Friday, August 10, 2012

မြန်မာ့အရုဏ်သစ်နှင့် စကားစမြည် [ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်)]


by မြန်မာ့ အရုဏ်သစ် on Friday, August 10, 2012 at 9:45am ·


မေး။            ။ အကိုတို့မြန်မာ့အရုဏ်သစ် ပရဟိတအသင်းကို ဘယ်နေ့က စဖွဲ့စည်းခဲ့တာလဲ--
ဖြေ။             ။ ကျွန်တော်တို့ အသင်းကို ၂၀၁၂ ဇွန် လ ၁၇  ရက်(တနင်္ဂနွေနေ့) မှာ စတင်ဖွဲ့စည်းခဲ့ပြီး  အသင်းနာမည်ကို မြန်မာ့အရုဏ်သစ်လို့ ပေးခဲ့ပါတယ်။


မေး။             ။ မြန်မာ့အရုဏ်သစ် ပရဟိတ အသင်း ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် လေး သိပါရစေ။
ဖြေ။              ။ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတဲ့ တရားအနှစ်ချုပ်ဖြစ်တဲ့  ``ကံ-  ကံရဲ့အကျိုး`` ကိုယုံကြည်ပြီး၊ ကောင်းတဲ့အလုပ်လုပ်ရင် ကောင်းတဲ့အကျိုးတရားပြန်ခံစားရတယ်ဆိုတဲ့ယုံကြည်ချက်ကို အခြေခံပြီး ဖွဲ့စည်းခဲ့တာပါ။ အဲဒီနေရာမှာ ယုံကြည်မှုဖြင့်  လှုဒါန်းခြင်း နဲ့  မျှော်လင့်ချက်ဖြင့် လှုဒါန်းခြင်းတို့ရဲ့ ကွဲပြားခြားနားပုံကို သိစေချင်ပါတယ်။ အလှုဒါန တစ်ခုလုပ်ပြီး အဲဒီအလှုရဲ့ အကျိုးတရားကိုမျှော်ကိုးပြီး လှုရင် အဲဒါဟာ မျှော်လင့်ချက်နဲ့ လှုရာရောက်ပြီး ၊ ကောင်းတဲ့အလုပ် ကုသိုလ်ကံလုပ်ရင် ကောင်းတဲ့အကျိုး ရရှိတာကို ယုံကြည်ပြီး လှုတာကိုတော့ ယုံကြည်မှုနဲ့ လှုဒါန်းခြင်းမည်ပါတယ်။ အဲဒီနှစ်ခုဟာ တူသလိုလိုနဲ့ ကွဲပြားပါတယ်။

          ၁။ယုံကြည်ချက်နဲ့ လှုတဲ့သူက လောဘကင်းတယ်--  သဒ္ဒါဖြူတယ်။
             မျှော်လင့်ချက်နဲ့ လှုတဲ့သူက လောဘမကင်းဘူး-- သဒ္ဒါမဖြူဘူး။
          ၂။ယုံကြည်မှုနဲ့လှုတဲ့သူက လွတ်လပ်ပေါ့ပါးတယ်-- စိတ်ချမ်းသာတယ်။
             မျှော်လင့်ချက်နဲ့ လှုတဲ့သူက အကျိုးတရားကို ပြန်လိုချင်တဲ့ နှောင်ကြိုးရှိတယ်-- စိတ်ပူနေတယ်။
          ၃။ယုံကြည်မှုနဲ့ လှုတဲ့သူက အကျိုးတရားမမျှော်လင့်ပဲထားလို့ ရလာရင်တောင် သာမန်ကြည်နူးရုံပဲ။
             မျှော်လင့်ချက်နဲ့လှုတဲ့သူက အကျိုးရလာရင်တောင် ပေးလှုထားခြင်းနဲ့ အကျိုးတရား ချိန်တွယ်တတ်တယ်။
          ၄။ယုံကြည်ချက်နဲ့လှုတဲ့သူက စေတနာသုံးတန်ပြတ်တယ်။
             မျှော်လင့်ချက်နဲ့လှုတဲ့သူက စေတနာသုံးတန် မပြတ်သားဘူး။
          ၅။ယုံကြည်ချက်နဲ့ လှုတဲ့သူက အလှုခံရဲ့ အကျိုးကိုပဲကြည့်တယ်။
             မျှော်လင့်ချက်နဲ့ လှုတဲ့သူက ပြန်ရလာမယ့် အကျိုးတရားကိုပဲ တွက်လှုတယ်။
          ၆။ယုံကြည်ချက်နဲ့လှုတဲ့သူက နှိဗ္ဗာန ပစ္စယော ဟောတု ဆိုပြီးလှုတယ်။
            မျှော်လင့်ချက်နဲ့လှုတဲ့သူက လူ၊ နတ်၊ ဗြမ္မာ ချမ်းသာအတွက် ဆုတောင်းတယ်။
          ၇။ယုံကြည်ချက်နဲ့ လှုတဲ့သူက အနှောင်အဖွဲ့ကင်းတယ်။ လွတ်လပ်တယ်။
            မျှော်လင့်ချက်နဲ့ လှုတဲ့သူက အနှောင်အဖွဲ့ရှိတယ်။ မလွတ်လပ်ဘူး။

