ဆဌမမြောက် တံခါးခေါက်သံ........
ပထမဆုံးသော တံခါးခေါက်သံ…….
မေမေ့ ၀မ်းကြာတိုက် တံခါးလေးကို ခေါက်ပြီး ``မေမေရေ…... သားသားရောက်နေပြီလို့….´´ ရဲရဲဝံ့ဝံ့ အသိပေးရင်းကျွန်တော် ၀င်ရောက်ခဲ့တယ်…. ဒီ တံခါးခေါက် သံလေးက မေမေ့ဆီကနေ ဖေဖေ့ဆီကိုရောက်…. သူတို့နှစ်ယောက် ကြည်နူး ပျော်ရွှင်ခြင်းတွေနဲ့ ရှေ့ ခရီးဆက်ကြတယ်…… ကျွန်တော် ထင်ပါတယ်….. ကျွန်တော့်ရဲ့ တံခါးခေါက်သံလေးက ဖေဖေနဲ့ မေမေ့ကို အားအင်အသစ်နဲ့ ကြည်နူး ချမ်းမြေ့ခြင်းတွေ ပေးစွမ်းနိုင်ခဲ့တယ် ဆိုတာကိုပေါ့………။
ဒုတိယမြောက် တံခါးခေါက်သံ……
မေမေ့ကို ဝေဒနာနဲ့ ဒုက္ခတွေ (၁၀)လ လောက်ပေးပြီးတော့ ကျွန်တော် ဒုတိယမြောက် တံခါးလေးကို ခေါက်လိုက်မိတယ်။ အားအင် အပြည့်နဲ့ `` အူဝ… အူဝဲ…..´´ အော်မြည်ရင်းနဲ့လေ….. ပင်ပင်ပန်းပန်း နွမ်းနွမ်းနယ်နယ်နဲ့ ကမ္ဘာ့ အလှဆုံးအပြုံးတစ်ခုကိုတော့ မေမေ ဖန်ဆင်းပေးခဲ့မယ်လေ….။ ဘာမှ မသိသေးတဲ့ ကျွန်တော့်ကို ကြည့်ရင်းပေါ့…. နောက်ပြီး ဆူပူ အော်ဟစ်နေတဲ့ ကျွန်တော်ရယ်….
ပင်ပန်း နွမ်းနယ်လျှက်က..... ပြုံးနေတဲ့ မေမေရယ်ကို ကြည့်ရင်း ဇနီးနဲ့သား ကောင်းမွန်စွာ ရှင်သန်ခြင်းတွေအစား တစ်ခုခုများ ဖြစ်ခဲ့လျှင်ဆိုတဲ့ သောကရာသီလေးတွေကို ကြိတ်မှိတ်ကျော်လွှား…. ဖြတ်သန်းခဲ့တဲ့ ဖေဖေ့အပြုံးတွေကိုလဲ မြင်ချင်လိုက်တာ….. အဲဒီ အချိန်မှာတော့
``သားတို့ရုပ်ရည်....´´ ဆိုတဲ့ စကားလေးအတိုင်း ကမ္ဘာကြီးမှာ နေနဲ့လ တစ်ပြိုင်တည်း ထွန်းလင်းခဲ့မှာပေါ့…. ကျွန်တော် ထင်ပါတယ်…
ကျွန်တော့်ရဲ့ ဒုတိယမြောက်တံခါးခေါက်သံလေးက ဖေဖေနဲ့ မေမေ့ကို အားအင်အသစ်နဲ့ ကြင်နာယုယခြင်းတွေပေးစွမ်းနိုင်ခဲ့တယ် ဆိုတာကိုပေါ့………။
တတိယမြောက် တံခါးခေါက်သံ…….
