Thursday, August 16, 2012

နေမျိုးမှတ်စု (၃)


by Nay Myo on Thursday, August 16, 2012 at 7:23am

အဲဒီတော့ ကျန်တဲ့လူကြီးတွေက ဆင့်ကဲ၊ ဆင့်ကဲတင်ပြရင် အချိန်က သိပ်ကြန့်ကြာသွားမယ်။ သတင်းကလည်း ပြည့်ပြည့်စုံစုံရောက်ချင်မှ ရောက်မယ်။ အဲဒီတော့ ကျန်တဲ့လူကြီးတွေ မသိအောင်ပဲ ကျွန်တော်တို့ စွန့်ပြီးသွားမယ်။ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တယ်။
ကဲ အဲဒါဆိုရင် ဘယ်သူသွားမလဲ ဆိုတဲ့ အခါကျတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရယ်၊ ကျွန်တော်ရယ်၊ အဲနှစ်ယောက်။ ခင်ဗျားတို့သွားမယ်၊ ကြိုပြီးတော့ အသိပေးပါဆိုတဲ့ အခါကျတော့ ကျွန်တော်ကကြိုပြီး တယ်လီဖုန်းနဲ့ပဲ ဗိုလ်မှူးကြီး ဆက်ထွန်း ဆီကို ဗိုလ်မှူး ဆက်၊ ကျွန်တော်တို့ လာမယ်၊ သိပ်အရေးကြီးတယ်။ ကျန်တဲ့လူကြီးတွေကိုလည်း ဘယ်သူ့မှ မပြောရသေးဘူး။ ဒါ လျှို့ဝှက်ထားပါ။ လူကြီးကိုသွားပြီးတော့ တင်ပြထားပေးပါ၊ ကျွန်တော်တို့ နှစ်ယောက် လာပါမယ်။ ဘယ်သူ့ကိုမှလည်း မပြောပါနဲ့၊ သိပ်အရေးကြီးလို့ပါ။ တိုင်းပြည်အတွက် သေရေးရှင်ရေး ဖြစ်တဲ့အတွက် ကျွန်တော်တို့လာမှာပါ ဆိုပြီးတော့ သွားပြီးတင်ပြခိုင်းတော့၊ ဟိုက အိုကေ - လာ၊ စောင့်နေမယ်။


ကျွန်တော် တယ်လီဖုန်းဆက်တဲ့အချိန်က ဘယ်အချိန်လောက်ရှိမလဲဆိုတော့ ညနေ ၆ နာရီ။ ၆ နာရီလောက်။ ကျွန်တော်တို့ တစ်နာရီအတွင်း ထွက်လာမယ်။ ဆိုပြီးတော့၊ ခုနစ်နာရီ၊ တကယ်ထွက်တဲ့ အခါကျတော့ ခုနစ်နာရီခွဲလောက်မှ ကျွန်တော်တို့ ထွက်နိုင်ပါတယ်။ စစ်ရုံးကနေပြီးတော့ ဘာနဲ့ ထွက်သလဲ ဆိုရင် ခင်ဗျားတို့ တွေ့ပြီးပြီလားတော့ မသိဘူး။ ကျွန်တော်တို့စီးတဲ့ (Armour Personal Carrier) တွေ့ပြီးပြီလား မသိဘူး။ နော်၊ (Armour Personal Carrier) အဲဒါလည်း သိပ်မကြာသေးဘူး။ လုပ်ပြီးကာစ၊ နှစ်စီး။
ကဲ အဲဒီ နှစ်စီး၊ တီအီး - ၁၁ ယာဉ်ကြီးတွေကို ကျွန်တော်တို့ ပြန်ပြီး (Convert) လုပ်ထားတာပေါ့ဗျာ၊ (Armour Personal Carrier) နှစ်စီးနဲ့ စစ်ရုံးကနေပြီးတော့ ကျွန်တော်တို့ စထွက်တယ်။ အဲဒီတော့ ကျွန်တော်တို့နဲ့ အတူတူ လုံခြုံရေး ဘယ်လောက်ပါသလဲဆိုရင် လုံခြုံရေးက တပ်ခွဲ သုံးခွဲလောက် ပါတယ်။ ရှေ့က တပ်ခွဲ တစ်ခွဲ၊ နောက်က တပ်ခွဲ နှစ်ခွဲလောက်က လိုက်တယ်။ ဘာကြောင့် လုံခြုံရေးတွေ ဒီလောက်ပါသလဲ ဆိုတော့ လမ်းမှာ သစ်ပင်တွေဖြတ်ပြီး လှဲထားတယ်။ လမ်းတွေ (Block) လုပ်ထားတယ်။ ပြည်လမ်းမကြီးအကုန်လုံး (Block) လုပ်ထားတယ်။ သစ်ပင်တွေဖြတ်ပြီး လှဲထားတယ်။ လမ်းဘေးက အဲဒီမှာ ကွန်ကရစ်ပိုက်ကြီးတွေ တင်ထားတယ်။ အတားအဆီးတွေ လုပ်ထားတယ်။

