နေပူ မိုးရွာ...
by မင်းလူ၏ ၀တ္တုတိုများ on Saturday, August 4, 2012 at 9:16am ·
သူတို့ကိုယ် သူတို့ ငတက်ပြားအုပ်စုဟု ခေါ်ကြသည်။
ဟိုးရှေးရှေးတုန်းက နာမည်ကျော် စူပါသူခိုးကြီး ငတတ်ပြားကို အားကျပြီး မှည့်ခေါ်ထားခြင်းဖြစ်သည်။
ခါး ခေါ် ခါးပိုက်နှိုက်များ၊ ဓား ခေါ် ဓားပြများလိုပင် သူတို့သည်လည်း ဥပဒေပြင်ပကလူများဖြစ်သည်။ သို့ရာတွင် တစ်အုပ်စုနှင့် တစ်အုပ်စု မစည်းလုံးမိကြချေ။
တကယ်တော့လည်း လူဆိုးသူခိုးဆိုသူများသည် တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ်ပင် သစ္စာဖောက်ချင် ဖောက်တတ်သူများဖြစ်ရာ တခြားအုပ်စုတွေနှင့် စည်းလုံးမှုရှိဖို့ မလွယ်ချေ။ ထို့ကြောင့်ပင် သူတို့ကို ဥပဒေဘတ်တော်သားများက အမြဲအနိုင်ရနေခြင်းဖြစ်သည်။ သူတို့တွေအချင်းချင်း မရိုင်းပင်းကြခြင်းကပင် လူကောင်းသူကောင်းများအဖို့ ကံကောင်းနေခြင်းဟု ယူဆရမည်ဖြစ်၏။
ဓါးပြတွေက သူတို့သာ လူချင်းယှဉ်၍ တိုက်ရဲသူများဖြစ်၍ သတ္တိရှိသူများဖြစ်သည်။ ခါးပိုက်နှိုက်များသည် အလစ်တွင်သာ နှိုက်ရဲကြသည်။ သူခိုးများကား အိပ်ပျော်နေသော လူများ၏ ပစ္စည်းများကို ယူခြင်းဖြစ်၍ သူရဲဘောနည်းသည်များဟု ဆို၏။
ခါးပှိုက်နှိုက်များကလည်း မိမိတို့သည် အနှိုက်ခံရမည့်သူနှင့် ပညာချင်းပြိုင်၍ အရယူခြင်းဖြစ်သည်။ ဓါးပြတွေလို လက်နက်အားမလိုး။ သူခိုးတွေလိုလည်း ညအမှောင်ကို အကာအကွယ်ယူသူများ မဟုတ်ကြဟု ချေပကြသည်။
သူခိုးတွေကလည်း ဓါးပြဆိုသည်မှာ လက်နက်မဲ့သူကိုသာ အကြောင်းမဲ့သက်သက် အနိုင်ကျင့်ခြင်းဖြစ်သည်။ လူသတ်တတ်သည်။ ခါးပှိုက်နှိုက်များကား အဆင့်အတန်းနိမ့်သည်။ အုပ်စုလိုက် သောင်းကျန်းတတ်သည်။ မိမိတို့လို တစ်ကိုယ်တော် မစွန့်စားရဲ။ အခိုင်အခံ့ ကာရံထားသော အိမ်များထဲသို့ ပညာသားပါပါ ထိုးဖောက်ဝင်ရောက်နိုင်သူများမှာ မိမိတို့သာ ဖြစ်၍ ဂုဏ်ယူထိုက်သည်ဟု ယူဆကြလေသည်။
*************************************
ငတတ်ပြားအုပ်စုများမှာ တစ်နေရာတွင်မကြာခဏဆုံကြသည်။ လူစုံတက်စုံတော့ မဟုတ်။ ထိုနေရာသို့ ရောက်ခွင့်ကြုံသူများသာ ဖြစ်သည်။
ထိုအခါ တစ်ယောက်နှင့် တစ်ယောက် အတွေ့အကြုံချင်း ဖလှယ်ကြသည်။ ၀ါရင့်ပြီးသူတွေက နုသေးသူတွေကို သင်ခန်းစာပေးတတ်ကြသည်။
“ ခါးတွေ ဓါးတွေနဲ့ ငါတို့နဲ့ မတူတဲ့ ကိစ္စကတော့ သူတို့က လူအုပ်စုတောင့်မှ ကောင်းတာ..။ ငါတို့ကျတော့ လူနည်းလေ ကောင်းလေပဲ။ အများဆုံး နှစ်ယောက်လောက်ပဲ ကောင်းတယ်..။ အကောင်းဆုံးကတော့ တစ်ကိုယ်တော်ပဲ..။ ငါတို့လို လူမျိုးဆိုတာက ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် ယုံရတာမဟုတ်ဘူး..။ စကားအဖြစ်ပြောတာ မဟုတ်ဘူး ကိုယ့်လူတို့.. တကယ်ကွ.... တစ်ခါက ငါ အိမ်တစ်အိမ်ကို ၀င် ခိုးရင်းက စားပွဲပေါ်တင်ထားတဲ့ ပန်းအိုးကို ဒူးနဲ့ တိုက်မိလို့ ပန်းအိုးက ကျကွဲရော... အိမ်ရှင်တွေ နိုးလာလို့ မနည်းလွတ်အောင် ပြေးခဲ့ ရတယ်...”