ဖေဖေနဲ့ မေမေရဲ့.. ကြင်နာယုယခြင်းတွေကို စိတ်ကြိုက် ရယူ စားသုံးပြီးတဲ့ (၅)နှစ်တာ ကာလမှာတော့ ကျွန်တော်ကျောင်းတက်ရတော့မယ်..... ကျောင်းဝတ်စုံလေးကို ကျကျနန ၀တ်ဆင်ရင်း၊ ဆံပင် ဘေးခွဲလေးနဲ့ လွယ်အိတ်လေးကို ကျောပိုးရင်း.....
တတိယမြောက် တံခါးလေးကို ခေါက်လိုက်ပြီပေါ့….. `` ငါ့သားလေး ကျောင်းနေတော့မယ်…. ပညာတတ်ကြီးဖြစ်တော့မယ်…. ငယ်ငယ်လေးကတည်းက .အတန်းတိုင်းမှာ ထူးချွန်အောင် ဂရုစိုက်ရမယ်….. ဆုတွေလဲ ရရမယ်....... အားကစားလဲ ထူးချွန်ရမယ်….. နောက်ပြီး
တည်တည် ကြည်ကြည် ခန့်ခန့်ညားညား.... လူတိုင်း ချစ်ခင်လေးစားတဲ့သူ ဖြစ်ရမယ်…´´ဆိုတဲ့ အတ္တရောင်စဉ်တွေက အဲဒီအချိန်မှာဖေဖေရော…... မေမေ့ကိုပါဖုံးလွှမ်းနေခဲ့မှာပေါ့…….. ကျွန်တော် ထင်ပါတယ်…. ကျွန်တော့်ရဲ့ တတိယမြောက် တံခါးခေါက်သံလေးက ဖေဖေနဲ့ မေမေ့ကို မျှော်လင့်ခြင်းအသစ်တွေ၊ အားအင် အသစ်တွေကို ထပ်လောင်းပေးစွမ်းခဲ့ပြီ…. ဖြူစင်ခြင်းနဲ့ လမ်းခွဲတဲ့ အတ္တ မျက်ဝန်းတွေကို ကျွန်တော်ဖန်တီးပေးစွမ်းခဲ့မိပြီ ဆိုတာကိုပေါ့……။
စတုတ္ထမြောက် တံခါးခေါက်သံ......
ဖေဖေ..... မေမေတို့ရဲ့ ချွေးစက်တွေ….. စေတနာတွေ…. မေတ္တာတွေကနေ ဆရာ/ဆရာမတွေရဲ့ ချွေးစက်တွေ…..
စေတနာတွေ မေတ္တာတွေနဲ့ ရောယှက်ထားတဲ့ ပညာရည်နို့ကို သောက်စို့ခဲ့တဲ့ (၁၅)နှစ်၊ (၁၆)နှစ်တာ ကာလ အလွန်မှာတော့… ကျွန်တော်ပညာစုံခြင်း ဆိုတဲ့ စတုတ္ထမြောက် တံခါးလေးကို ထပ်ပြီး ခေါက်လိုက်ပြန်ပြီပေါ့……. ပညာသင်ယူမှု ပြီးမြောက်တဲ့.. ဘွဲ့နှင်းသဘင် အခမ်းအနားကိုတော့…. ရင့်ကျက် တည်ငြိမ်ပြီး ကျက်သရေရှိလှတဲ့ ဟန်ပန် အမူအယာတွေနဲ့ ဖေဖေနဲ့ မေမေ တက်ရောက်ခဲ့ တယ်…. ဒီ အခမ်းအနားမှာ ပါဝင်ပါတ်သက်သူမှန်သမျှက ကိုယ့်သား ထက် မနိမ့်သူတွေ ဖြစ်နေပါလျှက်... သက်ဆိုင်သူတွေ ဖြစ်နေပါလျှက် ဖေဖေမေမေရဲ့ အပြုံးတွေက သိပ်ကို ပြီးပြည့်စုံနေခဲ့တာပဲ….. သူတို့ ဘယ်လောက်အထိ ကျေနပ်နေခဲ့သလဲ ဆိုတာကို ကျွန်တော် မခန့်မှန်းနိုင်ခဲ့ပါဘူး…..
