မျှတစွာပြောကြမယ်ဆိုရင် အားပေးပါတယ်...
Thantsin Phyoe thantsinphyo@gmail.com
ကုလားတွေ တရုတ်တွေကို လက်ညှိုးထိုးပြီး ဗမာတွေမကြီးပွါးရကောင်းလားဆိုတဲ့ စိတ်မျိုးတော့ နည်းနည်းလေးပြင်ရင်ကောင်းလိမ့်မယ်... အထူးသဖြင့် စိတ်ပညာအရကြည့်ရင် အဲ့ဒီလိုမျိုး မိမိတို့မကြီးပွါးတာကို တစ်ခြားလူကိုလက်ညှိုးထိုးပြရင် ရေရှည်မှာ လူထုစိတ်ဓာတ်က ကြိုးစားချင်စိတ်ထက် စိတ်နှလုံးညှိုးနွမ်းလာတာပဲ ပိုဖြစ်တတ်တယ်...
တခြားမကြည့်ပါနဲ့ မလေးရှားလိုနိုင်ငံကိုပဲကြည့်ပါ... တရုတ်တွေကို အနည်းနဲ့အများ အခွင့်အရေးနှိမ့်ချထားပေမဲ့ မလေးရှားမှာ စီးပွါးရေးမှာ ခေါင်ဆိုရင် တရုတ်တွေပဲကြီးစိုးနေတုန်းပဲ... မလေးတွေတောင်အခုမှ ငါတို့ပိုနှိပ်လေ သူတို့ပိုကြိုးစားပြီး ပိုထူးချွန်လေဆိုတာသိနားလည်လာလို့ တန်းတူအခွင့်အရေးတွေ တစ်ဆင့်ပြီးတစ်ဆင့်ပြန်သတ်မှတ်ပေးနေတာ တရုတ်ကိုချစ်လို့ကြောက်လို့ထက် ကိုယ့်လူမျိုးကို အခွင့်အရေးတဖက်စောင်းနင်းပေးလိုက်တော့ ကိုယ့်လူမျိုးဘက်မှာ လူပျင်းလူဖျင်းတွေ ပိုပေါလာပြီး ဖိနှိပ်ခံ ခွဲခြားဆက်ဆံခံရတဲ့ဘက်က ပိုပြီးချွန်ထွက်သွားတာကို သဘောပေါက်လာတာလည်း ပါဝင်ပါတယ်... မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရှန်တိန်လုပ်ပြီးတက်နေတဲ့အချိန်မှာ လူမျိုး ဘာသာကို အခြေခံပြီး ခွဲခြားတဲ့စိတ်ဓာတ်တွေ လူထုထဲကို မဖြန့်ပါနဲ့... မဟုတ်ရင် ရေရှည်မှာ ဖိနှိပ်ခံရသူတွေက ပိုပြီးထိုးထွက်သွားတတ်လို့ပါ...
ဂါနိုဆိုက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုဒ္ဓဘာသာဝင်တွေမလုပ်ဘူးဆိုတာ အကြွင်းမဲ့ယုံပါတယ်... သို့သော် မတော်တဆ ဂါနိုဆိုက်အသွင်ဖြစ်သွားနိုင်တဲ့ အလားအလာတွေရှိတာကိုလည်း မြင်တတ်ဖို့လိုတယ်... ကိုယ့်တိုင်းပြည်နိုင်ငံတကာအလယ်မှာ လက်မထောင်နိုင်ဖို့အတွက် လူထုထဲကို ချပြတဲ့အသိက အရမ်းအရေးကြီးပါတယ်... ရိုဟင်ဂျာ/ဘင်္ဂါလီအရေးဆိုရင် တိုင်းရင်းသားဖြစ်ရေးမဖြစ်ရေးထက် နိုင်ငံသားကစပြီးစဉ်းစားတိုင်ပင်ကြဖို့ ကျနော်တော့အကြံပေးချင်ပါတယ်... တိုင်းရင်းသားအရေးဆိုရင် ပိုမိုကျယ်ပြန့်တဲ့အသွင်အပြင်တွေပါလာနိုင်လို့ပါ... ဥပမာ ဘယ်စံနှုန်းနဲ့တိုင်းရင်းသားသတ်မှတ်မှာလဲ တိုင်းရင်းသားအမည်သတ်မှတ်ပုံ စတာတွေက မြန်မာနိုင်ငံမှာ အခုအထိစံနှုန်းတိတိကျကျမရှိသေးဘူးလို့ ဆိုနိုင်တယ်... လက်ရှိ တလောက ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ခဲ့တဲ့ လက်ရှိမြန်မာနိုင်ငံ တိုင်းရင်းသားအရေအတွက် ၁၀၁မျိုး နောက်တော့ ဇိုမီးမပါလို့ပြန်ဖြည့်လိုက်တဲ့ တိုင်းရင်းသားလူမျိုးအရေအတွက် ၁၀၂မျိုးမှာ အရင်ကျနော်တို့သိခဲ့တဲ့ ၁၃၅မျိုးက ဘယ်လူမျိုးတွေဖြုတ်လိုက်တာလဲ ကျနော်တို့မသိသေးဘူး... ဒါ့အပြင် ဗမာကလူမျိုးအမည်လား မြန်မာကလူမျိုးအမည်လား ဘယ်လိုသတ်မှတ်တာလဲ ဘာအထောက်အထားနဲ့လဲဆိုတာကအစ တော်တော်လေးပြန်လိုက်ရဦးမယ်... လွတ်လပ်ရေးရတာ ရာစုနှစ်တစ်ဝက်ကျော်အတွင်းမှာ ကျနော်တို့တိုင်းပြည်အနေနဲ့ အဲ့ဒီအပိုင်းကို သေသေချာချာသတ်မှတ်ပြဌာန်းထားတယ်လို့ ရင်ကော့လက်မထောင်လို့မရသေးဘူး... ဒါ့ကြောင့် ရိုဟင်ဂျာ/ဘင်္ဂါလီအရေးပြောရာမှာ တိုင်းရင်းသားသတ်မှတ်ရေးထက် နိုင်ငံသားသတ်မှတ်ရေကစသင့်တယ်လို့ ကျနော်တော့ထင်တယ်...
တကယ်က ရိုဟင်ဂျာ/ဘင်္ဂါလီအရေးမှာ မွတ်ဆလင်ဆိုတာကို အထူးပြုပြီးသုံးစွဲလာတာက မြန်မာမွတ်ဆလင်တွေအတွက် မျက်ခုံးပင့်စရာဖြစ်တာကို ကျန်တဲ့လူတွေမရိပ်မိကြဘူး... ဥပမာပြောရရင် သူတို့ဘာသာရေးအရ မိန်းမလေးယောက်ယူလို့ရတယ်ဆိုတာမျိုးဆိုကြပါစို့... ရိုဟင်ဂျာအကြောင်းပြောရင်းက ဘာသာရေးဆိုတော့ လူတွေစိတ်ထဲမှာ မွတ်ဆလင်ဆိုတာကို ကွက်ကနဲမြင်သွားတယ်... မြန်မာနိုင်ငံဥပဒေအရပြောရင် တစ်လင်တစ်မယားစံနစ်မသတ်မှတ်ထားသလို တစ်လင်တစ်မယားစံနစ်ဆိုတာ ဗမာတွေရှေးဦးမဆွကတည်းက ကျင့်သုံးနေတဲ့ ဗမာ့ဓလေ့လည်းမဟုတ်ဘူး... ဒါကိုသမိုင်းကြောင်းမှာ ဘုရင်တွေမိန်းမများတာလောက်ပဲကြည့်ပြီးပြောတာမဟုတ်ပါဘူး... တကယ့်ကိုရှေးဗမာတွေမှာ ကျောမွဲလူတန်းစားလောက်ပဲ တစ်လင်တစ်မယားစံနစ်ကျင့်သုံးတာဖြစ်ပြီး ပိုက်ဆံရှိတဲ့ အသည်သားတွေ သူဌေးတွေလည်း မိန်းမတွေအများကြီးယူခဲ့တာ ယနေ့ မြန်မာပြည်မှာ ယောက်ျားတစ်ယောက်က နောက်ထပ်မိန်းမယူလို့ တရားစွဲလို့မရတာကိုကြည့်ရင် အသိသာကြီးပါ.. ဒါဟာ ဘာသာရေးနဲ့မဆိုင်ပါဘူး... မြန်မာနိုင်ငံကိုက မိန်းမအများကြီးယူတာကို ခွင့်ပြုထားတာလည်းပါ ပါတယ်... မွေးဖွားနှုံးထိန်းချုပ်တာဆိုရင်လည်း ဘာသာရေးအရခွင့်မပြုဘူးဆိုတာမျိုး ကျယ်ကျယ်လောင်လောင်ကြားရပါတယ်... နိုင်ငံတကာအဆင့် အစ္စလာမ့်ဥပဒေပြဌာန်းရေးဌာနကြီးတွေထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားရရင် မွေးဖွားနှုံးထိန်းချုပ်တာကို