Friday, August 3, 2012

"တပ်ထဲကမြတ်ကိုကို"


by Burma Ter Tee on Thursday, August 2, 2012 at 7:59am 


(တပ်ထဲက မြတ်ကိုကို ၀တ္ထုစာအုပ်ကို တစ်အုပ်လုံး စာရိုက်တင်ဖို့ မလွယ်တာကြောင့် အနှစ်ချုပ်
ကောက်နုတ်ချက်တွေကိုပဲ Note အဖြစ်တင်ပေးသွားပါ့မယ်။)
                                                     "တပ်ထဲကမြတ်ကိုကို" 
                                                                                    သာဓု ရေးသည်။ (၁၉၅၁)

                                                                                                         
 သောင်းကျန်းသူများ မကြာခဏ လာရောက်တိုက်ခိုက်အနှောက်အယှက်ပေးလေ့ရှိသော မြစ်ဝကျွန်းပေါ်မှ
မြို့ကြီးတမြို့ဖြစ်သည်။
  
ခါတိုင်းဆိုလျှင် နေလုံးပျောက်သွားသည်နှင့် ရာခိုင်နှုန်း ( ၈၀ ) မကသော အိမ်တွေ တံခါးပိတ်ပြီး
ကိုယ့်အိမ်ထဲတွင်ကိုယ်နေကြသည်။ အိပ်သူက အိပ် ၊ စာဘတ်သူကဘတ် ၊ စကားထိုင်ပြောသူက ပြောကြသည်။

ယခင့်ယင်ရက်များက လူတယောက်စ နှစ်ယောက်စ နှင့်သာ ပျင်းရိဘွယ်ရာ ခြောက်သွေ့နေခဲ့သော
ထိုညဈေးတန်းမှာ ယနေ့အဘို့သော်ကား ထူးထူးခြားခြား စည်ကားနေပြန်သည်။

တမြို့လုံး၏ ကြည်ညိုလေးစားခြင်းခံရသော ကျောင်းထိုင်ဆရာတော်ဘုန်းကြီး ပျံလွန်တော်မူသောကြောင့်
မြို့ကပွဲမိန့်တောင်းသည်ကို မလွန်ဆန်သာသည့်အတိုင်း ခွင့်ပြုလိုက်ရသည်။ မြို့လူထုမှာလည်း တနှစ်နီးပါး
ကျီးလန့်စာစားသလို အထိတ်တလန့်နှင့် စိတ်ဆင်းရဲခဲ့ရသမျှ ထိုညတွင် အတိုးချ၍ပျော်ကြသည်။

****************************************************************************
 ........... စစ်သား ၃ ယောက် လျှောက်လာသည့် အချိန်မှစ၍ စကားပြတ်သွားကြသည်ဖြစ်ရာ ၊ အဒေါ်ကြီးသည် ပိုက်ဆံကိုဆက်လက်ရေတွက်နေသည်။ ရဲဘော်အုန်းညိုမှာမူ ဟင်းရေသောက်၍ ကုန်နေပြီဖြစ်သော်လည်း
ထိုင်ရာက မထသေးဘဲ ၊ စောစောကလျှောက်သွားသော စစ်သား ၃ ယောက်ကို လှမ်း၍ကြည့်နေသည်။

"ဟေ့ .... ယူအုံးလေ ... ဟင်းရေတွေရှိသေးတယ် ...."
  
"တော်ပါပြီ ဒေါ်ဒေါ် ၊ ကဲ-ကျွန်တော်ပြန်အုံးမယ် ...." 

"ဘယ်လဲ - ပွဲကိုပြန်မှာဖြင့် တခုလောက်မှာလိုက်ပရစေကွယ်"
  
"မဟုတ်ဘူးဒေါ်ဒေါ် - ကျွန်တော့်ဝတ္တရားပြီးလို့ အိမ်ပြန်မှာပါ"
  
"သြ .... သြ ... ဒီလိုတော့ မင်းတို့ စစ်ဗိုလ်က ၊ အလိုက်သိသားကိုးနော် .... မိန်းမရစ ရဲဘော်ကို
စောစောပြန်လွှတ်တယ်ဆိုတော့"