ကျွန်တော်တွေးကြည့်တယ်လေ. ဖေဖေနဲ့ မေမေ ဘွဲ့ယူစဉ်ကရော ဒီလောက် အထိ ပီတိတွေ ဖြစ်ခဲ့သလား. လို့။ ကျွန်တော် ထင်ပါတယ်
… ကျွန်တော့်ရဲ့ စတုတ္ထမြောက် တံခါးခေါက်သံလေးက ဖေဖေနဲ့ မေမေ့ကို ယုံကြည်ခြင်းအသစ်တွေအပြင် .… ဂုဏ်ယူခြင်း အသစ်တွေ ကိုထပ်လောင်းပေးစွမ်းခဲ့ပြန်ပြီ….. ကြည်နူးကျေနပ်ခြင်းနဲ့ ဘ၀အမောတွေ ပြေပျောက်စေတဲ့.. ခွန်အား တစ်ရပ် ကျွန်တော် ဖန်တီးပေးစွမ်းခဲ့မိပြီ ဆိုတာကိုပေါ့……
ပဉ္စမမြောက် တံခါးခေါက်သံ......
လူတစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ မူလအရည်အသွေးတွေ ပြည့်စုံတဲ့ အခါမှာတော့..လုပ်ငန်းခွင် ၀င်ရောက်ခြင်းဆိုတဲ့ ပဉ္စမမြောက် တံခါးလေးကို ခေါက်လိုက်မိတယ်….. အရာရှိတစ်ယောက် ဖြစ်စေခဲ့တဲ့ မူလ ပိုင်ရှင်... ဖေဖေနဲ့ မေမေက ဘယ်တုန်းကနဲ့မျှမတူတဲ့ ပီတိတွေကို ဖြန့်ကျက်ရင်း… ဖေဖေကလဲ အတွေ့အကြုံတွေ မေမေကလဲ ကလေးငယ်လေးတစ်ယောက်လို ကျန်းမာရေး....၊ လူမှုဆက်ဆံရေး…. နေတာထိုင်တာတွေက အစ မိန်းကလေးနဲ့ ပတ်သက်နိုင်တာတွေ အဆုံး သိမ်းကျုံး မှာကြားနေလိုက်တာများ…. မိသားစုဘ၀မှာ အမှတ်ရစရာလေးတွေပေါ့…… ကျွန်တော် ထင်ပါတယ်… ကျွန်တော့်ရဲ့ ပဉ္စမမြောက် တံခါးခေါက်သံလေးက ဖေဖေနဲ့ မေမေ့ကို ဥယျာဉ်မှူးရဲ့ ပီတိတွေအပြင် ကျေနပ်ခြင်း….ရွှင်လန်း ၀မ်းမြောက်ခြင်းအသစ်တွေ ကို ထပ်လောင်းပေးစွမ်းခဲ့ပြန်ပြီ ဆိုတာကိုပေါ့……။
ဆဌမမြောက် တံခါးခေါက်သံ.......
မိဘများရဲ့ အမွေအနှစ်တွေကို ပြည့်ပြည့်စုံစုံရယူပြီး.. ကိုယ်တိုင်တတ်သိနားလည်သမျှ၊ ထင်သမျှ မြင်သမျှ…. စိတ်ကူးလေးတွေထဲက အတိုင်း ဘ၀ကိုရင်ဆိုင်ဖြတ်သန်းခဲ့တယ်လေ……
ဒီလို ဖြတ်သန်းခြင်းတွေထဲမှာ….. ဘ၀သစ်တစ်ခု ထူထောင်ခြင်းတွေပါရဲ့….. တစ်ချို့ကလဲ ချစ်တဲ့သူနဲ့ ပြည့်ပြည့် စုံစုံ တစ်ချို့ ကျတော့လဲ သင့်လျော်ရာ အိမ်ထောင်ဘက်နဲ့ ကံဇာတ်ဆရာရဲ့ ဇာတ်ညွှန်း အတိုင်းအဆင်ပြေသလိုရှင်သန် လည်ပတ်နေကြတာလဲ ပါတာပေါ့…။
ဘ၀တွေကို ရင်ဆိုင်ဖြတ်သန်းရင်း မိဘနေရာတွေကိုရောက်ပြီး…… တံခါးခေါက်သံတွေကို ကိုယ်တိုင် ပြန်ကြားခဲ့ရမှာပါ……..