အစ္စလာမ်ဘာသာရေးအရခွင့်ပြုနေပြန်တယ်... တကယ်က ကိုမာဃပြောတဲ့အချက်တစ်ချို့မှန်တာပါပါတယ်... အဲ့ဒီဒေသမှာ သူတို့အချင်းချင်းကြားက မယုံကြည်မှု အမုန်းပွါးမှုက တော်တော်လေးကြီးမားတယ်လို့ဆိုနိုင်တယ်... ဒီနေရာမှာတော့ ခေတ်အဆက်ဆက်က အုပ်ချုပ်သူတွေအနေနဲ့ ဒေသခံတွေကြားမှာ တည့်တည့်ရပ်ပြီး ညှိနှိုင်းမပေးခဲ့တာတွေသိပ်ဆိုင်ပါတယ်... ကျနော်ဟိုတစ်နေ့က Channel 4 ကစစ်တွေမှာသွားရောက်ပြီး ရိုက်ထားတဲ့ video ကိုကြည့်လိုက်တဲ့အခါမှာ ဒေသခံတွေထဲမှာ ၂ဖက်စလုံးက အတူတူတွဲပြီးပြန်လည်နေထိုင်ဖို့ကို ကြောက်လန့်စွာနဲ့ ငြင်းပယ်နေကြတာတွေ့ရတယ်... ကျနော့အမြင်တော့ ဒီအရေးကို ရှင်းလင်းသွားအောင်ဆောင်ရွက်ဖို့ အစိုးရအနေနဲ့ ပြည်ပအကူအညီကို ယူသင့်ပါတယ်... ၂ဖက်စလုံးကို မျှမျှတတကိုင်တွယ်ဆောင်ရွက်ပေးမဲ့ အကူအညီမျိုးပေါ့... ကျနော်တွေ့တာတော့ ရခိုင်တိုင်းရင်းသားတွေက UN နဲ့ NGO တွေအပေါ်မှာ အမြင်မကြည်လင်ပဲ သူတို့ကို ဖယ်ထားတယ်လို့ထင်သလို မွတ်ဆလင်တွေကျတော့ အစိုးရအနေနဲ့ သူတို့ကိုဖယ်ထားတယ် ခွဲခြားဆက်ဆံတယ် ဖိနှိပ်တယ်လို့မြင်နေကြတယ်... ဒီတော့ နောက်ပိုင်းဝင်ရောက်ကိုင်တွယ်ညှိနှိုင်းပေးတဲ့အထဲမှာ UN နဲ့အစိုးရ သေသေချာချာတွဲလုပ်သင့်တယ်လို့ယူဆမိတယ်... တစ်ဖက်နဲ့တစ်ဖက် ခါးခါးသီးသီးဖြစ်နေတဲ့ အတိတ်အနာဟောင်းတွေကို ပြည်ဖုံးကားချပေးနိုင်အောင်ကြိုးစားပေးသင့်တယ်...
ပြည်တွင်းက မွတ်ဆလင်တွေကို ခွဲခြားဆက်ဆံမှုမရှိဘူးလို့ အောက်ခြေလူတန်းစားကထင်နေပေမဲ့ ဗလီတွေပြုပြင်ဖို့ဆိုရင် အဆပေါင်းမြောက်များစွာခက်ခဲတာ ၁၉၇၈နောက်ပိုင်းမှာ ဗလီအချို့ကိုဖျက်သိမ်းတာ ဗလီအသစ်ဆောက်ခွင့်မပေးတာ အဓိကရုဏ်းတွေဖန်တီးပြီး ဗလီအချို့ကို ပိတ်ထားတာတွေကို အောက်ခြေလူတန်းစားက မမြင်နိုင်ပါဘူး... ကျနော်ကတော့ ဖြစ်ပြီးသမျှကို အတိတ်မှာမှတ်တမ်းတင်ထားတဲ့အဆင့်နဲ့ရပ်လိုက်ပြီး ပြည်တွင်းမှာလည်း မွတ်ဆလင်နဲ့ ကျန်တဲ့ဘာသာခြားတွေကြားမှာ အမြင်မမှားဖို့သေသေချာချာတည်ဆောက်ဖို့ကျန်သေးတယ်လို့ထင်တယ်... ဥပမာပြောရရင် ဒီနှစ် မာ့ခ်ျ ဧပြီလလောက်က ကျောက်ပန်းတောင်းမှာ အလုပ်တာဝန်နဲ့ရောက်ရှိနေတဲ့ မွတ်ဆလင်တွေက အိမ်ငှါးနေပြီး မိမိတို့ငှါးနေတဲ့အိမ်မှာ ဘာသာရေးဝတ်ပြုတာကို ကျောက်ပန်းတောင်းမြို့ထဲမှာ ဗလီဆောက်ဖို့လုပ်လို့ ကျောက်ပန်းတောင်းမြို့ခံတွေက ဖျက်ချလိုက်ရတယ်လို့ အွန်လိုင်းမှာဖွတာမျိုးဆိုရင် တော်တော်လေးမဖြစ်သင့်တာပါ... တကယ်ကတော့ အဲ့ဒီငှါးထားတဲ့အိမ်ဖြိုခံလိုက်ရပါတယ်... အိမ်ပိုင်ရှင်က ဗုဒ္ဓဘာသာပါ... မွတ်ဆလင်မှာက ၁ယောက်ထက်ပိုတဲ့ လူတွေ တစ်ချိန်ထဲမှာဝတ်ပြုမယ်ဆိုရင် စုပေါင်းဝတ်ပြုဖို့ ညွှန်ကြားထားပါတယ်... ဒီတော့တစ်အိမ်ထဲမှာ ငှါးနေကြတဲ့ မွတ်ဆလင်တွေ (လူ၅ယောက် ၆ယောက်လောက်) သူ့ဟာသူအိမ်ထဲမှာဝတ်ပြုတာ ပြဿနာအရှာခံရတာပါ... ဒါပေမဲ့ ဒေသခံမဟုတ်သူတွေမျက်စိထဲမှာတော့ ပြန့်လာတဲ့သတင်းကိုကြည့်ပြီး ကြည့်ပါဦးမွတ်ဆလင်တွေ မွတ်ဆလင်တစ်ယောက်မှမရှိတဲ့မြို့မှာ ဗလီဆောက်ဖို့လုပ်သတဲ့ ဖျက်ခံရတာတောင်နည်းသေးဆိုပြီးထင်ကြပြန်ရော... ဒီတော့ တကယ်တမ်း အောက်ခြေအဆင့်မှာ မွတ်ဆလင်မုန်းတီးရေးစိတ်ဓာတ်မရှိဘူးဆိုရင်တောင် မှန်ကန်တဲ့အမြင်နဲ့ ချင့်ချိန်သုံးသပ်နိုင်စွမ်းကတော့ တော်တော်လေးကိုအားနည်းနေဆဲပါ... ရန်ကုန်မြို့လယ်ခေါင်မှာ ဆူးလေဘုရားနဲ့ကပ်လျှက် ဗလီကြီးဟီးနေတာပဲဆိုတာကို ဘာသာရေးလွတ်လပ်မှုရဲ့ပြရုပ်အဖြစ်ဂုဏ်ယူနေကြပေမဲ့ အဲ့ဒီဗလီထဲက အိမ်သာတစ်လုံးပြုပြင်ခွင့်ရဖို့တောင် နှစ်နဲ့ချီပြီးကြာတယ်ဆိုတာတော့ လူတွေမသိကြပါဘူး... မန္တလေးနန်းတွင်းထဲက ဗုံးဒါဏ်မထိပဲကျန်ခဲ့တဲ့ ရှေးမြန်မာလက်ရာတွေနဲ့ ဗလီ၂လုံးကို ၁၉၇၀ဆယ်စုနှစ်အတွင်းမှာ ဝတ်ပြုခွင့်ပိတ်ခဲ့ပြီး ၁၉၉၀ဆယ်စုနှစ်အတွင်းမှာ လုံးဝဖြိုချပြီးလက်စလက်နဖျောက်လိုက်တာဆိုရင် အောက်ခြေလူတန်းစားတွေမသိနိုင်ဘူး...
ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာဝင်တွေဟာ သနားတတ်တယ် စစ်မှန်တဲ့စိတ်ဓာတ်နဲ့ ရိုးသားတယ် သူတပါးကိုထိခိုက်နစ်နာအောင်မလုပ်တတ်ဘူးဆိုတာ အပြည့်အဝလက်ခံပါတယ်... ဒါပေမဲ့ အကြောင်းအရာတစ်ရပ်အပေါ်မှာ သေသေချာချာနက်နက်နဲနဲ လေ့လာလိုက်စားမှုအားနည်းပြီး တစ်ခါတစ်ရံမှာ သွေးထိုးပေးဖို့လွယ်လွန်းနေပါတယ်... ဝေးဝေးကြည့်စရာမလိုပါဘူး သွေးထိုးပေးလိုက်ရုံနဲ့ တောင်ကုတ်မှာ လူ၁၀ယောက်ကို မသေမချင်းရိုက်သတ်ပြခဲ့တာ ဗုဒ္ဓဘာသာတွေပါ... ဒါ့ကြောင့် သွေးထိုးပေးလိုက်ရင် လူသေအောင်ရိုက်သတ်နိုင်တဲ့စိတ်ဓာတ်ရှိလို့ အခြေအနေတိုင်းကို မျှမျှတတနဲ့ ဆောင်ရွက်ဖို့လိုနေသေးတာ မျှတတဲ့အမြင် ဆင်ခြင်နိုင်မှုတွေ လိုအပ်နေသေးပြီး အဲ့ဒီအပိုင်းကို ပညာပေးဖို့လိုအပ်နေတယ်ဆိုတာလည်း အမှန်တရားပါ...
--

0 comments:
Post a Comment