Friday, September 21, 2012

စိတ်ကူးအိပ်မက်တစ်ခုကို ထွေးပွေ့ပါ


 (ဝ၁) စိတ်ကူးအိပ်မက်တစ်ခုကို ထွေးပွေ့ပါ… ပြီးတော့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ပါ 

စိတ်ကူးအိပ်မက်ရှိသူဟာ အချမ်းသာဆုံးပဲ 

လူတိုင်းမှာ စိတ်ကူးအိပ်မက်တွေရှိကြတယ်။ တချို့က ကမ္ဘာကြီးကိုပတ်ဖို့၊ တချို့က ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့။ သင့်ရဲ့စိတ်ကူးအိပ်မက်ဟာ ဘာပဲဖြစ်နေ ဖြစ်နေ သတ္တိရှိရှိ စိတ်ကူးပါ။ ပြီးတော့ အကောင်အထည်ဖော်ပါ။ အရာတစ်ခုက နောက်ကျတယ်၊ စောတယ်ဆိုတာ မရှိဘူး။ အဲဒီအရာက စိတ်ကူးအိပ်မက်ပဲဖြစ်တယ်။

၃နှစ်သားကလေးမှာ ၃ နှစ်သားရဲ့ စိတ်ကူးအိပ်မက်ရှိတယ်။ ကစားစရာ အရုပ်ကြီးတစ်ခု ပိုင်ဆိုင်ရဖို့ဖြစ်တယ်။ ၁၈နှစ်အရွယ်မှာ ၁၈နှစ်အရွယ်ရဲ့ စိတ်ကူးအိပ်မက်ရှိတယ်။ ကိုယ်တက်ချင်တဲ့ ကျောင်းတစ်ကျောင်းကျောင်းကို တက်ရဖို့ဖြစ်တယ်။ ၃ဝနှစ်အရွယ်မှာ ၃ဝနှစ်အရွယ်ရဲ့ စိတ်ကူးအိပ်မက်ရှိတယ်။ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်လေးရှိဖို့ဖြစ်တယ်။ အသက်၈ဝအရွယ်မှာ ၈ဝအရွယ်ရဲ့ စိတ်ကူးအိပ်မက်ရှိတယ်။ ကိုယ့်ဘဝဖော်နဲ့ အတူလက်တွဲပြီး စားချင်တာကို စားနိုင်ဖို့ဖြစ်တယ်။

သူငယ်ချင်း မောင်မောင်မှာ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်ရှိတယ်။ သူ့ကို ကျွန်မသိစကတည်းက သူ့မှာ ဒီစိတ်ကူးအိပ်မက်ရှိခဲ့တယ်။

မောင်မောင်ဟာ စကားနည်း ဆိတ်ဆိတ်နေတတ်သူပါ။ စိတ်ကူးအိပ်မက်အကြောင်းတွေ ပြောမှသာ သူ့ရဲ့မျက်လုံးတွေက လင်းလက်လာတတ်ပါတယ်။ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်မယ့် စိတ်ကူးက သူ့ခေါင်းထဲမှာ အမြဲရှိနေခဲ့တယ်။ စားသောက်ဆိုင်မှာ ဘာအစားအစာရောင်းမလဲဆိုတာကို သူအမြဲတွေးတောနေတတ်တယ်။ စားသောက်ဆိုင် အပြင်အဆင်ကို ဘယ်လိုအဘယ်အဆင်မျိုးလုပ်ရမလဲဆိုတဲ့ စိတ်ကူးအတွေးတွေက သူ့ခေါင်းထဲ မပြတ်လည်ပတ်နေခဲ့တယ်။

စိတ်ကူးအတွေးရှိပေမယ့် သူ့မှာ ငွေကြေးမရှိခဲ့ဘူး။ အတွေ့အကြုံ မရှိခဲ့ဘူး။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုအားကိုးပြီး ခြေလှမ်းတစ်လှမ်းချင်းနဲ့ စတင်နိုင်ဖို့ သူကြိုးစားခဲ့တယ်။ သူငယ်ချင်းတော်တော်များများက သူ့စိတ်ကူးအိပ်မက်ကိုကြားတော့ ခနဲတဲ့တဲ့အပြုံးနဲ့ “မင်းကလည်း မတော်မတန်ရာတွေ စိတ်ကူးနေတာလား? မင်းငွေစုလို့ရတဲ့အချိန် မင်းအသက်လည်း တော်တော်ကြီးနေရော့ပေါ့”လို့ ပြောကြတယ်။

