Monday, January 30, 2012

ဖတ်မိသော စာများ (ဇန် ၂၃-၂၇)

by Padauk Myay on Monday, January 30, 2012 at 2:27pm
 
(အရင်တုန်းကတော့ ပြည်တွင်းထုတ် ဂျာနယ်များ ထဲက ကောင်းနိုးရာရာ ဆောင်းပါးများကို ပြန်ရိုက်ပြီး တင်ခဲ့ပါတယ်။ အခုတော့ အပြောင်း အလဲတွေက မြန်လွန်းတော့ ဂျာနယ်တွေ ထဲက စိတ်ဝင်စားစရာလေး တစ်ခုတွေ့လို့ ကူးပြီး တင်မယ် လုပ်လိုက်၊ နောက်တစ်ခု တွေ့လိုက်နဲ့ မဆုံးတော့ပါဘူး။ ဒါ့ကြောင့် ဖတ်မိတဲ့ အထဲက ကောင်းနိုး ရာရာတွေကို အကျဉ်းချုပ်လေး ရေးမယ်၊ အပြည့်အစုံ တင်သင့်တာကို ရိုက်ပြီး တင်မယ်ဆိုပြီး အခုပုံစံ စမ်းပြီး လုပ်ကြည့်တာပါ။)

သမ္မတရဲ့ သ၀ဏ်လွှာ
ဇန်န၀ါရီလ ၂၆ ရက်နဲ့မှာ ပြန်ပြီး ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးကို သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီ သ၀ဏ်လွှာမှာ အရေးကြီးတဲ့ အချက်တွေကို အခုလို တွေ့ပါတယ်။

တစ်။ ထာဝရ ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ နဲ့ ဆွေးနွေးရာမှာ ခြောက်ဖွဲ့နဲ့ အခြေခံ သဘော တူညီချက်တွေ လက်မှတ်ထိုးပြီး ဖြစ်တယ်၊ နောက်ထပ် ငါးဖွဲ့နဲ့လဲ ဆက်လက် ညှိနှိုင်းနေတယ်။
နှစ်။ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် သဘောထား မတူတာတွေကို ထားပြီး တူတဲ့ အချက်တွေကို ပူးပေါင်း ဆောင်ရွက်ပြီး အားလုံး ပါဝင်နိုင်အောင် လုပ်ပေးခဲ့တယ်၊ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပ ရောက်နေတဲ့ နိုင်ငံသားတွေ ကိုလဲ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများမှာ ပါဝင်နိုင်အောင် ဖိတ်ခေါ်ခဲ့တယ်။ ဒါ့ကြောင့် ပြည်တွင်း နိုင်ငံရေး တည်ငြိမ်လာပြီ။
သုံး။       နိုင်ငံရေး အပြင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာလဲ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့တဲ့ အတွက် နိုင်ငံတကာနဲ့ ဆက်ဆံရေးလဲ ကောင်းမွန် လာပြီ ဖြစ်တယ်။
လေး။     ပြီးခဲ့တဲ့ လွှတ်တော် ကာလများမှာ ဥပဒေ(၁၅) ခုကို အသစ် ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ခဲ့တယ်။ အစိုးရ အဖွဲ့ရဲ့ ဥပဒေရေးရာ ပြုပြင် ပြောင်းလဲမှုများကို ပြည်ထောင်စု လွှတ်တော်က ထောက်ခံ ခဲ့တဲ့အတွက် ကျေးဇူး တင်တယ်။
ငါး။        မိမိတို့ နိုင်ငံဟာ ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ နှစ်ပေါင်း လေးဆယ်ကျော် ကင်းကွာခဲ့တဲ့ အတွက် လွှတ်တော်တွေ ပေါ်ပေါက် လာချိန်မှာ လုပ်ထုံး လုပ်နည်းများနဲ့ ပတ်သက်ပြီး ခက်ခက်ခဲခဲ ရှာဖွေ ကျင့်သုံးခဲ့ရတယ်။ ဒါပေမယ့် လွှတ်တော် ဥက္ကဌများရဲ့ ဦးဆောင်မှုနဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ဥပဒေ ရေးရာများကို အောင်မြင်စွာ ဆောင်ရွက်နိုင်တဲ့ အတွက် ဂုဏ်ယူပါတယ်။
ခြောက်။ အခု အစည်းအဝေး မှာလည်း နိုင်ငံနဲ့ ပြည်သူတွေ အတွက် အဓိက အရေးကြီးတဲ့ ဥပဒေရေးရာ ကိစ္စများ၊ မူဝါဒ ဆိုင်ရာများနဲ့ ပြည်ထောင်စု ရေးရာ ကိစ္စများကို ပိုအလေးထား ဆောင်ရွက် သွားလိမ့်မယ်လို့ ယုံကြည်တယ်။
ခုနှစ်။     ပြည်ထောင်စု အစိုးရအဖွဲ့ အနေနဲ့ ပြည်ထောင်စု လွှတ်တော်နဲ့ ပူးပေါင်းပြီး ဒီမိုကရေစီ နိုင်ငံတော် ပေါ်ပေါက်ရေး အတွက် ဆောင်ရွက် သွားမယ်။
ဒီသဝဏ်လွှာမှာ ထူးခြားတဲ့ အကြောင်းအရာတွေ သိပ်မပါပေမယ့် အနက် အဓိပ္ပါယ် အတော် ရှိပါတယ်။ ပထမ တစ်ခုက အစိုးရအဖွဲ့ အနေနဲ့ လွှတ်တော် အစည်းအဝေးတိုင်းကို အလေးအနက် ပြုပြီး  သ၀ဏ်လွှာ ပို့ခြင်း၊ တက်ရောက် စကား ပြောခြင်း ဆိုတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒါဟာ ဥပဒေပြု အဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ အကြား အပြန်အလှန် လေးစားမှု ဖြစ်ပြီး ဒီမိုကရေစီ စနစ် ခိုင်မြဲဖို့ အတွက် အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်
ဒုတိယ အရေးကြီးတဲ့ အချက်ကတော့ သမ္မတက ပြည်ထောင်စု လွှတ်တော်ကို ပြည်ထောင်စု ရေးရာ ကိစ္စများကို အလေးထား လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစည်းအဝေး တုန်းက လွှတ်တော် ကိုယ်စားလှယ်များရဲ့ မေးခွန်း အများစုဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့်မှာ မေးမြန်းရမယ့် ကိစ္စများ ဖြစ်နေတာကို တွေ့ရပါတယ်။ ပြင်ပက လေ့လာသူများ ကလည်း ဒီကိစ္စကို အတော် ပြောခဲ့ကြပါတယ်။ သမ္မတ အနေနဲ့လည်း ဒီကိစ္စကို သတိပြုမိပြီး လွှတ်တော် လုပ်ငန်းတွေ အတွေ့အကြုံ ရှိလာတာနဲ့ အမျှ ပြည်ထောင်စုနဲ့ ဆိုင်တဲ့ ကိစ္စများကိုသာ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးကြဖို့ သွယ်ဝိုက် တိုက်တွန်းခဲ့တာ ဖြစ်နိုင်ပါတယ်။

