တရားအမွေ
by Ven Ravika on Thursday, August 9, 2012 at 12:31pm
တပည့်ကျော်များ
ဟိုနေ့က တပည့်နှစ်ပါး အလည်ရောက်တော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြတယ်။ တစ်ပါးက ထားဝယ်၊ တစ်ပါးက ရွှေဘိုသားပါ။ သူတို့ကို အင်ဒီယားနား၊ အိုဟိုင်ယို၊ အီလီနွိုင်ပြည်နယ်ရှိ ဗဟုသုတဖြစ်ဖွယ် နေရာများကို လိုက်ပို့ရင်းနဲ့ သာသနာတော်မှ ဆုတ်ယုတ်သွားတယ့် သီတင်းသုံးဖော်များ၊ သာသနာတော်မှာ အောင်မြင်ထင်ရှားသွားတယ့် သီတင်းသုံးဖော်များအကြောင်းကို ပြောဖြစ်ကြတယ်။ အချို့က ဓမ္မကထိကအကျော် ဖြစ်ခဲ့ပြီ။ အချို့က စာသင်တိုက်နဲ့ ဖြစ်ခဲ့ပြီ။ အချို့က ရိပ်သာမှာ တရားပြနေကြပါပြီ။
ဆရာကြီးဇေယျာမောင်
စာရေးသူ အပြောများတယ့် အကြောင်းကတော့ ဆရာကြီး ဦးကိုလေးပါ။ ဆရာကြီးက စာပို့ချရင်းနဲ့ ရှီကာဂိုတိုမ်းကို ခဏခဏကိုးကားပါတယ်။ အရင်က ရှီကာဂိုထရီဗြုန်းပဲ ရှိတာနဲ့ ထင်တယ်။ ဆရာကြီး ပြောပြောနေတယ့် ရှီကာဂိုမြို့ကို ရောက်ခဲ့ပြီပေါ့။ ဆရာကြီးက နိုင်ငံတကာကို ဗုဒ္ဓဘာသာပြန့်ပွားပုံ ပို့ချတယ်။ ဘာသာကြီးလေးခုအပါအဝင် ဂျူး၊ တာအို အစရှိသည်ကိုလည်း ပို့ချတယ်။ ပို့ချရင်းနဲ့ မြန်မာနိုင်ငံရှိ ရဟန်းသံဃာတော်များကို သူက အားမရဖြစ်လေ့ ရှိပါတယ်။ တစ်ခုခု အဆင်မပြေတိုင်း သူက "ဒါ အရှင်ဘုရားတို့ရဲ့ တာဝန်ပဲ"လို့ နှာသံနဲ့ အမြဲတမ်း ပြောတတ်ပါတယ်။ အတန်းတိုင်းမှာ လူဂွစာများ ရှိတတ်ရာ စာသင်သားရဟန်းတစ်ပါးက "တစ်ခုလာလည်း ဦးဇင်းတို့ တာဝန်ဖြစ်တယ်၊ နှစ်ခုလည်း ဦးဇင်းတို့တာဝန် ဖြစ်တယ်၊ ဦးဇင်းတို့တာဝန်ချည်းပဲ ဖြစ်နေတယ်၊ မဟနဆရာတော်တွေ ဘာလုပ်နေကြလဲ ဆရာကြီး" ဆိုတော့ ဆရာကြီးက ဒေါနဲ့မောနဲ့ ဖြစ်ရသေးတယ်။
ဆရာကြီး စာပို့ချတာ ကောင်းတယ်။ ဒါပေမယ့် သူ့ရပ်တည်ချက်တစ်ခုကြောင့် သံဃာတော်များက လေးစားမှု လျှော့နည်းသွားရတာပါ။ သူက အစမှာ ဒီချုပ်ကို အားပေးသူပါ။ တော်လှန်ရေးက ကြန့်ကြာလေတော့ စစ်အစိုးရဆီကို ဘက်ပြောင်းသွားသူ ဖြစ်တယ်။ စာသင်သားရဟန်းများဟာ နိုင်ငံရေးနဲ့ တိုက်ရိုက်မပတ်သက်ကြပေမယ့် ဒီလိုမျိုး ခြံကူးတာမျိုးကို မကြိုက်ကြပါ။ ဒါကြောင့်လည်း သူ စာပို့ချတိုင်း အကွက်ရယင်ရသလို သင်တန်းသားတွေက တွယ်ကြပါတယ်။ အခု သူလည်း မရှိတော့ပြီ။