အဒေါ်ကြီး၏ အသံနှင့် တချိန်တည်း ဆိုသလို မလှမ်းမကမ်းရှိ တရုပ်လဘက်ရည်ဆိုင်ထဲမှ ၊ ဆူဆူညံညံ အသံများ
ပေါ်လာသဖြင့် ရဲဘော်အုန်းညိုလှဲ့ကြည့်လိုက်သည်တွင် ၊ စောစောက လျှောက်သွားသော စစ်သား ၃ ယောက်နှင့်
ရဲဗမာ ၂ ယောက် စကားများနေသည်ကို တွေ့ရှိသဖြင့် ၊ ရဲဘော်အုန်းညိုသည် တရုပ်လဘက်ရည်ဆိုင်သို့ အပြေးကလေးသုတ်သွားတော့သည်။
  
"ဘာဖြစ်ကြတာလဲ ရဲဘော်တို့ရယ်.... အချင်းချင်းတွေ ...." 

ရဲဘော်အုန်းညိုသည် ၊ ချက်အရက်ပုလင်းနှင့် ဖန်ခွက်များတင်ထားသောစားပွဲတစ်ခုဘေးမှ ဖြတ်၍
မူးနေကြဟန်တူသည့် ရဲဗမာနှင့် စစ်သားများ အလည်တွင် ၀င်၍ရပ်ရင်း မေးလိုက်သည်။ 

"ဒီပုလိပ်တွေ သိပ်လူပါးဝတယ် ၊ ငါတို့ကိုကြည့်ကြည့်ပြီးရီနေကြတယ် ...."  ဟု ဒယိမ်းဒယိုင်ဖြစ်နေသော စစ်သားတယောက်က ပြောလိုက်သည်။


"ကျုပ်တို့ဟာကျုပ်တို့ ပွဲထဲကလူပြက်ပြက်တာကို ပြောပြီးရီတာ ခင်ဗျားတို့ကို ရီတာမှ မဟုတ်ဘဲ .....
အရက်သောက်တဲ့လူဟာ ရီချင် ရီတယ် ၊ ငိုချင်ငိုတယ် ၊ အော်ချင်အော်တာဘဲ ၊ ဘာဖြစ်သလဲ ......" 

မျက်လုံးနီနီနှင့် အရက်ရည် ၀နေသော ဗလကောင်းကောင်း ပုလိပ်တစ်ယောက်ကလည်း
သို့ကလို ၀င်၍ချေလိုက်ပြန်သည်။ ပုလိပ်နှင့် စစ်သား အုပ်စုအလည်တွင် ရောက်နေသော ၊ ရဲဘော်အုန်းညိုမှာလည်း ရှေ့တိုးရင်ဆိုင်ရန်သာ လုံးပန်းနေကြသည့် ထိုနှစ်ဘက်သော ပဋိပက္ခ ၂ ခုကို
အလည်မှ လက်တန်း၍ ထိန်းနေရရှာသည်။ တဘက်မှပြောသည်ကို နားထောင်နေရာမှ အခြားတဘက်က
ချေပသည်ကိုလည်း လှဲ၍ ဂရုစိုက်နေရပြန်သည်။

"တယ်ခက်တာဘဲဗျာ .... တိုင်းပြည် ငြိမ်းချမ်းရေးကို လက်တွဲဆောင်ရွက်နေကြတဲ့ ရဲဘော်အချင်းချင်းတွေဘဲ ၊
နဲနဲပါးပါးလဲ သည်းခံကြပါမှပေါ့ဗျ ...."
  
ရဲဘော်အုန်းညိုက သို့ကလို မေတ္တာရပ်ခံလိုက်သည်။

"ဘာ ... အချင်းချင်းရမလဲ ရဲဘော် ၊ ငါတို့က တိုင်းပြည်ကို အသက်လှုထားတဲ့ စစ်သား -
သူတို့က တိုင်းပြည်လူထုဆီက မတရား လာဘ်စားပြီး စီးပွါးလမ်းဖြောင့်နေတဲ့အကောင်တွေ ...."
  
စစ်သားတစ်ယောက်က ဘောက်ဆတ်ဆတ် ပြောလိုက်ပြန်သဖြင့် ၊

"မင်းတို့ စစ်သားတွေကကော ကျောမွဲ ဆင်းရဲသားတွေဆီက နွားလှည်းဂိတ်ကြေး ၊ ဘတ်ကားဂိတ်ကြေးတွေ မတရားတောင်းပြီးပွနေကြတာဘဲ မဟုတ်လား ....."

