Monday, August 6, 2012

“စကားပန်းများနှင့် စကားမိုင်းဗုံးများအကြောင်း” (စိမ်းခက်စိုး)


by Sein Khat Soe on Monday, August 6, 2012 at 9:32pm 


ဒီစာလေးကိုရေးခဲ့တာကြာပါပြီ။ စိတ်တိုင်းမကျုလို့ ဒီအတိုင်းပြစ်ထားလိုက်တာကိုတော်တော်ကြာပါပြီ။ ဒီတစ်ခေါက်ခရီးစဉ် မှာ ကွန်ပျူတာလေးပါသွားတာနဲ့ ရေးလက်စတွေလိုက်ဖတ်ရင်း သူ့ကိုပြန်တွေ့လို့ အဆုံးသတ်လိုက်ပါတော့မယ်လေဆိုပြီး အချို့စာပိုဒ်တွေကို ဖြုတ်၊ ဖျက်၊ ပြင်လုပ်သင့်တာတွေလုပ်ပြီး အပြီးသတ်ပစ်လိုက်တာပါ။
တကယ်တော့ ဒိထက်ပြည့်စုံ အောင် ရေးမယ်ဆိုပြီး မရေးဘဲထားတဲ့ ဆောင်းပါးတိုလေးပေါ့။
  
နောက်ဒီစာမျိုးထဲက ဥပမာတွေက ရှေ့ကဆရာကြီးတွေတော်တော်များများလည်း ရေးခဲ့သားခဲ့ကြမယ်လို့ ယုံပါတယ်။ အကယ်၍ ဥပမာတွေတိုက်ဆိုင်နေရင်လည်း ကျွန်တော့်အပြစ်ပါ။ စိတ်ထဲမှာပေါ်လာလို့ မရေးရင် တနေ့လုံး၊ တစ်ညလုံး သူ က ဒုက္ခပေးရောလေ။ ချရေးလိုက်ပြီး စာလုံးတွေအဖြစ်ပေါ်လာမှ ကျွန်တော့်ရင်ထဲမှာ လာတိုးတိုးနေတာကနေ သူကရပ် တာကိုး။ ဒီလောက်နဲ့သာကျေနပ်ပါတော့ဗျာ။ ဖတ်သာကြည့်ပေတော့ဗျာ… နော်။ အဲ..ထုံးစံအတိုင်း အမှတ်မှား၊ အရေးမှား နေတာတွေရှိရင်လည်း ၀င်တည့်ပေးကြဖို့ အားမနာနဲ့နော်။

“စကားပန်းများနှင့် စကားမိုင်းဗုံးများအကြောင်း”

ကျွန်တော်ဧရာဝတီတိုင်းမှာ လူမှုရေးလုပ်ငန်းတွေလုပ်တုန်းက အတွေ့အကြုံလေးတစ်ခုကို ဝေငှချင်ပါတယ်။ ကျွန်တော့်စီမံ ကိန်းတွေထဲက အချို့ရွာတွေဟာ ကရင်တိုင်းရင်းသားတွေအများစုနေထိုင်တဲ့ရွာတွေပါ။ ရွာတွေဘက်ကို ကျွန်တော် အ လုပ် လုပ်နေတဲ့ရုံးက ၀န်ထမ်းညီအကိုမောင်နှမတွေနဲ့ (field trip သို့မဟုတ် monitoring trip) သွားတိုင်း ကြုံရတဲ့ အဖြစ် လေးပါ။ အဲဒါကတော့ ဒေသခံဝန်ထမ်းလေးတွေက“ဆရာကျွန်တော်တို့ ကရင်တွေက ဒီအတိုင်းဘဲဗျ။ ပျော်ပျော်နေသေခဲ၊ ညစ်ညစ်ပတ်ပတ်နဲ့ ပြောလည်းမပြင်ဘူး။ လောဘလည်းမရှိဘူး။ ဖွံ့ဖြိုးရေးဆိုတာလည်း နားမလည်ပါဘူးဆရာရယ်”တဲ့..။ သူ အဲလို ပြောနေတဲ့ အချိန်မှာအဲလိုပြောတဲ့ သူနဲ့ ကျွန်တော့်ရဲ့ဘေးပတ်ဝန်းကျင်မှာ လုပ်အားပေးလူငယ်လေးတွေ၊ ကျေး ရွာရပ်မိရပ်ဖတွေ၊ ကလေးအမေတွေ ၀ိုင်းလို့…။

အဲလိုဘဲ ကရင်ဒေသခံရွာလူကြီးတို့၊ ဆရာဆရာတို့နဲ့ စကားလက်စုံကျလည်း “ကျနော်/ကျမတို့ရွာက ဒီအတိုင်းဘဲ ဆရာ ရယ် နားသိပ်ကောက်တယ်။ ပျော်ပျော်နေဖို့ သောက်စားဖို့လောက်ဘဲသိတာ။ ဖွံ့ဖြိုးရေးလည်း နားလည်တာမဟုတ်ပါဘူး။ ခိုင်းလိုက်ရင်တော့ ကုန်းကျုန်းလုပ်တော့တာဘဲ။”သူတို့အဲလိုပြောတဲ့အချိန်မှာ သူတို့ဘေးမှာ ရွာသူရွာသားတွေ၊ ကျောင်း သားကလေးငယ်လေးတွေ ၀ိုင်းလို့…။

နောက်တော့ ကျွန်တော့်ဝန်ထမ်းတွေနဲ့ ကျေးရွာအခြေပြု လုပ်အားပေးလူငယ်တွေ၊ လူကြီးတွေ၊ ကော်မတီတွေအားလုံးကို ကျွန်တော်နဲ့အတူတွဲပြီး သူတို့ဒေသအတွက်၊ လူမျိုးအတွက်၊ ဘာသာ၊ သာသနာအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေ သမျှကာလပတ်လုံး၊ အဲဒီလို အနုတ်လက္ခဏာဆန်တဲ့ အပြုအမူတွေကို ကျွန်တော်တို့ကိုယ်တိုင်က စပြိးမသုံးဖို့၊ မပြောဆိုဖို့ ဦးစွာစည်းကမ်းသတ်မှတ်ပါတယ်။ နောက်ထပ်တဆင့် ကရင်လူမျိုးတွေထဲက ထင်ရှားခဲ့တဲ့ အာဇာနည်တွေ၊ ပညာရှင်တွေ၊ ဘာသာရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကစလို့ သူတို့ကျေးရွာ နီးနားဝန်းကျင်ကနေ ဘုန်းကြီး၊ ဆရာ၊ ဆရာမ၊ ဆ ရာဝန်၊ ရှေ့နေဖြစ်သွားတဲ့သူတွေကို စာရင်းကောက်ခိုင်းပြီး ကလေးတွေ၊ လူငယ်တွေကို သူတို့တွေအကြောင်း၊ သူတို့ဖြတ် သန်း ကြိုးစားခဲ့ရပုံတွေအကြောင်း ပြောခိုင်းတယ်။ နောက်တဆင့် အခြားတိုင်းရင်းသားညီအကိုတွေနဲ့ အတူပူးပေါင်းလုပ် ဆောင် အောင်မြင်ခဲ့မှုတွေကို ဆွေးနွေးခိုင်းတယ်။

