သခင်တင်ရဲ့ ကောလာဟလနဲ့ သတင်းစာတိုက်များ ဘေးသင့်ခြင်း
by Padauk Myay on Tuesday, January 10, 2012 at 5:37pm
(သတင်းစာ လွတ်လပ်ခွင့်တွေ၊ သတင်းစာ ဆရာများရဲ့ အခွင့်အရေးတွေ အကြောင်း ပြောနေကြတဲ့ အချိန်မှာ ဟိုတစ်ချိန် ပါလီမန် ဒီမိုကရေစီခေတ်က အာဏာရ ဖဆပလပါတီနဲ့ သတင်းစာတိုက်များ ပြဿနာ တက်ခဲ့ပုံလေး ဖတ်ရလို့ မျှဝေ ပေးလိုက်ပါတယ်။ (၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ထုတ် နေပြည်တော်တိုင်းမ် ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။)
ဖဆပလခေတ် ဒုတိယဝန်ကြီးချုပ်နဲ့ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး သခင်တင် ၁၉၀၃-၁၉၈၀ နဲ့ ပတ်သက်ပြီး မဟုတ်မဟတ် လုပ်ဇာတ် ထွင်လုံးကြောင့် ဝန်ကြီးလည်း သိက္ခာကျရ၊ သတင်းစာတိုက် သုံးတိုက်လဲ ဖျက်ဆီးခံရသည်။ လွတ်လပ်ရေးရလို့ နှစ်လ ကျော်ကျော်ပဲ ရှိသေးတယ်။
၁၉၄၈ ခုနှစ် မတ်လ ၁၂ရက်မှာ လူစု လူဝေးနဲ့ ၁။ ပြည်သူ့အိုးဝေ၊ ၂။ ပြည်သူ့ဟစ်တိုင်၊ ၃။ စီးပွားရေး သတင်းစာတိုက်တွေကို သွားကြပြီး ခဲစာလုံး ခုံများကို ရိုက်ချိုး၊ မှောက်ပစ်၊ ပုံနှိပ်စက် မောင်းတန်တွေကို ရိုက်ချိုးပြီး သောင်းကျန်းကြတယ်။
ဖြစ်ပုံအကျဉ်းချုပ်က - မင်းလှမြို့ ဗိုလ်တဲမှာ ဖဆပလ (ဆိုရှယ်လစ်ပါတီဝင်) ဝန်ကြီး သခင်တင်ဟာ တောင်သူ လယ်သမားရဲ့ သမီးပျိုလေးကို အဓမ္မ ပြုကျင့်တယ် ဆိုတဲ့ သတင်းမှားကို နယ်က ပို့လိုက်တာ။ သတင်းစာ တိုက်တွေမှာ ပါလာတယ်။ သခင်တင်ကို ဒေါက်ဖြုတ်တဲ့ လံကြုပ် သတင်းပေါ့။ ဒီသတင်း ပါလာတယ် ဆိုတော့ တာဝန်ရှိတဲ့ ဖဆပလ အဖွဲ့ချုပ် အမှုဆောင် လူကြီးများက စည်းဝေး တိုင်ပင်ကြပြီး အခု ဖဆပလ အစိုးရ အကောင်အထည် ဖော်နေတဲ့ မြေယာ စနစ်သစ် ဥပဒေ အချို့ကို မကျေနပ်တဲ့ မြေပိုင်ရှင်များအသင်း က စိုက်ပျိုးရေး ဝန်ကြီးကို ချောက်ကျအောင် မိန်းမမှု သတင်းမှားကို ပို့တယ်လို့ ယူဆကြတယ်။
