Thursday, August 9, 2012

တလွဲအသုံးချ အိုင်တီနှင့် မြန်မာ့ယဉ်ကျေးမှု


by General Knowledge on Thursday, August 9, 2012 at 1:07am ·

By Flower News Journal Originally posted 09/08/2012 11:15AM
  
ဖေ့ဘွတ်ခ် စာမျက်နှာများနှင့် ဖုန်းများအတွင်းရှိ Movies ဖိုင်များတွင် ယခုတစ်လော နာမည်ကြီးလာသော ဖိုင်တစ်ခုက လူတော်တော်များများ၏ ပါးစပ်ဖျားတွင် အလွန်ရေပန်းစားနေသလို  မသိသူကဘဲ ခေတ်နောက်ကျနေသလိုပင်။
အိုင်တီ တိုးတက်လာသော ခေတ်ကြီးအတွင်းတွင် ခေတ်မီနည်းပညာများဖြင့် ပျံ့နှံ့မှု မြန်ဆန်မှုနှုန်းက အံ့မခန်း။

နာမည်ကြီးသည်ဟု ဆိုသော်လည်း ကောင်းသတင်းတော့မဟုတ်။ သို့သော် လူတိုင်းလိုလို စိတ်ဝင်စားနေကြသည်။ လူအများ၏ စိတ်ဝင်စားမှုနှင့်အတူ ထွက်ပေါ်လာသော ကောလာဟလများစွာကလည်း တစ်နေ့တစ်မျိုး မရိုးနိုင်လောက်အောင်ပင်။ လူအများစု စိတ်ဝင်စားနေသော ယင်းအကြောင်းအရာ၏ နောက်ကွယ်တွင် ကာယကံရှင်များ၏ ဂုဏ်သိက္ခာနှင့် မိသားစု ခွဲရေး တွဲရေး ဇာတ်လမ်းများစွာ ရှိနေသည်ကိုတော့ အဆိုပါ Moviesဖိုင် တင်သောသူက မသိဘဲတော့ မရှိနိုင်ပါ။

ယင်းကဲ့သို့ ဖြစ်ပေါ်လာရခြင်းများရဲ့ အဓိက မှားယွင်းသူများမှာ ဘယ်သူတွေ ဖြစ်မလဲ။ ကာယကရှင်တွေပဲလား၊ မှတ်တမ်းအဖြစ် ရိုက်ထားသူတွေပဲလား။ ဒီလိုဖိုင်တွေကို ရှာဖွေတင်သူတွေပဲလား။ ဒါမှမဟုတ် မြန်ဆန်စွာ ခေတ်မီတိုးတတ်လာတဲ့ အိုင်တီခေတ်ကြောင့်ပေပဲလား။ အဖြေရှာလျှင်တော့ အမျိုးမျိုး ထွက်နိုင်သလို လူငယ်များရဲ့ အမြင်များစွာကလည်း စိတ်ဝင်စားစရာ ကောင်းနေသည်။

● ဒါတွေ ဘာကြောင့် ဖြစ်ရသလဲ

ကာယကံရှင်တွေရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ဘာကြောင့် ထွက်ပေါ်လာရသလဲဆိုတာ တွေးစရာတွေ အများကြီးရသလို လုပ်ကြံဖန်တီးမှုတွေလား၊ စတန့်ထွင်တဲ့ လုပ်ရပ်တွေလား ဆိုတာတော့ ကာယကံရှင်များပင် အတိအကျ သိနိုင်မည် ဖြစ်သည်။