ဒီလိုလှောင်ပြောင်ဝေဖန်သံတွေက မောင်မောင်ကို တွန့်ဆုတ်မသွားစေခဲ့ဘူး။ သူ့စိတ်ကူး၊ သူ့စီမံကိန်းအတိုင်း သူငြိမ်ငြိမ်ဆိတ်ဆိတ် အကောင်အထည်ဖော်နေခဲ့တယ်။ လုံလောက်တဲ့ငွေ စုဆောင်းမိတာနဲ့ ဆိုင်ခန်းငယ်လေး တစ်ခန်းငှားပြီး စိတ်ကူးအိပ်မက်ကို သူ့အကောင်အထည်ဖော်ခဲ့တယ်။ သူ့ရဲ့ကြိုးစားမှုကြောင့် ဆိုင်ခန်းလေးက လူမပြတ်ခဲ့ဘူး။ ငွေကြေးတွေ သူထပ်စုဆောင်းရခဲ့တယ်။

ဒီလိုနဲ့ သူ့ကို လှောင်ပြောင်ဝေဖန်သူတွေရဲ့ဘဝက အရင်အတိုင်းမပြောင်းလဲဘူး။ မောင်မောင်ကတော့ ကိုယ့်စိတ်ကူးအိပ်မက် အကောင်အထည်ပေါ်ဖြစ်မြောက်ဖို့ နီးသထက် နီးလာခဲ့တယ်။

နှစ်အနည်းငယ်အကြာ သူနဲ့ကျွန်မဆုံတဲ့အချိန် သူဟာ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်နေခဲ့ပါပြီ။ 

သူဟာ စားသောက်ဆိုင်ဖွင့်ရင်း တစ်ဘက်ကလည်း အတွေ့အကြုံတွေစုဆောင်းရင်း အသိပညာ ဗဟုသုတကြွယ်ဝဖို့ သင်တန်းတချို့တက်ခဲ့သေးတယ်။ သင်တန်းတက်နေချိန် စိတ်တူကိုယ်တူမိတ်ဆွေတချို့နဲ့ ခင်မင်ရင်းနှီးခဲ့တယ်။ အချင်းချင်း ဗဟုသုတွေ၊ အသိပညာတွေ မျှဝေခဲ့ကြတယ်။ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ မောင်မောင်တော်တော်ကြိုးစားခဲ့မှန်း သိသာနေပါတယ်။
မောင်မောင်ရဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုပြည့်နေတဲ့ စိတ်ဓာတ်ကိုကြည့်ရင်း သူ့အောင်မြင်မှုအတွက် ကျွန်မ မုဒိတာပွားခဲ့မိပါတယ်။


စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဇွဲရှိရတယ်

ကျောင်းတုန်းက ဇာဇာဟာ ကျွန်မတို့အခန်းထဲမှာ စာစီစာကုံးအကောင်းဆုံးသူပါ။ သူဟာ စာရေးပါရမီပါသူဆိုတာကို လူတိုင်းထောက်ခံကြတယ်။ စာရေးဆရာဖြစ်နိုင်သူလို့လည်း ချီးကျူးကြတယ်။ အဲဒီတုန်းက ဘယ်လို စာစီစာကုံးမျိုးရေးခိုင်းရေးခိုင်း စာစီစာကုံးတိုင်းကို စကားလုံးလှလှလေးတွေနဲ့ သူရေးဖွဲ့နိုင်ခဲ့တယ်။ ဆွဲဆောင်နိုင်ခဲ့တယ်။ ဆရာမကတောင် သူ့ကို အမျှော်ကြီးမျှော်မှန်းထားခဲ့တယ်။ သူရဲ့စာစီစာကုံးတိုင်းရဲ့အောက်မှာ ဆရာမက “အတွေးကောင်းတယ်၊ ဆွဲဆောင်မှုရှိတယ်”လို့ အမြဲမှတ်ချက်ပေးခဲ့တယ်။ အဲဒီတုန်းက စာပေအပေါ်စိတ်ဝင်စားမှုပိုခဲ့တဲ့သူဟာ ကြီးပြင်းလာရင် စာရေးဆရာလုပ်မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်ရှိခဲ့တယ်။ စိတ်ကူးအိပ်မက်ကို သူအကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ လူတိုင်းကလည်း ထင်မြင်ခဲ့တယ်။ 