မေး။           ။အသင်းကို ဘယ်လောက်အထိ ရည်ရွယ်ထားပါသလဲ။
ဖြေ။           ။ကျွန်တော်တို့အသင်းကို အစဉ်အဆက် လက်ဆင့်ကမ်းပြီး ဗုဒ္ဓရဲ့ တရားတော်တွေ မြန်မာနိုင်ငံမှာရှိနေသ၍ ရည်ရွယ်ပါတယ်။

မေး။           ။အသင်းက ဘာသာရေး အပေါ်မှာ အခြေခံပါသလား။
ဖြေ။           ။ အသင်းက ဘာသာရေးအပေါ်မှာ အဓိကထား ဖွဲ့စည်းခဲ့တာမဟုတ်ခဲ့ပေမယ့် ယုံကြည်ချက်တူသူ၊စိတ်ဆန္ဒတူသူ၊ ရည်ရွယ်ချက်တူသူ၊ ခံယူချက်တူသူတွေနဲ့ စုစည်းဖွဲ့ထားလို့ မရည်ရွယ်ပေမယ့် သဘောတရားအရ ဗုဒ္ဓရဲ့ မွန်မြတ်တဲ့အဆုံးအမအောက်မှာ တည်ရှိနေမယ်လို့ လဲပြောလို့ရပါတယ်။ သို့သော်လည်း ဘာသာရေး သာသနာပြုသလိုတော့ ရည်ရွယ်ထားတာမဟုတ်ပါ ဘူး။ လူသားအချင်းချင်း ``အားနည်းသူ ဖေးကူပေးမယ့်`` ရည်ရွယ်ချက်ပါ။ ဒါဟာလည်း ဗုဒ္ဓရဲ့အဆုံးအမတရား ပါပဲ။ ဗုဒ္ဓရဲ့ လမ်းညွှန်ချက်တစ်ခုပါပဲ။ ဒါကြောင့် အသင်းရဲ့ လှုပ်ရှားမှုတွေဟာ ဗုဒ္ဓတရားတော်တွေရဲ့ အရိပ်အငွေ့ အောက်ကတော့ မလွတ်ပဲရှိနေမှာပါ။

မေး။           ။အသင်းရဲ့ ရည်ရွယ်ချက်တွေ သိချင်ပါတယ်။
ဖြေ။           ။ ပရဟိတလုပ်ငန်းက အရမ်းကျယ်ပျံ့ပါတယ်။ နေရာတိုင်းမှာ လိုအပ်နေတဲ့ ကွက်လပ်တွေ အများကြီးပါ။ ကျွန်တော်တို့ကတော့ လုပ်ချင်တာထက် -- လုပ်နိုင်တာ ၊ လုပ်သင့်တာ ကို လက်လှမ်းမှီရာ အုတ်တစ်ချပ် သဲတစ်ပွင့် စိတ်ထားနဲ့ တတ်အားသ၍ လုပ်နေမှာပါ။ အခု အသင်းရဲ့ ပထမနှစ် ရည်ရွယ်ချက် အနေနဲ့ ---
  •           ၁။ ``သဘာဝဘေး၊ စစ်ဘေး၊ ပဋိပက္ခဘေး``ကျရောက်နေတဲ့ အပြစ်မဲ့ပြည်သူများ
  •           ၂။  စုပေါင်းသွေးလှုဒါန်းမှုများ
  •           ၃။  မိဘမဲ့ ကလေးသူငယ် များကို ပြုစုပျိုးထောင်ပေးနေသော ဘ/က ကျောင်းများ
  •           ၄။  ခိုကိုးရာမဲ့ ဘိုးဘွားများအတွက် လိုအပ်ချက်ရှိနေသော ဘိုးဘွားရိပ်သာများ  ကိုလှုဒါန်းဖို့ ရည်ရွယ်ထားပါတယ်။
          အဲဒီ ရည်ရွယ်ချက် လေးချက်ကို တစ်နှစ်အတွင်းမှာ အကောင်အထည်ဖော်မှာပါ။ နောက်ပိုင်း အသင်းအလှုငွေ များလာပြီး ပိုမိုလုပ်ဆောင်နိုင်ရင်တော့  အနာဂတ်ရည်ရွယ်ချက်အနေနဲ့--
  • ၁။   နွေရာသီ  သောက်ရေပြတ်သော ကျေးရွာများကို သောက်ရေကန်တူးပေးခြင်း။ နည်းပညာပေးခြင်း
  • ၂။   ပညာရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့လှုဒါန်းခြင်း
  • ၃။  ပရဟိတ အခမဲ့ပညာရေးကျောင်းများကို ထောက်ပံ့လှုဒါန်းခြင်း
  • ၄။ အခမဲ့ဆေးခန်း ဆေးရုံများကို ထောက်ပံ့လှုဒန်းခြင်း 
  • ၅။ ကျေးလက် အသက်မွေးပညာများ ဖြန့်ဖြူးခြင်း။ အရင်းအနှီးများ ထုတ်ချေးခြင်း  စတာတွေကို အမှုဆောင်များ စုဝေးတိုင်ပင်ဆုံးဖြတ်ပြီး လုပ်ဖို့ အကြမ်းမျဉ်း ရည်ရွယ်ထားပါတယ်။