“ဒီလိုမျိုးက ကိုယ်တိုင် တင်လို့သာ ဖြစ်တာလို့ ထင်ပါတယ်။ ဒီပုံတွေက ဖုန်းနဲ့ရိုက်ထားတာ မဟုတ်ဘူးဗျ။ ဖုန်းနဲ့ရိုက်တာမျိုး မဟုတ်ဘဲ Resolution က ကြည်နေတယ်။ တမင်ရိုက်တာပဲ ဖြစ်မယ်။ မြန်မာပြည်မှာ အိုင်တီနဲ့ ပတ်သက်လို့ Security မရှိသေးပါဘူး။ တားဆီးလို့လဲ မရနိုင်ပါဘူး။ ဒါ အိုင်တီရဲ့ ဆိုးကျိုးလို့ ပြောနိုင်သလို ကောင်းကျိုးလို့လဲ ပြောနိုင်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေ ရှိလာတော့ မြန်မာအမျိုးသမီးတွေအနေနဲ့ ဆင်ခြင်နိုင်မယ်။ မိမိချစ်သူကို ယုံကြည်မှု မလွန်ကဲသင့်ဘူးလို့ ပြောချင်ပါတယ်” ဟု အင်တာနက်ဆိုင်တစ်ဆိုင်မှ အိုင်တီကျွမ်းကျင်သူ မောင်ကိုကိုလွင်က ပြောသည်။

ယင်းကဲ့သို့ပင် ကွန်ပျူတာပညာရှင် ကိုအောင်မျိုးလှကလည်း “ဒါတွေ ဘယ်လို ပြန့်လာလဲဆိုတော့ ညစ်ညမ်းဝက်ဘ်ဆိုက် တွေမှာ စတက်လာတယ်။ ဘာကြောင့်တင်လဲဆိုတော့ တင်တဲ့သူပဲ သိတာပဲ။ ညစ်ညမ်းဝက်ဘ်ဆိုက်ကို ဘယ်သူမဆို တင်လို့ ရနေတယ်။ သူတို့ Page ပေါ် သူတင်တာ မဟုတ်ဘူး။ အကွက်ကျ စီမံပြီး ရိုက်ယူလိုက်တာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မမြင်ရတဲ့ ကင်မရာတွေက မှတ်တမ်းတင်ထားပြီး တင်လိုက်တာလဲ ဖြစ်နိုင်တယ်” ဟု ပြောပြသွားခဲ့သည်။


● Computer Service, Computer Repair, Maintenance Service And Networking Center



IT တိုးတက်လာတယ်ဆိုတဲ့အပေါ်မှာလည်း  အများသောအားဖြင့် သုံးစွဲသူအများစုမှာ Computer System, Repair and Programing ပိုင်းဆိုင်ရာမှာ နားလည်ကျွမ်းကျင်မှု အားနည်းတာကြောင့်လဲဖြစ်နိုင်ပါတယ်။
ကာယကံရှင်ကိုယ်တိုင် သို့မဟုတ် ကာယကံရှင်နှင့်ပတ်သက်သည့် ယင်း  Movie File  ရရှိထားသူမှ မိမိသုံးစွဲနေသည့် Computer Program ပိုင်း မှားယွင်းမှုများကြောင့်ဖြစ်စေ၊ System ပိုင်း ပျက်ဆီးမှုကြောင့်ဖြစ်စေ၊ Window ကျခြင်းကြောင့်ဖြစ်စေ ကိုယ်တိုင် နည်းပညာ နားလည်တတ်ကျွမ်းမှုအားနည်းတာကြောင့်  Motherboard ကို Computer Service Center သို့ ပို့ရတဲ့ အခြေအနေမျိုးမှာ မိမိသိမ်းဆည်းထားသော hard disk အတွင်းရှိ Private File Data များကို မဖျက်လိုက်မိခြင်းဖြင့်လည်း Computer Services Center များမှတဆင့် ယခုကဲ့သို့ အင်တာနက်စာမျက်နှာပေါ်သို့  ရောက်ရှိလာပြီး ပျံ့ပွားနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း သတိပြုသင့်ပါတယ်။ 


● ဘယ်သူတွေ ထိခိုက်လို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ

ယင်းကဲ့သို့ ဓာတ်ပုံများ ဗီဒီယိုဖိုင်များ ပေါ်ထွက်လာခြင်းကြောင့် ကာယကံရှင်များမှာ အဓိကနစ်နာမှုရှိသလို နောက်ဆက်တွဲအဖြစ် ကာယကံရှင်၏ မိသားစုနှင့် ပတ်ဝန်းကျင်မှာလည်း ထိခိုက်မှု ဆိုးကျိုးများစွာ ရှိနေနိုင်သည်မှာ မလွဲနိုင်ပေ။