တစ်ကိုယ်တော် ဘကြိုင်က ပြောလိုက်သည်။ ဘကြိုင်ဆိုသော နာမည်မှာ သူ့နာမည်ရင်းတော့ မဟုတ်။ သူ့နာမည်ရင်းကိုတော့ ဘယ်သူမှ မသိကြချေ။ သူသည် အလုပ်ကလေးဖြစ်လို့ ငွေယားကလေးရှိပြီဆိုလျှင် သုံးလိုက်၊ ဖြုန်းလိုက်နှင့် နေတတ်သည်။ ဖဲကစား ၀ါသနာ ပါသည်။ မကောင်းသော အလုပ်ဖြင့် ရသော ပိုက်ဆံသည် မကောင်းသည့် နည်းဖြင့် ပင် ကုန်တတ်သည့် သဘာဝအတိုင်း အမြဲလိုလို ဖဲရှုံးတတ်သည်။ ထို့ကြောင့်လည်း သူသည် အမြဲလိုလို “ဘိုင်ကျ” နေတတ်သည်။ ဤသို့ဖြင့် သူ့နာမည် “ ဘကြိုင် ” ဟု တွင်လာခြင်းပင်။
သူသည် အားလုံးထဲတွင် ၀ါအရင့်ဆုံး အသက်အကြီးဆုံးဖြစ်သည်။ ငါးဆယ်နီးပါးပင် ရှိနေပြီ။ တကယ်ဆိုလျှင် သူ့အသက် အရွယ်နှင့် ဒီအလုပ် လုပ်ဖို့ မကောင်းတေ့။ ဒီအလုပ်ဆိုတာကလည်း ကျော်ဟယ်၊ လွှားဟယ်၊ ပြေးဟယ်နှင့် သွက်လက်ဖျတ်လတ်နေမှ ကောင်းသည် မဟုတ်လား။
သူနှင့် သက်တူရွယ်တူ ခေတ်ပြိုင်တွေဆိုလျှင် တစ်ချို့လည်း အမြင်မှန်ရပြီး ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားကြ၊ တစ်ချို့လည်း အခြားပြစ်မှုမျိုးစုံနှင့် ထောင်ဒဏ်နှစ်ရှည်ခံနေကြရသည်။
သူသာလျှင် သားမယား သံယောဇဉ်ကလည်း မရှိ။ သုံးလွယ် ဖြုန်းလွယ်သဖြင့် ကုန်ခန်းသွားလိုက်၊ အကြံအဖန်လေး ပြန်လုပ် လိုက်ဖြင့် ဒီသံသရာထဲမှာ လုံးလည်ချာလည် လိုက်နေတုန်း။
“ သူခိုးဆိုတာ ဘယ်တော့မှ လက်နက်မကိုင်ရဘူးကွ... လက်နက်ဆိုတာ လက်ထဲမှာ အသင့်ရှိနေရင် အရေးကြုံလာတဲ့အခါ သုံးမိမှာပဲ... တစ်မှုက နှစ်မှု ဖြစ်အောင် လုပ်တာနဲ့ အတူတူပဲ... ။ အကောင်းဆုံးက ဟန်ပုံမပေါ်ရင် ထွက်ပြေး.. ပြေးပေါက် မရှီဘဲ ဖြစ်နေ ရင် အသာတကြည် အဖမ်းခံလိုက်၊ ၀ိုင်းရိုက်တော့မယ်ဆိုရင် မရှိလို့ လုပ်စားရတာပါ.. ဘာညာဆိုပြီး သနားလောက်အောင်ပြော... ။
အိမ်ရှင်ကို ရန်မမူမိစေနဲ့ကွ... ငါ့သူငယ်ချင်းတစ်ယောက်ဆိုရင် အိမ်ရှင်က မိသွားတာကို ဓါးနဲ့ ထိုးသတ်လိုက်မိလို့ ထောင် အနှစ် နှစ်ဆယ် ကျသွား..” ဟု သြ၀ါဒ ပေးတတ်လေသည်။
“ ကိုဘကြိုင်ပြောတာ မှန်တယ်ဗျ”
တစ်ယောက်က ထောက်ခံလိုက်သည်။
“ ဟုတ်တယ်.. ကိုယ်က ကျူးရင် ကိုယ့်ဒူးတောင် မယုံရဘူးဆိုတာ သိပ်မှန်တယ်..”