ဆရာကြီးနန္ဒာသိန်းဇံ
အမှန်မတော့ ဆရာနန္ဒာသိန်းဇံကျတော့ တပည့်တွေကို ငြင်းခိုင်းလေ့ရှိလို့ သူက အပြစ်လွတ်ပါတယ်။ Final Conclusion ဘယ်တော့မှ မလုပ်တယ့်ဆရာကြီးပါ။ မိရိုးဖလာကတော့ ခရစ်ယာန်လို့ သိရပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်လားဆိုတော့ မဟုတ်ပါ။ သူနဲ့ အနီးကပ်နေဖူးတော့ သူဟာ ဘာသာမဲ့တစ်ယောက်ဖြစ်မှန်း ရိပ်မိပါတယ်။ ဗုဒ္ဓဘာသာဟာ ဒဿနိကဗေဒနဲ့ လိုက်လျော်ညီထွေမှု အများကြီး ရှိလို့ သူ သဘောကျကြောင်း ပြောတတ်ပါတယ်။ ဆရာကြီးက အတွေးကောင်းတယ့် ဦးဇင်းလေးတွေကို ရန်ကုန်ပင်မတက္ကသိုလ်က သူ့ဌာနကို ခေါ်ပြီး သူ့ ဒေါက်တာလောင်းတွေနဲ့ ဆွေးနွေးခိုင်းလေ့ရှိပါတယ်။ အဲဒီမှာ ခရစ်ယာန်၊ မူစလင်၊ ဗုဒ္ဓဘာသာများ ရှိလို့ အသိညာဏ်ပိုကြွယ်ရတယ်။ အခု ဆရာကြီးလည်း မရှိတော့ပြီ။
အထက်သားနဲ့အောက်သား
ဆရာဇေယျာမောင်က ဘုန်းကြီးတွေရဲ့ အားနည်းချက်ကို စစ်ကိုင်းသားပီပီ ခပ်နာနာနှက်လေ့ ရှိပါတယ်။ ဆရာကြီးနန္ဒာသိန်းဇံကျတော့ အောက်သားဖြစ်လို့လားမသိ ခပ်သာသာလေး နှက်ပါတယ်။ သူတို့နှစ်ဦးစလုံးကနေ ပညာတွေ အများကြီး ရခဲ့ပါတယ်။ ဆရာကြီးဇေယျာမောင်က ရဟန်းများရဲ့ နေ့တဓုဝကို ဝေဖန်လေ့ ရှိသလို ဆရာကြီးနန္ဒာသိန်းဇံက ဗုဒ္ဓဝါဒကို ဒဿနိကဗေဒရှုထောင့်ကနေ ဝေဖန်ပါတယ်။ ဒါကြောင့်လည်း အကျိုးများလှတယ်။
ဘုန်းကြီးကျောင်းအမှု
ဒီနေ့ ဗဟန်းမြို့မှာ ဘုန်းကြီးအချင်းချင်း ကျောင်းလုကြဖို့ တုတ်ဆွဲဓားဆွဲတယ့်အထိ ဖြစ်ကုန်ရတယ်လို့ ဧရာဝတီမှာ ဖတ်ရတယ်။ ဆရာကြီးဇေယျာမောင်ကို ချက်ချင်းသတိရမိတယ်။ တစ်ခါမှာ စာရေးသူက မွန်ကျောင်းများကို သုတေသန လုပ်စရာရှိလို့ ရုံးကို သွားတယ်။ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ရွှေကျင် လွှတ်လိုက်တာလားလို့ ရုံးအရာရှိက မေးပါတယ်။ သုတေသနတစ်ခုအတွက်ပါလို့ သူ့ကို ဖြေရတယ်။
ထားပါတော့။ စာရေးသူက သုတေသနပြုရတာ စိတ်ဝင်စားတယ်။ သုတေသန ပြုလို့ ရတယ့်အရသာဟာ အမြိုက်အရသာပြီးယင် သူပါပဲလို့ ထင်မိလောက်အောင် သဘောကျပါတယ်။ မွန်ကျောင်းများကို စာရင်းပြုစုချင်လို့ တိုင်းနဲ့ပြည်နယ် ကျောင်းစာရင်းများကို မွှေနှောက်နေချိန်ဝယ် ရုံးအရာရှိက ဘုန်းကြီးလောကကို စိတ်ပျက်နေကြောင်း တွေ့ရတယ်။ စာရေးသူတို့လည်း ဘုန်းကြီးကောင်းတစ်ပါးလို့ မပြောပါဘူး။ ဒါပေမယ့် သူပြောတယ့်အချက်က ခိုင်နေလို့ ငြင်းလို့မရပါ။