ပြည်ခိုင်ဖြိုး မိန့်ခွန်း
ပြည်ခိုင်ဖြိုး ပါတီက ဇန်နဝါရီလ ၂၁ ရက်နေ့မှာ အထူး အစည်းအဝေး ကျင်းပပါတယ်။ ပိုထူးခြားတာ ကတော့ အဲဒီ အစည်း အဝေးမှာ ဒုဥက္ကဌ သူရဦးရွှေမန်း ပြောကြားတဲ့ မိန့်ခွန်းကို ပြည်တွင်းဂျာနယ် တစ်စောင်ဖြစ်တဲ့ မောနီတာ ဂျာနယ်မှာ အပြည့်အစုံ ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒီအထဲက အရေးကြီးတဲ့ အချက်တွေကတော့
တစ်။      ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလိုပဲ အနိုင်ရအောင် စည်းစည်း လုံးလုံး၊ ညီညီညွတ်ညွတ်၊ စည်းကမ်းရှိရှိနဲ့ ဆက်ပြီး ကြိုးစားရမယ်။
နှစ်။       အစိုးရ အဖွဲ့ဟာ ပါတီရဲ့ အစိုးရအဖွဲ့ ဖြစ်တဲ့ အတွက်ကြောင့် အမျိုးသား စီမံကိန်းများ အောင်မြင်အောင် ဆက်ပြီး ဝန်းရံသွားမယ်။ နိုင်ငံသားများရဲ့ မူလ အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးများ ရရှိရေး အတွက်လည်း ပါတီက ဆောင်ရွက် သွားမယ်။
သုံး။       ကြားဖြတ် ရွေးကောက်ပွဲမှာ တရားသဖြင့် ယှဉ်ပြိုင်ပြီး နိုင်အောင် ကြိုးစားသွားမယ်။ တစ်ခြားပါတီတွေ နိုင်သွား ရင်လည်း ဂုဏ်ပြုဖို့ ဝန်မလေးဘူး။
လေး။     ဒီမိုကရေစီဟာ ပြောရုံသက်သက် မဟုတ်ဘဲ ပြုမူ ဆောင်ရွက်မှုနဲ့ တွဲဘက်မှ ပြည့်စုံတယ်။ ဒါ့ကြောင့် ပေါ်ပြူလာ ဖြစ်အောင် ပြောနေပြီး တိုင်းပြည် အတွက်၊ ပြည်သူအတွက် အလုပ် မလုပ်နိုင်ဘူး ဆိုရင် အချိန်ဆိုတဲ့ တရားသူကြီးက ဆုံးဖြတ် အပြစ် ပေးသွားလိမ့်မယ်။
ငါး။        ပြည်သူကို အနိုင်ကျင့်တဲ့၊ စော်ကားတဲ့၊ စည်းကမ်းပျက်တဲ့ ပါတီဝင်တွေ အတွက် ပါတီအတွင်းမှာ နေရာမရှိဘူး။ အဲဒီလိုပဲ ပါတီတွင်း ဒီမိုကရေစီ ဖော်ဆောင်မှုကို အနှောင့်အယှက် ဖြစ်စေတဲ့ သူတွေကိုလည်း ပါတီဝင်တွေက ဒဏ်ခတ်လိမ့်မယ်။
ဒီမိန့်ခွန်း အရတော့ အရင်တုန်းက ဗဟိုဦးစီးစနစ်နဲ့ ဖွဲ့စည်းခဲ့တဲ့ ပြည်ခိုင်ဖြိုး ပါတီဟာ ပါတီတွင်း ဒီမိုကရေစီ ရှိတဲ့ ဒီမိုကရေစီ ပါတီ အသွင်အဖြစ်ကို စတင် ကူးပြောင်းနေပြီ ဆိုတာ တွေ့နိုင်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ အရှုံး အနိုင်တွေ ထွက်လာတဲ့ အခါကျရင်တော့ ပြည်ခိုင်ဖြိုး ပါတီအတွင်းမှာ နောက်ထပ် အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ထင်ရပါတယ်။

