပြည်တော်ပြန်ကြိုဆိုရေးမှာလဲ အလုပ်မရှိအကိုင်မရှိနဲ့ ဘတ် ၂၂၀၀ မပေးနိုင်ဘူး။
တစ်နေ့ထမင်းဖိုး ဘတ်၁၀၀ လဲ မတတ်နိုင်ဘူး။
အဲဒါတွေထက်ပိုတာက ကျွန်တော် အိမ်ကထွက်လာတာ ၆နှစ်ရှိပြီ၊ အမေ့အိမ်ကိုအရမ်းပြန်ချင်တယ်။
ဒါပေမယ့် ဒီလိုလက်လွတ်ခွက်ချွတ်ဘ၀နဲ့တော့ မပြန်ဘူးဗျာ။ စုပြီးဆောင်းပြီးမှ ပြန်မယ်။
အိမ်ကိုတော့အခုလဲ အဆက်အသွယ်ရပါတယ်။
ငွေထုပ်ပိုက်ပြီး မပြန်နိုင်တောင် လူလူသူသူဖြစ်တော့ ပြန်လာမယ်ဗျာ လို့ပဲ
အဖေတို့အမေတို့ကိုပြောထားတယ်။
ကျွန်တော်တော့ ရသလောက် ဒီမှာပဲ ကုပ်ကပ်နေပြီး အဖေ့ကိုပြောသလို လူလူသူသူ အင်းး လူလူသူသူပေါ့ဗျာ....”
( လူလူသူသူအိမ်ပြန်ချင်လို့တဲ့.... သူ့လက်ရှိဘ၀ကို သူဘယ်လိုများ အဓိပ္ပါယ်ဖွင့်ထားပါလိမ့်?
အမေ့အိမ်ကို လွမ်းတာတောင် ရဲဖမ်းမှာကြောက်ရ ပြည်တော်ပြန်ကြိုဆိုရေးကိုတွက်ရ
သူဖြစ်ချင်တဲ့ လူလူသူသူ.... သြော်......လူလူသူသူ.................)
အင်းးးး ဒီလိုဆိုတော့လဲ တိုက်စားခြင်းကိုတော်လှန်နေတဲ့ လုပ်အားအလှနဲ့ မာနမှုန်ပျပျပုံပြင်တစ်ပုဒ်ကို မြင်နေရသလို....
---
ချစ်ခြင်းများစွာဖြင့်
မိုးကြာညို
0 comments:
Post a Comment