သူက ပြောတယ် "အရှင်ဘုရားနောက်က ဖိုင်တွဲတွေကို ကြည့်ပါ၊ အဲဒါ ဘုန်းကြီး အမှုတွဲတွေပဲ၊ ကျောင်းလုတယ့်အမှုတွေလေ" တဲ့။
စာရေးသူကပဲ နောက်လှည့်ကြည့်တော့ အရပ်ပုနေလို့လား အမှုတွဲတွေကို ထပ်ထားတာ စာရေးသူအရပ်ထက် ပိုမြင့်နေပါလား။
စာရေးသူတို့နယ်က စေတီတစ်ဆူကို လုကြရာ ကမ္ဘာအေးကနေလူတွေ သိန်းထောင်ပေါင်းများစွာ ထောကုန်တယ်။ အမှုဖြစ်တော့ ဟိုကျောင်းကလည်း လူစု၊ ဒီကျောင်းကလည်း လူစု အစုစုတွေ ဖြစ်ကုန်တော့ သံဃာပါ ကွဲတယ်။ စာရေးသူတို့ကျောင်းက ဘယ်ကျောင်းဘက်ကိုမှ မပါဆိုတော့လည်း နှစ်ဖက်စလုံးက ငြိုငြင်ပြန်တယ်။
အမွေ(၂)မျိုး
သာသနာတော်မှာ အမွေ(၂)မျိုး ရှိပါတယ်။ ဒါတွေက ရဟန်းများအတွက်ပဲ မဟုတ်ပါ။ လူတွေအတွက်လည်း ဟုတ်ပါတယ်။ အမွေ (၂)မျိုး ဆိုသည်မှာ
၁။ အာမိသဒါယာဒ (ပစ္စည်းလေးပါးအမွေ၊ ပစ္စည်းဥစ္စာအမွေ၊ လောကီအမွေ)
၂။ ဓမ္မဒါယာဒ (တရားအမွေ၊ ဝိပဿနာအမွေ၊ လောကုတ္တရာအမွေ)
ဆိုပြီး ရှိပါတယ်။
၁။ အာမိသဒါယာဒ
ရဟန်းတော်များဟာ ဂုဏ်ရှိတယ့်အလုပ်၊ ပစ္စည်းလေးပါး ပေါများတယ့်အလုပ်ဆိုယင် တက်တက်ကြွကြွ ရှိလှတယ်။ အချို့ရဟန်းတော်များဟာ ဘုန်းကြီးအောင် လုပ်ကြပါတယ်။ ပညာရေးကြောင့် ရတယ့်ဘွဲ့တံဆိပ်တော်များ၊ အစိုးရကပ်တယ့် ဘွဲ့တံဆိပ်တော်များ၊ မိမိကိုယ်ကိုမိမိ ပေးတယ့် ဘွဲ့အမည်များကို အသုံးချပြီး ဘုန်းကြီးအောင် လုပ်ကြပါတယ်။ ဂုဏ်နောက် လိုက်တယ့် ဗုဒ္ဓဘာသာဝင်အချို့ကလည်း သူတို့နောက် လိုက်လို့ ထင်သလောက် မဟုတ်မှန်း သိရတဲ့အခါမှာ စိတ်ဓာတ်တွေ ကျလို့ အချို့က ဘာသာတောင် ပြောင်းကုန်ကြတယ်။
အိမ်ထောင်ပြုသားမွေးခြင်းကို ကာမဂုဏ်အကြီးစားလို့ ဆိုပါတယ်။ ပစ္စည်းလေးပါးထက် ပိုများတဲ့ လာဘ်လာဘများကို ကာမဂုဏ်အသေးစားများလို့ ပြောပါတယ်။ စာရေးသူအပါအဝင် ရဟန်းအတော်များများဟာ ကာမဂုဏ်အကြီးစားကို ရှောင်နိုင်ရက်သားနဲ့ ကာမဂုဏ်အငယ်စားတွေနဲ့ ငြိကုန်ကြပါတယ်။ ရဟန်းများရော ဒကာများပါ ဘာသာရေးအသိနည်းတော့ တစ်ဖက်နဲ့တဖက် တိုက်ခိုက်ကြဖို့ပဲ သိတယ်။ ဘာသာခြားတွေအတွက် အားရှိတာပေါ့။ အမှန်မတော့ ရဟန်းကလည်း ရဟန်းအလုပ်ကို မသိသလို ဒကာတွေကလည်း ဘယ်ရဟန်းက ရဟန်းကောင်းလဲ မသိပါ။ ရဟန်းကောင်းကို သိမှပဲ ရဟန်းစစ်ရဟန်းမှန်ကို ရွေးပြီး ကိုးကွယ်တတ်မှာပေါ့။