ဆိုတဲ့အခါကျတော့ ပြည်လမ်းမကြီးမှာလည်း လူတွေက ပြည့်နေတာပဲ၊ ပိတ်ထားတာ။ ကျွန်တော်တို့ ဒီလမ်းကြောင်းကြီး ပိတ်ဆို့ထားတာပေါ့။ တပ်တွေ လှုပ်ရှားမှု မလုပ်နိုင်အောင်လို့။ တပ်တွေ (Move) မလုပ်နိုင်အောင်။ တပ်တွေ တစ်နေရာက တစ်နေရာ (Move) မလုပ်နိုင်အောင်ဆိုပြီး၊ ဒီဟာ (Block) လုပ်ထားတာ။ အဲဒါ ဗကပ ရဲ့ ဟိုဒင်းတွေပဲ၊ ဗကပ နည်းလမ်းတွေ။
ခုနစ်နာရီခွဲလောက်မှာ ကျွန်တော်တို့ ထွက်ပါတယ်။ တပ်မတော်ဦးစီးချုပ်နဲ့ ကျွန်တော်က တစ်စီး ကျွန်တော်တို့က။ နောက် ကျန်တဲ့တစ်စီးကတော့ ကျွန်တော်တို့ရဲ့ အနီးကပ် (Escort) ရှေ့က တပ်ခွဲတစ်ခွဲက ရှင်း၊ နောက်က တပ်ခွဲနှစ်ခွဲက အရန်လိုက်လာ။ ဘယ်ကနေ သွားသလဲဆို စစ်ရုံးကနေ စထွက်တယ်။ စစ်ရုံးကနေပြီး ရွှေတိဂုံဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်းကနေပြီးတော့မှ ကျွန်တော်တို့ ဘယ်ကိုဝင်လိုက်သလဲဆိုရင် ဟိုဒင်းအတိုင်းကို သွားတယ်။ ရွှေတိဂုံဘုရားလမ်းကနေပြီးတော့မှ ဦးဝိစာရလမ်းကိုပဲ ထွက်လိုက်တယ်။ ဦးဝိစာရလမ်းကနေပြီးတော့မှ ရုပ်ရှင်ရုံ ၀ိဇယရုံ၊ ၀ိဇယရုံထောင့် ရောက်တဲ့ အခါကျတော့ အဲဒီကနေ ညာဘက်ချိုးပြီးတော့ အခုတော့ ဘာလမ်းလဲ မသိဘူး။ ဓမ္မစေတီလမ်း ထင်တယ်။ အဲဒီလမ်းကနေပြီးတော့ တစ်ခါ စက်မှုသက်မွေးပညာကျောင်းဘေးကနေပြီးတော့ အခု ကျွန်တော်တို့ ဟိုဒင်းလမ်းပေါ့၊ ဘာလမ်းခေါ်သလဲ၊ အင်းယားလမ်း။
အေဒီလမ်းကို ဘယ်အချိန်မှ ရောက်သလဲ။ ည ၁၁ နာရီခွဲလောက်မှ ရောက်တယ်။ တွက်ကြည့်တော့၊ ဘယ်လောက် ကျွန်တော်တို့ ကြာသလဲဆိုတာ။ အဲဒီတော့ အေဒီလမ်းရောက်တဲ့ အခါကျတော့ အေဒီလမ်းမှာ ဥက္ကဌကြီးကလည်း သူစောင့်နေတယ်။ အောက်ထပ်မှာဆင်းပြီး၊ ဆင်းစောင့်နေတယ်။ ကျွန်တော်တို့ ရောက်ရောက်ခြင်းပဲ အလေးပြုပြီးတော့ ကျွန်တော်တို့ အရေးတကြီး တိုင်းပြည်အတွက် တင်ပြစရာရှိလို့ လာခဲ့ခြင်း ဖြစ်ပါတယ်။

