Sunday, August 19, 2012

မူဘောင်စည်းကမ်းနှင့် ဝန်ထမ်း


by Cloud Cuckoo Land on Sunday, August 19, 2012 at 10:26pm 

“မူဘောင်စည်းကမ်း”ဟု ဆိုလိုက်လျှင် ဝန်ထမ်းများ အတွက် တာဝန် ထမ်းဆောင် ရာတွင် လုပ်ငန်း လမ်းညွှန် အဖြစ် လိုက်နာကျင့်သုံး ရမည့် နည်းလမ်းဖြစ်သည် ကို အလွယ်တကူ သိရှိနိုင်မည်ဖြစ်သည်။ လူသားများက “မူဘောင်စည်းကမ်း” ဖြင့် မိမိတို့ကို ပေးအပ်သော တာဝန်ကို ထမ်းဆောင်ကြရာတွင် ဝန်ထမ်း(ဝါ) လူသားသည် စိတ်ပိုင်းဆိုင်ရာ ခံစားတတ် သော သဘောအရ မိမိစိတ်သဘော(ဝါ) မိမိအတ္တကို လျှော့နိုင်လေကောင်းလေဖြစ် မည်ဟု လွယ်ကူစွာ နားလည်နိုင်ပေသည်။
မိမိအတ္တစိတ်ကြောင့် လိုရာဆွဲယူခံစား လုပ်ဆောင်နိုင်သည့် သက်ရောက်မှုမဖြစ် ရန် အရေးကြီး၍ ထိုသို့ စဉ်းစားတွေးတော ရခြင်းဖြစ်သည်။ အတ္တစိတ်လျှော့နိုင်လေ တာဝန်နှင့် ပတ်သက်၍ “မူဘောင်စည်းကမ်း”ကို အကောင်အထည်ဖော်ရာတွင် ချောမွေ့ လေဖြစ်ပါမည်။
နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားဥပေဒ စိုးမိုးရေးတို့သည် ဒီမိုကရေစီနိုင်ငံ ထူထောင်မှုကို အထောက်အကူပြုရန် ယခင်နှင့်မတူ စနစ်သစ်ဖြင့် ပြောင်းလဲ ဖော်ဆောင်နိုင်ပြီဖြစ်သည်။ စနစ်ပြောင်း သကဲ့သို့ စိတ်သဘောထားလည်း လိုက် လျောညီထွေ ပြောင်းလဲရမည်ဖြစ်သည်။
စည်းကမ်းရှိခြင်း၊ မှန်ကန်ခြင်း၊ မျှတခြင်း များသာပြောင်းသည်၊ ဝန်ထမ်းတွေက မူလဝန်ထမ်းအများစုသာဖြစ်သည်။ “မူဘောင်စည်းကမ်း“ပြောင်းသော်လည်း ဝန်ထမ်းက မပြောင်းလျှင် ဘာဖြစ်မည် နည်း၊ ဘာလိုမည်နည်း။ “မူဘောင်စည်းကမ်း”ကို အကောင် အထည်ဖော်သည့် ဝန်ထမ်းအနေဖြင့် အတ္တစိတ်ကို လျှော့နိုင်လေ၊ တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်လေ၊ အကျိုး ဖြစ်ထွန်းမည်ဟု ပြောဆိုနိုင်လေဖြစ်သည်။ ယခုလိုခေတ်၊ စနစ်ပြောင်းသည့် အခြေ အနေတွင် လုပ်ငန်းဌာနအသီးသီးတွင် အနီးကပ်ကွပ်ကဲရသော ခေါင်းဆောင်များ ၏ ကဏ္ဍသည် အရေးကြီးလာပါသည်။