ထိုစကားကို ပုလိပ်တစ်ယောက်က ပြောလိုက်၍မှ မဆုံးသေး။

ဒိုင်း ..... ဒိုင်း  ဟူသော သေနတ်သံများ ထွက်ပေါ်လာတော့သည်။ စောစောက တဘက်နှင့်တဘက်
လူချင်းထိလုမတတ် နီးကပ်စွာ ပြောဆိုအချင်းများနေသော ပုလိပ်နှင့် စစ်သားတို့မှာ ယခု တဘက်နှင့်တဘက်
ပေ ၅၀ -လောက်ကွာနေကြလေပြီ ၊ စစ်သား ၃ ယောက်က လဘက်ရည်ဆိုင်အပြင်ဘက်ရှိ ကုက္ကိုပင်ကို
အကာအကွယ်ယူထားပြီး ပုလိပ်များကမူ လဘက်ရည်ဆိုင်ထဲတွင် ၀မ်းလျားမှောက်နေကြသည်။
ပုလိပ်ရော စစ်သားပါ နှစ်ဘက်စလုံးမှ ပစ်ခတ်လိုက်သော သေနတ်သံ သုံးလေးချက်ကြောင့်
တမြို့လုံး သိမ့်သိမ့်တုန်သွားတော့သည်။ 

သေနတ်သံက ပြင်းထန်လွန်း၍ သိမ့်သိမ့်တုန်သွားသည်ကားမဟုတ် ၊ သူပုန်သောင်းကျန်းသူနှင့် အစိုးရတပ်များ
တိုက်ကြပြီထင်၍ ထိတ်လန့် တုန်လှုပ်သွားခြင်းသာ ဖြစ်လေသည်။ 

ထိုသေနတ်သံကြောင့် ဘုန်းကြီးပျံပွဲရှိ ညဈေးတန်းတွင် စားသောက်နေကြသော လူများသည် နီးရာမြောင်းထဲ
ခုန်ဆင်း ပုန်းအောင်းသူကပုန်း၍ ခြေဦးတည့်ရာ ပြေးသူက ပြေးနှင့် အတော်ကလေး ၀ရုန်းသုန်းကား
ဖြစ်သွားလေသည်။ ပွဲခင်းထဲမှ လူထုပရိတ်သတ်မှလည်း ပြေးသူပြေး လဲသူလဲ ၊ ကွဲသူကွဲ ၊ အနင်းခံရသူခံရနှင့် အုပ်မနိုင်ထိန်းမရအောင် ယောက်ယက်ခတ်သွားတော့သည်။

"မပြေးကြပါနဲ့ ဘာမှဖြစ်တာ မဟုတ်ပါဘူး ၊ ကျုပ်တို့တတွေရှိရက်သားနဲ့ ဘာဖြစ်လို့ ဒီလောက်ကြောက်ကြရတာလဲ ၊ သူပုန်တွေကို ချောက်ပြီးပစ်တဲ့ သေနတ်သံပါ ၊ မကြောက်ကြပါနဲ့ ....."
  
ဇာတ်ပွဲ လူထုကို ထိန်းသိန်းစောင့်ရှောက်ရန် တာဝန်ကျသည့် စစ်သားအချို့က သို့ကလိုပြောရင်း
လူထုကို ထိန်းပါသော်လည်းမရ ၊ လူထုကား ပြေးမြဲ ပုန်းမြဲ ဖယိုဖယဲဖြစ်မြဲပင်။
  
"မပြေးနဲ့ ဘသူမှမပြေးနဲ့ မထနဲ့ ၊ ထတဲ့လူကို ပစ်လိုက်မယ် ....."
  
"ဟေ့ ..... ဆိုင်းသမားတွေ တီးမြဲတိုင်းတီး ၊ မင်းသမီးတွေကလဲ ကမြဲတိုင်း ကကြ ....." 

