ကိုယ်ထင် ကုတင်ရွှေနန်း
Posted on July 13, 2010 by အောင်သင်း
“ခန်းဆောင် ရွှေ ရဝေတွင်း မှာလ၊ ချမ်းပေါင်လေ တဖေတင်းသော်လဲ၊ ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်”
အချုပ်တန်းဆရာဖေ၏ မန္တလေးဆောင်းဖွဲလေးချိုးကလေးဖြစ်ကြောင်းစာဖတ်သူသိပါသည်။
“ရဝေ” ဆိုသည်မှာ နန်းတော်ကိုဆိုလိုကြောင်း ကျွန်တော်တို့ သိကြပါသည်။ ဆရာ ဖေစောင်ခြုံပြီး ကွေးနေသည့်အခန်းက နန်းတော်ထဲက အခန်းတစ်ခု မဟုတ်ကြောင်းကိုလည်း ကျွန်တော်တို့ သိနိုင်ကြပါသည်။ သူ့အခန်းကို သူ့ နန်းဆောင်အိပ်ခန်းအဖြစ်တင်စားဆိုဖွဲ့လိုက်သည်ကို မည်သူကမျှ အပြစ်မတင်သည့်ပြင် လှလို့ပင်နေသေးသည်ဟု ထင်ကြမည်သာဖြစ်ပါသည်။
တစ်ခါက ကျွန်တော် တပည့်မငယ်ကလေးများနှင့် အအေးဆိုင်တွင် အအေးသောက်နေကြသည်။ တပည့်မတစ်ယောက်က -
“သောက်စရာ အရည်ထဲမှာ ဆရာ ဘယ်အရည်ကို အကြိုက်ဆုံးလဲ”
“ရေကို အကြိုက်ဆုံးပဲ”
“ဟာ-ဆရာကလဲ၊ ရေ က အရသာမှမရှိဘဲ”
“ဘာ အရသာမှ မရှိလို့ အကောင်းဆုံးအရည်ဖြစ်နေတာပေါ့။ တခြားအရသာ ရှိတဲ့ အရည်တွေကို ကြာရှည်ဘယ်သူမှ စွဲပြီး မသောက်နိုင်ဘူး ရေကို မသောက်ဘဲ မနေနိုင်ဘူး မဟုတ်လား”
“အရည်ထဲမှာ ထားပါတော့ အခဲထဲမှာကော”
“ရေခဲပေါ့ ဟဲ့”
သူက ရယ်လိုက်ပြီး -
“ကဲ-သိပ်အေးတဲ့ ရာသီဝန်းကျင်ဖြစ်နေရင်ကော ဆရာ”
“ရေခဲကို မီးနဲ့ ကျိုပြိး ရေနွေးလုပ်သောက်လိုက်မှာပေါ့ကွဲ့”
သူက ရယ်ပြန်ပါသည်။ ပြီးမှ-
“ဒါဖြင့် အနံ့ထဲမှာကောဆရာ”
“လေ”
“ဟင်-လေက ဘာနံ့မှ မရှိတာကို”
“အေး ဘာနံ့မှ မရှိတဲ့လေဟာ အသန့်ဆုံးမဟုတ်လား။ ဒါကြောင့် အကောင်းဆုံး ဖြစ်နေတာပေါ့ဟဲ့”
သူကရယ်လိုက်ပြီး-
“ဆရာက စကားတတ်တိုင်း ကတ်ပြီးပြောနေတာ”
“စကားကတ်တာ မဟုတ်ဘူးဟဲ့၊ စဉ်းစားကြည့်လေ။ သည်းတို့ အရောင်တွေ ဘာတွေ ပြောကြပြီဆိုရင်၊ ပန်းရောင်ကြိက်တယ်၊ အညိုရောင် ကြိုက်တယ် စသည်အားဖြင့် ပြောကြတာပဲ။ ဒါပေမယ့် နောက်ဆုံးမှာ ညည်းတို့ အမြဲလိုလို သုံးနေတာက အဖြုရောင် ဖြစ်နေတာပဲ။ အဖြူရောင် အင်္ကျီဟာ ဘယ်အရောင် လုံချည်နဲ့ မဆို လိုက်ဖက်နေတာပဲ မဟုတ်လား”
“ဒီတစ်ချက်ကတော့ ဟုတ်သလိုလိုပဲ”
There is nothing either good or bad, but thinking makes it so.