လုပ်ငန်းကိုကြီးကြပ်ရသည့် အနီးကပ် ခေါင်းဆောင်က ဦးဆောင်မှုကောင်းလျှင် ကောင်းသလို “မူဘောင်စည်းကမ်း”များ လက်တွေ့လုပ်ဆောင်မှုက မှန်ကန် ထိရောက်မည်ဖြစ်သည်။ အဆင့်ဆင့်သော ခေါင်းဆောင်များ၏ အရည်အသွေး ကောင်းသည်နှင့်အမျှ “မူဘောင်စည်းကမ်း” များ အသက်ဝင်ပြီး လက်တွေ့အကျိုး ဖြစ်ထွန်းမည်ဖြစ်သည်။ အဆောက်အဦးသည် အောက်ခြေ မခိုင်ပါက လေတိုးလျှင်ဖြစ်စေ၊ မြေငလျင် လှုပ်လျှင်ဖြစ်စေ အလွယ်တကူပြိုလဲမည် ဖြစ်သည်။ ပြဿနာပေါ်ပေါက်မည်ဖြစ် သည်။
အဆောက်အဦးအောက်ခြေမှစ၍ အဆင့်ဆင့် စနစ်တကျတက်လျှင် လွယ် လွယ်ကူကူ ပြိုပျက်မည်မဟုတ်ပေ။ ဌာန ဆိုင်ရာ လုပ်ငန်းဝန်းကျင်များမှာလည်းမူဘောင်စည်းကမ်း၊ ဝန်ထမ်း၊ ခေါင်းဆောင် များစနစ်တကျ၊ မှန်မှန်ကန်ကန်ဖွဲ့စည်း၊ လုပ်ဆောင်ကြပါက အောင်မြင်သော လုပ်ငန်းခွင်ဖြစ်မည်မှာ အသေအချာဖြစ် သည်။ ရေကာတာတစ်ခုမှ ရေပေါက်ထွက် လျှင် တည်ဆောက်မှုအားနည်းသည့် နေရာမှ ဦးစွာရေတိုးထွက်သည်ဖြစ်ရာ လုပ်ငန်းကြီးကြပ်သူ အဆင့်ဆင့်သော ခေါင်းဆောင်များသည် အားနည်းသော လုပ်ငန်းခွင်ကို သိရှိဖော်ထုတ်ပြီး ပိတ်ဆို့ ကာကွယ်ရမည်ဖြစ်သည်။
“မူဘောင်စည်းကမ်း”ကို အကောင် အထည်ဖော်ရာတွင် “လူသစ်စိတ်သစ်” ဖြင့် ဖော်ဆောင်ပါက ပိုကောင်းမည်ဖြစ် သည်။ လူတိုင်းကိုယ်စီ မိမိစိတ်ဓာတ်ကို ထိန်းကျောင်းရမည်ဖြစ်သလို အနီးကပ် ကွပ်ကဲသည့်ခေါင်းဆောင်များမှလည်း မှန်ကန်စွာ နမူနာပြလုပ်ဆောင်ရမည်ဖြစ် သည်။ ခေါင်းဆောင်မှုအရည်အသွေး ကောင်းသည်နှင့်အမျှ တိုးတက်သော အဖွဲ့အစည်းဖြစ်လာမှာ အသေအချာဖြစ် ပါသည်။
စက်ရုံတစ်ခုမှာ စက်များဖြင့် ပစ္စည်း များ ထုတ်လုပ်သည့်အခါ ပစ္စည်းအားလုံး ရာနှုန်းပြည့်ကောင်းသည်မဟုတ်ဘဲ စစ်ဆေးပြီး အရည်အသွေးမမီသော ပစ္စည်းကို ပယ်ရသည်။ အရည်အသွေး မမီသော ပစ္စည်းများများထွက်လျှင် အကျိုး အမြတ်မဖြစ်ထွန်းဘဲ အရှုံးပေါ်မည်ဖြစ် သည်။ စက်ချို့ယွင်းမှု၊ လူချို့ယွင်းမှုကြောင့် ဖြစ်ပေါ်မည့် အရည်အသွေးမမီသည့်ပစ္စည်းမဖြစ်ပေါ်အောင် ဂရုစိုက်ထိန်း ကျောင်းရသကဲ့သို့ လုပ်ငန်းခွင် ခေါင်း ဆောင်များသည် “မူဘောင်စည်းကမ်း”ကို ထိန်းကျောင်းရသလို လက်အောက်ငယ် သားများကိုလည်း မှန်ကန်စွာကွပ်ကဲရ ပါသည်။