ဆိုတဲ့အခါကျတော့ အေး၊ အဲဒါဆိုရင် မင်းတို့ ကျန်တဲ့လူကြီးတွေကို တင်ပြခဲ့ပြီးပြီလား၊ အသိပေးပြီးပြီလားတဲ့။ ကျွန်တော်တို့ကို မေးတယ်။ ဒါ တပ်မတော် အစဉ်အလာပေါ့ဗျာ။ ဆင့်ကဲ ဆင့်ကဲ သတင်းပို့ပြီးမှသာ လာရမယ်ဆိုတဲ့ဟာ၊ ဒါ လူကြီးတွေ၊ ကျွန်တော်တို့ရဲ့ တပ်မတော် အကြီးအကဲတွေရဲ့ လိုက်နာတဲ့ အစဉ်အလာပေါ့။ လူကြီးတွေကို မင်းတို့ သတင်းပို့ထားပြီးပြီလားတဲ့။ သိပြီလားတဲ့။ ဟာ ကျွန်တော်တို့က မသိဘူးလေ၊ ကျွန်တော်တို့က ဘယ်သူ့မှ အသိမပေးဘဲ လာတာ။ အဲဒီမှာ ကျွန်တော်တို့ တော်တော်ကို (Shock) ဖြစ်သွားတယ်။ ဟာ ငါတို့တော့ ဒုက္ခပဲ၊ မေးတဲ့ (Question) က ကျွန်တော်တို့ကို ချောက်ချားစေတာပေါ့ဗျာ။
အဲဒီတော့ ကျွန်တော်တို့က ကျွန်တော်တို့ ဘယ်သူ့မှ အသိမပေးခဲ့ပါဘူး။ လျှို့ဝှက်ပြီးတော့မှ ဒါ ဗိုလ်ချုပ်ကြီးဆီ လာတာပါ။ ဆိုတော့မှ သူက ဘာပြောသလဲဆိုရင်၊ အေး ဒီတစ်ခါတော့ လုပ်တဲ့၊ နောက်တစ်ခါတော့ အဲဒီလို မလုပ်နဲ့တဲ့။ ဒီတစ်ခါတော့လုပ်၊ နောက်တစ်ခါတော့ အဲဒီလို မလုပ်ကြနဲ့တဲ့။ ကဲ မင်းတို့ ပြောချင်တာပြော၊ ဘာလဲ၊ ဘာတင်ပြမှာလဲ၊ တင်ပြဆိုတဲ့ အခါကျတော့၊ ကျွန်တော်တို့က ဒီအရေးအခင်း ကာလနဲ့ ပတ်သက်တဲ့ ဇာတ်ကြောင်းတွေပေါ့လေ၊ ပြန်လှန်ပြီးတော့မှ နောက်ဆုံး ဒီကုန်သွယ်ရေးရုံးမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေ၊ နောက်ဆုံး အခြေအနေထိ ကျွန်တော်တို့က အမှန်အတိုင်း၊ တကယ့်ဖြစ်ရပ်အတိုင်း ရှင်းပြတယ်။