မဟာကာဘော်လိပ်က ၀င်ပြောသည်။ ညီဖြစ်သူ စူဠကာဘော်လိပ်က သူ့အစ်ကို ကို မျက်ထောင့်နီကြီးနှင့် မကျေမနပ် ကြည့်လိုက်၏။
သူတို့ ညီအစ်ကိုသည် သူခိုးသာ ဖြစ်မလာဘူးဆိုလျှင် လေယာဉ်ပျံတီထွင်သူ “ရိုက် ညီနောင်” လို ကျော်ကြားကောင်း ကျော်ကြား လာနိုင်ပေသည်။
သူတို့ နှစ်ယောက်ကား အဆောက်အအုံတစ်ခုအတွင်းသို့ ဖောက်ထွင်း ၀င်ရောက်ရာတွင် ပစ္စည်းကိရိယာ အမျိုးမျိုးကို အသုံးပြုခြင်းတွင် ၀ါသနာထုံ၏။
ညီဖြစ်သူသည် နိုင်ငံခြား ရုပ်ရှင်ကားများထဲမှ အထူးထူးော ပစ္စည်းကရယာဆန်းတို့ကို သုံးပြီး ဘဏ်တိုက်ကြီးတွေ၊ ရတနာတိုက်ကြီး တွေကို ဖောက်ထွင်းသည့် စောရမင်းသားတွေကို အလွန်အားကျသည်။ ထိုသို့သောနည်းဖြင့် ကြီးကြီး ကျယ်ကျယ် ခိုးယူနိုင်သော လူတစ်ယေက်အကြောင်းဖြစ်သည့် ဒိုင်ယာဘောလစ်ဇာတ်ကားအကြောင်းကို မကြာခဏ တဖွဖွ ပြောသည်။ ဒိုင်ယာ ဘောလစ်ဖြစ်ချင်သည်။ ထို့ကြောင့် သူ့ကို ဒိုင်ယာဘောလစ်နှင့် ခပ်ဆင်ဆင် ကာဘော်လိပ်ဟု ခေါ်ကြခြင်းဖြစ်သည်။
သူက အငယ်ဖြစ်၍ စူဠကာဘော်လိပ်၊ သူ့အစ်ကိုကို မဟာကာဘော်လိပ်ဟု ခေါ်ကြ၏။
သူတို့ ညီအစ်ကို နှစ်ယောက်သည် သော့တုအမျိုးမျိုး၊ လွန်ပူများ၊ မှန်ဖြတ်စိန်သွား၊ သံဖြတ်ကတ်ကြေး စသည်တို့ကို ကျွမ်းကျင်စွာ အသုံးချတတ်သည်။
ထို့အတူ သူများတွေ မသုံးဖူးသော နည်းများကိုပင် တီထွင် အသုံးပြုတတ်သည်။ အောင်မြင်ခဲ့တာတွေလည်း ရှိသည်။
စတိုးဆိုင် တစ်ဆိုင်ကို ဖောက်ထွင်း ၀င်ရောက်ဖူးသည်။ ဆိုင်ပိုင်ရှင်က သူ့ဆိုင်၏ လုံခြုံမှုကို အထင်ကြီးထားပုံ ရသည်။ ဖြစ်နိုင်လောက်သည်။ တံခါးက သံတံခါးဖြစ်သည်။ ဘယ်လိုမှ ဖောက်ထွင်းဖို့ မလွယ်။ တစ်နည်းပဲ ရှိသည်။ ဆွဲတံခါးဖြစ်၍ အောက်ခံဘီးကို မြောင်းထဲက လွတ်အောင် မပြီး အံလွဲအောင်လုပ်၊ လူတစ်ကိုယ်စာ ၀င်နိုင်လောက်အောင် ဟ ရမည်။ ဒါကလည်း အတော်မလွယ်သည့် ကိစ္စ။ သံတံခါးကြီးကို ဆွဲမဖို့ လူအင်အား အနည်းဆုံး ဆယ်ယောက်လိုမည်။ လူနည်းနည်းနှင့် တိတ်တိတ် ဆိတ်ဆိတ်လုပ်ရမည့် ကိစ္စမှာ လူဆယ်ယောက်လောက် “ ဟေး.. ဟား... ဗေလေဆပ်.... ” အော်ပြီး လုပ်နေလို့ ဘယ်ဖြစ်ပါ့မလဲ။
သို့ရာတွင် သူတို့ ညီအစ်ကို နှစ်ယောက်တည်းနှင့် ဖြစ်အောင် လုပ်သွားသည်။ မော်တော်ကား ဂျိုက်ထောက်ရာတွင် သုံးသော “ဂျိုက်” ကို အသုံးပြုသည်။ လေးငါးတန်ရှိသော ကားကြီးတွေကိုပင် မြောက်ကြွသွားအောင် ဂျိုက်ထောက်လို့ ရသေးတာ ..။ သံတံခါးလောက်တော့ အသာလေးပင်။
သူတို့ အောင်မြင်သည်။ မြိုးမြိုးမြက်မြက်ကလေး စားလိုက်ရသည်။ သို့ဖြင့် နောက်တစ်ကြိမ် အကြံကြီး ကြံကြပြန်၏။
ဒီတစ်ခါ ပိုပြီး အနုစိတ်ရသည်။ ပစ္စည်း ကိရိယာစုံအောင် ယူသွားရသည်။ ရေစုပ်စက်မော်တာ တစ်လုံးကို ၀င်ဖြုတ်ကြမည်ဖြစ်သည်။
ကြိုတင် စနည်းနာထားချက်အရ သိထားသမျှမှာ မော်တာက ဂျပန်လုပ် အသစ်စက်စက်ဖြစ်သည်။ အပြင်ဈေး ငါးထောင်လောက် တန်သည်။
ည လူခြေတိတ်ချိန်တွင် သူတို့ ညီနောင် ခြံစည်းရိုးနား ချဉ်းကပ်သွားသည်။ သံဆူးကြိုးအဟောင်းတွေ လော့ရိလျော့ရဲ ကာထားသဖြင့် သိပ်မခက်ခဲပဲ ၀င်နိုင်သည်။
ညီဖြစ်သ ကာဘော်လိပ်က နိုင်ငံခြား ရုပ်ရှင်ကားတွေထဲကလို မျက်နှာတွေ လက်တွေကို ဆေးမည်းခြယ်သွားဖို့ အကြံပေးခဲ့သေးသည်။ အစ်ကိုက ......