ဒီကိစ္စကို တုန့်ပြန်တဲ့အနေနဲ့ မဟာဗန္ဓုလ ပန်းခြံမှာ ဆိုရှယ်လစ် ပါတီက ကြီးမှူးပြီး ဖဆပလ အစိုးရရဲ့ မြေယာ ပြုပြင်ရေးကို ထောက်ခံတဲ့ လူထု အစည်းအဝေး တစ်ရပ်ကို ကျင်းပကြတယ်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ မြေပိုင်ရှင် ညီလာခံ ကို တန်ပြန် ဆန္ဒပြတဲ့ အစည်းအဝေးလဲ ဖြစ်တယ်။ အဲဒီမှာ မြေပိုင်ရှင် ကိုယ်စားလှယ်တွေက (ဗတလစ) ခေါင်းဆောင်ကြီး သခင်တင်ကို အလဲထိုးခြင်း ဖြစ်လို့ မြေပိုင်ရှင် ကိုယ်စားလှယ် သတင်းစာတိုက် တွေကို လက်စားချေရမယ် ဆိုတဲ့ အမြင်နဲ့ လူထုကို နှိုးဆွကြတယ်။ ဆိုရှယ်လစ်ပါတီ လူထုက အဆိုပါ သတင်းစာတိုက် သုံးတိုက်ကို ချီတက် သွားရောက်ကြပြီး ဖျက်ဆီး ခဲ့ကြတယ်။
ခေါင်းဆောင်ကြီးသခင်တင်ဆိုတာ
သခင်တင်ဟာ ပျော်ဘွယ်ဇာတိ ဖြစ်ပြီး ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မဟာပေါင်းရွာမှာ ကြီးပြင်းပါတယ်။ အထက်တန်း ရှေ့နေ တစ်ယောက်ပါ။ မျိုးချစ် စိတ်ဓာတ် ပြင်းထန်သူ၊ တို့ဗမာ အစည်းအရုံးဝင်၊ B.I.A ဗိုလ်မှူး၊ ဆိုရှယ်လစ် ပါတီဝင်၊ ဖဆပလ အဖွဲ့ချုပ် ဗဟို အမှုဆောင်၊ ဝန်ကြီးမှသည် ဒုတိယ ဝန်ကြီးချုပ် အထိ တက်လှမ်း နိုင်သူ ဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး (ဗ-တ-လ-စ) ဆိုတာ ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံ ကတည်းက ရွှေတိဂုံ ဘုရား ခြေတော်ရင်းမှာ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းကြီးပါ။ ပထမဆုံး ဥက္ကဋ္ဌက သခင်မြ ဖြစ်တယ်။ သခင်မြ တို့ဗမာ အစည်းအရုံး၊ ဥက္ကဋ္ဌ ဖြစ်တဲ့ ၁၉၄၀ ပြည့်နှစ်မှာပဲ ဗတလစ ဥက္ကဋ္ဌ အဖြစ် သခင်တင်ကို ရွေးချယ် တင်မြှောက် ကြတယ်။ ဗတလစ အဖွဲ့ ဥက္ကဋ္ဌ အနေနဲ့ ဗိုလ်ချုပ်တို့ ကျဆုံးပြီးတဲ့နောက် စိုက်ပျိုးရေး ဝန်ကြီး ဖြစ်လာခဲ့တာ။ အရေးပါတဲ့ ဝန်ကြီးဖြစ်လို့ ဒုတိယ ဝန်ကြီးချုပ် ရာထူးကိုလဲ တက်လှမ်းခဲ့သည်။ အင်္ဂလိပ်ခေတ် ကတည်းက လယ်သမား တော်တော်များများ မြေယာတွေ လက်လွတ် ဆုံးရှုံးလာလို့ ဖဆပလ အစိုးရ အနေနဲ့ လယ်လုပ်သူ လယ်ပိုင်ရမယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး၊ လယ်ယာမြေ ဝေခြမ်းရေး စသဖြင့် လယ်သမားတွေကို ချောင်လည်အောင် လုပ်တာကို မြေပိုင်ရှင်ကြီးများ အသင်းက လုံးဝ ကျေနပ်တာ မဟုတ်ပါ။