အဲဒီတော့မှ သူ ဂဃနဏ အကုန်သိတယ်။ အခြေအနေမှန်တွေ သိတယ်။ စောစောတုန်းကတော့ မသိဘူး။ ဒီလို အခြေအနေမှန် အသေးစိတ်တွေကို သေချာ ဂဃနဏ တင်ပြတဲ့လူလည်း မရှိဘူး။ အဲဒီတော့မှ သူ အခြေအနေမှန်တွေကို သိပြီးတော့မှ အေး၊ အဲဒီလိုဆိုရင် ငါစဉ်းစားမယ်ကွာတဲ့၊ ငါ ဒီည ငါစဉ်းစားဦးမယ်တဲ့။ အေး၊ မင်းတို့ ပြန်ကြတော့။
အဲဒီတော့ ကျွန်တော်တို့ ပြန်ခိုင်းတဲ့အချိန်က ည တစ်နာရီ ခွဲသွားပြီ။ ဒါပေမဲ့ ပြန်သွားပြီးရင်တဲ့ မနက်ဖြန် မနက် မိုးလင်းတဲ့အချိန်ကျရင် ကျန်တဲ့လူကြီးတွေကို ငါ့ကို ဒါလာပြောတယ်၊ ဒါလာတင်ပြတယ်ဆိုတာ မင်းတို့ သွားပြီးတော့ သတင်းပို့တဲ့။ ဒုတိယအကြိမ် ကျွန်တော်တို့ ချောက်ချားသွားတယ်။ လူကြီးတွေမသိအောင် ကျွန်တော်တို့ လျှို့ဝှက်ပြီးသွားတာ၊ အခု နောက်တစ်နေ့ မနက်ကျတော့ ဟာ မင်းတို့ လူကြီးတွေကို သွားအသိပေးဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ပိုပြီး ချောက်ချားသွားတာပေါ့လေ။
အဲဒီတော့ သွားရင်တော့ လူကြီးတွေဆီရောက်ရင်တော့ ဒို့တော့ သေချာပေါက်ပဲ၊ အဆူခံရမှာပဲ။ တွက်ပြီးသား ကျွန်တော်တို့အားလုံး၊ ကျွန်တော်တို့က တပ်မတော်အစဉ်အလာကို ဖောက်ပြီပဲ။ တပ်မတော် အစဉ်အလာကို ကျွန်တော်တို့ ဖျက်တာကိုး။ ဖျက်ပြီးတော့ ကျော်ပြးတော့မှ ကျွန်တော်တို့ သွားသတင်းပို့တာ။ ဒါ ကျွန်တော်တို့ရဲ့ ဒါ ကျွန်တော်တို့က မှားနေပြီဆိုတာတော့ ကျွန်တော်တို့ ခံယူတယ်။ သို့သော်ငြားလည်း ဒီလိုမှားခြင်းသည် တိုင်းပြည်အတွက် မှားခြင်းဖြစ်တယ်။ ကိစ္စမရှိဘူး၊ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာ ဆုံးဖြတ်ပြီး လုပ်လိုက်တာပဲလေ၊  ဆိုပြီးတော့ ဒါနဲ့ ကျွန်တော်တို့ ဖြေရတာ။

ကျွန်တော်တို့ ပြန်လာရော၊ တစ်နာရီခွဲလောက်မှာ ပြန်လာတယ်။ ပြန်လာပြီး အပြန်ကျတော့ ကျွန်တော်တို့က လမ်းမှာ (Block) လုပ်ထားတဲ့ဟာတွေက မရှိတော့ဘူးဆိုတော့ အပြန်ကျတော့ ကျွန်တော်တို့ မြန်ပါတယ်။ စစ်ရုံးကို ကျွန်တော်တို့က ဒါ နှစ်နာရီကျော်ကျော်လောက် ပြန်ရောက်တာပေါ့လေ။ နှစ်နာရီ ကျော်ကျော်လောက် ပြန်ရောက်တယ်။ ပြန်ရောက်ပြီးတော့ တစ်ညလုံး ကျွန်တော်တို့ အိပ်လို့ မရပါဘူး။ မနက်မှာ ရင်ဆိုင်ရမယ့်ဟာကြီကို ကျွန်တော်တို့က ဒါ တစ်ညလုံး စဉ်းစားနေတယ်။ စဉ်းစားရင်းနဲ့ အိပ်လို့မရဘူး။

အဲဒီတော့ နောက်တစ်နေ့မနက်ကျတော့ ကျွန်တော်တို့ ကဲ၊ ခုနစ်နာရီလောက် သွားတွေ့မယ် ဆိုပြီးတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ကျွန်တော်နဲ့ပဲ နှစ်ယောက်၊ မနက် ခုနစ်နာရီမှာ ကျွန်တော်တို့ လူကြီးတွေ သွားတွေ့တယ်။ ဗိုလ်ချုပ်ကြီး အေးကိုရယ်၊ ဗိုလ်ချုပ်ကြီး ကျော်ထင်ရယ်၊ အိမ်နှစ်အိမ်ပေါ့ဗျာ၊ ကျွန်တော်တို့။ ပထမ ဗိုလ်ချုပ်ကြီး အေးကိုဆီ ကျွန်တော်တို့ သွားတယ်။ သွားတဲ့အခါကျတော့ အဲဒီမှာ သူ့ အခြေအနေ တင်ပြလိုက်တယ်။ တင်ပြလိုက်တော့ ကျွန်တော်တို့ ဘာမှတော့ မပြောဘူးပေါ့။ ဒါပေမဲ့ မျက်နှာတော့ မကောင်းဘူး။ မျက်နှာတော့ မကောင်းဘူး။ ဆိုတော့ ကျွန်တော်တို့က ကျော်လွန်ပြီးတော့ သွားတင်ပြလိုက်တာ ဖြစ်နေတာကိုး။ မျက်နှာတော့ မကောင်းရှာဘူး။