“ မလိုပါဘူးကွာ.. ငါတို့အသားက နဂိုကတည်းက မည်းပြီးသားပါ..” ပယ်ချလိုက်သည်။ သို့တိုင်အောင် ညီကာဘော်လိပ်က ဂျာကင်နက်ပြာရောင်နှင့် ဘောင်းဘီအနက်ကို ၀တ်ပြီး ကင်းဗတ်ဖိနပ်ကို ဆေးမည်းသုပ်၍ စီးလာခဲ့သည်။ ခါးမှာ သူကိုယ်တိုင် တီထွင်ထားသော ခါးပတ်။ ပလာယာ၊ ၀က်အူလှည်၊ လွန်သွား.. စသ်တို့ကို သူ့နေရာနှင့် သူ ထည့်ထားချိတ်ထားနိုင်သည်။
ကျောကုန်းမှာတော့ ဒီနေ့ ကိစ္စအတွက် အရေးပါဆုံး ဖြစ်သည့် ဂတ်စ်ဘူး။ သူ့ကိုယ်သူ ရေငုပ်သမားတစ်ယောက်နှင့် တူသည်ဟု ထင်ပြီး အတော်ကျေနပ်နေမိသည်။
အုတ်တိုက်အဆောက်အအုံငယ်ကလေးဆီသို့ ကျွမ်းကျင် တိတ်ဆိတ်စွာ ပြေးကပ်လိုက်ကြသည်။ အရေးအကြီးဆုံး အပိုင်းက တံခါးကို ဖွင့်ဖို့ပင်ဖြစ်သည်။ တော်ရုံတန်ရုံနှင့် ဖွင့်ဖို့ မလွယ်။ တစ်မတ်နီးပါး ထုရှိသည့် သံတံခါး။ သော့ကလည်း အာမခံ သော့ကြီး။
သို့ရာတွင် ကိစ္စမရှိ။ သူတို့မှာ ပစ္စည်း ကိရိယာတွေ ပါသည်။
အားလုံး ပြီးစီး၍ အစ်ကိုဖြစ်သူက လက်တို့လိုက်သောအခါ ညီက သံတူရွင်း အငယ်စားလေးဖြင့် ကလန့်လိုက်သည်။
သော့ကွင်း ပြုတ်ထွက်သွား၏။ ညီဖြစ်သူက ၀မ်းသာအားရဖြင့် စိတ်လောကြီးပြီး သော့ကို ဖြတ်ရန် လှမ်းကိုင်လိုက်၏။
“ အမလေးဗျ” ...ဟု လန်ပြီး အော်သည်။
************************************
“ ဘာပြောကောင်းမလဲဗျာ... ခွေးပြေး ၀က်ပြေး ပြေးလိုက်ရတာ... ဘယ့်နှယ့်ဗျာ... ဂက်စ်မီးတောက်နဲ့ ဒီလောက်တောင် အပူပေးထားတဲ့ သော့ကို သွားကိုင်တာကိုး... ဒီကောင်က အဲဒီလောက် စိတ်မချရတာ... ”
မဟာ ကာဘော်လိပ်က သူ့ညီကို အပြစ်တင်သည်။ စူဠ ကာဘော်လိပ်ကလည်း .....
“ အောင်မယ်... မင်းကကောကွ... လူတွေ နိုးပြီး ထ လိုက်တော့.. ကိုယ်လွတ်ရုန်းပြီး တစ်ယောက်တည်းပြေးတာ မဟုတ်လား.. ငါ့မှာသာ ဂတ်စ်ဘူးကြီးက တစ်ဖက်၊ ပစ္စည်း ကိရိယာတွေ တိုးလို့ တွဲလောင်းနဲ့ အထွက်မှာ ခါးပတ်က သံဆူးကြိုးနဲ့ ငြိပြီး ဂဏန်းလက်မတစ်ခုနဲ့ ပလာယာတစ်ခု ကျခဲ့သေးတယ်... ကိုယ်က မရတဲ့ အပြင် ကိုယ့်ပစ္စည်းတောင် ပြန်ပါသွားသေးတယ်....”