မော်မော်လင်းကလည်း ကျွန်မတို့အခန်းထဲမှာ စာရေးတာကို ဝါသနာပါတဲ့သူဖြစ်တယ်။ သူလည်း ဇာဇာ့လိုပဲ စိတ်ကူးအိပ်မက်ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ပါရမီက မိုးနဲ့မြေလို ကွာခြားခဲ့တယ်။ စာတွေရေးဖို့ ပါရမီပါရတယ်လို့ ဆရာမကအမြဲပြောတယ်။ ဇာဇာက မွေးရပါ ပါရမီကိုပိုင်ဆိုင်ထားသူပါ။ မော်မော်လင်းကတော့ ပါရမီနည်းပေမယ့် ကြိုးစားအားထုတ်သူဖြစ်တယ်။ 

နှစ်အတန်ကြာတော့ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူငယ်ချင်းတွေအားလုံး ပြန်ဆုံကြတယ်။ ဇာဇာကိုတွေ့တော့ ကျောင်းနေတုန်းက သူ့စိတ်ကူးအိပ်မက်ကို ကျွန်မသတိရပြီး သူ့ကိုဒဲ့တိုးပဲမေးလိုက်မိတယ်။ 

“ဇာဇာ.. စာအုပ်တွေ ဘယ်နှအုပ်လောက် ထွက်ပြီးပြီလဲ?”

တခြားသူငယ်ချင်းတွေကလည်း ဇာဇာရဲ့အရေးအသားကို မှတ်မိနေခဲ့ကြတော့ ဝိုင်းမေးကြတယ်။

အမေးအားလုံးကို ဇာဇာကခေါင်းခါပြပြီး စိတ်ပျက်လက်ပျက်နဲ့ “ဘာစာအုပ်ထွက်ရမလဲ! စာရေးဆရာလုပ်မယ့် စိတ်ကူးအိပ်မက်ကို ငါစွန့်ပစ်ခဲ့တာကြာပြီ။ ဒီအိပ်မက်က အကောင်အထည်ဖြစ်ဖို့ ခက်ခဲလွန်းတယ်။ ငါစာတွေ မရေးဖြစ်ခဲ့တာတောင် ကြာလှပေါ့”လို့ဆိုတယ်။ 

ဇာဇာရဲ့စကားကိုကြားတော့ အားလုံးအံ့အားသင့်ရတယ်။

ဇာဇာဟာ စစချင်းမှာ စာရေးဖို့ သူ့ကိုယ်သူယုံကြည်မှုရှိတာ အမှန်ပဲ။ တက္ကသိုလ်ဒုတိယနှစ်ရောက်တော့ ဝတ္ထုတိုပြိုင်ပွဲတွေထဲ သူပါဝင်ခဲ့တယ်။ စာပေနယ်မှာ ကလောင်စွမ်းထက်သူတွေကများတော့ သူ့စာမူတွေ အရွေးမခံခဲ့ရဘူး။ အဲဒီမှာ မိမိကိုယ်ကိုယ်ယုံကြည်မှုတွေ အလဲထိုးခံလိုက်ရတယ်။ မဂ္ဂဇင်းတိုက်တွေဆီ သူစာမူပို့ခဲ့ပေမယ့် ပယ်စာရင်းထဲပါခဲ့တော့ ယုံကြည်မူတွေလျော့ပြီး မျှော်လင့်ချက်တွေမဲ့လာခဲ့တယ်။ အရင်တုန်းက ချီးကျူးခံရဖန်များခဲ့တော့ မိမိကိုယ်ကိုယ်ယုံကြည်တွေ မြင့်တက်ပြီး စာပေနဲ့ပတ်သက်တဲ့ ဗဟုသုတ၊ ပြုစုပျိုးထောင်မှုတွေကို လျစ်လျူရှုမိခဲ့ပုံလည်းရတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဗဟုသုတ၊ အသိပညာတွေနဲ့ ဖြည့်တင်းမနေခဲ့တဲ့အပြင် အရာဝတ္ထုတွေအပေါ် အကဲခတ်မှုတွေလည်း လျော့နည်းခဲ့ပုံရတယ်။ ဒါကြောင့် သူ့အရေးအသားတွေက ရှေ့ဆက်မတိုးခဲ့တော့ဘူး။ ကိုယ်ရေးတဲ့စာကို ကိုယ်တိုင်တောင် ခံစားသက်ဝင်မှုမရှိခဲ့ရင် စာဖတ်သူတွေကိုရော ခံစားသက်ဝင်မှုပေးနိုင်မလား? 