ပုဂံခေတ်သူရဲကောင်း
ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်တင်တို့ဟာ ၁၉၄၈-၅၈ ခုအတွင်း ၁၀နှစ်၁၀မိုး ဖဆပလ အစိုးရခေတ်မှာ အရေးပါသူတွေ ဖြစ်ခဲ့ကြတယ်။ ပြည်တွင်းစစ် ကာလမှာပဲ နိုင်ငံကို တတ်နိုင်သလောက် ထိန်းသိမ်းကြရသူတွေ ဖြစ်တယ်။ ပုဂံ သူရဲကောင်းများ ဖြစ်တဲ့ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့ကို ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်တင် တို့ကို အားကိုးရတယ်လို့ ဝန်ကြီးချုပ်ဟောင်း ဦးနုကိုယ်တိုင် မိန့်ခွန်းတစ်ခုမှာ သူရဲ့ ဒုတိယ ဝန်ကြီးချုပ် သုံးဦးကို ချီးမွမ်းခန်း ဖွင့်ခဲ့သေးတယ်။
၁၉၅၆ ခု နောက်ပိုင်း ဖဆပလ ပြိုင်ပွဲပြီး တည်မြဲ သန့်ရှင်းအုပ်စုတွေ ကွဲကြတဲ့အခါ ဦးနုက သခင်တင်ကိုပဲ အားကိုးတကြီးနဲ့ ပေါင်းခဲ့ရတယ်။ ဦးဗဆွေက ဖဆပလ အဖွဲ့ချုပ် နောင်အနှစ် ၄၀ တည်မြဲရမယ်လို့ ကြွေးကြော်ခဲ့လို့ သတင်းစာ ဆရာတွေက တည်မြဲ အဖွဲ့လို့ မှည့်ခေါ်ခဲ့တာ။ ဦးနုက ဟိုဘက်အုပ်စုက နိုင်ငံရေး ညစ်ပတ်မှုတွေ ရှိတယ်။ တို့အုပ်စုက နိုင်ငံရေးအရ သန့်ရှင်းရမယ် ဆိုလို့ ဂျာနယ်လစ်တွေက ဦးနုရဲ့ အဖွဲ့ကို သန့်ရှင်းအဖွဲ့လို့ မှည့်ခေါ်ခဲ့တာပဲ။ နောင်ကျမှ ခေါင်းဆောင် လေးဦးအနက် နှစ်ဦးစီးတွဲပြီး (နု-တင်အဖွဲ့) နဲ့ (ဆွေ-ငြိမ်းအဖွဲ့) လို့ ခေါ်ကြပြန်တယ်။
သန့်ရှင်း ဖဆပလ ဥက္ကဋ္ဌက ဦးနုဖြစ်တော့ သခင်တင်ကို ဒုတိယ ဥက္ကဋ္ဌ တာဝန်ပေးတယ်။ အထွေထွေ အတွင်းရေးမှူးက သခင်ကျော်ထွန်း ဖြစ်လာတယ်။ သန့်ရှင်းအဖွဲ့ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲ နိုင်တဲ့အခါ ပြည်ထောင်စု အဖွဲ့ချုပ် (ပ-ထ-စ) လို့ နာမည် ပြောင်းတော့ သခင်တင်လဲ ပထစ အစိုးရ အဖွဲ့ ခေါင်းဆောင်ကြီး ဖြစ်လာသေးတာပဲ။ တော်လှန်ရေး ကောင်စီခေတ် ပြည်တွင်း ညီညွတ်ရေး ၃၃ဦး အကြံပေးအဖွဲ့ မှာ ပါလာတာပဲ။ သခင်တင်ဟာ လွတ်လပ်ရေး မော်ကွန်းဝင် (ပ-ဆင့်) နိုင်ငံ့ဂုဏ်ရည် (ပ-ဆင့်) ဘွဲ့ထူးတွေလဲ ရခဲ့ပါတယ်။ သူ့ရဲ့ ကောလာဟလတွေသာ မှန်ခဲ့ရင် နိုင်ငံရေး ရာထူးတွေက ထွက်ပေးရမှာ အမှန်ပဲ။