“ဟားဟား....ဟား...အစ်...အစ်...အစ် ”
ဖိုးထောင်က သူတစ်ယောက်သာ ရယ်တတ်သော တကျီကျှီ အသံဖင့် ရယ်လိုက်သည်။ ထို့ကြောင့်ပင် သူ့ကို ပုရစ်ဟု ခေါ်ကြခြင်းဖြစ်သည်။
“ မင်းတို့ ညီအစ်ကို နှစ်ယောက်က သိပ်မထူးပါဘူးကွာ.. ဟိုပုံပြင် ရှိပါရောလား.. ကျေးညီနောင်လေ... မုန်တိုင်းကျပြီး တကွဲစီ ပျံသွားကြတာ... တစ်ကောင်က သူတော်ကောင်း ရသေ့ကြီးဆီ ရောက်ပြီး ..တစ်ကောင်က လူဆိုးတွေဆီ ရောက်သွားတာလေ... မင်းတို့ညီအစ်ကိုကတော့ .. လေမုန်တိုင်းတိုက်ရင် လူဆိုးတွေဆီကိုချည်း နှစ်ကောင်လုံး သူ့ထက်ငါ ဦးအောင် ပျံကြမယ့် ကောင်တွေ...”
ညီအစ်ကို နှစ်ယောက်က ပုရစ်ကို တစ်ယောက်တစ်ခွန်းဆီ ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်သည်။
ဆေးပေါ့လိပ်တိုကလေး ဖွာ၍ မှိန်းနေသော မှော်ဆရာက ထထိုင်လိုက်ပြီး....
“ အင်း ... .. ကိုယ်နဲ့ အဖော်ခေါ်သွားတဲ့လူက အသုံးမကျရင် ပြဿနာ ဖြစ်တတ်တယ်ဆိုတာ မှန်ပါတယ်... တစ်ခါတစ်လေကျတော့လည်း အဖော်မပါဘဲ တစ်ယောက်တည်း ခံရတတ်တယ်ကွ.....”
******************************
မှော်ဆရာသည် ၀ါးထရံကို အသာဖြဲ၍ လျှိုဝင်လိုက်သည်။ အိမ်ထဲရောက်ပြီ။ လက်မောင်းမှာ ချည်လာသော လက်ဖွဲ့ကို စမ်းကြည့်လိုက်သည်။ သည်လက်ဖွဲ့က အလွန်အစွမ်းထက်သည်။ လက်ဖွဲ့ အစွမ်းကြောင့် တော်ရုံ တန်ရုံဖြင့် သူ့ကို လူတွေ မမြင်နိုင်။ ဒီညအဖို့ ပိုတောင် မမြင်နိုင်။ မီးတွေ ပြတ်နေသည်။
သူက ခြေသံကို လုံအောင် ထိန်းပြီး နေရာရွှေ့လိုက်သည်။ မှောင်ထဲမှာ မျက်စိကျင့်သားရအောင် ခဏစောင့်သည်။ ညအမှောင်မှာ ကြည်နေကျမို့ အမြင်အာရုံက ခဏချင်းမှာ ထက်မြက်လာသည်။
နေ့လည်က အိမ်မှားဝင်မိသလိုလိုနှင့် လေ့လာထားခဲ့သည့်အတိုင်း ကက်ဆက်က စားပွဲပေါ်မှာ ရှိနေသည်။ ထိုနေရာသို့ အသာကလေး ရွှေ့လာသည်။ ကက်ဆက်ရှိရာသို့ လက်အလှမ်းလိုက်တွင်.............
“ ဟေ့ကောင်... မလှုပ်နဲ့ ...”
တုံ့ခနဲ ဖြစ်သွားသည်။
“ ခွေးမသား.. မင်းဝင်လာကတည်းက သိလို့ စောင့်နေတာ..ကွ”
အိမ်ရှင်သည် သူနှင့် လေးငါးပေ အကွာမှာ ရပ်နေသည်။ လက်ထဲမှာ တစ်ခုခုရှီကြောင်း သူခန့်မှန်းမိသည်။
ဓါးမြောင်ဖြစ်မည်။ သူ့ကို အလစ်ဝင် မဆော်ပုံထောက်တော့ သိပ်သတ္တိကောင်းမည့်ပုံမပေါ်။ ဟန်ကိုယ့်ဖို့ လုပ်ရမည်။
ထွက်ပြေးစရာ ထွက်ပေါက်ကလည်း မရှိ။ ထရံကို ဖြဲပြီး ပြန်ထွက်ဖို့လည်း အချိန်ရမည် မဟုတ်။
အိမ်ရှင်က ရှေ့မတိုးရဲပဲ ဖြစ်နေသည်။ ထို့ကြောင့် မှော်ဆရာက သူ့မှာလည်း လက်နက်ရှီနေသည့် ဟန်မျိုးဖြင့် လက်ကို တစ်ခုခု ကိုင်ထားသလိုလုပ်ပြီး နည်းနည်းမြောက်လိုက်သည်။
အိမ်ရှင် နောက်တစ်လှမ်း ဆုတ်သွားသည်။ ဟန်ကျပြီ။ မှော်ဆရာ ရှေ့တစ်လှမ်း တိုးလိုက်သည်။ အိမ်ရှင် ထပ်ဆုတ်သည်။
“ ဟေ့ယောင်...သူခိုး.... ရှေ့မတိုးနဲ့နော်...”