အဲဒါ ကျွန်တော်တို့ကတော့ သိတယ်။ ကျွန်တော်တို့ ဒါ အမှားပဲ။ သို့သော်ငြားလည်း တိုင်းပြည်နဲ့ချီပြီး လုပ်ရတဲ့ ကိစ္စဖြစ်တဲ့အတွက် လူကြီးတွေက ဘယ်လိုပဲ ကျွန်တော်တို့အပေါ်မှာ အပြစ်တင်တင်၊ အပြစ်ဖို့ဖို့ ကျွန်တော်တို့ ခံယူမယ်ဆိုတဲ့ဟာမျိုး၊ ခံယူထားပြီးသားပါ။ ပြီးတဲ့နောက်မှာ ကျွန်တော်တို့ ဗိုလ်ချုပ်ကြီး ကျော်ထင်ဆီ ကျွန်တော်တို့ သွားတယ်။ ထပ်ပြီး ကျွန်တော်တို့ တင်ပြတယ်။ အဲဒီအချိန်က ဘယ်အချိန်လောက် ရှိပြီလဲဆိုရင် ရှစ်နာရီခွဲလောက် ရှိသွားပြီ။ ခုနစ်နာရီလောက်က စပြီးတင်ပြတယ်။ ရှစ်နာရီခွဲလောက် ရှိတဲ့အခါကျတော့ တယ်လီဖုန်းလာတယ်။ ဒါ စက်တင်ဘာလ ၁၈ ရက် ဖြစ်သွားပြီနော်၊ ၁၈ ရက်နေ့။ ဘယ်ကလာသလဲဆိုတော့ ဗိုလ်မှူး ဆက်ထွန်း ဆီက။ လူကြီးတွေ အားလုံးပေါ့၊ အေဒီလမ်းကို အခုလာခဲ့ပါ။ ကိုးနာရီ အရောက်လာခဲ့ပါ။ လူကြီးအားလုံးဆိုတဲ့နေရာမှာ လူကြီးအားလုံးပေါင်း ခြောက်ယောက်ပဲ။ ၀န်ကြီးချုပ်ရယ်၊ ဒုတိယ၀န်ကြီးချုပ်က နှစ်ယောက်ရယ်၊ ပါတီ အထွေထွေ အတွင်းရေးမှူးရယ်၊ ပါတီ တွဲဘက် အတွင်းရေးမှူးရယ်၊ နော်။ နောက် နိုင်ငံတော် သမ္မတရယ်၊ အားလုံးပေါင်း ခြောက်ယောက်ပေါ့။
အဲဒီတော့ ဒုတိယ၀န်ကြီးချုပ် နှစ်ယောက်က ဗိုလ်ချုပ် သန်းတင်နဲ့ ဦးရဲခေါင်။ ၀န်ကြီးချုပ်က သူရ ဦးထွန်းတင်၊ နိုင်ငံတော်သမ္မတက ဒေါက်တာ မောင်မောင်။ အဲဒီမှာ ကျွန်တော်တို့က ကိုးနာရီအရောက် ခြောက်ယောက်၊ လူကြီးတွေလာခဲ့လို့ ခေါ်တယ်။ ခေါ်ပြီးတော့မှ တစ်ဆက်တည်းပဲ မင်းတို့ဆီကို ဟိုနှစ်ယောက် ရောက်နေသလားဆိုတော့ မေးတယ်။ နှစ်ယောက်ဆိုတာ ကျွန်တော်တို့ နှစ်ယောက်ပေါ့။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကျွန်တော်နဲ့။ အဲဒီနှစ်ယောက် ရောက်နေသလား၊ ရောက်နေရင် အဲဒီနှစ်ယောက်ပါ တစ်ခါတည်း ခေါ်ခဲ့။ ခေါ်လာခိုင်းတယ်။