အခုအချိန်မှာ သမ္မတသိန်းစိန် တက်လာတော့ မြန်မာ့နိုင်ငံရေးကလည်း လှုပ်လှုပ်ရွရွကလေး ဖြစ်လာသလို ရဟန်းများလည်း ကျောင်းဆောက်ကြ၊ ကျောင်းဝယ်ကြ၊ ကျောင်းလုကြပါတော့တယ်။ ရန်ကုန်မှာ ကျောင်းထိုင်ဖို့ မလွယ်တော့ဘူး။ ကျောင်းထိုင်နိုင်ဖို့ လက်ထဲမှာ ဝတ္ထုငွေ (ပိုက်ဆံ) သိန်းထောင်ချီ ရှိဖို့ လိုနေပါပြီ။ ကျောင်းဝယ်ပြီးခဲ့ယင်လည်း အတော်များများက စာသင်စာချ တရားပြတယ့်အလုပ်တွေကို မလုပ်ကြဘဲ အချိန်ဖြုန်းလေ့ ရှိပါတယ်။ ဒါ လက်ရှိဖြစ်ပျက်နေတာလေးတွေပါ။
ဒါလေးတွေက သာသနာတော်အတွက် အကျိုးမများပါ။ ရဟန်းတစ်ပါးအနေနဲ့ နာမည်ကျော်လေ အန္တရာယ်များလေပါပဲ။ ဘုန်းကံကြီးလေး ရန်သူများလေပါပဲ။ နောက်ပြီး အဲဒီဘုန်းကံကလည်း အသုံးမဝင်ပါဘူး။ ရဟန်းတစ်ပါးအနေနဲ့ အိပ်စရာနေရာတစ်ခု ရှိယင်၊ စားစရာဆွမ်းတစ်နပ် ရှိယင် တစ်နေ့တာ သာသနာပြုလို့ ရနေပါပြီ။ ထိုင်းဆရာတော် အချန်ချား မိန့်သလိုမျိုးပေါ့ ထိုင်းပြည်သူတွေ ဖိနပ်မပါဘဲ လမ်းလျှောက်နေတယ့်အချိန်မှာ ငါက ဘုန်းကြီး၊ ကားအကောင်းစား စီးရမလားတဲ့။
ဒါလေးက ဖြစ်ရပ်မှန်တစ်ခုပါ။ အမည်နဲ့နေရပ်လိပ်စာကို မဖော်ပါရစေနဲ့။ မွန်ပြည်နယ်က အဖြစ်အပျက်တစ်ခုပါ။ ဒီအဖြစ်အပျက်ကို ဖော်ပြလို့ မူစလင်များကို တိုက်ခိုက်ပါတယ်လို့ မူစလင်များ မယူဆစေချင်ပါ။
ဗုဒ္ဓဘာသာမိသားစုတစ်ခု ရှိပါတယ်။ အဖေက အရက်သမားပါ။ အမေက သားကို ရှင်ပြုချင်ပါတယ်။ သမီးကလည်း အပျိုပေါက်စလေးပေါ့။ အမေက အသက်(၄၀)ဝန်းကျင်။ ယောကျာင်္းက အသုံးမကျတော့ ကိုယ်တိုင် စီးပွားရှာရတယ်။ မူစလင်ဒကာတစ်ယောက်နဲ့ ခင်တယ်ဆိုပါတော့။ ရှင်ပြုဖို့ မူစလင်ဒကာက ပိုက်ဆံထုတ်ပေးတယ်။ ဘာမှ မကြာဘူး။ ဒကာမအမျိုးသားက အရက်ပုလင်းတစ်လုံးနဲ့ သေနေတာ တွေ့ရတယ်။ ဒကာမကလည်း အကြွေးကို မဆပ်နိုင်တော့ မူစလင်ဒကာနဲ့ ညားရတယ်။ ဆိုင်ခန်းလုပ်ပေးပြီး အခုထိ ထင်တယ်။ ဈေးရောင်းနေတယ်။ ခန္ဓာကိုယ်လည်း ပေးရပြီ။ လုပ်အားလည်း ပေးရပြီ။ သူ့သမီးကိုလည်း မန္တလေးက မူစလင်တစ်ယောက်နဲ့ လက်ထပ်ဖို့ အတင်းစီစဉ်တော့ ထွက်ပြေးရတယ်။ အခု သူ့သမီး နေတယ့်နေရာ စာရေးသူ သိပါတယ်။ လုပ်ကြံတယ်လို့ မပြောနဲ့။ မပိုင်ယင် မပြောဘူး။