သူခိုးက မပြေးရဘဲ အိမ်ရှင်က ပြေးမည့်ကိန်းနှင့် လာဆိုက်နေပြီ။ မှော်ဆရာက အခွင့်အရေးကို လက်လွတ်မခံ။ ရှေ့ဆက်တိုးသည်။
အိမ်ရှင်က နှစ်လှမ်း ..သုံးလှမ်း ထပ်ဆုတ်သည်။
မှောင်ထဲမှာမို့ နည်းနည်းဝေးသွားလျှင် ကောင်းကောင်းမမြင်တော့။ ခုနေခါ ထွက်ပြေးရ ကောင်းမလား။ မဖြစ်သေး။ တစ်ချက်လောက်တော့ ထပ်လှန့်ရဦးမည်။ မှော်ဆရာ ရှေ့တစ်လှမ်း အတိုး........
“ ဟေ့ကောင်....မင်းနော်... ထပ်မတိုးနဲ့တော့.... ငါ ထပ်ပြီး နောက်ဆုတ်လို့ မရတော့ဘူး... ထရံနဲ့ ကျောနဲ့ ကပ်နေပြီ..”
အိမ်ရှင့် အသံက တုန်နေပြီ။ မှော်ဆရာက အခွင့်သာခိုက် ခုန်အုပ်မည့်ဟန်ဖြင့် .. ဟေ့...ဆို ခြောက်လိုက်သည်။
အိမ်ရှင်က ယောင်ပြီး လက်ထဲက ဓါးကို လွှတ်ချ၍ ...........
“ သ.... သ.....သ.....”
အထစ်ထစ် အငေါ့ငေါ့ဖြင့် သူခိုးဟု အော်တော့မည်။ မှော်ဆရာက ခုန်အုပ်လိုက်သည်။ နှစ်ယောက်သား လုံးထွေးနေသည်။ မှော်ဆရာက မိရာကိုလှမ်းထိုးသည်။ မျက်ခွက်ကို ထိုးမိ၏။ အိမ်ရှင်ကလည်း ခြေထောက်ဖြင့် ကြောက်ကန် ကန်ထည့်လိုက်သည်။ မှော်ဆရာ ပက်လက်လန်ပြီး တိုင်နှင့် နောက်စေ့ အရှိန်ပြင်းစွာ ဆောင့်သည်။
မိုက်ခနဲ.. ပြာခနဲ ဖြစ်သွား၏။
အမူးပြေသွားတော့ သူ့ကို တိုင်မှာ ကြိုးနှင့် တုပ်ထားကြောင်း သိလိုက်သည်။ သူ့ရှေ့မှာ အိမ်ရှင်က မီးခွက်တစ်ဖက် ဓါးမြောင်တစ်ဖက်ကိုင်ပြီး ရပ်နေသည်။ မျက်လုံးတစ်ဖက်က သူထိုးထားသဖြင့် ဖူးယောင်နေသည်။ ဒေါသထွက်နေပုံလည်း ရသည်။
မှော်ဆရာက မျက်လုံးကလေး ကလယ်ကလယ်ဖြင့် မော့်ကြည့်သည်။
“ ခွေးသူခိုး... ဒီမှာကြည့်စမ်း........ မင်းထိုးထားတဲ့ ဒဏ်ရာ.. မင်းမျက်လုံးကို ပြန်ဖောက်ပစ်မယ်ကွ...”
ဓါးမြောင်က မျက်နှာနား ၀ဲလာသည်။
“ မလုပ်ပါနဲ့ ဆရာရယ်... ချမ်းသာပေးပါ...”
“ ဘာကွ...ဟင်း.... မင်းနားရွက်ကို -ဖြတ်ပစ်မယ်..”
“ ကြောက်ပါပြီ ခင်ဗျ....”
ဓါးတစ်ကိုင်ကိုင်ဖြင့် ပြောသာပြော ကြိမ်းသာ ကြိမ်းနေသော်လည်း တကယ်မလုပ်ရဲ။ ခြေထောက်နှင့် တစ်ချက်ပိတ်ကန်ပြီးနောက်ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြန်သည်။ အတော်ကြာမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် မီးခွက်နှင့် ဓါးမြောင်ကို စားပွဲပေါ်တင်ပြီး နောက်ဖေးဘက် ထွက်သွားသည်။
ပြန်ထွက်လာတော့ လက်ထဲမှာ ရေပုံးတစ်ပုံး ဆွဲလာသည်။
“ ဟား...ဟား.... မင်းကို အကောင်းဆုံးနည်းနဲ့ ပညာပေးရမယ်...”
မှော်ဆရာ့ ခေါင်းပေါ်သို့ ရေလောင်းချသည်။ အား .... ရေခဲရေတမျှ အေးစက်နေတဲ့ ညသိပ်ရေတွေ....