“မော်မော်လင်းရော? စာရေးတာဝါသနာပါခဲ့မှန်း ငါတို့မှတ်မိနေတယ်” သူငယ်ချင်းတွေက စကားမြားဦးကို မော်မော်လင်းဖက် လှည့်လိုက်တယ်။

“အင်း… ငါအခု မဂ္ဂဇင်းတော်တော်များများမှာ စာတွေရေးနေတယ်။ စာအုပ်ထုတ်ဖို့လည်း ကမ်းလှမ်းခံထားရတယ်။ ငါ့ အရေးအသားကို သူတို့နှစ်သက်ကြတယ်လေ” မော်မော်လင်းက ရှက်ကိုးရှက်ကန်းနဲ့ ဆိုတယ်။ မော်မော်လင်းက ဇာဇာနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့တယ်။ ကိုယ့်ရဲ့ပါရမီက ဇာဇာ့လိုမဟုတ်မှန်းသိတော့ သူပိုကြိုးစားခဲ့တယ်။ ကြိုးစားမှပဲ စိတ်ကူးအိပ်မက်ကို သူအကောင်အထည်ဖော်နိုင်မှာဖြစ်တယ်။ ဒါကြောင့် တစ်လှမ်းချင်း သူကြိုးစားခဲ့တယ်။ နာမည်ကြီးစာပေတွေနဲ့ အမြဲမပြတ် ထိတွေ့ခဲ့တယ်။ မပြတ်ရေးတယ်၊ ပို့တယ်။ တတ်သိနားလည်သူတွေဆီက ဝေဖန်တာတွေရလေ ကြိုးစားအားစိုက်မှုကို သူပိုစိုက်ထုတ်လေဖြစ်ခဲ့တယ်။

စာမူတွေအကြိမ်ကြိမ်အပယ်ခံရတဲ့ အတွေ့အကြုံက သူ့ကိုသံမဏိစိတ်ဓာတ်ဖြစ်အောင် ကျင့်ပေးခဲ့တယ်။ ထိုးနှက်ခြင်းတွေက သူ့ကိုမတွန့်ဆုတ်စေခဲ့တဲ့အပြင် ကြိုးစားစိတ်ကို ပိုထည့်ပေးခဲ့တယ်။ နောက်ဆုံးမှာ သူ့စာမူတွေ အရွေးခံခဲ့ရတယ်။ ခြေလှမ်းမှန်မှန်နဲ့ မပြတ်ရှေ့ကိုဆက်လှမ်းရင်း စိတ်ကူးအိပ်မက်ကို သူအကောင်အထည်ဖော်နိုင်ခဲ့တယ်။ 


စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်တာဟာ ပျော်ရွှင်စရာပါ
 
လူတိုင်းမှာ မတူတဲ့စိတ်ကူးအိပ်မက်တွေရှိကြတယ်။

တစ်နေ့က ဂျော့ခ်ျဆီကနေ ကျွန်မအီးမေးလ်တစ်စောင်ရခဲ့တယ်။ ဂျော့ခ်ျက ကျွန်မကနေဒါမှာ ကျောင်းသွားတက်တုန်းက သိခဲ့ရတဲ့ သူငယ်ချင်းပါ။ ဂျော့ခ်ျရဲ့အီးမေးလ်ကိုဖတ်ပြီး သူ့အစား ကျွန်မဝမ်းသာခဲ့ရတယ်။ အီးမေးလ်ထဲမှာ သူရေးထားတာက နှစ်တွေအတော်ကြာဖြတ်သန်းပြီးနောက် သူ့အိပ်မက်ကို သူအကောင်အထည်ဖော်နိုင်ခဲ့ပြီဆိုတဲ့ အကြောင်းဖြစ်တယ်။ သူဟာ အခုအချိန်မှာ နာမည်ရဓာတ်ပုံဆရာတစ်ဦး ဖြစ်နေပြီလို့ဆိုတယ်။ 

ဂျော့ခ်ျက ပျော်ပျော်နေတတ်သူပါ။ ကားအမောင်းလိုင်စင်အတွက် မောင်းဖြေစာမေးပွဲမှာ သူအကြိမ်ကြိမ် ကျရှုံးခဲ့ပြီး ကားမောင်းလိုင်စင်မရခဲ့သူဖြစ်တယ်။ လူအများက သူ့ကို ကားမောင်းရမယ့်ကံမပါဘူး၊ မောင်းဖြေမနေနဲ့တော့လို့ ဆိုခဲ့ကြပေမယ့် သူဇွဲမလျော့ခဲ့ဘူး။ နောက်ဆုံး အကြိမ်ဆယ်ဂဏန်းလောက်ကျရှုံးပြီးချိန်မှာ သူအောင်မြင်သွားခဲ့ပါတယ်။ (ကြည့်ရတာ မောင်းဖြေဆရာလည်း သူ့ကို မခံမရပ်နိုင်ဖြစ်လာခဲ့လို့ ထင်ပါတယ်)။ အကြာခဏဖြေခဲ့ရလို့ လမ်းကြောတွေကို မှတ်မိနေခဲ့လို့လည်းဖြစ်မယ်။ နောက်တော့ သူဟာ လူတကာအံ့သြစေတဲ့ ကားအမောင်းသင်ဆရာတောင် ဖြစ်လိုက်သေးတယ်။ 

“မောင်းဖြေမအောင်တဲ့ လူတွေကို ကျွန်တော်သင်ပေးတယ်လေ.. ဒါဟာ ဇွဲလုံ့လရဲ့ရလဒ်ပေါ့” လို့ သူကဆိုတယ်။ ဒီအကြောင်းတွေ မိတ်ဆွေသူငယ်ချင်းကြားမှာ ရယ်စရာဟာသတစ်ခုဖြစ်ခဲ့ပေမယ့် ဂျော့ခ်ျရဲ့ဇွဲနဲ့ အကောင်းမြင်စိတ်ကို တွေ့မြင်နိုင်ခဲ့ရပါတယ်။ 

သူ ဓာတ်ပုံရိုက်ဝါသနာပါတာကိုလည်း ကျွန်မမှတ်မိနေခဲ့တယ်။ ခန္ဓာကိုယ်ထွားထွားကြိုင်ကြိုင်ရဲ့ အောက်မှာ နူးညံ့တဲ့နှလုံးသားတစ်စုံကို သူပိုင်ခဲ့တယ်။ သူရိုက်တဲ့ ဓာတ်ပုံတွေမှာလည်း လူတကာကိုခံစားစေနိုင်တဲ့ နူးညံ့မှု၊ အနုစိတ်မှုတွေ ပါနေခဲ့တယ်။ ဂျော့ခ်ျနဲ့ မတွေ့တာကြာပြီဆိုပေမယ့် လူတွေကိုဓာတ်ပုံရိုက်ပေးတဲ့အချိန် သူ့မျက်လုံးထဲမှာ ပျော်ရွှင်တဲ့အပြုံး၊ တောက်ပတဲ့အလင်းတွေကို ကျွန်မ မမေ့ခဲ့ပါဘူး။ 

ကိုယ့်စိတ်ကူးအိပ်မက်ကို ဘယ်လိုအကောင်အထည် ဖော်နိုင်ခဲ့သလဲ၊ နာမည်ရ ဓာတ်ပုံဆရာဖြစ်အောင် ဘယ်လိုလုပ်ခဲ့သလဲလို့ ကျွန်မသိချင်ဇောနဲ့ သူ့ကိုမေးခဲ့တယ်။ 