အဲဒီတော့ ကျွန်တော်တို့လည်း အဲဒီလူကြီးတွေနဲ့ အတူတူ တွဲပြီးတော့ လိုက်သွားတာပေါ့လေ။ ခေါ်တဲ့အတိုင်းပဲ ကိုးနာရီမှာ ကျွန်တော်တို့ အေဒီလမ်း ရောက်တယ်။ ကျွန်တော်တို့ တွေ့တဲ့အခါကျတော့ ဒီဘက် အေဒီလမ်း အတွင်းက ဒီဘက်ရုံး၊ ဥက္ကဌကြီးရဲ့ရုံး။ ရုံးမှာ ကျွန်တော်တို့ စောင့်နေတယ်ပေါ့လေ။ ကိုးနာရီထိုးမှာ ကျွန်တော်တို့ ကိုးနာရီမထိုးခင် ရောက်ပါတယ်။ ကိုးနာရီထိုး၊ ကိုးနာရီလည်း တိတိထိုးရော ဥက္ကဌကြီး ရောက်လာတယ်။ ရောက်လာပြီးတော့မှ ကဲ ထိုင်ကြ၊ ထိုင်ကြဆိုပြီး ထိုင်ခိုင်းပြီးတော့မှ ညက ငါ့ ဒီကောင်နှစ်ကောင်လာပြီး ငါ့ရှင်း၊ ရှင်းလင်းပြီး တင်ပြတယ်။ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မင်းတို့ ဒီကနေ့၊ ဒို့တစ်ခုခုတော့ လုပ်ရမယ်။ ကဲ မင်းတို့ ပြန်ရှင်းပြစမ်းကွာ ဆိုပြီးတော့ ပြန်ရှင်းပြခိုင်းတယ်။ အားလုံး၊ လူကြီးတွေ အားလုံးသိအောင် ရှင်းပြခိုင်းပြီးတော့မှ ကဲ တစ်ခုခုတော့ ဒို့ဆုံးဖြတ်ရလိမ့်မယ်။ အဲဒီတော့ မင်းတို့သဘောထားတွေ တင်ပြကြကွာ ဆိုပြီးတော့မှ တင်ပြခိုင်းတယ်၊ လူကြီးတွေကို။

တင်ပြတဲ့အခါကျတော့ တင်ပြချက်တွေက အမျိုးမျိုးပေါ့လေ၊ အမျိုးမျိုးပေါ့။ စစ်အုပ်ချုပ်ရေး လုပ်မှာလည်းပါတယ်။ အဲဒီတော့ နောက်တစ်ခုက ရန်ကုန်နဲ့ မန္တလေးကို ဒီမြို့ကြီးတွေကို ကွက်ပြီး တပ်ကိုအပ်မယ်ဆိုတာလဲ ပါတာပေါ့လေ။ နောက်ပြီးတော့မှ တပ်ကိုပဲ လွှဲလိုက်မယ်ဆိုတဲ့ဟာမျိုးလည်း ပါတာပေါ့လေ။ လူကြီးတွေ ဒါ တင်ပြကြတာပေါ့။ တင်ပြပြီးတော့မှ နောက်ဆုံးကျတဲ့အခါကျတော့မှ ကဲ အဲဒီလိုဆိုရင် ငါဆုံးဖြတ်ပေးမယ်ဆိုပြီးတော့မှ ဒီကနေ့စပြီးတော့ ကိုစောမောင်၊ မင်း တိုင်းပြည်ကို တာဝန်ယူ၊ မင်း ဆက်သာလုပ်တော့။ ငါတို့အားလုံးကနေပြီးတော့ မင်းကို လွှဲပေးတယ်။ အေး အဲဒီလိုလုပ်တဲ့အခါမှာ တစ်ခုတော့ ရှိတယ်။ ဒါဟာ အာဏာသိမ်းတာပဲ။ အာဏာသိမ်းတဲ့ သဘောပဲ။ အာဏာသိမ်းရတော့ လက်ရှိခေါင်းဆောင်တွေကို ဖမ်းရတယ်။ မင်းတို့ သဘောပဲ။ အဲဒီတော့ မင်းတို့ သေချာစဉ်းစားပြီး ဆုံးဖြတ်ပြီးလုပ် ဆိုပြီးတော့၊ ဟာ ကျွန်တော်တို့ကို အမိန့်ပေးလိုက်တယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...