ဇွဲနေ၀င်းစကားများ
သတင်းလိုက်ကောင်း၊ အဖွကောင်းတဲ့ မြတ်ခိုင်က အဲဒီ မော်နီတာ ဂျာနယ်မှာပဲ အကျဉ်းကျ ခံနေရာကနေ ပြန်လွတ်လာတဲ့ ဦးနေဝင်းမြေး ဇွဲနေ၀င်းနဲ့ အင်တာဗျူး လုပ်ထားပါတယ်။ အဲဒီ အင်တာဗျူး မှာတော့ ရင့်ကျက်လာပြီ ဖြစ်တဲ့ ဇွဲနေဝင်းက မေးခွန်းတွေကို လိမ်လိမ် မာမာလေး ဖြေသွားတာ တွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ပတ်သက်ပြီး တစ်ချို့လူတွေက သမ္မတ လုပ်တာကို အေးတယ်၊ အားမရဘူးလို့ ပြောနေကြပေမယ့် သူ့အနေနဲ့ ဆိုရင် ဒီလိုလူမျိုး အရ နောက်ကျလေခြင်း ဆိုပြီး အားမရတာပဲ ရှိတယ်၊ သူလို လူမျိုးကိုသာ အစောကြီးထဲက ခေါင်းဆောင် ဖြစ်နေမယ် ဆိုရင် အခုလို သိမ်သိမ်မွေ့မွေ့ လုပ်သွားတာကြောင့် အားလုံး တစ်ချိန်တည်း ပါလာခဲ့မှာလို့ ပြောသွားပါတယ်။
သူတို့ အရေးယူ ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးတဲ့ အခါမှာတော့ အဲဒီအချိန်တုန်းက အစိုးရိမ်လွန်ပြီး နားလည်မှု လွဲမှား ခဲ့ကြတာပါလို့ ပြောပါတယ်။ အဲဒီလို အရေးယူ ခံရတဲ့အတွက် ဘာပြောချင်သလဲလို့ မေးတဲ့အခါမှာတော့ ဟိုဘဝတုန်းက သူဘာတွေ လုပ်ခဲ့တယ် ဆိုတာ မသိနိုင်ဘူး။ ဒါ့ကြောင့် နာကြဉ်းတာ၊ ကြေကွဲတာ မရှိပါဘူး။ အဖိုး ဗိုလ်ချုပ်ကြီး နေဝင်း ပြောသလို နာစရာရှိရင် လွမ်းစရာနဲ့ ဖြေရပါမယ်လို့ ပြောသွားပါတယ်။
အဖိုးဖြစ်သူ ဦးနေဝင်းနဲ့ ပတ်သက်ပြီး မေးတဲ့ အခါမှာတော့ ဦးနေဝင်းကို တစ်ချို့က တစ်ဖက်စွန်း ရောက်ပြီး အရမ်း ကြည်ညိုကြတယ်။ တစ်ချို့ကတော့ အမှန်တရားနဲ့ လုံးဝ ကင်းကွာပြီး အပြစ်တွေပဲ မြင်နေကြတယ်။ အစွန်း နှစ်ဖက်လုံးက အနယ်ထိုင် သွားမယ် ဆိုရင်တော့ ဦးနေဝင်း တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံပြီး လုပ်ခဲ့တာတွေ ရှိတယ် ဆိုတာ အမှန်တိုင်း မြင်လာကြမယ်လို့ ထင်ကြောင်း ပြောသွားပါတယ်။ နောက်မေးခွန်း တစ်ခုမှာလည်း ဦးနေဝင်းဟာ တိုင်းပြည် ဒုက္ခရောက် တော့မယ်လို့ ထင်တဲ့အတွက် သူလုပ်သင့်တာကို လုပ်ခဲ့တယ်။ အစထဲက လိုရင် ပြင်မယ်လို့ ပြောခဲ့တယ်၊ သူဟာ တစ်ယူသန် မဟုတ်ပါဘူးလို့ ပြောသွားပါတယ်။