သူ့ရဲ့ရိုက်ချက်တွေက အရမ်းကောင်းတယ်ဆိုပေမယ့် ဓာတ်ပုံတိုက်၊ မဂ္ဂဇင်းတိုက်တွေမှာ အလုပ်သွားလျှောက်တိုင်း “ပြန်ဆက်သွယ်မယ်”ဆိုတဲ့ အဖြေကိုပဲ သူရခဲ့တယ်။ ပြန်ဆက်သွယ်မယ်ဆိုတဲ့စကားက လုံးလုံးဆက်သွယ်တော့မှာ မဟုတ်ဘူးဆိုတာကို သူလည်းသဘောပေါက်ခဲ့ပါတယ်။ ဓာတ်ပုံအရိုက်ကောင်းရက်သားနဲ့၊ အတွေ့အကြုံတွေရှိရက်သားနဲ့ ဘာကြောင့် အငြင်းဆန်ခံရမှန်း သူမသိခဲ့ဘူး။ ဒါကို သူမခံမရပ်နိုင်ဖြစ်ခဲ့တယ်။ စိတ်ဓာတ်ကျခဲ့ပေမယ့် အိပ်မက်ကိုအကောင်အထည်ဖော်မယ့် ဆုံးဖြတ်ချက်ကို သူမပြင်ခဲ့ဘူး။ သူပိုကြိုးစားခဲ့တယ်။ 

နောက်တော့ ဓာတ်ပုံပြိုင်ပွဲတွေမှာ သူပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ အကြိမ်ကြိမ် ဝင်ပြိုင်ခဲ့ပြီးနောက် နောက်ဆုံးမှာ သူဆုချိတ်ခဲ့တယ်။ ရခဲ့တဲ့ဆုတံဆိပ်တွေရဲ့အကူနဲ့ သူအလုပ်လျှောက်ခဲ့ပြန်တယ်။ နောက်ဆုံးမှာ အလုပ်ရခဲ့ပြီး နာမည်ရဓာတ်ပုံဆရာတစ်ဦးဖြစ်လာခဲ့တယ်။ 

တကယ်တော့ စိတ်ကူးအိပ်မက်က မရယူနိုင်လောက်အောင် မဝေးပါဘူး။ စာရွက်ပေါ်မှာပဲ ချရေးရုံ၊ စိတ်ကူးရုံနဲ့လည်း အကောင်အထည်မဖြစ်မြောက်နိုင်ပါဘူး။ လက်တွေ့အကောင်အထည်ဖော်ဖို့ ပထမခြေတစ်လှမ်း စလှမ်းရဲဖို့တော့ လိုအပ်ပါတယ်။ 

သင့်စိတ်ကူးအိပ်မက်က ဘာပဲဖြစ်နေဖြစ်နေ၊ အကောင်အထည်ဖော်ဖို့ ဘယ်လိုပဲ ခက်ခဲနေပါစေ၊ အရေးကြီးတာက ဇွဲလုံ့လရှိတဲ့စိတ်ဓာတ်တစ်ခု ရှိဖို့ပါပဲ။ စိတ်ကူးအိပ်မက်ကို ပွေ့ဖက်ထားသူတွေဟာ သတ္တိရှိတယ်။ မျှော်လင့်ချက်ရှိတယ်။ ပျော်ရွှင်ခြင်းရှိတယ်။ ဒါပေမဲ့ စိတ်ကူးအိပ်မက်ကို အတွေးထဲမှာပဲထားပြီး အကောင်အထည်မဖော်ခဲ့ရင်တော့ အဲဒီစိတ်ကူးအိပ်မက်ဟာ စိတ်ကူးယဉ်ခြင်းသက်သက်ပဲ ဖြစ်သွားပါလိမ့်မယ်။ 

မူရင်းရေးသားသူ -- Sunny Doll (အနာဂတ်အတွက် မျှော်လင့်ချက်၎ဝ စာအုပ်မှ)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။ 

--

Be Happy,

          Moe Moe.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...