Author: lubo601 |
8:33 PM |
|
ရက်စွဲ၊ ၀၈၊၀၈၊၂၀၁၂
အခုတလော မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု၊ ပြည်တွင်းဆူပူအကြမ်းဖက်မှု၊ နယ်စပ်ဒေသ တိုက်ပွဲများ၊ ပြည်တော်ပြန်များ၊ ABSDF မြောက်ပိုင်း သတ်ဖြက်မှု့များ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေများပေါ်မှာ မူတည်ပြီး၊ အဖွဲ့အစည်းတွေ အကြ
ား၊ လူပုဂ္ဂိုလ်တွေ အကြား သဘောထားကွဲလွဲမှု့တွေရှိနေပြီး၊ မြန်မာပြည်ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဝေဖန်အကြံပေးစာတွေနဲ့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေကို ဘလောဂ့် ( Blog)၊ ဖော်ရမ်(Forum) နဲ့ ဖေ့စ်ဘုတ် ( Facebook) (လူ့မှု့ကွန်ယက်) တွေထဲမှာ အမြဲလိုလို ကြားနေရပါတယ်။ တချို့ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေ ဆိုရင် အမျိုးသမီးမိတ်ဆွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့အတူ ထိုင်ပြီးမဖတ်ရဲလောက်အောင်ကို ယုတ်ရင်းကြမ်းတမ်းစွာ တွေ့နေရပါတယ်။ အရေးခံရတဲ့လူတွေကို မှန်းတီး၊နာကြည်းဖို့ထက် ရေးတဲ့လူတွေရဲ့ နိုင်ငံရေးခံယူချက်၊ ကိုယ်ကျင့်တရားနဲ့ မိဘမျိုးရိုးကိုပါ ခန့်မှန်းလို့ရလောက် ပါတယ်။
မြန်မာအဖွဲ့အစည်းတွေဖောင်းပွမှု
၁၉၈၈ ခုနှစ် ကတည်းက ဗမာ့တော်လှန်ရေး (ဒီမိုကရေစီအဖွဲ့) အဖွဲ့အစည်းတွေ ဖောင်းပွ များပြားလာ လိုက်တာ ၊ အခု (၂၄) နှစ်ကာလအတွင်းမှာ မည်မျှရှိသွားပြီကို မခန့် မှန်းလောက် နိုင်လောက်အောင် များပြားခဲ့ပါတယ်၊ အဖွဲ့အစည်းတွေများပြား ဖေါင်းပွလာသလောက် ပူးပေါင်း ဆောင်ရွက်မှုနဲ့ အဖွဲ့အစည်း တစ်ခုခြင်းရဲ့စွမ်းရည်တိုးတက်မှု အင်မတန်အားနည်းနေတာကို စိတ်မကောင်းကြီးစွာတွေ့နေရပါတယ်။ တချို့အဖွဲ့အစည်းတွေဆိုရင် တော်လှန်ရေးသက်တမ်း အနှစ်၂၀ ကျော် အတွင်းမှာ အဖွဲ့အစည်းရဲ့ အမာခံ လူ ၂၀ လောက်ကိုတောင် စည်းရုံးထားနိုင်တဲ့ ပုံမပေါ်သေးပါဘူး။ ပိုဆိုးတာက နိုင်ငံရေးရပ်တည်ချက်၊ မရှင်းလင်း မပြတ်သားမှုနဲ့ ဘယ်လိုနို်င်ငံရေးအခြေအနေမှာ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်မယ်ဆိုတဲ့ ပုံစံမျိုးမရှိဘဲ အလျဉ်းသင့်သလို အမျိုးမျိုး ပြောင်းလဲနေကြတာများပါတယ်။ ပိုပြီးဆိုးတာက နိုင်ငံတကာ အဖွဲ့ အစည်းတွေရဲ့ အထောက်အပံ့အကူအညီပေါ်မှာ (လုံးဝ) မှီခို နေကြဆဲဖြစ်ပြီး၊ ကိုယ့်ရဲ့ အမာခံ၊ ထောက်ခံမဲ့ လူတွေကို