ပွဲပတ်ဝန်းကျင်၌လည်း ထိုထိုအသံတွေရော ပြေးသံ၊ လွှားသံ ၊ ငိုသံ ပန်းကန်ကွဲသံ ဆိုင်မှောက်သံတွေပါ ဆူညံနေသည်။

***********************************************************************

ဘုန်းကြီးပျံပွဲမှ ဆိုင်းသံ ဗုံသံများမှာမူ ကြားမြဲတိုင်းကြားနေရသည်။ အငြိမ့်ရော ဇာတ်ပွဲပါ အက မပျက် ၊
ပွဲကြည့် ပရိတ်သတ်မှာလည်း ကြည့်မြဲတိုင်း ကြည့်နေကြသည်။ ပွဲကြည့်သူလူထုထဲ၌ စိတ်ပါလက်ပါ
ကြည့်နေသူလည်းရှိသည်။ စိတ်မပါလှသော်လည်း ပွဲခင်းထဲမှ ထ မပြန်ရဲသဖြင့် ဇွတ်ကြည့်နေရသူတွေလည်း ရှိသည်။


***********************************************************************

"ဟေ့ ..... မကျင်လွမ် .... အိမ်က ကောင်မ တွေများ မတွေ့ခဲ့ဘူးလား ...." 

အရပ်ထဲမှ အိမ်စောင့်ကျန်ခဲ့သူ အဖွါးကြီးတယောက်က ခေါင်းရင်းအိမ်ဘက်ကိုကူသွားပြီး ပွဲမှပြန်လာကြသူများကို
မေးလိုက်ကြသည်။ 

"တွေ့ခဲ့သားဘဲ ဒေါ်ဒေါ် ၊ သူတို့ အငြိမ့်ကြည့်နေရစ်ကြတယ် ..." တရုပ်ကပြားနှင့် တူသူ မကျင်လွမ်က ဖြေလိုက်သည်။ 

"ငါသာ သေလိုက်ချင်တာဘဲအေ ၊ ဒီလောက် ထိတ်လန့်တကြားဖြစ်နေတာတောင် ပြန်မလာကြသေးဘူး။
သောက်ပွဲ မက်နေကြတယ် ၊ နို့- ညီးတို့ပြန်တာ သူတို့မသိဘူးလား"
  
"ပဌမတူတူကြည့်နေကြတာဘဲ ဒေါ်ဒေါ်ရဲ့ ၊ နောက်တော့ ရုတ်ရုတ်ရက်ရက်ဖြစ်တာနဲ့ လူချင်းကွဲသွားကြပြီး ၊
ပွဲပြန် ကတော့ ၊ သူတို့က ပွဲလယ်ကိုရောက်သွားလို့ မခေါ်ခဲ့ဘူး ဒေါ်ဒေါ်ရဲ့ ....."
  
"ဘာဘဲဖြစ်ဖြစ်ပေါ့အေ ၊ ပွဲလန့်ပြီးကတဲက ပြန်လာဘို့ မဟုတ်လား ၊ ဒီကောင်မတွေကို ပွဲမက်လွန်းပါတယ်တော် ၊ မကြည့်ဘူးတာကျနေတာဘဲ-ထွီ ......"

အဖွါးကြီးက ဒေါနှင့် မောနှင့် မြည်တွန်လိုက်သည်။

"အို ..... ပွဲမှာ ဘာဖြစ်နေတယ်ဆိုတာ မသိဘဲနဲ့ အိမ်ကနေပြီး အပြစ်တင်နေတာကိုး- ဒေါ်ဒေါ်က ..." 

ထူးဆန်းသော စကားကို ကြားလိုက်ရသလို အဖွါးကြီးက မကျင်လွမ်ဘက်လှည့်ကြည့်လိုက်သည်။

"အင်း ..... ပြောစမ်းပါအုံး ပွဲမှာ ဘာဖြစ်နေလို့လဲ ...."

"ခုန သေနတ်သံတွေကြားလို့ ပွဲလန့်ပြီး လူတွေ ထပြေးကြတာတောင် ရဲဘော်တချို့နဲ့
အရပ်သား ကားကွယ်ရေးသမားတွေက မပြေးရဘူးဆိုပြီး ပွဲခင်းထဲမှာ အတင်းပြန်ထိုင်ခိုင်းလို့ ကျမတို့လဲ ကြောက်တာနဲ့ ပြန်ထိုင်ရတာပေါ့ ၊ တချို့ဇွတ်ပြေးတဲ့ လူတွေလဲ အရိုက်ခံရတယ်လို့ ကြားတယ် ......"
  
"အေး ..... အရိုက်တောင်နဲသေးတယ် ၊ ရဲဘော်တွေက မပြေးကြနဲ့ဆိုတာ နားမထောင်ကြဘဲကိုး ၊
အရမ်းပြေးကြတော့ တိုက်ခိုက်ပြီး လဲပြဲကုန်ရော မဟုတ်လား ......"
  