ဒီအကြောင်းကို ဖတ်ပြီး မူစလင်တွေကို စိတ်နာနေမလား။ စာရေးသူကတော့ စိတ်မနာပါ။ ကိုယ့်ဘုန်းကြီးအချင်းချင်းကိုပဲ စိတ်နာတယ်။ ရှင်ပြုတယ်ဆိုတာ ပရိက္ခရာ(၈)ပါးတောင် စုံစရာမလိုဘူး။ သပိတ်တစ်လုံး သင်္ကန်းသုံးထည်ဆို မလုံလောက်ဘူးလား။ ဘုန်းကြီးကျောင်းမှာ အဲဒီသပိတ် အဲဒီသင်္ကန်းတွေ အပြည့်ပဲ မဟုတ်လား။ ကြီးကြီးကျယ်ကျယ် လုပ်ချင်တယ့် ဂုဏ်လေး ရချင်လို့ မိသားစုဘဝ ပျက်စီးရတယ့်အထိ အဖြစ်ခံနိုင်သလား။ ငါ့ကျောင်းက ရှင်ပြုပွဲ ဒီလိုရှိတယ်ကွ ကြွားချင်သလား။ မရှိဘဲ သွားကြွားတော့ ဟိုဒကာမက ဗုဒ္ဓဘာသာမဟုတ်တော့ပြီ။
စာရေးသူအဖြစ်ပျက်ကို ပြောပါရစေ။ စာရေးသူတို့ အရင်ကိုးကွယ်တယ့် ကျောင်းက ဘယ်အိမ်ကဘယ်လောက် သတ်မှတ်ပြီး အလှူခံပါတယ်။ ရှင်ပြုဖို့ သိန်းများစွာ ကုန်ပါတယ်။ လွယ်လွယ်နဲ့ ရှင်မပြုနိုင်ပါဘူး။ အလှူငွေ မထည့်နိုင်ယင်လည်း မျက်နှာငယ်ရပါတယ်။ ဆွမ်းသွားပို့ယင်လည်း မိမိပို့တယ့်ဆွမ်းဟင်းက မကောင်းယင် သွန်ပစ်တာ မြင်ဖူးတယ်။ ကလေးဆိုပေမယ့် စိတ်မကောင်းဘူးလေ။ ကိုယ့်အမေက မနည်းချက်ထားရတာကိုး။ ဒါကြောင့် ဒီကျောင်းကို ဆက်မကိုးကွယ်တော့ အခြားကျောင်းကို ပြောင်းတယ်။ ပြောပြရမှာမရှက်ပါ။ စာရေးသူတို့က ဆင်းရဲလွန်းတော့ ရှင်ပြုဖို့ သင်္ကန်းတောင် မိဘက ဝယ်မပေးနိုင်ပါ။ ဆရာတော်က ခေတ်အမြင်ရှိတယ်။ သာသနာ့အမြင် ရှိတယ်။ အကုန်ထုတ်ပေးတယ်။ ဟိုကျောင်းမှာ သွန်နေရတယ့်ဆွမ်းဟင်းတွေက ဒီကျောင်းမှာ နတ်သုဒ္ဓါလို ဖြစ်နေတယ်။ ဒါတွေဟာ ဘယ်လိုလှူရမလဲ မသိကြလို့၊ဘယ်နေရာလှုရမလဲ မသိကြလို့လည်း ပါတယ်။ စာရေးသူရဟန်းအမဆိုယင် လှူစရာရှိယင် နာမည်ကြီးများကို မလှူ၊ တောကျောင်းတွေကို သွားတယ်။ အမှန်တကယ် လိုအပ်နေတယ့် ပစ္စည်းလေးပါးကို လှူလေ့ရှိတယ်။
၂။ ဓမ္မဒါယာဒ
တစ်ခါမှာ မြတ်စွာဘုရားက ကောသလတိုင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးတော်မူတယ်။ ကောသလတိုင်း သာဝတ္ထိပြည်ဆိုတာ ဗုဒ္ဓသာသနာ ရောင်ဝါထွန်းလို့ နေတယ့်မြို့ကြီး ဖြစ်တော့ ရဟန်းများအတွက် ပစ္စည်းလေးပါး မခက်ခဲပါ။ ပစ္စည်းလေးပါးအပြင် အခြားလှူဖွယ်ပစ္စည်းများလည်း ကပ်လှူကြလေ့ ရှိရာ အလှူရေစက် လက်နဲ့မကွာတယ့်မြို့ဆိုလည်း ဟုတ်ပါတယ်။