မစည်းရုံးနိုင်ဘဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် စည်းရုံးထားမှု့ မစွမ်းဆောင်နိုင်မှုဟာ ကိုယ့်ကို နှစ်ရှည်လများ ထောက်ပံ့ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ လမ်းညွန်ချက်အတိုင်း လိုက်လုပ်နေကြရသလို ဖြစ်နေပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာ နိုင်ငံတွင်းမှာ သွားရောက် လုပ်ကိုင်မယ်ဆိုရင် ကူညီထောက်ပဲ့မှုတွေ ဆက်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ တချို့လူပုပ္ပိုလ်များ၊ အဖွဲ့ အစည်းများ၊ အလုအယက် ဝင်ရောက်နေကြတာကို တွေ့ရပါတယ်။ ( ငြိမ်းချမ်းရေးအကျိုးဆောင်နဲ့ မတွေ့ရလို့ လူထုခေါင်းဆောင်နဲ့မတွေ့ရလို့၊ မကျေ မနပ်ဖြစ်ခဲ့ရတဲ့ လူတွေ၊ အဖွဲ့အစည်းတွေ၊ ရှိနေပါတယ်။
၃။ နိုင်ငံခြားတွင်အခြေချနေထိုင်နေကြသည့် ကျနော်တို့ မျိုးဆက်များ၊
နိုင်ငံခြားရောက်နေတဲ့ အချို့ကျွန်တော့်မိတ်ဆွေ (ရဲဘော်ရဲဘက် ဆိုသူတွေ) မကြာခဏ ပြောနေတဲ့စကား ကြားဖူးခဲ့ပါတယ်။ ( ငါတို့က NGO လစာမစားဘူး ကိုယ့်ပိုက်ဆံကိုယ်သုံးနေတာ ငါတို့ကြိုက်တာ သုံးလို့ရတယ်။ ငါတို့ ပြောချင်တာပြောလို့ ( ဝေဖန်လို့ရတယ်)၊ ဆိုတဲ့ အတွေး အခေါ်ပါ)
ကျွန်တော့်အနေနဲ့တော့ သူတို့ပြောသလို ခံယူလို့ (ခံစားလို့) လုံးဝ မရခဲ့ပါဘူး။ သူတို့ပြောတာ သူတို့ ရှုထောင့်က ကြည့်ရင်တော့ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး နားလည်ထားသင့် တာက အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြားမှာ အခြေချနေထိုင်နေသူအားလုံးဟာ အကယ်၍ ၈၈ လှုပ်ရှားမှု သို့တည်းမဟုတ် တော်လှန်ရေးအင်အားစု တခုခုကို ခုတုန်းလုပ်ပြီး ရောက်ခဲ့တယ်ဆိုရင် မိမိနေ့စဉ် စားသုံးနေထိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအားလုံးဟာ တော်လှန်ရေးရဲ့ အသီးအပွင့် ၈၈မျိုးဆက်တွေရဲ့သွေး၊ ချွေး နဲ့ လမ်းမတွေပေါ်မှာ တောထဲထောင်ထဲမှာ အသက် ပေးသွားခဲ့တဲ့ (အခုလည်း ဆက်ပြီး တိုက်ပွဲဝင် နေကြတဲ့) ယောက်ျားမြတ် မိန်းမမြတ်တွေရဲ့ ချွေးသွေးတွေနဲ့ အရင်းအနှီးလုပ်ပြီး ရောက်ခဲ့ကြတာပါလို့ အမြဲတမ်းမှတ်ယူထားသင့်ပါတယ်။ အဲ့ဒီကျေးဇူးတွေကိုလည်း အမြဲတမ်း တသသ ဖြစ်နေသင့်ပါတယ်။ တချို့ဆိုရင် ( ဥပမာ- ကျွန်တော်ဆိုရင်တော့ တော်လှန်ရေးနဲ့သာမပါတ်သတ်ခဲ့ဘူးဆိုရင် နိုင်ငံခြားမှာ အခြေချနေထိုင်ဖို့ နေနေသာသာ ခဏတဖြုတ်သွားလည်ဖို့တောင် မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ တမျိုးလုံး ပေါင်းရင်တောင် နိုင်ငံခြားသွားနိုင်ဖို့ လေယာဉ်လက်မှတ်ဖိုး ရနိုင်ပါ့မလားလို့ စဉ်းစားမိပါတယ်။ အခုနိုင်ငံခြားမှာ တော်လှန်ရေးမျက်နှာနဲ့ အခြေချနေထိုင်သူအများစုဟာ ကျွန်တော့်လိုဘဲ လေယာဉ်လက်မှတ်ဖိုးတောင် တတ်နိုင်ကြမယ့်သူတွေလား (သို့မဟုတ်) ကိုယ့်မျိုးရိုစဉ်ဆက်မှာ ကိုယ်မိသားစုရဲ့ ကိုယ်ပိုင်ငွေနဲ့ အခုလို နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေချနေထိုင်နိုင်မဲ့လူတွေ လားလို့ မေးခွန်းထုတ်ချင်ပါတယ်။ တချို့ဆိုရင် ကိုယ်တယောက်ထဲအတွက်တောင်မဟုတ်ဘဲဟိုဘက်မျိုး ဒီဘက်မျိုးတွေကိုတောင် ခေါ်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရိုးသားစွာ ပြောရမယ် ဆိုရင်တော့ ကျွန်တော်တို့အားလုံးဟာ တော်လှန်ရေးကြောင့် အခုလိုအခွင့်အရေးမျိုးတွေ ရနေကြ တာပါ။ တော်လှန်ရေးကို၊ လူထုကို စိတ်နဲ့တောင် မပစ်မှားသင့်ပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘုရား ရှင်တောင် အမေ့ကျေးဇူးဆပ်တာ နို့တလုံးဖိုးမကျေခဲ့ဘူးဆိုရင် ကျွန်တော်တို့အားလုံးရဲ့ အမိအဖ လိုဖြစ်တဲ့ ဒီမိုကရေစီ တော်လှန်ရေးဖြစ်တဲ့ ၈၈ လူထုအုံကြွမှုကြီးကို ကျနော်တို့ အနေနဲ့ ကျေးဇူး ပြန်ဆပ်ဖို့ဆိုရင် ငပိဖိုး၊ ဆားဖိုးနဲ့ ကွီနင်း ( ငှက်ဖျားဆေး) ဖိုးတောင် ကျေနိုင်ပါ့မလားလို့ စဉ်းစားမိ ပါတယ်။ ပြီးတော့ ကျွန်တော်အနေနဲ့ ခံယူထားတာက တော်လှန်ရေးကျေးဇူးဆိုတာ ဘယ်တော့မှ ဆပ်လို့ ကျေနိုင်တဲ့ အရာဟုတ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အနေနဲ့ တော်လှန်ရေးကဘဲ အသိညဏ်၊ ပညာ၊နဲ့ အဆက်သွယ်ကောင်းကောင်းတွေ ရခဲ့ကြပါတယ်။ အဲဒီ့ အကျိုးဆက်ကြောင့်လည်း ကျနော်တို့ တို့ရဲ့ဘဝတွေ (မိသားစု) တွေ ရပ်တည်ဖို့အတွက်၊ ပညာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ လူသားတစ်ယောက်အနေနဲ့ အသိအမှတ်ပြုခံရမှုတွေ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ဆွေစဉ်မျိုးဆက်တွေအထိ လက်ဆင့်ကမ်းပေးဆပ်သွားရမယ့်အရာပါ။
ဘေးထိုင်ဘုပြောနေကြမဲ့အစား ကိုယ်တိုင်ဝင်လုပ်သင့်ပါတယ်။