စာဆိုအကျော် ရှိတ်စပီးဟယား ပြောခဲ့သော စကားလေး ဖြစ်ပါသည်။ ခပ်ငယ်ငယ်က ပင် ကြိုက်မိခဲ့သော စာစုလေးမို့ ကောက်ထည့်လိုက်ရပြန်ပါသည်။ မြန်မာလိုဆိုလျှင်တော့ -
“ကောင်းသည် ဆိုးသည် ဘာမရှိ စိတ်ဖန်တီးဘိ ဖြစ်လာ၏” ဟု ပြန်ဆိုချင်ပါသည်။
ထိုစကားလေးကို စပြီးတွေ့လိုက်စဉ်ကပင် မဟာဇန က ဇာတ်တော်ကို သွားပြီး သတိရနေမိခဲ့ကြောင်း ကျွန်တော်မှတ်မိနေပါသေးသည်။ ဇနက မင်းသာသည် ဘခမည်းတော်၏ ထီးနည်းရိုက်ရာကို ရအောင် ယူအံ့ဟူသော ဇွဲဖြင့် မိထိလာပြည်သို့ ရောက်အောင်လာခဲ့သည်။ သင်္ဘောပျက်သည်ကိုပင် အားမလျှော့ခဲ့။ ထီးနန်းကိုလည်း ရခဲ့သည်။ နောက်ဆုံးတွင်တော့ ထီးနန်း စည်းစိမ်ကို စွန့်လွှတ်သွားခဲ့သည်။ ဘယ်သူတားလို့မျှမရတော့ပြီ။
ထီးနန်း စည်းစိမ်တွေက မပြောင်း။ သူ့အတွေးအမြင်က ပြောင်းသွားခဲ့ခြင်းဖြစ်ပါလေသည်။
ကျွန်တော်တို့ မီးကမ်းလိုက်သော အင်္ဂလန်သမိုင်းတွင်လည်း ပဉ္စမ မြောက်ဂျော့ဘုရင်၏ သားတော် “ဝေလမင်းသား” သည် ထီးနန်းရိုက်ရာကို စွန့်လွှတ်လျက် မစ္စက်ဆင်ပဆင်ဆိုသည့် နှစ်ခုလတ် အမျိုးသမီးကို လက်ဆက်ပေါင်းသင်းသွားလိုက်ရာ တစ်ကမ္ဘာလုံးက ရင်သပ်အံ့သြဖြစ်ခဲ့ရဖူးသည်။ “ကိုယ်ထင် ကုတင်ရွှေနန်း” ပါပဲ။ “ကောင်းသည် ဆိုးသည် ဘာမရှိ၊ စိတ်ကဖန်ဘိ ဖြစ်လာ၏။”
ကျွန်တော်လူပျို ပေါက်ဘ၀လောက်က တောင်ပေါ်တောထဲ ခရီးကို လူကြီးတွေနှင့် အတူ သွားခဲ့ရဖူးသည်။ သူတို့ က ခရီးသွားနေကျမို့ တောင်ပေါ်က ၀ါးတွေခုတ်တဲ့ပြီး တဲ့ထိုးလိုက်ကြသည်မှာ တစ်နာရီမျှပင်မကြာလိုက် တဲအဖြူထည်ကလေး တစ်ုလုံးပြီးသွားသည်။ နွေဦးပေါက်စ အင်ပင်တွေကလည်း သန်ပါဘိသနှင့် အင်ဖက်တွေကို ခုတ်တဲ့ပြီး မိုးလိုက်ကာလိုက် ရာ ခဏချင်းတွင် တဲစိမ်းစိမ်းကလေး တစ်လုံးပေါ်လာသည်။ ကြသောင်းဝါးတွေကိုခုတ်၊ ထုခွဲပြီးဖြန့်လိုက်ရာ ကြမ်းပါ ခင်းပြီးဖြစ်သွားသည်။ ကြမ်းပြင် ပေါ်မှာ ပက်လက်နားရင်း ၀ဲယာအောက်ကို ကြည့်လိုက်တော့ အပေါ်က နေရောင်ရိုက်သဖြင့် တစ်ခွင်လုံးစိမ်းမြမြဖြစ်နေသည်။ ရှေးခေတ် ရှင်ဘုရင်များ ရံဖန်ရံခါ သစ်ခက်တဲနန်းစံမြန်းကြသည်ဆိုခြင်းမှာ ဒီလို အရသာမျိုးကို ခံစားချင်လို့ပဲ ဟု တွေးပြီး ကျွန်တော် ကိုယ်တိုင်က တောင်ပေါ်ပရစ်တွေ၏ မြိုင်ဆိုင် လှသော ဂီတ ကျူးရင့်သံကို နားခံရင်း မင်းစည်းစိမ်ကို ခံစားနေခဲ့ဖူးသည်။ ယခုတိုင်ပင်လျှင် မြစိမ်းရောင် နန်းဆောင်တော်ကို ပြန်ပြီးလွမ်းနေမိတတ်သည်။
အစားအသောက်တွင်လည်း “မြိန်ရာဟင်းကောင်း” တဲ့။ Thinking makes it so. ပါပဲ။
ရှင်ဘုရင်လဲ ဘာသားထုထားတာမှတ်လို့ သွေးနဲ့ကိုယ်။ သားနဲ့ကိုယ်။ သူလည်းဆင်းရဲသား ကျေးတော်မျိုး ကျွန်တော်မျိုးတို့၏ အားကိုးရာ ငါးပိဖုတ်ကို ခံတွင်းတောင်းပေမည့်ပေါ့။ ဆင်းရဲသားများကတော့ငါးပိဖုတ်ကို မြေစလောင်းဖုံးတွင် ထည့်စားချင်၊ စားရပေလိမ့်မည်။ ရှင်ဘုရင်ကိုတော့ ဖြင့် ရွှေးနားရေးပန်းကန်နှင့် ဆက်ရမှာပေါ့။ “ငါးပိဖုတ်အရေးပေးတော့ ရွှေရေးပန်ကန်တက်” လာရပြန်သည်။ မြိန်ရာဟင်းကောင်းပေါ့။
ရွှေထီးရွှေနန်းကို သိမ်းပိုက်ရန် သက်စွန့်ဆံဖျား ကြိုးပမ်းခဲ့သည်။ ရလည်းရခဲ့သည်၊ ရလာလိုက်ပြန်တော့ ကြွပ်ကြွပ်အိတ်လောက်တောင် တန်ဖိုးမထား၊ တံတွေးပေါက်ပမာ ရွံရှာစွာ စွန့်ပစ်ခဲ့ပြန်သည်။
နောက်တစ်ဦးကတော့ လက်ထဲရောကနေသည့် ထီးနန်းကို စွန့်ပြီး နှစ်ခုလပ်ကို ကညာစင်သို့ ပမာထင်လိုက်ပြန်သည်။
ရသတဏှာကို ပုထုဇဉ်တိုင်း တပ်မက်ကြသည်။ သို့သောည် ရေကိုတော့ ဖြင့် အရသာမရှိသောကြောင့်ပိုပြီး မက်မောကြပြန်သည်။
တရားထူးတရားမြတ်ကို ရှာနေသော လောကုတ္တရာခရီးသည်တို့သည်ရေကိုလေကို ရှာနေကြသူများလားဟု ထင်မိလာသည်။ အရသာမရှိသောရေ၊ ရနံ့မရှိသောလေ။ အရသာ မရှိသောကြောင့် အရသာထူးနေသော ရေ။ ရနံ့မရှိသောကြောင့် ရနံ့ထူးဆောင်လာသောလေ။
ကျွန်တော်တို့ကတော့ ကိုယ်ထင် ကုတင်ရွှေနန်း နှင့် ကျေနပ်နေကြသည်လေ။
သို့သော် ကုတင်ကို ရွှေနန်း အဖြစ် ကျေနပ်မနေနိုင်သူများလည်းရှိနေပမည်။ သူတို့ကလည်း မဟာဇနက မင်းသားလို ပင်လယ်ကိုကူးရန် ခါးတောင်းကျိုက်တပြင်ပြင် ဖြစ်နေကြဦးမည်သာပင်။
The Commerce Journal
အတွဲ (၄) ၊ အမှတ် (၁၇)၊
စက်တင်ဘာလ၊ ၂၀၀၄ ခုနှစ်။
0 comments:
Post a Comment