ကျွန်တော်အဲဒီလိုဘာလို့လုပ်ရသလဲဆိုတော့ ပထမတစ်ချက်က ကျွန်တော်တို့ဟာ လူမှုဝန်ထမ်းဖွံ့ဖြိုးရေးသမားတွေဖြစ်နေ ကြလို့ပါ။ ဖွံ့ဖြိုးရေးလုပ်မယ့်သူကိုယ်တိုင်၊ ကိုယ့်ဒေသကိုယ်၊ ကိုယ့်လူမျိုးကိုကိုယ် ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်ဆိုတဲ့ စိတ်နဲ့ လုပ်နေ၊ ဦးဆောင်နေ၊ တာဝန်ယူနေတဲ့သူတွေ လူကိုယ်တိုင်က ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအပေါ်မှာ အနုတ်လက္ခဏာ ဆောင်တဲ့ အတွေးအမြင်တွေ ကိုယ်တိုင်လည်းလက်ခံထားပြိး၊ ကိုယ်က ပူးပေါင်းအားထုတ်ပံ့ပိုးပေးရမယ့် (ဒီနေရာမှာ ဦး ဆောင်ဆိုတဲ့ စကားမသုံးလိုပါ။) လူထုအတွင်းကိုလည်း အဲဒီအနုတ်လက္ခဏာ ဆန်တဲ့အတွေးအမြင်တွေ ထပ်သွင်းပြီးမှ ဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင် လက်ခံယူရ၊ ကိုယ့်နောက်ကလိုက်ကြမယ့် လူတွေက အနုတ်စိတ်တွေအားကောင်းကောင်း ဖွံ့ဖြိုး လိုစိတ်တွေ ချိချိနဲ့နဲ့နဲ့ လိုက်လာကြမှာပါ။ အဲလို အတွေးအခေါ်ချိချိနဲ့နဲ့၊ ဦးဆောင်မှုချိချိနဲ့နဲ့ နောက်ကလိုက်နေတဲ့ လူထု အဖွဲ့အစည်းဟာလည်း မည်မျှသေးတဲ့ ခလုတ်ကန်သင်းနဲ့တွေ့တွေ့ ဘုန်းခနဲ လဲပြိုသွားဖို့ အမြဲတမ်းအဆင်သင့်ရှိနေတယ် လို့ မြင်ပါတယ်။

 အဲဒါကြောင့် ကျွန်တော့်ဝန်ထမ်းတွေအကြား အဲလိုပြောဆိုခြင်းမျိုးကို အထူးတင်းကြပ်စွားတားမြစ်ထားသလို၊ အပြုသဘော ဆောင်တဲ့ အတွေးတွေ၊ အပြုအမူတွေကို ပိုလုပ်ခိုင်းပါတယ်။ အင်တာနက်က ရှာဖွေလို့ရသမျှ ကရင် လူမျိုးတွေအကြောင်း၊ ဘာသာစာပေ၊ ယဉ်ကျေးမှုတွေအကြောင်းကို မိတ္တူတွေဆွဲပြီး ၀န်ထမ်းတွေ၊ လုပ်အားပေး လူငယ်တွေကို ဖတ်ခိုင်းပါတယ်။

 အကျိုးဆက်ကတော့ စီမံကိန်းမအောင်မြင်ရင်တောင် လူထုရဲ့စိတ်က နောက်တစ်ခါထပ်ကျိုးစားမယ်ဆိုတဲ့ စိတ်မျိုးလေး တွေခံယူသွားပါတယ်။ အားလုံးသိတဲ့အတိုင်း အန်ဂျီအိုဝင်သွားပြီးတဲ့ရွာအများစုဟာ သူများပေါ်မှီခိုစိတ် မြင့်သွားတတ်သ လို၊ ညည်းတွားတတ်သွားသလို၊ အန်ဂျီအိုကလူတွေကို အပြစ်ပြောတတ်သွားကြတာများတယ်ဆိုတာ အဲဒီစီမံကိန်း၊ အဖွဲ့အ စည်းမှာတာဝန်ယူသွားတဲ့ ၀န်ထမ်းရဲ့ တာဝန်မဲ့စိတ်တွေ၊ လုပ်ရပ်တွေကြောင့်ပါ။ အဖွဲ့အစည်းတွေကတော့ လူတွေစိတ် ဓာတ် ပျက်ပြားသွားအောင် အချိန်၊ ငွေကြေးတွေ အကုန်ကျခံပြီးလာလုပ်မှာ မဟုတ်ပါဘူး။ အဲလို အပြုသ ဘောပါတဲ့ လုပ် ဆောင်မှုတွေရဲ့အကျိုးဆက်က ကျွန်တော်တို့စီမံကိန်းရွာလေးတွေမှာ အဲဒီလိုဘေးထွက်ဆိုးကျိုးတွေမျိုး အလွန်နည်းပါး စွာဘဲ ဖြစ်တတ်တာတွေ့လာရပါတယ်။