ကွန်ပြူတာနည်းပညာခေတ်နဲ့ ဘလောဂ့်ခေတ်ဆိုတော့ အိပ်ဖွင့်ပေးစာတွေ၊ စာတမ်းတွေ၊ အမိန့် ကြော်ငြာစာတွေအပြင် တစ်ဦးနဲ့ တစ်ဦး ပုတ်ခတ်ဆဲဆိုမှုတွေဟာ နေ့စဉ်နဲ့အမျှကြားနေရပါတယ်။ ဆဲဆိုတင်ပြထားတဲ့ အချို့အချက်တွေဟာ မှန်နိုင်ပေမဲ့ တင်ပြပုံမကောင်းတော့ ဖတ်ရသူအတွက် စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။ အခုလို နာမည်အမျိုးမျိုးတတ်ပြီး အိတ်ဖွင့်ပေးစာတွေ အကြံပြု စာတွေရေးလို့ မကောင်းတဲ့စနစ် မကောင်းတဲ့လူပုဂ္ဂိုလ်တွေရဲ့ ရပ်တည်လုပ်ဆောင်ချက်တွေ အတွေးအခေါ်တွေ ပြောင်းလဲမယ်ဆိုရင် ကျွန်တော်တို့တွေ တော်လှန်ရေးတောင် လုပ်စရာ မလိုတော့ပါဘူး၊ အိတ်ဖွင့်ပေးစာတွေ အမိန့်ကြော်ငြာစာတွေ အကြံပေးစာတွေ နေ့တိုင်းရေးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အတိုက်အခံနိုင်ငံရေး ပါတီတွေနဲ့ စစ်အစိုးရကို နေ့တိုင်းပို့နေယုံပါဘဲ။ ကျွန်တော့်အနေနဲ့ ယုံကြည်တာကတော့ အဲ့ဒီ ပတ်ဝန်းကျင် ကို တစုံတရာ ရိုးသားစွာ ပြောင်းလဲစေချင်တယ်ဆိုရင် အဝေးကနေ နာမည်အမျိုးမျိုးနဲ့ ဆဲဆို၊ အော်ဟစ် ကြိမ်းမောင်းနေမဲ့အစား၊ အဲ့ဒီပတ်ဝန်းကျင်မှာဘဲ အခြေချပြီး၊ကိုယ်အနေနဲ့ ပြုပြင်ပြောင်းလဲချင်တဲ့ ပုံစံ ရောက်အောင် တစ်စိုက်မတ်မတ်လုပ်သင့်ပါတယ်။ မိမိပတ်ဝန်းကျင်အတွက် ကောင်းတာတွေ ကို အမြဲတမ်း ကြိုးစားလုပ်ဆောင်ရမှာဖြစ်ပြီး မကောင်းတာတွေတွေ့ရင်လဲ ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုရဲဖို့ လိုပါလိမ့်မယ်။ နာမည်အမျိုးမျိုးတတ်ပြီးရေးနေမယ့်အစား ကိုယ်ဘယ်သူဘယ်ဝါ ဆိုတာကို စာဖတ်သူတွေ အားလုံး သိသင့်ပါတယ်။ အများအကျိုးအတွက် တကယ်ရည်ရွယ်ပြီး ရေးတယ်။ အကြံပေးတယ်ဆိုရင်တော့ အဲ့ဒီလောက်တော့ သတ္တိရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
အကယ်၍ ရဲဘော်ရဲဘက်စိတ် တကယ်ရှိတယ် ပြုပြင်ပြောင်းလဲမှုကို အမှန်တကယ် လိုလား တယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်ရင် ပထမဦးဆုံး ကိုယ်ကိုယ်တိုင် ဆင်းရဲအပင်ပန်းခံပြီး ရတဲ့နေရာကနေ လုပ်နိုင်သလောက် စ လုပ်သင့်ပါတယ်။ အားလုံး နားလည်ထားနိုင်ဖို့က နှစ်၂၀ ကျော် ဖြတ်သန်းလာခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လက်ရှိအခြေနေတွေ သူတို့ရဲ့ စိတ်နေ သဘောထားတွေ သူတို့ရဲ့ မိသားစုတာဝန်တွေကို မှန်မှန်ကန်ကန် မြင်တတ်အောင်ကြည့်ဖို့လည်း လိုအပ်ပါလိမ့်မယ်။ အရှင်းဆုံးပြောရမယ်ဆိုရင် ကျွန်တော်တို့အားလုံး အနည်းနဲ့အများဆိုသလို စိတ်ပိုင်း ဆိုင်ရာ ဖိဆီးမှုခံစားနေကြရပါတယ်။ စိတ်ထွက်ပေါက်ကို ကိုယ့်ပုံစံ ကိုယ့်အနေထားနဲ့ ရှာကြရင်း သူများတွေ ပြောစရာ ဖြစ်နေကြရ ပါတယ်။