တစ်ကိုယ်လုံး ရွှဲနစ်သွားသည်။ ကျော်ထဲက စိမ့်ခနဲ ဖြစ်သွား၏။
အိမ်ရှင်က ပြတင်းပေါက်တံခါးကို သွားဖွင့်လိုက်သေးသည်။ ဆောင်းလေ၏ အအေးဆုံး မြောက်ပြန်လေက တိုးဝင်လာသည်။
မှော်ဆရာ တုန်သွား၏။
အိမ်ရှင်က ကျေနပ်အားရစွာ ပြုံးပြီး ပက်လက်ကုလားထိုင်ကို ဆွဲ၍ ထိုင်သည်။ ရှေ့တည့်တည့်မှ မိန့်မိန့်ကြီး အရသာခံကာ တစိမ့်စိမ့်ကြည့်နေသည်။
အတော်ကြီးကြာတော့ မှော်ဆရာ ခိုက်ခိုက်တုန်နေပြီ။ အိမ်ရှင်သည် စိတ်ကူးပေါက်တိုင်း ရေ ထ ထ လောင်းသည်။ ထိုမျှနှင့် အားမရဘဲ ယပ်ခတ်ပေးလိုက်သေးသည်။ မှော်ဆရာ မခံနိုင်တော့...။
“ ဟေ့လူ....ရှိကြီး ခိုးပါရဲ့ဗျာ... ရဲလက်အပ်မှာဖြင့် အပ်ပါတော့ ...ဒီမှာ ချမ်းလို့ သေတော့မယ်...”
“ မအပ်သေးဘူးကွ... မနက်ကျမှ ..အပ်မယ်..”
မှော်ဆရာကား မေးချင်း ရိုက်နေပြီ... ။ တဖြည်းဖြည်း တစ်ကိုယ်လုံး တုန်တက်လာသည်။ ငုပ်နေသော ငှက်ဖျားရောဂါ ပြန်ထလာပြီ။
မှော်ဆရာ တဟီးဟီး အော်ပြီး တုန်နေသည်ကို ကြည့်ရင်း အိမ်ရှင်မှာ လန့်လာဟန်တူသည်။
“ ဟေ့ကောင် .. မင်း...မင်း...သိပ်ချမ်းနေပြီလား...”
“ ဟုတ်...ဟုတ်... အမလေး... ငှက်ဖျားတက်နေပြီဗျ... ဟီး....ဟီး......”
အိမ်ရှင်သည် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ မှော်ဆရာက အထစ်ထစ် အငေါ့ငေါ့ဖြင့်.....
“ ရေ...ရေနွေးလေး...တစ်..တစ်ခွက်လောက်ပေးပါဗျာ....”
အိမ်ရှင်လည်း ယောင်ယောင်ကန်းကန်းဖြင့် ရေနွေးသွားယူပေးသည်။ ကြိုးဖြေမပေးရဲသဖြင့် ပါးစပ်နားတေ့ပြီး သူကိုယ်တိုင် တိုက်သည်။
မှော်ဆရာက ရေနွေးတစ်ငုံကို မှုတ်သောက်ပြီး.....
“ ဟင်း...ဟင်း...တလက်စတည်း ပါရာစီတမော့လေး တစ်လုံးလောက် တိုက်...တိုက်ပါ့လားဗျာ....”
**************************************
“ ဟား...ဟား... ဒါနဲ့ မင်းကို ဆေးတိုက်ပြီး သနားလို့ လွှတ်လိုက်ရောလား....” ဟု ကြက်စုတ်ခေါ် ဥာဏ်ကျယ်က မေးသည်။
“ ဘယ်လွှတ်မလဲကွ... ဆေးရုံကို ခေါ်သွားတာပေါ့... ဆေးရုံကလည်း ဆင်းရော...ဟဲ..ဟဲ... အချုပ်ထဲ တန်းဝင်ရတာပါပဲ...”
“ လုမိ ခံရတဲ့ထဲမှာတော့ .. ငါ့အဖြစ်မျိုးက အတော်ရယ်ရတယ်ကွ..” ပုရစ်က ပြောသည်။ ထို့နောက် တကျီကျီ ရယ်ပြီး....
“ အဲဒီနေ့က ငါ့မှာ အိမ်တစ်အိမ်ကို ၀ယ်မယ်လို့ စိတ်ကူးမရှိဘူးကွ... ဟိုလျှောက်ဒီလျှောက် လျှောက်ရင်းအိမ်တစ်အိမ်ရဲ့
နောက်ဖေးတံခါးက နည်းနည်း ဟနေတာကို သွားတွေ့တယ်.. အချိန်က အချိန်မတော်ကြီး.... မီးတွေကလည်း မှိတ်လို့.. တမင်ဖွင့်ထားတာတော့ မဖြစ်နိုင်ဘူး.. မေ့ပြီး တံခါး မပိတ်မိတာ ဖြစ်မယ်.. ဘာပဲဖြစ်ဖြစ် အခွင့်သာရင် အလုပ်ဖြစ်သွားမှာပဲ ဆိုပြီး အိမ်နားအ သာကပ်သွားတယ်.. လူသံ သူသံ မကြားရဘူး... အိပ်နေကြတယ် ထင်တယ်... အတော်ကြာအောင် နားစွင့် ကြည့်သေးတယ်... သေချာပြီ ဆိုမှ တံခါးဖွင့်ပြီး အိမ်ထဲ ၀င်လိုက်တယ်.. ငါ့စိတ်ကူးက ရတဲ့ ပစ္စည်းလေး သိမ်းကျုံးဆွဲပြီး လစ်မလို့ပဲ...”
