Thursday, August 23, 2012

မဏ္ဍိုင်အချင်းချင်း အပြန်အလှန် ယုံကြည် လေးစားကြပါ.. ထိရောက်အောင် ပူးပေါင်းဆောင်ရွက်ကြပါ


by Lwin Aung Soe on Thursday, August 23, 2012 at 9:28am 


မဏ္ဍိုင်အချင်းချင်း အပြန်အလှန် ယုံကြည် လေးစားကြပါ.. ထိရောက်အောင် ပူးပေါင်းဆောင်ရွက်ကြပါ

(၁) လွှတ်တော် ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့်ကို ပေးပါလို့ အစကတည်းက တောင်းဆိုခဲ့တာ မဟုတ်ဘဲ သမ္မတကနေ အကြောင်းတခုခုကြောင့် လွှတ်တော် ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ရှိနေလားလို့ ခုံရုံးကို မေးလိုက်တာလို့ ယူဆမိပါတယ်။ အဲဒီအကြောင်းတခုခု ဆိုတာကို နှစ်ပိုင်းခွဲပြီး စဉ်းစားစရာ ပေါ်လာပါတယ်။

(၂) က) အကြောင်းတခုခု ဆိုရာမှာ အဆောင်အယောင်ဥပဒေအရ ခံစားထိုက်ပါလျက် မခံစားရဘဲ ဖြစ်နေတာကို ကူညီပေးချင်တဲ့သဘော ဆိုရင်တော့ ဒီလိုစေတနာကို အသိအမှတ်ပြုရပါမယ်။


(၂) (ခ) အကြောင်းတခုခုဆိုရာမှာ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေဟာ ဝန်ကြီးဌာန အလုပ်တွေကို ထားခဲ့ပြီး (သို့) အစိုးရအနေနဲ့ လုပ်ဆောင်စရာ ရှိတာတွေကို ထားခဲ့ပြီး လွှတ်တော်ကိုသွား၊ မေးခွန်းတွေဖြေဖို့ သပ်သပ်အချိန်ပေးနေရတာကို ရှောင်ထွက်ဖို့ နည်းလမ်း ရှာကောင်းရှာမလား တွေးကြည့်ရပါတယ်။ ဒီအခါမှာ နည်းလမ်းတခုကတော့ လွှတ်တော်ရေးရာကော်မတီဟာ ပြည်ထောင်စုအဆင့် မဟုတ်ရင် ပြည်ထောင်စုအဆင့် ဝန်ကြီးတွေက လွှတ်တော်ကို သွားစရာမလိုတော့ဘူးလို့ ယူဆလိုက်တာ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ ဝန်ကြီးအစား ဒုဝန်ကြီးတွေကို သွားရောက် ဖြေဆိုစေတဲ့ နည်းလမ်းကို ရွေးချယ်ခဲ့လေသလား တွေးကြည့်ရပါတယ်။

(၃) ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက လွှတ်တော်ရေးရာ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ Constitution အရ တိတိကျကျ ပြန်ဖြေပါတယ်။ ဒါကို နားလည် လက်ခံပေးပါတယ်။ လိုအပ်ရင် ဒီအချက်ကို ပြင်ဆင်နိုင်ရပါမယ်။

(၄) အထက်ပါ (၂) (ခ)က တကယ်တမ်းဖြစ်ခဲ့လို့   လွှတ်တော်ကို ဒုတိယဝန်ကြီးတွေ သွားရောက်ဖြေဆို ရှင်းလင်း ပြောဆိုတဲ့အခါမှာ ထိထိရောက်ရောက် သိပ်မရှိတဲ့ တုန့်ပြန်ချက်တွေအပေါ် လွှတ်တော်အမတ်တွေက အားမလိုအားမရ ဖြစ်လာပါတယ်။ (ဥပမာ - ဒုဝန်ကြီးတွေမှာ လာရောက် ဖြေဆိုကတည်းက အပြည့်အဝ တာဝန်ခံယူနိုင်တာမျိုး၊ အစိုးရ လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာတာမျိုးတွေ ရှိစေချင်ပါတယ်။ တာဝန်ခံယူနိုင်တာနဲ့ ပွင့်လင်းမြင်သာတာရှိမှ၊ ဒီမိုကရေစီဆန်မှာ ဖြစ်ပါတယ်။) ဒီတော့ ပြည်သူတွကို ကိုယ်စားပြုရကျိုးနပ်အောင် လွှတ်တော်အမတ်တွေ မေးတာ၊ တိုက်တွန်း တောင်းဆိုတာတွေကို ထိထိရောက်ရောက် တုန့်ပြန်ပေးနိုင်ရင် ကျေနပ်အားရစရာတွေ ဖြစ်လာနိုင်ပါတယ်။ လွှတ်တော်မှာ ပြန်လည် ဖြေဆိုတဲ့ကိစ္စအပေါ်မှာ အလေးအနက်ထား ပြင်ဆင်သင့်တယ်လို့ ဆိုရပါမယ်။