အပြုသဘောဆောင်တဲ့ စကားတစ်ခွန်း၊ အပြုအမူတစ်ခုဟာ လူတစ်ဦးချင်းစီရဲ့ ဘ၀အပြင်၊ လူသားထုတစ်ရပ်လုံး၊ လူမျိုး နွယ်စုတစ်ရပ်လုံးကို အကောင်းဘက်ကို ဦးတည်သွားနိုင်သလို၊ အဆိုးဘက်ကိုလည်း ဦးတည်သွားနိုင်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ နိုင်ငံ့တာဝန်ကို ကျရာရပ်ဝန်းတစ်ခုခုကနေ နေရာဖြည့်ယူကြမယ့် လူငယ်တွေဟာ မိမိတို့ပြောစကားတွေ၊ အ ပြုအမူတွေ၊ အမူအယာတွေကို တတ်နိုင်သမျှထိန်းသိမ်းသင့်သလို၊ ကောင်းမွန်တဲ့ အပြုမူတွေ၊ အပြောအဆိုတွေဘက်ကို ဦးတည်နိုင်သမျှ ဦးတည်အောင် ကြိုးစားသင့်ကြပါတယ်။ ဂျပန်ရိုးရာစကားပုံတစ်ခုထင်ပါတယ်။ “လျှာသည် ခြောက်လက်မ သာရှိသည်။ ခြောက်ပေရှည်သော သူကို သတ်နိုင်သည်” တဲ့။

မြန်မာရာဇ၀င်ထဲက အဖြစ်အပျက်လေးတစ်ခုပါ။ လူတိုင်းလည်းသိပါတယ်။ နရသီဟပတေ့မင်းပေါ့။ သူ့မိဖုရားတွေကနေ မွေးတဲ့ သားသမီးတွေကို အမြဲဝက်လက်ကျွေးပြီး ချီးမြှောက်လေ့ရှိရာမှာ၊ မိဖုရားတစ်ပါးရဲ့သားတော်ကို မကျွေးခဲ့ဖူး၊ မ ကျွေးမိတာလည်းဖြစ်ကောင်းဖြစ်မယ်၊ သားတွေများလို့မေ့တာလဲဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် အဲဒီပွဲတော်က ၀က် လက် မစားရလို့ အဲဒီသားတော်က သူ့အမေမိဖုရားကိုပူဆာတော့၊ မိခင်မေတ္တာက သားကိုလည်းအလိုလိုက်ချင်တယ်၊ အ မျက် စောင်မာန်ကြီးတဲ့ ဘုရင့်ဆီကလည်းမတောင်းရဲရှာတော့ စားဖိုးတော်ဆောင်မှာ ၀က်လက်ခိုးဝယ်ပြီး သူ့သား တော်ကို ကျွေးရှာတယ်။ ကံဆိုးချင်တော့ အဲလိုစားဖိုဆောင်က ၀က်လက်ခိုးဝယ်ပြီးကျွေးတာကို နရသီဟပတေ့မင်းက သိသွား ပါ တယ်။ ဒါပေမယ့် သူတို့သားအမိအဖြစ်ကိုသိတဲ့ နရသီဟပတေ့မင်းက အပြစ်တော်မယူခဲ့ပေမယ့် သူတို့သားအမိကို တွေ့ တဲ့နေရာမှာ အထူးသဖြင့်သားတော်လေးကို ၀က်လက်ခိုးမသားဆိုပြီး ပြက်ရယ်ပြုပါတယ်တဲ့။

အဲဒီလို ဘုရင်ကိုယ်တိုင်က ပြက်ရယ်ပြုတာကြာင့်၊ အခြားမိဖုရားနဲ့ သားတော်တွေကလည်း သူတို့သားအမိကို လှောင် ပြောင်မှာမလွဲပါဘူး။ အဲဒီအပြုအမူကြောင့် အရှက်တကွဲအကျိုးနဲ့ဖြစ်ခဲ့ရတဲ့ သားတော်ဟာ နရသီဟပတေ့ တရုတ်ရန် ရှောင်ပြီးပြေးတုန်း သူအပိုင်စားတဲ့ ပြည်ကိုရောက်လာတဲ့အချိန်မှာ ကမ်းပေါ်တောင်မတက်ခိုင်းဘဲ လှေပေါ်မှာတင် မိုးထား တဲ့ ဓါးနဲ့ အဆိပ်အပြည့်အစား(ပွဲတော်ကို) တစ်ခုခုကိုရွေးခိုင်းပြီး စားတော်ပွဲမှာ အဆိပ်ခတ်သတ်ခဲ့တဲ့အထိ သားအဖကြားမှာ အမုန်းပွားခဲ့ပြီး “၀က်လက်ခိုးမသား”ဆိုတဲ့ လှောင်ပြောင်စကားတစ်ခွန်းကြောင့် ကိုယ့်သားကနေ အဆိပ်ကျွေး သတ်လို့ သေရတဲ့ ဘုရင်တစ်ပါးအထိ ရာဇ၀င်တွင်သွားခဲ့ရှာပါတော့တယ်။