ဗမာပြည်အတွက်အလုပ်လုပ်မဲ့နိုင်ငံရေးအဖွဲ့အစည်းဘဲဖြစ်ဖြစ် လူမှုဖွံ့ဖြိုးမှုလုပ်ငန်းနဲ့ လူ့အခွင့် အရေးတွေ လုပ်တဲ့ NGO တွေပဲ ဖြစ်ဖြစ် အချိန်မရွေး နေရာမရွေးမှာရှိတဲ့ လူအားနဲ့ဖွဲ့လို့ရပါတယ်။ ဖွဲ့ပြီးခဲ့တဲ့ အဖွဲ့အစည်းတွေလည်း အနှစ်၂၀ အတွင်းမှာ ရာနဲ့ချီပြီး ရှိခဲ့ပြီးပါပြီ။ အခု လုပ်နေတဲ့ အဖွဲ့အစည်းတွေ ဦးဆောင်းနေတဲ့လူပုဂ္ဂိုလ်တွေ မကောင်းဘူးဆိုရင် ကိုယ်တိုင်ဝင် လုပ်သင့် ပါတယ်။ တိုင်းပြည်တစ်ခုလုံးရဲ့ ကံကြမ္မာအပြောင်းအလဲဖြစ်ဖို့ဆိုတာ နိုင်ငံရေးပါတီတွေ၊ အစိုးရ အဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တာဝန်သာမဟုတ်ပါဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးရဲ့ တာဝန် ( မြန်မာနိုင်ငံသားတစ်ဦးခြင်းရဲ့) တာဝန်သာ ဖြစ်ပါတယ်။ အုပ်တချတ်ပဲဖြစ်ဖြစ် သဲတပွင့်ပဲဖြစ်ဖြစ်၊ ရေတစ်စက်ပဲဖြစ်ဖြစ် တိုင်းပြည်အပြောင်းအလဲ ဖြစ်ဖို့ကိစ္စမှာတော့ တတပ် တအား ပါဝင်သင့်ကြပါတယ်။ တခါတရံ လူငယ်တချို့နဲ့ ကျွန်တော် စကားပြောမိရာက သတိထား မိခဲ့ပါတယ်။ မြန်မာပြည်နိုင်ငံရေးပြောင်းလဲဖို့ဟာ ဒေါ်အောင်ဆန်း စုကြည်မှာ၊ NLD မှာ၊ NCUB ၊ NCGUB၊ ABSDF မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာပဲ တာဝန်ရှိသလို ယူဆ နေကြပါတယ်။ တကယ်လို့ တိုင်းပြည်ကိုအမှန်တကယ် ပြုပြင်ပြောင်းလဲတာ မြင်ချင် တဲ့စိတ်ရှိရင် အဖိနှိပ်ခံလူထုကို ကူညီရိုင်းပင်းချင်တဲ့စိတ် တကယ်ရိုတယ်ဆိုရင် မြန်မာနိုင်ငံသားတိုင်း ပါဝင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လူတိုင်းမှာ မိမိတို့လုပ်နိုင်တဲ့ အနေအထား တစ်ခုခုတော့ ရှိကြပါ တယ်။ မိမိတို့ လုပ်နိုင်တဲ့ နေရာကနေ လုပ်နိုင်သလောက် စပြီး လုပ်ဖို့ကအရေးကြီးပါတယ်။ ကိုယ်တိုင်ပါဝင် လုပ်ကိုင်ကြပါလို့ အကြံပြုလိုပါတယ်။
လက်တွေ့ကြတာလုပ်ကြစမ်းပါ။
မြန်မာနိုင်ငံရဲ့ ထင်သာမြင်သာရှိမဲ့ လက်တွေ့ ကျကျ ပြောင်းလဲ စ ပြုနေတဲ့ နိုင်ငံရေးအခင်း အကျင်းတွေကြားမှာ ကျနော်တို့ ရဲ့ ပြည်ပရောက်ခေါင်းဆောင်ဆိုသူတွေ မြန်မာပြည်ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်လိုတယ်ဆိုတဲ့ မချေမရာ အကြောင်းပြချက်တွေနဲ့  ပြင်ဆင်နေတဲ့ လူတွေ၊ သွားရောက်လုပ်ကိုင်နေတဲ့လူတွေလည်း ရှိနေတာ မြင်နေရ တွေ့နေရပါတယ်။ ဘာပဲ ဖြစ်ဖြစ် တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်လိုစိတ်ရှိတာကို အကောင်းမြင်နဲ့  ရှုမြင်မိပါတယ်။