“ဒါမျိုးကိစ္စဆိုတာ သူတစ်ပါး ထိခိုက်နစ်နာစေတယ်။ နိုင်ငံခြားမှာဆို ပြစ်ဒဏ် အရမ်းကြီးတယ်။ ဒါက စတင်တဲ့သူက ဘယ်သူလဲ။ ဒီဖိုင်က ညစ်ညမ်းအခွေ ဥပဒေနဲ့ မငြိဘူးလား။ အီလက်ထရွန်နစ် ဥပဒေနဲ့ မငြိနိုင်ဘူးလား” ဟု အသက် (၅၀) ကျော် ပညာရှင်တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ သုံးသပ်ချက်မျိုးစုံ ထွက်ပေါ်လာနေသော်လည်း အဓိက တာဝန်ရှိသူများမှာ ကာယကံရှင်များ ဆိုသည်ကတော့ ငြင်းဖွယ်ရာ မရှိပေ။ သို့သော် ကာယကံရှင်များအား ဂုဏ်သိက္ခာ ကျဆင်းစေရန်အတွက် ရည်ရွယ်ဆောင်ရွက်သူကတော့ အပြစ်အရှိဆုံးဟု သတ်မှတ်ရမလို ဖြစ်နေသည်။


● ဘယ်လို အရေးယူလို့ရသလဲ

ယင်းကဲ့သို့ ညစ်ညမ်းဗီဒီယိုဖိုင်များနှင့် ဓာတ်ပုံများအား ကာယကံရှင်များ ဂုဏ်သိက္ခာ ကျဆင်းစေရန်အတွက် ရည်ရွယ်ဆောင်ရွက်သူများအား ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ခြင်းများလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။

“လူသားတွေ အကျိုးပြုဖို့အတွက် ပေါ်ထွက်လာတဲ့ အင်တာနက်ကို အလွဲသုံးစား လုပ်လာတဲ့အပေါ်မှာ အရေးယူဆောင်ရွက်တာမျိုးတွေ လုပ်သင့်တယ်။ အဲဒီလိုမျိုးတွေကို အရေးယူဖို့အတွက် မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ ရှိတယ်။ အဲဒါက ၂၀၀၄ ခုနှစ် အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ - ၃၄/ဃ အရ ငွေဒဏ်နဲ့ ထောင်ဒဏ်တွေ ချမှတ်အရေးယူလို့ ရသလို ထောင်ဒဏ်ကိုလဲ ငါးနှစ်အထိ ချမှတ်ပြစ်ဒဏ်ပေးလို့ ရပါတယ်။ အဲဒီဥပဒေမှာက အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေလိုလို့ ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်အတွက် ဖြစ်စေ အီလက်ထရွန်နစ် နည်းပညာဖြင့် ပြုပြင်ပြောင်းလဲခြင်း၊ ပြုလုပ်ခြင်း၊ ပြုပြင်ပြောင်းလဲ ပြုလုပ်ထားသော အရာများအား ဖြန့်ချိခြင်း စတဲ့ လုပ်ရပ်တွေအတွက် အကျုံးဝင်ပါတယ်။”

နောက်ထပ် အရေးယူလို့ရတဲ့ ဥပဒေတစ်ခုက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၀/၅၀၁/၅၀၂ တွေနဲ့ အရေးယူလို့ ရတယ်။ အဲဒါက ကာယကံရှင်တွေကို ဂုဏ်သိက္ခာ ကျဆင်းစေတဲ့အတွက် အရေးယူလရတဲ့ ပုဒ်မတွေ ဖြစ်တယ်။ တကယ်လို့ အဲဒီလို ဂုဏ်သိက္ခာ ကျဆင်းစေရုံ မဟုတ်ဘဲ ခြိမ်းခြောက် ငွေတောင်းတာတွေပါ လုပ်ဆောင်လာမယ်ဆိုရင်တော့ ဥပဒေပုဒ်မ (၅၀၆/၅၀၇)တွေနဲ့ အရေးယူလို့ ရတယ်” ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဥပဒေကြောင်းအရ ရှင်းပြသွားခဲ့သည်။