နောက် ပြင်သစ်မှာ ဘုရင်စနစ်ကို တော်လှန်တဲ့ တော်လှန်ရေးကြီး တိုင်းပြည်အ၀ှမ်းဖြစ်ပေါ်လာစေတဲ့ စကားတစ်ခွန်း လည်း အထင်အရှားရှိခဲ့ဖူးတယ်ဆိုတာ အားလုံးသိမှာပါ။ အခွန်အတုတ် တွေပိပြီး ငတ်ပြတ်နေတဲ့ ပြည်သူတွေက ဆန္ဒပြ နေကြတယ်ဆိုတဲ့ သတင်းကိုကြားတော့ ပြင်သစ်ဘုရင်ရဲ့မိဖုရား မေရီအန်တွိုင်းနက်က “ပေါင်မုန့်မရှိရင်၊ ကိတ်မုန့် စားကြ ပါလား”ဆိုပြီး မှတ်ချက်ပြုလိုက်တဲ့စကားပါ။ ပြင်သစ်ဘုရင်ရဲ့ မိဖုရားချော၊ အသုံးအဖြုန်း အရမ်းကြီးသလို၊ မာန်မန ကြီးတဲ့ မေရီအန်တွိုင်း နက်ပြောခဲ့တာမဟုတ်နိုင်ဘူး၊ သက်သေမခိုင်လုံဘူးလို့ တချို့သမိုင်း ပညာရှင်တွေက ပြန်လည် သုံးသပ်ခဲ့ ကြ သော်လည်း ပြင်သစ်တော်လှန်ရေးသမိုင်းနဲ့အတူ ဒီစကားကထွက်ပေါ်ခဲ့တယ်ဆိုတာကတော့ ဘယ်သူမှမငြင်း နိုင်ခဲ့ကြ ပါဘူး။ သက်သေမခိုင်လုံဘူးဆို ပေမယ့် အဲဒီခေတ်တုန်းက အဲဒီစကားလုံးလေးကြောင့် ပြင်သစ်ပြည်ကြီး မီးဟုန်းဟုန်း တောက်ပြီး တိုင်းပြည်အပေါ် ဖိစီးနေတဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ပါပျောက်သွားခဲ့ရတာပါ။

နောက် ပြင်သစ်အိမ်တော်တွေမှာ ခုံးမိုးမြင်မြင့်နဲ့တံခါးတွေဟာ မေရီအင်တွိုင်းနက်ကြောင့် ပေါ်လာတာလို့ပြောတာမျိုး လည်းဖတ်ခဲ့ဖူးပါတယ်။ သူ့ဦးထုတ်မြင့်မြင့်ကြီးတွေကြောင့် နန်းတော်တံခါးမှာ အ၀င်အထွက်ခက်ခဲတာကြောင့် တံခါး တွေ ကိုပြင်ခိုင်းရာကနေ တံခါးခုံးဝိုင်းဝိုင်းမြင့်မြင့်ပုံစံတွေထွက်လာခဲ့တာလို့ မှတ်သားဖူးပါတယ်။ ဒါပေမယ့် ပြောချင်တာက တော့ သူမပြောခဲ့တယ်ဆိုတဲ့  “ပေါင်မုန့်မရှိရင်၊ ကိတ်မုန့်စား”ဆိုတာပါဘဲ။