သတင်းစာတိုက်များ သတင်းမစစ်ဆေးလို့
အထက်ဖော်ပြပါ သတင်းစာတိုက်တွေဟာ ပုဂ္ဂလိက သတင်းစာတိုက်တွေ ဖြစ်တယ်။ သတင်းထူး၊ သတင်းဦး ဆိုရင် စုံစမ်း စစ်ဆေးမှု အားနည်းပါမယ်။ ဒီလို ကောလာဟလ သတင်းတွေ အလွယ်တကူ ထည့်လို့ ဖြစ်ပျက်ခဲ့တာ နောင်တော့ သင်ခန်းစာ ရကြတယ်။ ဒါတောင် ကြည့်မြင်တိုင်၊ ဗားကရာလမ်းမှာ ဖွင့်ထားတဲ့ ကွန်မြူနစ် နေ့စဉ်မှာလည်း သခင်တင်ရဲ့ သတင်း ပါလာပေမယ့် လူထုကြီးက (၁) အလှမ်းဝေးနေလို့ (၂) မြေပိုင်ရှင် တို့ရဲ့ ကိုယ်စားလှယ် သတင်းစာ မဖြစ်လို့ (၃) ကွန်မြူနစ်တွေကို ကြောက်လို့ မသွားကြတာ၊ (အဖျက် မခံရတာ) လို့ ဆရာ သိန်းဖေမြင့်က သုံးသပ်ပြဖူးတယ်။
အိုးဝေသတင်းစာကို ဦးညိုမြ ဦးစီးထုတ်တယ်။ ပြည်သူ့ ဟစ်တိုင်က ဂျာနယ်ကျော် ဦးချစ်မောင် ကွယ်လွန်ပြီးနောက် ဂျာနယ်ကျော် မမလေးရဲ့ လက်ခွဲ သတင်းစာပါ။ ပုံနှိပ်စက်များ ရိုက်ချိုးဖျက်ဆီးရုံ သာမက ပြည်သူ့ဟစ်တိုင် အယ်ဒီတာချုပ် ဦးစောဦး ကို ဖဆပလ အစိုးရက လုံခြုံရေး ပုဒ်မ ၅ နဲ့ နှစ်လကြာ ဖမ်းဆီး ထိန်းသိမ်း ခဲ့သေးတယ်။ (ဦးစောဦးဟာ နောင်အခါ လမ်းစဉ်ပါတီ သတင်းစာနဲ့ ပါတီဗဟို ကော်မတီဝင် ပြန်ကြားရေး ဌာနကြီးမှူး ဖြစ်လာခဲ့တယ်။)
ဆရာသိန်းဖေမြင့်ရဲ့ ကျော်ငြိမ်းစာအုပ်မှာ ဖော်ပြချက်
ဗတလစ-ဥက္ကဋ္ဌ သခင်တင်သည် မကျန်စိန် ဆိုသူအား အဓမ္မ ပြုကျင့်ပါသည်ဟု အိုးဝေ၊ ဟစ်တိုင်၊ စီးပွားရေး နှင့် ကွန်မြူနစ်နေ့စဉ် တို့က ရေးကြသည်။
ကွန်မြူနစ်နေ့စဉ်၌ "တောင်သူ လယ်သမား သမီးကို မုဒိမ်းကျင့်သော ဖဆ-ဆိုရှယ် တောင်သူ လယ်သမား ဥက္ကဋ္ဌကြီး" ဟု ခေါင်းစည်းပေးသည်။ ထိုအမှုကို ဖန်တီးသူမှာ ကွယ်လွန်သူ ပြည်သူ့ရဲဘော် ဗိုလ်ချင်းဆိုသူ ဖြစ်၏။ သခင်တင်အပေါ် မဟုတ်မဟတ် ရေးသားခြင်းကြောင့် လူထုမှာ ဒေါသူပုန်ထ နေကြသည်။
မတ် ၁၁ ရက် ကျော်ငြိမ်းက သိန်းဖေကို ခေါ်၍ ဖဆပလအဖွဲ့က မြေပိုင်ရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ လုပ်မယ်။ မြေယာ ပြဿနာများ တင်ပြကြမယ်လို့ တိုင်ပင်ရင်း သတင်းပေးသည်။ မြေပိုင်ရှင် အသင်းကို တန်ပြန် ဆန္ဒပြသည့် အစည်းအဝေး ဖြစ်သည်။