ဒါပေမဲ့ တကယ်လက်တွေ့ ကျတာတွေကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့တွေနဲ့အတူ ယုံကြည် ချက်တွေနဲ့  ဒိမိုကရေစီရေးတိုက်ပွဲဝင်ခဲ့ကြတဲ့ အဖွဲ့အစည်းအသီးသီးက လုပ်ဖော်ကိုင်ဖက်၊ ရဲဘော် ဟောင်းမိသားစုဝင်တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကျနော်တို့ ဘယ်လောက်လုပ်ပေးခဲ့ပြီးပြီးလဲ ဆိုတာ ပြန်လည်သုံးသပ် သင့်တယ်လို့ ထင်မြင်ပါတယ်။
မကြာသေးခင်ကပဲ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ နှစ်ပေါင်း (၂၀) လောက် ရပ်တည် လာခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဖွင့်လှစ် ထားတဲ့ ရောင်နီဦး အထက်တန်းကျောင်းဟာ ရန်ပုံငွေ အခက်အခဲတွေကြောင့် ပိတ်ရတော့မဲ့ အနေအထားကို ရောက်နေပါတယ်။ အဲဒီကျောင်းမှာ ပညာသင်နေတဲ့ ကလေး (၆၀၀) လောက် ဟာ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်တွေနဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် မိဘမဲ့ ဇြစ်ခဲ့ရရှာတဲ့ကလေးတွေ၊ ရပ်ရွာမှာ ပြည်တွင်းစစ်ကြောင့် ကျောင်းရှိပေမဲ့ ဆရာဆရာမ မရှိလို့  ကျောင်းတွေပိတ်ထားရတဲ့အတွက် လာပြီးကျောင်းတက်နေတဲ့ ခလေးတွေ၊ တချို့ ကလေးတွေက တောင်ပေါ်ကျေးလက်မှာ ကျောင်းကို မရှိလို့  လာပြီး ပညာသင်ကြားနေရတဲ့ လူမမယ်ခလေးတွေ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ မေးခွန်းထုတ်စရာရှိတာက သူတို့တွေရဲ့ပညာရေးဟာ ကျနော်တို့ တတွေမှာ တာဝန်မရှိပေဘူးလား၊ ကျနော်တို့ အနေနဲ့ ဝိုင်းဝန်း ကူညီလုပ်ကိုင်ရရင် ကျောင်းသား ကျောင်းသူ (၆၀၀) အတွက် အထောက်အကူအဖြစ်နိုင်ဘူးလားဆိုတာ တွေးမိတာပါ။
ရောင်နီဦးကျောင်းရဲ့  တစ်လ လည်ပတ်ဖို့ စရိတ်က ဘတ်ငွေ (၄ သောင်းခွဲ) ပဲ ဆိုပါစို့ ။ အမေရိကန်ဒေါ်လာနဲ့ ဆိုရင် (ဒေါ်လာ ၁၅၀၀ ) ပဲ ရှိတာပါ။ ပြည်ပရောက် ခေါင်းဆောင်ဆိုသူတွေ၊ ပြည်တွင်းပြန်ပြီး မြန်မာပြည်ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်လှချင်ပါရဲ့ ဆိုတဲ့ ခေါင်း ဆောင်ကြီးငယ်တွေဟာ စကားလုံး ကြီးကြီးကျယ်ကျယ်တွေ ပြောနေကြမဲ့အစား အဲဒီခလေးတွေ ရဲ့  တလစာ ပညာသင်စရိတ်နဲ့ စားစရိတ် နေစရိတ်အတွက် တလ ၁၀ ဒေါ်လာကို ထည့်ဝင် ထောက်ပံ့ဖို့  စိတ်ကူး မရှိကြဘူးလား။ အမှန်တကယ်လုပ်သင့်တာတွေကနေ စ လုပ်သင့်တယ်လို့ ပြောချင်တာပါပဲ။
ထူးချစ်
လူ့အခွင့်အရေးလှုပ်ရှားသူ၊
ထိုင်းနိုင်ငံတောင်ပိုင်း။
0 comments:
Post a Comment