(၅) လွှတ်တော်အမတ်တွေဟာ အဆောင်အယောင် ဥပဒေအရ ခံစားခွင့်ကို လိုချင်လို့ ပြည်ထောင်စုအဆင့်ကို တောင်းဆိုတာ မဟုတ်ဘဲ လွှတ်တော်ရဲ့ လုပ်ငန်းတွေကို ပိုပြီး ထိထိရောက်ရောက် ဖြစ်စေဖို့ စေတနာထားတာကို အသိအမှတ်ပြုရပါမယ်။ အထက်ပါ ၂ (က) မှာ ဖော်ပြထားတဲ့ ပြည်ထောင်စုအဆင့် ခံစားခွင့် (Facility) ကို လွှတ်တော် ကိုယ်စားလှယ်တွေက စိတ်မဝင်စားတာဟာ ယုံကြည်လောက်တယ်လို့ ကျနော် ယူဆပါတယ်။

(၆) လွှတ်တော်အမတ်တွေဘက်က Checks and balances လုပ်ရာမှာ ထိထိရောက်ရောက် အလုပ်ဖြစ်ဖို့ကိုသာ အဓိကထားပြီး ပြည်ထောင်စုအဆင့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အလေးအနက် မထားတာကို သတိပြုမိပါတယ်။ ဒါပေမယ့် အခြားတဘက်မှာတော့ စီမံအုပ်ချုပ် မဏ္ဍိုင်ဟာ ပြည်ထောင်စုအဆင့်ကို အလေးအနက်ထားပြီး အလုပ်လုပ်ချင်တာကို သတိပြုမိပါတယ်။

(၇) ဒီလိုအခြေအနေကို မလွှဲမရှောင်သာဘဲ ရောက်လာရတာကြောင့် လွှတ်တော်အမတ်တွေဟာ ဥပဒေပြု လုပ်ငန်းစဉ်တွေ ပိုမို ချောမွေ့ ထိရောက်စေနိုင်ဖို့အတွက်  Checks and balances ကို ပြည်ထောင်စု အဆင့်တူအချင်းချင်း လုပ်ဆောင်ဖို့ ဦးတည်လာရတယ်လို့ ယူဆမိပါတယ်။ ဒါကို အနာဂတ်အတွက်ကိုပါ မြော်မြင်ပြီး ခုကတည်းက ပြုပြင်သင့်တာ ပြုပြင်ထားရပါမယ်။  

(၈) နိုင်ငံရဲ့ အမြင့်ဆုံးမဏ္ဍိုင် ၃ ရပ်မှာ တာဝန်အပ်နှင်းခံရသူတိုင်းဟာ အလုပ်များကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်များတာကို အကြောင်းပြချက် ပေးလို့တော့ မသင့်ပါဘူး။ မဏ္ဍိုင် ၃ ရပ်ဟာ သီးခြားစီ ရပ်တည်ကြပေမယ့် Checks and balances မဖြစ်မနေ လုပ်ဖို့ လိုအပ်တာကြောင့် အပြန်အလှန် ယုံကြည် လေးစားမှုနဲ့ ထိရောက်အောင် ပူးပေါင်းဆောင်ရွက်ဖို့ကို အဓိကထားကြရပါမယ်။ Checks and balances အတွက် ပူးပေါင်း ဆောင်ရွက်ပေးခြင်းကိုက အဓိကအလုပ်ကြီးတမျိုး ဖြစ်တယ်လို့ ခံယူထားရပါမယ်။ အားလုံးအတွက် အဆင်ပြေနိုင်မယ့် အချိန်တွေမှာ အစီအစဉ်တွေကို ညှိနှိုင်းဆောင်ရွက်ထားနိုင်အောင် နည်းလမ်းသစ်ကို ရှာဖွေသင့်ပါတယ်။  

လွင်အောင်စိုး
၂၄-၈-၂ဝ၁၂

ကိုးကား - VOA 22.08.2012 မျက်မှောက်ရေးရာ / သတင်းသုံးသပ်ချက် “လွှတ်တော်ရေးရာ ကော်မတီတွေရဲ့  အဆင့်အတန်း”
http://burmese.voanews.com/content/news-analysis-parliament-vs-government/1494045.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...