သို့ရာတွင် မကျင်စိန် မီးခွက်မှုတ်ကိစ္စကြောင့် ဒေါသူပုန်ထနေသော ဆိုရှယ်လစ် ခေါင်းဆောင်အချို့တို့သည် သခင်တင်အား မဟုတ်မဟတ် ရေးသားခြင်းမှာ မြေပိုင်ရှင် ကိုယ်စားလှယ်တွေက တောင်သူ လယ်သမား ခေါင်းဆောင်အား အလဲထိုးခြင်း ဖြစ်သည်။ မြေပိုင်ရှင် ကိုယ်စားလှယ် သတင်းစာတိုက်တွေကို လက်စားချေရမည် ဟူသော အမြင်ဖြင့် လူထုအား နှိုးဆွကြ လေသည်။ ဆိုရှယ်လစ်ပါတီ လူထုသည် အိုးဝေ၊ ဟစ်တိုင်နဲ့ စီးပွားရေး သတင်းစာတိုက်များသို့ ချီတက်၍ ပုံနှိပ်စက်များကို ဖျက်ဆီး ပစ်လိုက်ကြ လေသည်ဟု ရေးသားခဲ့သည်။ (ဦးသိန်းဖေမြင့် ရေးသားခဲ့သော - ကျော်ငြိမ်း စာအုပ်မှ)
ဆိုရှယ်လစ်ပါတီ သြဇာကျဆင်းတော့ ပြည်တွင်းစစ်သို့ရှေးရှု
ဆရာသိန်းဖေမြင့်၏ အလိုအရ အကြောင်းကြောင်းကြောင့် ကွန်မြူနစ် နေ့စဉ်ကို လူထုက မဖျက်ဆီးကြချေ။ အချို့က ဆိုရှယ်လစ် ပါတီကို ဆိုရှယ်- ဖက်ဆစ်ဟု ခေါ်ကြ၏။ ဆိုရှယ်လစ်ဝါဒ ဆိုသည်မှာ ဖက်ဆစ်ဝါဒ မဟုတ်၊ အခြေအနေ အမျိုးမျိုးကြောင့် မတော်တဆ ပေါ်လာသော ဖက်ဆစ် အလေ့အကျင့်သာ ဖြစ်သည်။ နောက်ကွယ်တွင် တည်မြဲ ဦးကျော်ငြိမ်း၏ အကြံအစည် ရှိနိုင်သည်ဟု သုံးသပ်ခဲ့သည်။
၁၉၄၈ ခုနှစ် မတ်လ ၁၅ ရက်တွင် ဆိုရှယ်လစ် ပါတီက မြေပိုင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ထပ်မံလုပ်ပြသည်။ သတင်းစာ တိုက်များကို ရိုက်ချိုး လိုက်ခြင်းကြောင့် ပြည်သူ့ဒေါသ မြှားဦးသည် မြေပိုင်ရှင်ထံ မလှည့်တော့ဘဲ ဆိုရှယ်လစ် ပါတီ အပေါ်သာ လှည့်တော့သည်။ ကွန်မြူနစ်ပါတီ၏ စည်းရုံးရေးမှာ တက်လာ၍ ဆိုရှယ်လစ်ပါတီ ကြီးစိုးမှုကို အမုန်းတရား ရှိလာသည်။ ပြည်ပပါတီ၏ လမ်းညွှန်ချက်နှင့် အညီ ဂိုရှယ် (ရဲဘော်ဘတင်)၏ ပြည်တွင်း စစ်လမ်းစဉ် ကို ဗမာပြည် ကွန်မြူနစ်ပါတီက လိုက်နာဖို့ တာစူသည်။ ဖဆပလအစိုးရက ရိပ်မိနေပြီဖြစ်၍ ဗိုလ်လကျာ်၊ ဗိုလ်ဖိုးကွန်း၊ ဆမားဒူဝါ ဆင်ဝါးနောင် တို့ဖြင့် ကွန်မြူနစ်နှင့် စေ့စပ်ရေးကော်မတီ ဖွဲ့ခဲ့ကြသည်။ ဗိုလ်လကျာ်မှ တစ်ဆင့် ဖဆပလ အစိုးရ ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်း (ဆိုရှယ်လစ်ပါတီဝင်) က ကွန်မြူနစ်ပါတီနှင့် စေ့စပ်ရေး (ညွှန့်ပေါင်းအစိုးရဖွဲ့ရေး အပါအဝင်) အကြိမ်ကြိမ် ကြိုးစားသော်လည်း သခင်သန်းထွန်းက အကြောင်းအမျိုးမျိုး ပြပြီး အတွေ့မခံတော့ချေ။ နောက်ဆုံး ဦးကျော်ငြိမ်းက အစိုးရ အာဏာကို စေ့စပ်စွာသုံးပြီး ကွန်မြူနစ်များကို ဖမ်းဆီးတော့တယ်။ ဗိုလ်သက်ထွန်းက သတင်းပေးခဲ့၍ ကွန်မြူနစ် ခေါင်းဆောင်များ တစ်ရက် ကြိုတင် ရှောင်တိမ်းကာ ပြည်တွင်းစစ်ကြီး စတင်လေ တော့သည်ဟု ဆရာ သိန်းဖေမြင့်က သုံးသပ်ခဲ့သည်။
စာရေးဆရာကြီး ဆရာ သခင်တင်မြ၏ သုံးသပ်ချက်
ဆရာ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် ထပ်ကြပ်မကွာ (၂၀၀၇) စာအုပ် တွင် သခင်တင်၏ ကောလာဟလကို အောက်ပါအတိုင်း သုံးသပ်ခဲ့ပါသည်။
ပြည်သူ့ရဲဘော် ဥက္ကဋ္ဌ ဗိုလ်မှူးအောင်နဲ့ ဆိုရှယ်လစ်ပါတီ တွဲဖက် အတွင်းရေးမှူး သခင်ချစ်မောင် (နောင်-ဝိဓူရ) တို့ နှစ်ယောက် မန္တလေး ထောင်ထဲသို့ သခင်တင်မြကို လာတွေ့တယ်။ လက်ဆောင်မုန့်နဲ့ စီးကရက်ဘူးတွေ ပေးတယ်။ သခင်တင်မြက-
"ခင်ဗျားတို့ ဆိုရှယ်လစ်တွေ ရန်ကုန်မှာ သတင်းစာတိုက်တွေကို ရိုက်ချိုးတာဟာ ဂျာမနီက ဟစ်တလာရဲ့ ဖက်ဆစ်တွေ စစ်မဖြစ်မီက စာအုပ် စာတမ်းတွေကို မီးရှို့ဖျက်ဆီးတာနဲ့ တူတယ်။ ဖက်ဆစ်တွေရဲ့ အပြုအမူပဲ။ ခင်ဗျားတို့မို့ လုပ်ရက် တယ်ဗျာ"
သခင်ချစ်မောင်က "သတင်းစာတွေက မြေပိုင်ရှင်တွေ အလိုကျ ကျွန်တော်တို့ လယ်သမား ခေါင်းဆောင် သခင်တင်ကို မိန်းမပျက် မကျင်စိန်နဲ့ သမုတ်ပြီး သိက္ခာချတာ၊ လယ်သမားတွေက သူတို့ ခေါင်းဆောင်ကို မတရား စွပ်စွဲတာ မခံနိုင်လို့ ပေါက်ကွဲပြီး မထိန်းနိုင်ဘဲ သတင်းစာ တိုက်တွေကို သွားဖျက်ကြတာလို့" ရှင်းပြပါတယ်။
"ခင်ဗျားနဲ့ သခင်လှကြွေတို့ရဲ့ ဓာတ်ပုံတွေက အထင်အရှား၊ လူထုထိပ်က ပါနေတာ၊ ခင်ဗျားတို့ လယ်သမားတွေကို မထိန်းဘူးလား" မေးတော့-
"ထိန်းတာပဲ၊ ပြောလို့မရ၊ တားလို့မရ ဖြစ်သွားတယ်" လို့ သခင်ချစ်မောင်က ပြန်ပြောတယ်။
"ဗိုလ်မှူးအောင်ကတော့ ဘာမှ ဝင်မပြောဘူး။ ပြုံးနေတာပဲ၊ သူတို့ မျက်နှာပူတယ် ထင်ပါရဲ့၊ ကြာကြာမနေ၊ နှုတ်ဆက်ပြီး ပြန်သွားကြတယ်" ဟု ဆရာ သခင်တင်မြက ရေးခဲ့ပါတယ်။