"ဒေါ်ဒေါ့်နှယ် .... သူများကပြေးနေတာ ကိုယ်က ထိုင်နေလို့ ဖြစ်ပမလား ၊ တက်နင်းသွားမှာပေါ့ ၊
နားထောင်ပါအုံး ကျမပြောတာကို ၊ ကျမတို့လဲ ကြောက်တာနဲ့ ပွဲခင်းထဲဘဲ ထိုင်နေရတာပေါ့ ၊
စိတ်ညစ်လိုက်တာဆိုတာလဲ မပြောနဲ့တော့ ၊ ငိုတဲ့လူငို ၊ တက်တဲ့လူက တက် ၊ တိုက်ခိုက်မိလို့
ကွဲတဲ့လူက ကွဲ ၊ ပြဲတဲ့သူကပြဲနဲ့ ၊ ဒီကြားထဲ ဆွဲကြိုးပျောက်တဲ့ လူကပျောက်၊
အို ..... ငရဲပြည်ရောက်နေသလိုပါဘဲ ဒေါ်ဒေါ်ရယ် - ဒီလောက် ၀ရုန်းသုံးကား ဖြစ်နေရတဲ့အထဲမှာ
ပွဲကိုလဲ အတင်း ကခိုင်းလိုက်ကြသေးတယ် ....."

"သူတို့ဟာ သူတို့ ဘာလုပ်လုပ်ပေါ့အေ့ - ကိုယ်က မကြည့်ဘဲ ၊ ပြန်လာကြပါလား ......"
  
"ခက်လိုက်ပါဘိတော့ ၊ လူတရာမှာ ကိုးဆယ်လောက်က ပြန်ချင်တာဘဲ ၊ နို့ပေမဲ့ ဘသူမှထမပြန်ရဲကြဘူး .... ကျမတို့တောင် ဖြစ်ချင်ရာဖြစ်ဆိုပြီး ထပြန်ခဲ့တာ .... ရဲဘော်တချို့က ၊ မျက်စောင်းတခဲခဲနဲ့
ကြည့်နေကြသေးတယ် ..... ပွဲခင်းအပြင်လဲ ရောက်လို့ နဲနဲလဲ ရှောက်မိရော ဗြုံးဆိုမှောင်ရိပ်ထဲက
ပြောက်ကြား ဆိုလား ဘာလား ၊ တပ်သား နှစ်ယောက် ထွက်လာပြီး ....
( ခင်ဗျားတို့ ဘာကြောင့် ပြန်တာလဲ ) လို့မေးတာနဲ့ ကျမတို့က ၊
( အိပ်ချင်လို့ပါ ) ဆိုပြီးကောင်းအောင်ကြည့်ပြောတာပေါ့ ၊ ဒါတောင်သူတို့က မကျေနပ်ချင်ကြသေးဘူး ....
( ဒါဖြင့် အစ က ဘာဖြစ်လို့ပွဲလာကြည့်သေးသလဲ .... အိမ်မှာဘဲ အိပ်နေပါလား ...ကျုပ်တို့အသက်နဲ့လဲပြီး ကာကွယ်ပါ့မယ်လို့ ပြောထားသားနဲ့ ဒီလောက်သွေးကြောင်ရသလား )  ဘာ....ညာနဲ့ ....
ကျမတို့လဲ ဘာမှ ပြန်မပြောဝံ့ဘူး ၊ သူတို့ ပြောအားရလို့ ထွက်သွားမှ ကျမတို့ သုတ်ခြေတင်ခဲ့ရတယ် ဒေါ်ဒေါ်ရေ့ ၊ ဒါကြောင့် ဒေါ်ဒေါ့်သမီးတွေ တူမတွေလဲ မပြန်ရဲလို့ဖြစ်မှာပေါ့ ....."


******************************************************************************

"လွတ်လပ်ပြီ လွတ်လပ်ပြီ ဒို့ပြည်လွတ်လပ်ပြီ ....." 

ဘုန်းကြီးပျံတွင် ကနေသော ဇာတ်ပွဲသည် စောစောက ၊ ကခဲ့သော တော်လှန်ရေးပြဇာတ်ကို ဆက်၍ ကနေသည်။
ဆိုနေသောသီချင်းမှာ အထက်ပါအတိုင်း ဖြစ်သည်။ 

*******************************************************************************

(ဆက်ရန် ... )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...