ပစ္စည်းလေးပါးအပြင် အခြားမလိုအပ်တယ့် ပစ္စည်းများကို လှူဒါန်းကြရာ အရိယာရဟန်းများအတွက် ဒါတွေ မလိုအပ်လို့ တားမြစ်မှုလည်း မလုပ်၊ လက်လည်း မခံကြပါ။ သာမန်ပုထုဇဉ်ရဟန်းများကတော့ လဘ်လာဘပေါများတယ့် သာဝတ္ထိမြို့မှာ စုပြုံပြီး အလှူအကြောင်းပဲ အပြောများကြပါတယ်။ ဘယ်ဒကာက ဘယ်လိုလှူတယ်၊ ဘယ်ဘုန်းကြီးက ဘယ်လောက်ဘုန်းကြီးတယ် ပြောမဆုံးပေါင် တောသုံးထောင်ပေါ့။
ဒီလို ကျယ်ကျယ်လောင်လောင်နဲ့ မဖွယ်မရာ ပြောနေကြတာကို မြတ်စွာဘုရားက ကြားသိတော်မူတယ်။ မြတ်စွာဘုရားကလည်း ဒါနစေတနာကို ကန့်သတ်ဖို့ မဖြစ်နိုင်တော့ ရဟန်းတို့အနေနဲ့ လိုအပ်သလောက်ပဲ အလှူခံကြဖို့၊ ပစ္စည်းလေးပါးကိုပဲ မတပ်မက်ကြဖို့၊ သာသနာ့အမွေအစစ်ဖြစ်တယ့် မဂ်တရားဖိုလ်တရားကို ရအောင် ကျင့်ကြဖို့ ဓမ္မဒါယာဒသုတ္တန်ကို ဟောတော်မူရတယ်။
ဂုဏ်နောက် လိုက်ကြတယ်
သီရိလကာင်္သာသနာပြု အသောကမင်းရဲ့ ရင်သွေး အရှင်မဟိန္ဒမထေရ်မြတ် သီတင်းသုံးခဲ့တယ့် မဟိန္ဒလေတောင်ကို ရောက်ဖူးတယ်။ ကျောက်ဖျာပေါ်မှာ ကျိန်စက်ပြီး သာသနာပြုခဲ့တာပါ။ အရှင်သောဏ အရှင်ဥတ္တရ မထေရ်မြတ်တို့ သီတင်းသုံးခဲ့ဖူးတယ်ဆိုတယ့် ဘီလင်းတောင်ကိုလည်း သွားကြည့်ပါ။ မဆိုစလောက်ကလေး နေရာတွေပါ။ သူတို့မှာ အရည်အချင်းရှိပြီသားမို့ ဂုဏ်တွေ မလိုပါဘူး။
အခုခေတ်မှာ
၁။ ထင်ရှားတယ့် ဘယ်ဆရာတော်ကို ဘာတွေ လှူခဲ့ရတယ်
၂။ ဘယ်ကျောင်းမှာ သိန်းဘယ်လောက်တန် ကျောင်းဆောင်ကြီးကို ဆောက်ခဲ့ရတယ်
၃။ ဘယ်ဘုန်းကြီးကို ကိုးကွယ်ခဲ့လို့ စီးပွားတက်ခဲ့ရတယ်
၎။ လာဘ်လာဘများပွားရေးကို အာရုံမထားတယ့် မြတ်စွာဘုရားကိုတောင် ကလန်ကဆန်လုပ်ပြီး အဘယလာဘမုနိဆိုပြီး ဘုရားတောင် တည်လိုက်ရသေးတယ်။
ဒါတွေက ဂုဏ်နောက် လိုက်ကြတာပါ။ စိုင်ကော်လို့ ခြုံပေါ်ရောက်ရတယ့်အဖြစ်တွေပေါ့။ ရဟန်းများဘက်ကလည်း
၁။ ငါ့ကျောင်းက အစိုးရကိုးကွယ်တယ့်ကျောင်းပါ
၂။ ငါ့ဒကာက အစိုးရလူကြီးပါ၊ တပ်မတော်အရာရှိပါ၊ သံအမတ်ကြီးပါ၊ ကုမ္ပဏီသူဌေးပါ
၃။ ဘယ်လောက်ပေးမှ ကြွမယ်၊ ဘယ်လောက်ပေးမှ တရားဟောမယ်