ပုရစ်က ကာဘော်လိပ်အငယ်ကောင် လက်ထဲမှ ဆေးပေါ့လိပ်ကို ယူ၍ နှစ်ဖွာ သုံးဖွာ ဖွာပြီးမှ ဆက်ပြောသည်။
“ မီးဖိုချောင်ထဲ အရောက်မှာ ခြေထောက်က ဖွနင်းတာပဲ...ကြမ်းကိုက မခိုင်တော့ ကျွိခနဲ မြည်သွားရော.. အဲဒီအချိန်မှာ အိပ်ခန်းထဲက မိန်းမသံ တစ်သံထွက်လာတယ်.. အစ်ကိုလား..တဲ့....”
နားထောင်သူများ စိတ်ဝင်စားလာကြသည်။
“ ငါက ငြိမ်နေတော့ နောက်တစ်ခါ အစ်ကိုလား ထပ်မေးပြန်ရော... ငါ့ကို သူ့ယောကျာ်းနဲ့ မှားနေပြီလို့ ထင်တယ်... အိပ်ခန်းထဲက လှုပ်လှုပ်ရှားရှား အသံကြားတော့ ငါလည်း ဘာလုပ်ရမှန်း မသိဘူး.. .ငြိမ်ကုတ်နေတုန်း....... ”
“ လာလေ... ဟိုနွားကြီး အပြင်သွားပါပြီ အစ်ကိုရဲ့...တဲ့ .. လက်စသတ်တော့ အဲဒီမိန်းမက သူ့လင်ကြီးကွယ်ရာမှာ ဖောက်ပြန်နေတာကိုး...ငါ့ကို သူ့အကောင် မှတ်လို့ ....”
“ မင်းက ယောရောရှိ .. ၀င်မလုပ်ဘူးလား...”
“ နေစမ်းပါဦး...အဲဒါနဲ့ ငါကလည်း ယောင်ယောင်ကန်းကန်းနဲ့ အဟမ်းဆို ချောင်းဟန့်သံပေးလိုက်ရော.. အဲ... အဲဒီမှာပဲ.. ပြဿနာက အိမ်ထဲမှာ ငါတစ်ယောက်တည်း မဟုတ်ဘူး.. အခြားတစ်ယောက် ရှိသေးတယ်.. သူ့အကောင်ပေါ့.. သူကလဲ အဟမ်းဆို ချောင်းဟန့်သံအပေး.. နှစ်ယောက်ပြိုင်တူ ထွက်သွားတာပေါ့... ဖြစ်ပုံက ဒီကောင်က ငါ့ကို လင်ကြီး ပြန်လာပြီး သူ့ကို ချောင်းတယ်မှတ်လို့ လန့်ပြီး ပုန်းနေတာ.. အထဲက မိန်းမကလည်း စိတ်မရှည်တော့ဘဲ ထွက်လာတော့ ဟိုကောင်ကလည်း လန့်ပြီး နောက်ဖေးပေါက်က အထွက်.. ငါကလည်း လစ်အပြေး နှစ်ယောက် ၀င်တိုက်မိကြရော... အလဲလဲ အပြိုပြို ပေါ့ကွာ... မိန်းမက မီးဖွင်လိ့က်တော့ ..ငါ့ကို တွေ့သွားတာပေါ့.....”
“အော် ရောလား...”
“ ဘယ်အော်ရဲ မလဲကွ.. အော်လို့ လူတွေ ရောက်လာရင် သူ့အကောင်ပါ မိမှာကိုး..ဒါနဲ့ ငါလည်း အိမ်မှားဝင်မိလို့ဗျာ.. ဆောရီးပဲ ဆိုပြီး လစ်ထွက်လာရတယ်... ”
ရယ်ကြသည်။
“ လူမမိဘဲ တစ်ယောက်တည်း ပိတ်မိနေတာမျိုးက ပိုပြီး ဖြုံဖို့ကောင်းတာ...” ဟု
ကြောင်လိမ်လှေကားက အားကျမခံ ပြောလိုက်သည်။ သူက ကြောင်လည်းကြောင်သည်။ လိမ်လည်း လိမ်တတ်သည်။
အစလည်း ထောင်တတ်သည်။ ထို့ကြောင့် ကြောင်လိမ် လှေကားဟု ခေါ်ကြဖြင်းဖြစ်၏။
*********************************
မင်းလူ
(ရယ်စရာ ..မောစရာ စာအုပ်)
၁၉၈၇ ဒီဇင်ဘာ၊ ၁၉၉၅ ဇွန်
0 comments:
Post a Comment