မိမိက စံနမူနာပြ မလုပ်ဆောင် လျှင် “ငယ်သား”များလည်း ဝန်ထမ်း ကောင်းဖြစ်လာကြမည်မဟုတ်ပေ။ “မူဘောင်စည်းကမ်း”ကို နဂို ကတည်းက ချမှတ်ထားသည်ကို လက် တွေ့လုပ်ဆောင်ရာမှာ ထပ်ခါထပ်ခါ လုပ်ဆောင်ရသည်ဖြစ်၍ အလေ့အကျင့် ကောင်း ရလာရာမှ အမှားအယွင်းနည်း လာမည်ဖြစ်သည်။ ပြင်ပလူထုနှင့် ဝန်ထမ်း အလုပ်သဘောဆက်ဆံရေးကို မှန်ကန် သော ဝန်ဆောင်မှုဖြစ်ရန် ဂရုစိုက်ထိန်း ကျောင်းရမည်ဖြစ်သည်။ လူသား၏ အားနည်းချက်မှာ မိမိအခက်အခဲကို ဖြေရှင်းရန် အတ္တစိတ်လွန်ကဲခြင်းဖြင့် တာဝန်ပိုင်းဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက် တတ်သည့် သဘောပင်ဖြစ်သည်။
ခေတ် အဆက်ဆက်မှာ အထက်မှအောက် ကူးစက်တတ်သည့်ရောဂါကဲ့သို့ အကျင့် ပျက်ခြစားမှုဝေဒနာများပေါ်ပေါက်ခဲ့သည် ကို သင်ခန်းစာယူနိုင်ကြပါသည်။ “မူဘောင်စည်းကမ်း”များ ခေတ်နှင့် အညီ ပြောင်းလဲသလို ဝန်ထမ်းများသည် လည်း လိုက်လျောညီထွေပြောင်းလဲရမည် ဖြစ်သည်။
အထူးသဖြင့် လုပ်ငန်းခွင် ခေါင်းဆောင်များက ပို၍ အဓိက အခရာ ဖြစ်လာပါသည်။ တာဝန်ပိုင်းဆိုင်ရာ တိုင်းတာနိုင်သော ပေတံများက အနီးမှာ အလွယ်တကူရှိပါသည်။ ထိုပေတံများကို ကိုယ်ကိုယ်တိုင် သိရှိနိုင်သလို ထိုပေတံဖြင့် စိစစ်တိုင်းတာသောအခါ မိမိချို့ယွင်း အားနည်းမှုမဖြစ်အောင် ရပ်တည်နိုင်မှသာ လျှင် မိမိ၏ တန်ဖိုးကို မထိခိုက်မှာ ဖြစ်သည်။
တာဝန်ထမ်းဆောင်ရာတွင် ပြည်သူ လူထုနှင့် ပိုမိုနီးစပ်သော ရုံးဌာနများအနေ ဖြင့် ဆက်ဆံရေးပြေပြစ်ချောမွေ့ရန် အထူးလိုအပ်ပါသည်။ စနစ်ပြောင်းခြင်း၏ အသီးအပွင့်ကို ဦးဦးဖျားဖျား နဖူးတွေ့ ဒူးတွေ့ အကျိုးခံစားနိုင်သည်မှာ အလုပ် သဘောဆက်ဆံရေးပြေပြစ်ချောမွေ့မှုဖြစ် သည်။
ဝန်ထမ်းများကိုယ်တိုင်က အတွေ့ အကြုံရှိပြီး သိရှိနားလည်ပြီးဖြစ်ရာ အနီး ကပ်ကွပ်ကဲသူခေါင်းဆောင်က အလေး ထား စီမံဖော်ဆောင်လျှင် စနစ်ပြောင်း၏ အသီးအပွင့်ကို အမြန်ပေါ်ပေါက်ခံစားရ မည်ဖြစ်သည်။ တိုးတက်ဖြစ်ထွန်းမှုသည် လူအပေါ်မှာပဲ မူတည်ပါသည်။ ခေတ်နှင့် အမီ ခေတ်မီစွာ ပြောင်းလဲတိုးတက်စေချင် ပါသည်။
အထူးသဖြင့် ပြည်သူလူထုနှင့် ဆက်ဆံမှုများသော ဌာနများအနေဖြင့် ဒီမိုကရေစီနိုင်ငံသစ်ထူထောင်နေသည့် ယနေ့ကာလတွင် “မူဘောင်စည်းကမ်း” နှင့် “ဝန်ထမ်း”သဟဇာတဖြစ်အောင် အတ္တ လျှော့လေကောင်းလေဖြစ်စေလိုပါကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။

မြမြင့်မိုရ်(လှိုင်)
By အခွင့်အလမ်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...