● ဒီလိုတွေ မဖြစ်ဖို့

ဒီလိုလုပ်တာဟာ ရာဇဝတ်မှု မြောက်ပါတယ်။ အီလက်ထရွန်နစ် အက်ဥပဒေနဲ့လဲ ငြိစွန်းနေပါတယ်။ ဒီလိုလုပ်တဲ့သူတွေကို ရှာဖွေပြီး အပြစ်ပေးသင့်တယ်။ ကာယကံရှင်ကို ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေဟာ အင်တာနက်လို နေရာမျိုးတွေမှာ အခုတစ်လော တော်တော်များလာတာကို တွေ့နေရပါတယ်။ နောက်တစ်ခုက အဲဒီလို ဗီဒီယိုဖိုင်တွေကို တင်တဲ့နေရာမှာ တစ်ဖက်က ကာယကံရှင်ကို ဂုဏ်သိက္ခာ ကျဆင်းစေဖို့ မဟုတ်ဘဲ ငွေကြေးတောင်းခံမှုတွေ ရှိလာတာကိုလဲ တွေ့နေရပါတယ်။ အချို့ဆို အမျိုးသမီးတွေ ဂုဏ်သိက္ခာ ကျဆင်းစေဖိုတင် မဟုတ်ဘဲ အမျိုးသားရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် ဆောင်ရွက်တာမျိုးတွေပါ တွေ့နေရပါတယ်။ အဲဒါက ဘယ်လိုပုံစံမျိုးလဲဆိုတော့ ကာရာအိုကေတို့၊ စားသောက်ဆိုင်တို့က အမျိုးသမီးတွေဟာ သူတို့နဲ့ ပတ်သက်မှုရှိလာတဲ့ အမျိုးသားတွေအပေါ်မှာ ငွေရယူတောင်းခံလိုလို့ ခြိမ်းခြောက်ဖို့အတွက် ဆောင်ရွက်တာမျိုးတွေလဲ တွေ့နေရပါတယ်။ ဒါကြောင့် အရမ်းသတိထားသင့်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်က ပြောသည်။

ယင်းကဲ့သို့ ဖြစ်ရပ်များ မဖြစ်စေရန် အတွက် ကာယကံရှင်များ၊ အဓိကအားဖြင့် အမျိုးသမီးများ ထိန်းသိမ်းသင့်သလို အင်တာနက် ကဖေးဆိုင်တွေကို စောင့်ကြည့်တားမြစ်တာတွေလည်း ဆောင်ရွက်သွားသင့်ကြောင်း၊ တွေ့ရှိတဲ့အခါမှာလည်း ဥပဒေကြောင်းအရ အရေးယူတာတွေ လုပ်ဆောင်သွားသင့်ကြောင်း သိရသည်။





● သုံးသပ်

မြန်မာအမျိုးသမီးများ အနေဖြင့် မြန်မာဂုဏ်သိက္ခာနှင့် လျော်ညီသော အပြုအမူ အနေအထိုင်များဖြင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းသွားမည်ဆိုပါက ယင်းကဲ့သို့ ပြဿနာများ ပေါ်ထွက်လာစရာအကြောင်း မရှိသလို၊ မိမိ၏ ဂုဏ်သိက္ခာအား တန်ဖိုးထား လေးစားသွားမှသာ အဆိုပါ ပြဿနာများအား အကောင်းဆုံး ဖြေရှင်းသွားနိုင်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ညစ်ညမ်းသော ပုံရိပ်များ ထွက်ပေါ်လာခြင်းမှာ ကာယကံရှင်များသာမက မြန်မာအမျိုးသမီးများ၊ မြန်မာနိုင်ငံသားများ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်သဖြင့် အထူးဂရုပြုသင့်သလို ယင်းညစ်ညမ်းဝက်ဘ်ဆိုက်များကြောင့် မြန်မာလူငယ်များ၏ အကျင့်စာရိတ္တကိုလည်း ထိခိုက်ပျက်ပြားမှု ရှိစေနိုင်သည်ကို ဂရုပြုစေချင်ကြောင်း ယခုဆောင်းပါးဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။



သဲစုလှိုင်၊ သူသူထက်လွင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...