နိုင်ငံရေး ဆက်လုပ်မလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အစထဲက နိုင်ငံရေး လောကထဲမှာ နေလာတာ မဟုတ်တဲ့ အတွက် နိုင်ငံရေး မလုပ်ပါဘူး။ ဒါပေမယ့် တိုင်းပြည်ကို တစ်ခြားနိုင်ငံက ကျူးကျော်လာရင်၊ ပြည်နယ်တွေ ခွဲထွက်ပြီး ပြည်ထောင်စု ပြိုကွဲတော့မယ် ဆိုရင်၊ ဗုဒ္ဓဘာသာကို ညှိးငယ်အောင် လုပ်ရင်၊ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်၊ တပ်မတော်ကို စော်ကားတာမျိုး လုပ်ရင်တော့ နိုင်ငံသားတိုင်း ကာကွယ်ဖို့ တာဝန် ရှိတယ်လို့ ခံယူပြီး ဝင်လုပ်မယ်လို့ ပြောသွားပါတယ်။
သံဝေဂ စကားအဖြစ် ကတော့ ဟိုတစ်ချိန်တုန်းက မိတ်ဆွေ အပေါင်း အသင်းတွေကို ကိုယ့်အနားမှာ တစ်ခုခု လိုချင်လို့သာ လာနေတယ်လို့ ထင်ခဲ့ဖူးတယ်၊ သူတို့ကိစ္စ ဖြစ်ပြီးတော့မှာ ကိုယ့်အပေါ်မှာ တကယ်ကောင်းတဲ့ မိတ်ဆွေတွေ ရှိပါလား ဆိုတာ သိရတဲ့ အတွက် သံသယ ဝင်ခဲ့တာ တွေကို တောင်းပန်ချင်ပါတယ်လို့ ပြောသွားပါတယ်။
နောက်ထပ် သတိပြုမိတဲ့ သတင်းလေး တစ်ခုကတော့ မသန်ပေမယ့် အစွမ်းထက်လှတဲ့ ကျောင်းသူလေး စုပုံချစ်က ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို သွားကန်တော့တဲ့ သတင်းနဲ့ အမွှာညီအမ အေးအေးငြိမ်း၊ အိအိငြိမ်းက ဦးခင်ညွန့် ရွှေတိဂုံဘုရား ရောက်ချိန်ကို စောင့်ပြီး ကန်တော့ခဲ့တယ် ဆိုတဲ့ သတင်းပါပဲ။ ဦးခင်ညွန့် ခေတ်ကောင်းတုန်းက ပညာရေး၊ ကျန်းမာရေး၊ သာသနာရေး စတဲ့ လူမှုရေး ကဏ္ဍတွေမှာ အကူအညီပေးခဲ့၊ ဖြည့်ဆည်း ပေးခဲ့တာတွေ ရှိပါတယ်။ သူဆိုးခဲ့တာတွေ၊ မှားခဲ့တာတွေကို ပြောဖို့ သင်ခန်းစာယူဖို့ လိုသလို ကောင်းတာလေး တွေလည်း အသိအမှတ်ပြုဖို့ လိုပါတယ်။ အဲဒီအချိန်မှာ ဒီသမီးငယ် သုံးဦးရဲ့ ကျေးဇူး တုန့်ပြန်မှု ကတော့ မင်္ဂလာ တရားတော်နဲ့ အညီဖြစ်လို့ စံနမူနာ ယူစရာ ပါပဲလို့ ဆိုချင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...