ဗုဒ္ဓရဲ့အောင်ခြင်းရှစ်ပါးထဲက အင်္ဂုလိမာလလူသတ်သမားကြီးကိုမှတ်မိကြမှာပါ။ လက်ညှိုးတစ်ချောင်းလိုနေတုန်း သူ့ကိုဖမ်း ဖို့ ဘုရင်က စစ်တပ်ကြီးနဲ့ထွက်လာပြီဆိုတာကိုစိတ်ပူလို့ မိခင်စိတ်နဲ့လာပြောတဲ့မိခင်အိုကြီးကို လိုနေတဲ့လက် ညှိုးတစ် ချောင်းကို အမေကိုသတ်ပြီး ဖြတ်ယူမယ်လို့ မိခင်နောက်ကို ဓါးတရမ်းရမ်းနဲ့လိုက်ခဲ့တဲ့ အချိန်မှာ မြတ်စွာဘုရားရှင်က ကြား က၀င်ရပ်ပြီးကိုယ်ထင်ပြခဲ့တယ်။ အင်္ဂုလိမာလကြီးလည်း အမေအစား အဲဒီရဟန်းကြီးကိုသတ်ပြီး လက်ညှိုးဖြတ် ယူမယ်ဆို ပြီး လိုက်ပါလေရော။ ဒါပေမယ့် တောကျွမ်းပြီး အပြေးသန်လှပါတယ်ဆိုတဲ့ အင်္ဂုလိမာလကြီး မြတ် စွာဘုရားရှင်ရဲ့တန်ခိုး တော်ကြောင့် မှီအောင်မလိုက်နိုင်တဲ့အပြင် အနားတောင်မကပ်နိုင်ခဲ့ပါဘူး။ အဲတော့ မောလာလို့ ရဟန်းကြီး မပြေးနဲ့ ရပ်လို့ လှမ်းပြောပါတယ်။

အဲဒီမှာ တန်ခိုးတော်နဲ့ ရပ်နေတဲ့ မြတ်စွာဘုရားရှင်ဟာ တည်ကြည်သောအသံတော်နဲ့ “ချစ်သားအင်္ဂုလိမာလ ငါသည်မ ပြေး၊ သင်သာ ပြေးနေခြင်းဖြစ်တယ်။” လို့အဓိပ္ပာယ်ရတဲ့ စကားတစ်ခွန်းဘဲပြန်မြွက်ကြားခဲ့တယ်။ ပင်ကိုယ်ဗီဇနဲ့ စွမ်း ဆောင်ရည်မှာ လက်ရုံးရည်နှလုံးရည်ပြည့်နေခဲ့တဲ့ လူသတ်သမားလူမိုက်ကြီးဟာ မြတ်စွာဘုရားရှင်ရဲ့ အဲဒီ“ငါသည်မပြေး၊ သင်သာပြေး နေခြင်းဖြစ်တယ်”ဆိုတဲ့ စကားတစ်ခွန်းမှာ အသိဥာဏ်၊ ဆင်ခြင်မှုတွေပြန်ဝင်ပြီး ဘုရားရှင်ဆီက တရားထူး ရတဲ့ ရဟန္တာအရှင်သူမြတ်ကြီးဖြစ်တဲ့အထိ ပေါက်ရောက်သွားခဲ့ရသလို၊ ခုချိန်ထိ သူ့သစ္စာစကားဖြစ်တဲ့ အင်္ဂုလိမာလသုတ် တော်ကြီးကို ကျွန်တော်တို့တွေ အရေးကြုံလာတိုင်း ရွတ်ဖတ်ပူဇော်နေခဲ့ရတဲ့အထိ ဗုဒ္ဓ၀င်မှာ တင်ကျန်ရစ်ခဲ့ပါတယ်။

တကယ်ဆို စကားလုံးတွေဟာ ကျွန်တော်တို့အနာဂတ်ကို တည်ဆောက်ခဲ့သလို၊ စကားလုံးတွေကနေစပြီးဆွဲသွားလိုက် ကျွန်တော်တို့ သံသရာအထိရှည်ကြာနေတဲ့ အကုသိုလ်တွေပါ သီးပွင့်ပန်သနေရတာပါလားလို့ တခါတလေတော့တွေးမိ တယ်။ စကားလုံးတွေကြောင့် ကျွန်တော်တို့ မိတ်ဆွေများစွာ ရခဲ့ဖူးသလို၊ စကားလုံးတွေကြောင့် မိတ်ဆွေတွေများစွာဆုံးရှုံး ခဲ့ရဖူးတယ်။ ဒါပေမယ့် ကျွန်တော်အပါအ၀င် လူအများကတော့ စကားလုံးတွေကို အောက်စီဂျင်သာသာလောက်ကို ပေါ့ပါး စွာလွှတ်ထုတ်နေကြတော့တာဘဲလေ။