မေး။           ။ အသင်းရဲ့ စည်းကမ်းချက်တွေ သိခွင့်ရမလား။
ဖြေ။            ။အသင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေတော့ အခုလောလောဆယ် ကျယ်ကျယ်ပျံ့ပျံ့ ထုတ်ထားတာ မရှိသေးပါဘူး။ အသင်းဝင်များကိုတော့ တစ်လ အနည်းဆုံးတစ်ထောင်စီလှုဖို့ မေတ္တာရပ်ခံထားပါတယ်။ အသင်းမှာတတ်ကြွတဲ့အမှုဆောင်တွေနဲ့ အမှုဆောင်မဟုတ်သော်လည်း တတ်ကြွစွာ ကူညီပေးမယ့် စေတနာရှင်တွေလည်း ရထားပါတယ်။ အမှုဆောင်များကိုတော့--
  • ၁။ အသင်းကို ဝန်ထုတ်ဝန်ပိုးလို လေးလံတဲ့စိတ်မျိုးမထားပဲ လွတ်လွတ်လပ်လပ် တတ်တတ်ကြွကြွ အစဉ်ရှိရန်
  • ၂။ အသင်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာခြင်းမျိုးကို စိတ်နဲ့တောင် မပစ်မှား မလွန်ကျူးရန်
  • ၃။ အသင်းကို ဖြည်းဖြည်းမှန်မှန် ရှေ့သို့ချီတတ်ရန် ၊ စိတ်လောခြင်းမပြုရန်
  • ၄။ `` ဖြူစင်သောစိတ်ရင်း`` ကို အသင်းရဲ့ သန္ဓေအဖြစ်ထားရန်
  • ၅။ ပရဟိတလုပ်ရင်း ညီရင်းအကို မောင်ရင်းနှမ စိတ်ထားဖြင့် မြန်မာ့အရုဏ်သစ် မိသားစုစိတ်ဓါတ် မွေးမြူရန် စသဖြင့် နှိုးဆော်ထားပါတယ်။

မေး။        ။ အသင်းရဲ့ ကြီးထွားအောင်မြင်မှုအတွက် ယုံကြည်မှုမျှော်လင့်ချက်ရှိပါသလား
ဖြေ။         ။ အမှုဆောင်များ ဖြူစင်သန့်ရှင်း တတ်ကြွတဲ့စိတ်နဲ့ အတူလက်တွဲလုပ်နေသ၍--
                တစ်ဦးနဲ့တစ်ဦး မေတ္တာတရားထားကာ ယုံကြည်လေးစားနေကြသ၍--
                ဦးတည်ချက်မှန်မှန်နဲ့  မမြန်လွန်း  မနှေးလွန်း ပုံမှန်ချီတတ်နေသ၍
                အလှုရှင်များရဲ့ ယုံကြည်မှုရပြီး ပွင့်လင်းမြင်သာစွာ အစမ်းသပ်ခံနိုင်သ၍
               အသင်းရဲ့ ကံကြမ္မာ ရှိနေသ၍   ----  ဖွံ့ဖြိုးနေမယ်လို့ ယုံကြည်နေပါတယ်။

မေး။         ။ နောက်ဆုံးအနေနဲ့   အသင်းရဲ့ လှုပ်ရှားမှုအခြေအနေ လေးပြောပေးပါ။
ဖြေ။          ။ ၂၀၁၂  ဇူလိုင် ၁၉ ရက်နေ့ အသင်းသက်တမ်း လသားအရွယ်မှာပဲ ရခိုင်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် အတိဒုက္ခရောက်နေတဲ့ တိုင်းရင်းသား ရခိုင်သားတို့အတွက် အလှုငွေ  ၁၁ သိန်း ၆ သောင်းနဲ့  တန်ဘိုးသိတဲ့ အဝတ်အထည်များ ၅ သိန်းကျော်အပြင် တန်ဘိုးအတိအကျမသိတဲ့ (ခန့်မှန်းတန်ဘိုး ၅ သိန်းကျော်) စုစုပေါင်း တန်ဘိုး သိန်း ၂၀ ကျော်လှုနိုင်ခဲ့ပါတယ်။ အဲဒီအပြင် ဇူလိုင် ၂၉ ရက်နေ့မှာပဲ အသင်းက ဦးစီးပြီး စုပေါင်း သွေးလှုပွဲကို သွေးလှုရှင်   ၇၀ ကျော်နဲ့ ပျော်ရွှင်စွာ လှုဒါန်းခဲ့ပါတယ်။

--- ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်)
မြန်မာ့အရုဏ်သစ်  ပရဟိတ လူမှုကူညီရေးအသင်း
10-AUG-2102

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...