Saturday, August 25, 2012

ဒါဖတ်ပြီးမှ ရွေးကောက်ပွဲဝင်ပါ


by Nay Myo on Saturday, August 25, 2012 at 8:01am 

ဒီ (National Convention) ပြီးရင် ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ဆက်ပြီးတော့ ကျွန်တော်တို့က ရေးမှာပဲ။ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းပြီးရင်၊ အဲဒါကို ကျွန်တော်တို့က အတည်ပြုမယ်။ အတည်ပြုပြီးရင် အဲဒီဥပဒေအရ ပေါ်ပေါက်လာတဲ့အစိုးရသည် နိုင်ငံတော်ကို ဦးဆောင်သွားမှာပဲ။ အဲဒီအစိုးရသည် ဒါ အရပ်သားအစိုးရပေါ့ဗျာ။ သဘောကတော့ တပ်မတော်အစိုးရတော့ မဟုတ်ဘူး၊ အရပ်သားအစိုးရပဲ။ သို့သော်ငြားလည်း အဲဒီအစိုးရအဖွဲ့ထဲမှာ တပ်မတော်ကတော့ အခန်းကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်ရမယ်။

တပ်မတော်က၀င်ပြီး တက်ပြီးတော့မှ ချုပ်ကိုင်မှာမဟုတ်ဘူး။ သူတို့ လုပ်ချင်တိုင်းလုပ်လို့ မရအောင်လို့ တပ်မတော်က အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်မယ်ဆိုပြီးတော့ အခု ကျွန်တော်တို့ (National Convention) ကျွန်တော်တို့ လုပ်နေတာပေါ့။
လုပ်နေတဲ့အခါကျတော့ အခု ပထမပိုင်းမှာ အဲဒီ (National Convention) မှာ ကျွန်တော်တို့ (Consensus) ပေါ့ဗျာ၊ ကျွန်တော်တို့ရတဲ့အချက်တွေ။ ဘာတွေလဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်ကို ဘယ်လိုသွားမလဲဆိုတဲ့ဟာကို ကျွန်တော်တို့ အခြေခံမူတွေပေါ့။ အခြေခံမူတွေကို ကျွန်တော်တို့က ရတယ်။

အဲဒီအခြေအနေတွေဟာ ဘာတွေလဲဆိုရင် ပြည်ထောင်စုစနစ်ကို ကျင့်သုံးရန်၊ ကျွန်တော်တို့ ပြည်ထောင်စုစနစ်ပဲ ဆက်ပြီးကျင့်သုံးမယ်။ လက်ရှိ တိုင်းနဲ့ ပြည်နယ် ၁၄ ခု အတိုင်း ဒေသကြီးများကို ဆက်လက်ထားရှိမည်။ အမည်တွေကို လက်ရှိအတိုင်း ခေါ်ဝေါ်သုံးစွဲရန်၊ စောစောတုန်းက ကျွန်တော်တို့က အမည်၊ နာမည်တွေကို ပြောင်းဖို့၊ နာမည်ပြောင်းဖို့ ကျွန်တော်တို့က စဉ်းစားပေးတယ်၊ ဆွေးနွေးကြည့်တယ်။ အများစုက လက်မခံနိုင်တာနဲ့ လက်ရှိအခေါ်အဝေါ်အတိုင်းပဲ ခေါ်ဝေါ်သုံးစွဲမယ်ဆိုပြီး ကျွန်တော်တို့က ဒီမှာ ဆုံးဖြတ်တယ်။