ဒီလိုဖြစ်ကုန်တယ်။ ဒီလိုပြောယင် ရန်သူများမှန်းတော့ သိတာပေါ့။ မနာလိုလို့ ပြောတာ၊ စိတ်ပုပ်လို့ ပြောတာ၊ ကိုယ်တော် တတ်လှတယ် သိလှတယ်ဆိုယင် ကိုယ်တော် ထလုပ်ပါလားလို့ ပြောကြမှာပါ။ ဒါပေမယ့် ဒီမှာ ဘုန်းကံကြီးတယ့်ဆရာတော်များကို တိုက်ခိုက်လိုရင်းမဟုတ်ပါ။ ဂုဏ်က နောက်လိုက်လာတာကို မပြောပါ။ ဂုဏ်နောက်ကို လိုက်သူများကိုသာ ရည်ရွယ်ပါတယ်။
ဒီတော့ တရားနဲ့ မဆိုင်၊ ဂုဏ်နဲ့သာ ပြိုင်ကြတော့
၁။ မင်းက ကျောင်းမဲ့၊ ငါက ကျောင်းရှိ၊ ဆယ်ဝါကျော်ယင် ငါ့ကျောင်းမှာ ဝါမဆိုရ
၂။ ငါ့ကျောင်းက ဘယ်လောက်တန်တယ်
၃။ ငါစီးတယ့်ကားက ဘယ်လောက်တန်တယ်
၎။ ငါက ဘယ်လောက်ဘုန်းကံကြီးတယ်
အလှူပွဲတွေမှာ ကြွားကြပါကုန်ရော။ အရင်တုန်းက နွားလှည်း ကြွားကြတယ်။ အခု အစိုးရဘုန်းတော်ကြီးများက ကားပါမစ်များပါ ရကြတော့ ကားကို ကြွားကြတယ်။ ဒကာအင်အားတောင့်တယ့် အချို့ဆရာတော်များက နောက်ဆုံးပေါ်ကားကောင်းများကို စီးလို့ပါ။ အခု တောရွာမှာတောင် ကားပြိုင်ပွဲက ခေတ်စားနေပါတော့တယ်။ ရွာတစ်ရွာမှာ ဘုန်းကြီးကျောင်းတိုင်း ကားရှိကြတယ်။ ဒါပေမယ့် ဆင်းရဲသားဒကာတစ်ယောက် ဖျားနာခဲ့ယင် ဆေးရုံလိုက်ပို့ပေးမယ့်ကားမရှိဘူး ဖြစ်နေတယ်။ ဒါ မခက်ဘူးလား။
မြတ်စွာဘုရားရဲ့ သာသနာတော်ကို အမှီပြုပြီး အာမိသဒါယာဒလည်း ရနိုင်ကြပါတယ်။ ဓမ္မဒါယာဒလည်း ရနိုင်ကြပါတယ်။ ဂုဏ်လေးအတွက် အာမိသဒါယာဒနောက် လိုက်ကြယင် ရဟန်းဖြစ်ရကျိုး မနပ်ဘူးပေါ့။ ဒါတောင် ကျောင်းထိုင်ဘုန်းကြီး ပျံလွန်တော်မူလို့ ဘုန်းကြီးပျံစရိတ်နဲ့ ကျောင်းလုတယ့်တပည့်တွေအကြောင်း မပြောရသေးဘူး။
လူနောက် ဂုဏ်လိုက်ပစေ
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ရှိယင် အရိယာနွယ်ဝင်ဖြစ်လို့ ဂုဏ်နောက်ကို မလိုက်တော့။ ဂုဏ်ကသာ အရိယာပုဂ္ဂိုလ်တို့နောက်ကို လိုက်ရတယ်။ ဖြူစင်တယ့်အဖြစ်ကို ရရှိပြီဖြစ်လို့ ဂုဏ်က သူတို့ကို မဖျက်စီးစေနိုင်တော့ပါ။ တစ်နည်းအားဖြင့် ပြောရယင် ဓမ္မဒါယာဒ - တရားအမွေ ရှိသူအတွက် အာမိသဂုဏ်များ မလိုအပ်တော့ပါ။
တရားအမွေ (၂)မျိုး
တရားအမွေမှာ
၁။ တရားအမွေတု
၂။ တရားအမွေစစ်
ဆိုပြီး နှစ်မျိုး ရှိပါတယ်။ တရားအမွေတိုင်းက အမွေစစ်မဟုတ်သေးဘူး။ အာမိသဒါယာဒ - ပစ္စည်းလေးပါးအမွေကိုလည်း ပယ်ခဲ့ပါပြီ။ တရားအမွေကိုလည်း ရှာခဲ့ပါပြီ။ ဒါပေမယ့် တရားအမွေအတုနဲ့ပဲ ကျေနပ်မနေဖို့ လိုပါတယ်။
၁။ တရားမွေအတု
