ဒီမိုကရေစီ မောင်ပိုင်စီးခြင်း။
fighter ordinary ordinaryfighter@gmail.com
အခုတလော politician ရပ်ကွက်မှာ ဟိုနားသည်နားစုစု ပြောနေကြတာကြားမိသည်။ Proportional Representation (PR) “မဲရေအချိုးကျ ကိုယ်စားလှယ်ရသည့်စနစ်” ကိုမြန်မာ့နိုင်ငံရေးတွင် မိတ်ဆက်ဖို့ နိုင်ငံရေး ပါတီငယ်များက အဆိုပြုလာကြသည်။ လွှတ်တော် ဥက္ကဌကြီးကလည်း နှစ်သက်သည့် လက္ခဏာပြကြောင်း ကြားရသည်။ အသံတွေတော့ စုံသည်။
PR စနစ်ဆိုတာ ဘာလဲ၊ စတန့်ထွင်ခြင်းတစ်မျိုးလား၊ ဆန်းစစ်ကြည့်မိသည်။ ဥပမာအားဖြင့် လူဦးရေဆယ်သန်းရှိသော မဲဆန္ဒနယ်တစ်ခုတွင် ပါတီ A, B, C, D, E တို့ဝင်ပြိုင်ကြသည်။ ပါတီ A ကမဲဆန္ဒနယ် အားလုံးနီးပါးတွင် ရာခိုင်နှုန်း ၅၀ ကျော်ဖြင့် အနိုင်ရသွားသည်။
မူလ စနစ်အရဆိုမူ တစ်မဲသာတစ်ပွဲနိုင် စနစ်ဖြင့် ပွဲပြီးပြီ။ အခြားပါတီများကို မဲပေးလိုက်သော စုစုပေါင်း လေးဆယ်ရာခိုင်နှုန်းကျော်ရှိသော မဲဆန္ဒရှင်များ၏သဘောထားကို မျက်ကွယ်ပြုလိုက်သလိုဖြစ်တော့မည်။ PR စနစ်အရဆိုပါက ကျန်ပါတီငယ်များသည်လည်း ၄င်းတို့ ရရှိသည့် မဲအရေအတွက်အချိုးကျအလိုက် သက်ဆိုင်ရာမဲဆန္ဒနယ်၏ကိုယ်စားလှယ်ရာခိုင်နှုန်းကို ရခွင့်ရှိသည်။ ပါတီ E သည် မည်သည့်မဲဆန္ဒနယ်တွင်မှ အနိုင်မရသော်လည်း မဲပေးသူဆယ်သန်းတွင် ၄င်းကိုထောက်ခံသူ တစ်သန်းရှိလျှင် အဆိုပါမဲဆန္ဒနယ်၏ ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းရခွင့်ရှိမည်ဖြစ်သည်။
ဤသည်မှာ အကြမ်းဖျင်းသာ ဖြစ်သည်။ တကယ့်စနစ်တွင်မူ အနည်းငယ်ပို၍ အသေးစိတ်နိုင်သည်။ သေချာသည်ကတော့ ပါတီကြီးတို့အတွက် နှစ်မြို့စရာမဟုတ်။ ဝေစုခွဲပေးရကိန်းဆိုက်တော့မည်။ ထို့ကြောင့် ပူပန်သောကကြီးစွာဖြင့် မဖုံးနိုင်၊ မဖိနိုင် ဆန့်ကျင်ကြသည်။ ကြားကြား မီးယပ်စွတ်စွဲချက်များဖြင့် ထခုန်ကြသည်။ အားကောင်းမောင်းသန်ကိုယ်စားပြုစနစ် မဖြစ်နိုင်တော့၊ နိုင်ငံရေးဖေါင်းပွမှု ဖြစ်တော့မည်ဟုလည်း ဆိုကြသည်။ ဓါတ်ပုံများ စွာဖြင့် စာမျက်နှာအနည်းငယ်သာပါသော အပတ်စဉ်ထုတ်စာစောင်ငယ်တွင်ပင် ဆောင်ပါးရှည်နှစ်ပုဒ်ဖြင့် ကျယ်လောင်စွာ အော်ကြသည်။ ချောက်ကမ်းပါးထဲကျတော့မည် ဟုလည်းမဆီမဆိုင်အော်ကြသည်။ မည်သူကျတော့မည်ကို စိုးရိမ်သည်တော့ မသိ။
ရှုထောင့်တစ်ခုကလည်း တစ်မဲသာ တစ်ပွဲနိုင်စနစ်သည်ပါတီကြီးလွှမ်းမိုးတဲ့နိုင်ငံရေးစနစ်ဆီကို တွန်းပို့သည်။ ဒီမိုကရေစီအာဏာရှင် စနစ်ကိုဖန်တီးနိုင်ကြောင်း ထောက်ပြကြသည်။ ထို့အပြင် အရွေးခံရသူကို မဲမပေးလိုက်သော မဲဆန္ဒရှင်များ၏ လွှတ်တော်တွင်းကိုယ်စားလှယ်နေရာများမှလည်း အာဏာရပါတီကို ပါဝါထိန်းညှိပေးနိုင်သည်။ လူနည်းစုများ၊ ပါတီငယ်များ၏ နိုင်ငံရေးတွင် ပိုမိုပါဝင်လာနိုင်မှုကိုတော့ အကောင်းမြင်မိသည်။
နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီအုတ်မြစ်ဖြစ်သည့် ရွေးကောက်ပွဲများကို မည်သို့ကျင်းပမည်၊ မည်သို့ရွေး ချယ်ကြမည်ကို စဉ်းစားကြရာတွင် ထိုနိုင်ငံ၏ လက်ရှိအခြေအနေ၊ ပြည်သူလူထု၏ နိုင်ငံရေးအပေါ်ထားရှိသော သဘောထား၊ သမိုင်းကပေးခဲ့သော အင်အားကြီးပါတီကြီးများမှသင်္ခန်းစာများ၊ စသည်ဖြင့်ထည့်တွက်ဖို့လိုသလို အနာဂတ်တွင်ထွက်ပေါ်လာနိုင်မည့် သွေးသစ် နိုင်ငံရေးသမားများ၊ အင်အားစုများကို သင်းသတ်ထားသလို မဖြစ်စေရေးအတွက်ပါ စဉ်းစားပေးကြရန်မှာ ဦးဆောင်ဦးရွက်ပြုသူ၊ စီမံခန့်ခွဲခွင့်ရှိသူများအတွက် ကြီးလေးသော တာဝန်တစ်ခုဟု ဆိုနိုင်သည်။
PR ကိုဆန့်ကျင်သူများက အဆိုပါစနစ်ကြောင့် လွှတ်တော်အတွင်း နိုင်ငံရေး ပဋိပက္ခများပေါ်လာနိုင်ကြောင်း ဆင်ခြေ ပေးကြသည်မှာလည်း အံ့သြဖွယ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပဋိပက္ခ၊အငြင်းအခုံ မရှိသော နိုင်ငံရေးစနစ်သည် စစ်အာဏာသိမ်းထားခြင်း ကဲ့သို့သော အခြေအနေများတွင်သာ ရှိနိုင်ကြောင်းမစဉ်းစားမိလေခြင်းလား။ နောက်တစ်ခု သူတို့ကိုးကားသည်က PR စနစ်ကြောင့် နာဇီပါတီကဲ့သို့သော အစွန်းရောက်အင်အားစုများ ကြီးထွားလာနိုင်သည်ဟုဆိုသည်။ ဤသည်မှာတော့ လက်ရှိမြန်မာ့နိုင်ငံရေး စီးကြောင်းနှင့် ပြောင်းပြန်ဖြစ်နေသော အတွေး ဖြစ်သည်။ လက်ရှိမြန်မာ့နိုင်ငံရေးတွင် အမျိုးသားရေးဝါဒ အင်အားကောင်းနေပြီးဖြစ်သည်။ လူထုကိုလည်း ပါအောင်ခေါ်နိုင်သည်။ လစ်ဘရယ်ဒီမိုကရေစီ ၏အဆိပ်ဖြစ်သော National Socialist တို့ကို တန်ပြန်နိုင်ရန်မှာ ဒီမိုကရေစီ အင်အားစုတို့ကို မြှောက်စား စင်တင်ပေးဖို့လိုပေမည်။
ပါတီကြီးသမားတို့က PR စနစ်ကြောင့် နိုင်ငံရေးခိုင်မာမှုအားနည်းသွားနိုင်သည် ဟုဆိုသည်။ မိမိသဘောသာအမှန် ဟူသောလှေနံဓါးထစ်သမားတို့အတွက်မူ အဆိုပါထုခြေချက် မှန်နိုင်သည်။ ငါတို့လုပ်မှ ရလိမ့်မည် ဆိုသည့် အတွေးအခေါ်သည် အာဏာရှင်တစ်ပိုင်း အယူအဆသာဖြစ်ပေလိမ့်မည်။
PR စနစ်ကိုထောက်ခံသော အခြားရှုထောင့်တစ်ခုမှ ကြည့်လျှင်လည်း သက်ဆိုင်ရာနယ်ပယ်တို့တွင် politicide လုပ်ခံထားရသဖြင့် မြေအောက်ဘ၀ ခံယူလိုသူတို့သည် တရားဥပဒေ၏ အရိပ်အောက်တွင် တရားဝင် သိက္ခာရှိရှိရပ်တည်လာရင်း ထိုမှတဆင့် မျှခြေတစ်ခုသို့ ရောက်ရှိလာနိုင်မည်ဖြစ်သည်။ လက်နက်ကိုင် အင်အားစုများကို ဆိုလိုခြင်းဖြစ်သည်။ ပါတီကြီးဝါဒီတို့၏ ရိုးသားမှု၊ နိုင်ငံရေးတွင်ပွင့်လင်းမြင်သာရှိမှု တို့ကိုလည်း လုံးဝဥသုံမယုံကြည်နိုင်ခြင်း ၊ ၀ကွက်မအပ်လိုခြင်း တို့မှာ လက်တွေ့ကျသော သဘောတရားပင်ဖြစ်ပါသည်။
0 comments:
Post a Comment