နောက် နိုင်ငံတော်အကြီးအကဲဟာ နိုင်ငံတော်သမ္မတ ဖြစ်ရမယ်။ ၀န်ကြီးချုပ်စနစ် မဟုတ်ဘူး။ သမ္မတ စနစ်နဲ့ သွားမယ်။ သမ္မတဆိုတာမှာ ဟိုးမြန်မာနိုင်ငံ စောစောပိုင်းတုန်းက သမ္မတမဟုတ်ဘူး။ မြန်မာနိုင်ငံ စောစောက သမ္မတက ရုပ်ပြသမ္မတ၊ ခင်ဗျားတို့သိတဲ့အတိုင်းပဲ သမ္မတဆိုတာ ပုဆိုးဝတ်တတ်ရမယ်၊ မြင်းစီး တတ်ရမယ် ဆိုတဲ့ဟာမျိုး။ ဟုတ်တယ်မို့လား၊ အဲဒီ သမ္မတမျိုး မဟုတ်ဘူး။ တကယ့် အာဏာအပြည့်အ၀ရှိတဲ့ သမ္မတ။ သမ္မတက တိုင်းပြည်အုပ်ချုပ်သွားရမယ်၊ ဦးဆောင်သွားရမယ်။
နောက် နိုင်ငံတော် အချုပ်အခြာအာဏာ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း ဖြစ်စေရန်။ နောက်တစ်ချက် ပြည်ထောင်စုလွှတ်တော်မှာ လူဦးရေကိုအခြေခံ ရွေးကောက် တင်မြှောက်သည့် လွှတ်တော်တစ်ရပ်၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်တစ်ရပ်၊ ပေါင်း နှစ်ရပ်ထားရှိရန်။ တိုင်းနဲ့ ပြည်နယ်အလိုက် လွှတ်တော် ၁၄ ခု ထားရှိရန်၊ နော်။ တိုင်းနဲ့ တိုင်းဒေသကြီးတွေမှာလည်း သူ့ဟာသူ ဒီ လွှတ်တော်တွေ ရှိမယ်။ အဲဒီမှာ တိုင်းနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပေါင်း ၁၄ ခု ရှိတာကိုး။ အဲဒီမှာ လွှတ်တော်အနေနဲ့ ၁၄ ခု ရှိမယ်။ အဲဒီ လွှတ်တော် ၁၄ ခုမှာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအာဏာတွေ ခွဲဝေပေးထားမယ်။
နောက် ပြည်ထောင်စုလွှတ်တော်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်များမှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်တဲ့ဦးရေအတိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်သည်ဟု သတ်မှတ်ရန်။ တပ်မတော်သား ကိုယ်စားလှယ်တွေက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့လူတွေ ထည့်ပေးရမယ်။ ရွေးချယ်ပြီးတော့ ပေးစရာမလိုဘူး။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နေပြီးတော့မှ အမည်စာရင်းနဲ့ သတ်မှတ်ပြီး ပေးတဲ့လူကို အဲဒီထဲမှာ ထည့်ပေးရမယ်။
နောက် ပြည်ထောင်စု၊ တိုင်းနဲ့ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနဲ့ ခရိုင်အုပ်ချုပ်ရေးတို့တွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေး စတဲ့ တာဝန်များ ထမ်းဆောင်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်ဟု သတ်မှတ်ရန်။ စောစောက ပြောတဲ့ တိုင်းနဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာလည်း တပ်မတော်သားအရာရှိ အမည်စာရင်း ပေးထားတဲ့လူတွေ ပါရမယ်။ အောက်တစ်ဆင့် အုပ်ချုပ်ရေးဌာနတွေမှာလည်း တပ်မတော်က အရာရှိတွေ ပါရမယ်။ အဲဒါတွေကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း သတ်မှတ်ပေးတဲ့လူကို ထည့်ပေးရမယ်။
တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတို့တွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့် ရှိစေရန်၊ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်ကို ကျွန်တော်တို့ ထည့်ပေးထားတာ။ နောက် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်ဟု မုချမှတ်ရန်၊ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိစေရန်။ တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆိုတဲ့အခါကျတော့ ဘေးကနေ စွက်ဖက်လာမှာစိုးလို့၊ ဥပမာအားဖြင့်ပေါ့ဗျာ၊ ရာထူးခန့်ထားရေးကိစ္စ ဘေးကစွက်ဖက်လို့ မရဘူး။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အစီအမံနဲ့ပဲ ရာထူးခန့်ထားရေး၊ ရာထူးတိုးမြှင့်ရေးကိစ္စကို လုပ်ပိုင်ခွင့်ရှိတယ်။ ဘေးကနေပြီး သမ္မတကနေပြီးမှ ဟာ ဒါလုပ်ပေးပါ မရဘူး။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အစီအမံနဲ့ပဲ လုပ်ခွင့်ရှိရမယ်။ အဲဒါ ထည့်ထားတယ်။

နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်ရမယ်။ တချို့အစိုးရအဖွဲ့တွေမှာဆိုရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို သူက လက်နက်ကိုင်တပ်ဖွဲ့ အားလုံးရဲ့ အကြီးအကဲလို့ မထားဘူး။ ၀န်ကြီးချုပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အကြီးအကဲဆိုပြီး တချို့အစိုးရတွေမှာ ဒီလိုပေးထားတယ်။ ၀န်ကြီးချုပ်က ကိုင်ထားတယ်။ တချို့ သမ္မတက ကိုင်ထားတယ်။ အခု ဒီမှာတော့ မဟုတ်ဘူး။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အကြီးအကဲပဲ။
နောက် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို အခြေခံဥပဒေ သတ်မှတ်ပြဌာန်းချက်များနဲ့ အညီ ရယူသုံးစွဲခွင့် ရှိရမည်။ နိုင်ငံရေးသမားတွေ လုပ်ချင်တိုင်း လုပ်လို့မရဘူး။ တိုင်းပြည် ဖရိုဖရဲဖြစ်တော့မယ့်ဟာမျိုး၊ တိုင်းပြည်ပြိုကွဲမယ့် အခြေအနေမျိုးရောက်ရင်တော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကနေ ၀င်ပြီးတော့မှ ဒါတိုင်းပြည်၊ နိုင်ငံတော်ရဲ့အာဏာကို ရယူပိုင်ခွင့်ရှိတယ်ဆိုတာ ထည့်ထားတာ။

နောက် အာဏာသုံးရပ်ကို ဗဟိုနဲ့ တိုင်းဒေသကြီးများတွင် ခွဲဝေကျင့်သုံးရန်။ ထူးခြားသည့် လူမျိုးစုရှိသည့် ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဧရိယာများအဖြစ် ဖွဲ့စည်းပေးရန်။ ထူးခြားသည့် လူမျိုးစုဒေသ ဆိုတာ ခင်ဗျားတို့သိတာပဲ။ ၀ ကလဲ ပြည်နယ်တောင်းနေတာပဲ။ ပေးလို့မရဘူးလေ၊ ၀ ပြည်နယ် ပေးလိုက်ရင် ရှမ်းက ဘယ်နေမလဲ၊ ရှမ်းထဲက ခွဲပေးလိုက်ရမှာကို၊ ဟုတ်ဖူးလား။ အဲဒီတော့ ၀ ပေးလိုက်ရင် ကျန်တဲ့လူတွေကလည်း တစ်ခါထပ်ပြီး တောင်းဦးမှာပဲ။ ကိုးကန့်ကလည်း နေမှာမဟုတ်ဘူး။ ကိုးကန့်ကလည်း တောင်းမှာပဲ၊ အဲဒီတော့ ဘယ်သူ့မှ မပေးဘူးလေ၊ သို့သော်ငြားလည်း ပြည်နယ်တော့ ခွဲမပေးဘူး၊ သို့သော်ငြားလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဧရိယာအဖြစ်တော့ သတ်မှတ်ပေးမယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဧရိယာအဖြစ် သတ်မှတ်ပေးတယ်ဆိုတဲ့နေရာမှာ လူဦးရေအချိုးအစားနဲ့ပဲ တွက်ရမယ်။ သတ်မှတ်တဲ့လူဦးရေထက် ပြည့်ဝရင်တော့ သူ့ကို သူ့အဆင့်အတန်းနဲ့ အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ ဒီလို ကျွန်တော်တို့က သတ်မှတ်ပေးနိုင်တယ် ဆိုတဲ့ဟာမျိုး ထည့်ထားတယ်။

စီးပွားရေးနဲ့ ပတ်သက်ပြီး ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးရန်၊ စီးပွားရေးလုပ်ငန်းများ ပြည်သူပိုင် မသိမ်းရန်၊ ငွေစက္ကူများကို တရားမ၀င်ကြေညာခြင်း မပြုလုပ်ရန် ဆိုပြီးတော့ အဲဒီလို အရေးကြီးတဲ့ဟာတွေ ကျွန်တော်တို့က ထည့်ထားတယ်။ သဘောကတော့ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်တွေ တော်တော်များများ ကျွန်တော်တို့က ထည့်ထားတယ်။ ဒါကြောင့်မို့ ခင်ဗျားတို့ အခန်းကဏ္ဍသည် နောင်မှာ သိပ်ပြီးတော့ အရေးပါ လာလိမ့်မယ်။ ကျွန်တော်တို့ကတော့ ကြီးပြီ၊ ကျွန်တော်တို့က သွားတော့မှာ၊ ခင်ဗျားတို့ပဲ ကျန်မယ်။


P.S.နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၊ အရာရှိကြီးများ အုပ်ချုပ်မှုမွမ်းမံသင်တန်း (၃/၉၃)၊
      ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဟောပြောပို့ချချက်မှ ကောက်နှုတ်ဖော်ပြပါသည်။

နေမျိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...