ဒါနံ ဒေတိ - အလှူကို လုပ်တယ်၊ သီလံ သမာဒိယတိ - သီလကို ဆောက်တည်တယ်၊ ဥပေါသထကမ္မံ ကရောတိ - ဥပုသ် စောင့်တယ် ဒီလို လုပ်ပြီး ရာဂ မဖြစ်စေဘဲ၊ ဒေါသမဖြစ်စေဘဲ ကိလေသာကို အကျိုးမပြုစေဘဲ နိဗ္ဗာန်ကိုသာ ရည်စူးခဲ့ယင် ဒါဟာ တရားအမွေပါ။ ဒါပေမယ့် အစစ်ကြီးမဟုတ်ဘူး။ အတုပါ။ ဘာကြောင့် အတုကြီးလို့ ပြောရသလဲဆိုယင် ရေရောနေလို့ပါ။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတို့နဲ့ ရောပွမ်းနေလို့ပါ။ တကယ့်ချမ်းသာစစ်ကို မပေးနိုင်လို့ပါ။
၂။ တရားမွေအစစ်
နဝဝိဓောပိ လောကုတ္တရဓမ္မော နိပ္ပရိယာယဓမ္မော လို့ ဆိုတယ်။ လောကုတ္တရာတရား (၉)ပါး ရှိတယ်။
၁။ သောတာပတ္တိမဂ်
၂။ သကဒါဂါမိမဂ်
၃။ အနာဂါမိမဂ်
၎။ အရဟတ္တမဂ် ဆိုပြီး မဂ်တရား (၄)ပါး
၅။ သောတာပတ္တိဖိုလ်
၆။ သကဒါဂါမိဖိုလ်
၇။ အနာဂါမိဖိုလ်
၈။ အရဟတ္တဖိုလ် ဆိုပြီး ဖိုလ်(၄)ပါး
၉။ နိဗ္ဗာန်တရား
အားလုံး (၉)ပါး ရှိတယ်။ ဒီတရားတော် (၉)ပါးဟာ နိပ္ပရိယာယဓမ္မောတဲ့။ အကြောင်းပရိယာယ်နဲ့ မစပ်ဘဲ မုချအားဖြင့် သိရမယ့် အမွေစစ်အမွေမှန်လို့ ဆိုသတဲ့။ ဒီတော့ ဝိပဿနာတရားကို အားထုတ်ရမယ်။ တစ်မဂ်တစ်ဖိုလ် ရအောင် လုပ်ရမယ်။ ဒါမှ အမွေစစ်ကို ရနိုင်မယ်။
ပစ္စည်းအမွေဟာ တန်ဖိုးမရှိ၊ အတုကြီးဖြစ်လို့ လုယူလို့ ရတယ်။ အများနဲ့ဆိုင်တယ်။
ဓမ္မအမွေဟာ တန်ဖိုးရှိတယ်။ အစစ်ဖြစ်လို့ ကိုယ်တိုင်လုပ်မှ ကိုယ်ပိုင်ဖြစ်တယ်။ အများနဲ့မဆိုင်ပါ။
အတုကိုရှောင် အစစ်ကိုဆောင်
စာရေးသူအပါအဝင် ရဟန်းသံဃာတော်များအားလုံးက အတုအပကို ရှောင်ပြီး အစစ်အမှန်ကို ရဖို့ ကြိုးစားသင့်လှတယ်။
၁။ ဘုန်းကံကြီးလွန်းယင် အလုပ်ပျက်တယ်။
၂။ ဒကာဒကာမတွေ စုပြုံနေယင် ဆိတ်ငြိမ်ရာမရ။
၃။ ကာမဂုဏ်အသေးစားများ စုပြုံလာယင် ကာမဂုဏ်အကြီးစားတွေ ရောက်လာဖို့လမ်းစပါ။
အစစ်အမှန်ဆိုတာလေးကတော့
၁။ ရုပ်ခန္ဓာကို အနည်းဆုံး တစ်နေ့တစ်ခါ ရေချိုးပေးရသလို နာမ်ခန္ဓာကိုလည်း တစ်နေ့ တစ်နာရီလောက် အနည်းဆုံး ရေချိုးပေးသင့်ပါတယ်။
၂။ ရုပ်ခန္ဓာကို ပြုပြင်ထိန်းသိမ်းသလို နာမ်ခန္ဓာကိုလည်း မွမ်းမံပြင်ဆင်ပါ။
၃။ ရုပ်ရောနာမ်ပါ သိယင် အမွေစစ်ကို ရပြီ။
တစ်နေ့တလံ ပုဂံဘယ်ပြေးမလဲ။
တစ်နေ့တစ်လှမ်း နိဗ္ဗာန်ဘယ်ပြေးမလဲ။
အလိုနည်းပြီး တရားမြဲပါစေ။
0 comments:
Post a Comment