ဒီလိုနဲ့ ချစ်သောသူတွေလဲ ခွဲသွားကြတယ်၊ မချစ်မနှစ်သက်သော သူများနဲ့လည်း ဆုံတွေ့ခဲ့ရတယ်... တကယ်တမ်းကိုယ့်မှာ ဘာတွေ ကျန်ရစ်မလဲဆိုတော့.… ကိုယ်တိုင်လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေရယ်... ဒါနရယ်... သီလရယ်… ဘာဝနာရယ်သာလျှင် သံသရာအတွက် တကယ့် အဖော်မွန်တွေဆိုတာ... ခံစား နားလည်တတ်တဲ့ အရွယ်တွေကိုလဲ မဖြစ်မနေလျှောက်လှမ်းရမှာပါပဲ
နောက်ဆုံးတော့ အနီးစပ်ဆုံး တံခါးလေးတံချပ်ကို တွေ့ရတယ်…. ။
အဲဒီတံခါးလေးကိုတော့ ကိုယ်တိုင် မခေါက်တော့ ပါဘူး… ဒီ တံခါးလေးကို လောကရဲ့ ဓမ္မတာ အတိုင်း လာရောက်ခေါက်သံကြားရင်….. ကိုယ့်ရဲ့ ကျန်ရစ်ရမဲ့ မိသားစုလေးတွေက အလွမ်းတွေ…. အားငယ်စိတ်တွေ…. ၀မ်းနည်းခြင်းတွေနဲ့…. ခံစားကြားယောင်ရမှာလေ…. ဘယ်သူလာခေါက်မှာပါလိမ့်.… ဒီတံခါးလေးခေါက်လာရင်... ကိုယ်တိုင်လဲ ကောင်းတာတွေရော…. မကောင်းတာတွေရော….. ကျေနပ်ခြင်းတွေရော……. မကျေနပ်ခြင်းတွေကိုရော…. အားလုံးကို ချန်ထားရစ်ရတော့မယ်…. ကျန်ရစ်မဲ့သူတွေအတွက်ကိုယ်ဘယ်လောက် အားအင်တွေ စိုက်ထုတ်ပေးခဲ့သလဲ... ဘယ်လောက် တာဝန်တွေကျေခဲ့သလဲ ဆိုတဲ့ အဖြေကို ကျန်ရစ်ခဲ့သူတွေက သုံးသပ်ရင်း ကောင်းသည်..... ဆိုးသည် ဆုံးဖြတ်ကြတော့မယ်…. နောက်တော့လဲ တဖြည်းဖြည်းနဲ့ မေ့သွားကြမှာပေါ့…. အခုထိ ဆဌမမြောက် တံခါးခေါက်သံကို မကြားရသေးပေမဲ့.... ကြားဖြစ်ခဲ့ရင်လဲ ပြန်လည်တွေးတောခွင့်နဲ့.... ပြန်လည် ပြင်ဆင်ခွင့်တွေကို.... မရနိုင်တော့ပါဘူး။
အင်း.. ကျွန်တော်ထင်ပါတယ် ဆဌမမြောက် တံခါးခေါက်သံဆိုတာ... နိဂုံး မတိုင်ခင်ကြိုတင် ပြင်ဆင်ခြင်း အချက်ပေးသံလေး ဖြစ်မယ် ဆိုတာကိုပေါ့…….။
ကွန်ဆူးမား
0 comments:
Post a Comment