ဖြစ်ရပ်အမှန်ကို သခင်တင်မြကပဲ ရှင်းပြပုံ
လေးငါးလကြာတော့ သတင်းစာ တစ်စောင်မှာ ဒီကိစ္စသတင်း ပါလာပြန်တယ်။ ဝန်ကြီး သခင်တင် တိုင်းခန်း လှည့်လည်ရာမှာ မင်းလှမြို့အရောက် ဗိုလ်ထဲမှာ တည်းခိုနေတုန်း ပြည်သူ့ရဲဘော် ဗိုလ်ချင်းက အရပ်ပျက် မကျင်စိန်ကို ဗိုလ်တဲကို လွှတ်ပေးတယ်။ သခင်တင်က ဖျားနေလို့ မကျင်စိန်နဲ့ မအိပ်နိုင်။ အိပ်သူက ဝန်ကြီး အပါးတော်မြဲတဲ့။ ဒါပေမယ့် ဗိုလ်ချင်းက ဆိုရှယ်လစ်တွေကို အမြင်ကတ်သူ ဖြစ်တော့ မကျင်စိန်နဲ့ အပျော် အိပ်သူက သခင်တင်လို့ သတင်းစာတိုက် တွေကို သတင်း ပို့လိုက်တာ။ ဒါနဲ့ပဲ မကျင်စိန်နဲ့ မီးခွက်မှုတ်သူ သခင်တင် လို့ သတင်းစာတွေမှာ သတင်းပါတယ်။
သခင်တင်က ဒီကိစ္စမှာ အချောင် နာမည်ပျက်ရပေမယ့် သူဟာ ဒါမျိုး လုပ်လေ့ရှိသူ အဖြစ် သိနေတဲ့ ဓာတ်သိတွေကတော့ သူ့အတွက် အဖြစ်က နည်းတောင် နည်းသေးတယ်လို့ ထင်ပါတယ်။ သတင်းစာတိုက်တွေကို လူအုပ်နဲ့ သွားဖျက်ကြတဲ့ သခင်ချစ်မောင် (ဝိဓူရ)နဲ့ သခင်လှကြွေတို့က ကြားက လူထုချဉ်ဖတ်အဖြစ် ငဝက်က ဒဏ်ခံရတာပါလို့ ဆရာကြီး သခင် တင်မြရဲ့ ရှင်းလင်းချက်ကို ဘုံဘဝမှာဖြင့် ထပ်ကြပ်မကွာ ၂၀၀၇ စာအုပ်မှာ မှတ်ချက်ပြုထားပါတယ်။
သခင်တင်ရဲ့ ကောလာဟလ မဟုတ်တာ သေချာပြီ။ ဒါပေမဲ့ သခင်တင်ကို ၁၉၆၀ ခု ရွေးကောက်ပွဲအထိ ဒီ မီးခွက်မှုတ် အရိပ်ကြီးက ထိုးနေတယ်။ မဲဆန္ဒရှင်များက နားစွန်နားဖျား သတင်းတွေကို ပုံကြီးချဲ့ ပြောတုန်းပဲ။ သခင်တင်ကို မီးခွက်မှုတ်၊ ခွက်မှောက်လို့ အရပ်ထဲမှာ ပြောလို့ ကောင်းတုန်းပဲ။ သခင်ချစ်မောင်နဲ့ သခင်လှကြွေ တို့လည်း နောင်အခါ ဆိုရှယ်လစ် ပါတီမှ ခွဲထွက်ပြီး လက်ဝဲ အစွန်းရောက်တဲ့ ဆိုရှယ်နီတွေ ဖြစ်လာကြတယ်။ ပမညတ အဖွဲ့ချုပ် ထူထောင်ပြီး ဖဆပလ အစိုးရကို အတိုက်အခံ ပြုကြတယ်။ ဒါကြောင့် နိုင်ငံရေး နယ်ပယ် ဝင်ရောက်ကြမယ့် မျိုးဆက်သစ်တွေဟာ မိမိဘဝမှာ ဘာအစွန်းအထင်းမှ မရှိအောင် နေထိုင်တတ်ပါမှ တော်ရုံကျမယ်။
မိုးမြင့်ဝင်း (သိပ္ပံနှင့်နည်းပညာ)
0 comments:
Post a Comment