ဒီစာလေးကို သတိတရရေးမိတာကတော့ ဒီနှစ်ထဲမှာ လူကြီးတစ်ချို့၊ ခေါင်းဆောင်ဆိုသူတစ်ချို့က ကမ္ဘာသိ၊ လူသိထင် ရှားပြောခဲ့တဲ့ စကားတချို့ဟာ လူကြီးတစ်ယောက်မှ ဟုတ်ရဲ့လားလို့ ဒွိဟပွားရလောက်အောင် စေတနာ ချို့ငဲ့၊ ဥာဏ်ပ ညာချို့ငဲ့တဲ့ ထိုစကားကိုကြားလိုက်ရတဲ့အချိန်မှာ ဒီစာထဲက အဖြစ်အပျက်တွေကို တစ်ခုပြီးတစ်ခု မြင်လာမိတာနဲ့ ချရေး လိုက်မိတာပါ။ ဒါကြောင့် ဒီစာကို ဖတ်နေတဲ့ ညီ၊ ညီမတို့ဟာ ကျွန်တော့်အရင် စာအချို့မှာပြောခဲ့ဖူးသလို မင်းတို့ဟာ နောင်တချိန်မှာ တိုင်းပြည်ရဲ့ လိုအပ်ရာထောင့်များစွာထဲက တစ်ခုမှာ မလွှဲမသွေ တာဝန်ယူလာရမယ့် ခေါင်းဆောင်ဖြစ်လာ ကြရမှာ၊ ဖြစ်လာခဲ့ကြတယ်ဆိုရင် စကားတွေကို စဉ်းစဉ်းစားစားပြောပါ။ အထူးသဖြင့် ကိုယ့်အောက်ငယ်သူ၊ ကိုယ် နောက်လိုက်အသင်းအပင်းတွေနဲ့ ဆက်ဆံပြုမူရာအ၀န်းအ၀ိုင်းတိုင်းမှာ ကိုယ့်ကိုစကားပြောခွင့်ပေးတဲ့အချိန်တိုင်း အပြု သ ဘောဆန်တဲ့၊ သူတို့ကို အားပေးချီးမြှောက်တဲ့ စကားတွေကို ရိုးရိုးသားသားနဲ့ များများပြောပေးကြဖို့ တိုက်တွန်းလိုက် ပါ တယ်။

ဒီစာလေးကို သီဟိုဠ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင့်ဆွေ ရဲ့ ဒီမိုကရေစီစိတ်ထားစာအုပ်လေးထဲက စကားလေးနဲ့ ပိတ်လိုက်ပါရစေ။ “စကားမည်သည်မှာ သူ့နေရာနှင့်သူ ရဲရဲဝံ့ဝံ့ ထိထိမိမိပြောတတ်မှ အဖိုးတန်သည်။ လွတ်လပ်စွာ စကား ပြောခွင့်ရှိစေရမည်ဆိုရာ၌ မဟုတ်သောနေရာ၊ မဟုတ်သော အချိန်ကာလတွင် မဟုတ်သော စကားများကို တာဝန်မဲ့ ပြော ချင်သလို ပြောဆိုခွင့်ရှိစေရမည်ဟု ဆိုလိုသည်မဟုတ်”တဲ့။ ကျွန်တော်တို့အားလုံး ခြောက်ပေနီးပါး(ကျွန်တော်ကတော့ ငါး ပေနဲ့ ၄လက်မပါ) ခန္ဓာကြီးမှာပါတဲ့ ခြောက်လက်မသာသာ လျှာလေးကို တတ်နိုင်သမျှထိန်းသိမ်းစေချင်လှပါရဲ့……။              ။

 ချစ်ခင်လေးစားစွာဖြင့်…

စိမ်းခက်စိုး
(ကြာသာပတေး) သြဂုတ်လ ၀၂၊ ၂၀၁၂
နံနက် - ၀၆း ၃၃ နာရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...