Monday, January 30, 2012

ဘယ်ဘက်အခြမ်းက ဆွဲအားဟာ သိပ်ကိုကြောက်ဖို့ကောင်းတယ် ကိုသံခဲ ။

by Yeyint Kyaw on Monday, January 30, 2012 at 7:51pm


အစားထိုးထားတဲ့ တစ်ဖက်ကမ်းမှာ ကျွန်မဟာ ဗီလိန်၊
ပျော်ပျော်ရွှင်ရွှင်နဲ့ ပျော်ရွှင်နေကြတဲ့ လူတစ်စုကြားမှာ
ကျွန်မဟာဖိနပ်ကြားမှာကပ်ငြိနေတဲ့ ဖုန်မှူန့်တစ်စလို
ဒီလိုနဲ့ ကျည်တစ်တောင့်ကို ပထမဦးဆုံးဝါးမြိုမိသွားတယ်။


ယေဘုယဆန်တဲ့ကိုက်ခဲမှုတွေ စိတ်သွားတိုင်းကိုယ်မပါရင်
ပြောကွယ်၊မွေးဖွားဖို့အတွက်သေဆုံးတာတွေ သေဆုံးဖို့အတွက်
မွေးဖွားတာတွေဟာ ဘာတစ်ခုမှ အသုံးမ၀င်ဘူး၊ပက်ပက်စက်စက်
ပစ်ချခံလိုက်ရတယ်၊ ဘယ်ဟိုတည်မှာစောင့်နေမယ်ဆိုတဲ့အကြောင်း
Callပါ။




လူတွေကိုမုန်းတီးပေမယ့် ကျွန်မကိုလဲ မုန်းတီးကြတယ်၊
ယောင်္ကျားနှစ်ယောက်ယူတဲ့မိန်းမနဲ့ မိန်းမနှစ်ယောက်ယူတဲ့ယောင်္ကျား
ကျေးဇူးပြု၍ ကျွန်မကို ပျော်ရွှင်စေပါ၊ဘယ်သူသိအောင် ဘယ်သူကမှ
လိုက်ကာမဖွင့်ပြကြတော့ဘူး၊ဘုရားသခင်ကို ကြောက်လန့်စေအောင်
ဖန်တီးထားကြတဲ့ခေတ်မှာ ကျွန်မဟာ ဗီလိန်ကဗီလိန်ပဲ။


မှောင်ပြီဆို နေစရာနေရာမရှိအောင် အပြေးအလွှားပုန်းအောင်နေရတဲ့ဘ၀ကို
ချစ်နေရအုံးမှာလား၊ပေါ်ပင်ဆန်တဲ့ ဖန်တီးမှုတွေနဲ့ ပျက်ယွင်းလာတဲ့
အနုပညာဖန်တီးမှုတွေကြားမှာ ကျွန်မဟာ ဗီလိန်ထက်ပိုသာတဲ့ ဘ၀ကို
မရရှိသေးဘူး ကိုသံခဲ။


Alc 43% ပါဝင်တဲ့အရည်တွေဟာကျွန်မဘ၀ကို အမြဲလိုကယ်တင်တယ်၊
ရှူတင်ကအပြန်လမ်းဟာ အမြဲလိုမှောင်နေတုန်း တန်းလန်း၊
လိန်ဖယ်လိန်ဖယ် လျှောက်လမ်းတွေပဲ၊ဘယ်သူနဲ့ ဘယ်လိုအိပ်ခဲ့ရကြောင်းတွေကို
Alc 43% နဲ့ဖုံးဖုံးရတဲ့ကျွန်မဘ၀ဟာ သမရိုးကျဖြစ်စဉ်ထက် ညစ်နွမ်းမှုတွေ
ပေးစွမ်းတယ်လို့ သတ်မှတ်ရင်ရမလား ကိုသံခဲ။


ကျွန်မကို မုန်းပါ ဝေးဝေးမှာပဲနေပါ ကိုသံခဲ၊ အခြေအနေဟာဖန်တီးလုပ်ယူလို့
မရလောက်အောင် ခိုင်ခိုင်မြဲတုတ်လှောင်ထားခြင်းခံနေရ၊အခန်းထဲ ၀င်ဝင်ခြင်း
မမြင်မတွေ့ချင်တဲ့ မျက်လုံးအစုံကို ကိုက်ဖြတ်ချင်နေတာ ဘယ်တန်ခိုးရှင်က
ဘယ်သူ့ဘ၀ကို ဘယ်လိုပုံစံတွေဖြစ်အောင် ဖန်တီးခဲ့သလဲ
ဟင်အင်းးးးးး
ကျွန်မဟာ အမြဲတမ်းရှူံးနိမ့်သူတစ်ယောက်ဖြစ်တယ်၊မီးချောင်းက မှိန်မှိန်လေးလဲ
ထွန်းထားတယ်၊


 အားးးးးးးးးးးးးးး


4လက်မအထူရှိတဲ့ Alc43% ဟာ 100%ပြည့်ဝစွာ အတားအစီးမရှိ၊
ဖြစ်ချင်တိုင်း ဖြစ်နေသလိုပဲ နောက်တစ်ခွက် . . .နောက်တစ်ခွက်
....၊ထုံကျဉ်နေလေတဲ့ ခန္ဓာကိုယ်နှစ်ခုဟာ ပူးကပ်စပြုနေပြီဆိုတာ
ကျွန်မနောက်ဆုံး သတိထားမိလိုက်ခြင်းပဲ။


မနက်ဖြန်ဟာ တကယ်မလာတော့ပါဘူးလို့ဆုံးဖြတ်ချက်ချရုံနဲ့
မဖြစ်နိုင်ဘူးမဟုတ်လား ငေးမောကြည့်နေရုံနဲ့လိုအင်မပြည့်ဝနိုင်တဲ့
ဆန္ဒတွေကြောင့် အောင်မြင်ကျော်ကြားနေသူတွေအတွက် ကျွန်မမှာ
အချိန်မကြည့်တော့ဘူး ကိုသံခဲ၊နောက်နားမှာ အမြဲရပ်နေတယ်မဟုတ်လား
ထိုအကြောင်းဟာ ကားအကောင်းစားကြီးစီချင်တဲ့ မောင်လေးကြောင့်မဟုတ်ဘူး
နောက်ဆုံးပေါ် ဖုန်းကိုင်ချင်တဲ့ ညီမလေးကြောင့်မဟုတ်ဘူး။


ရိုးရှင်းသောလူနေမှု အဆင့်အတန်းတစ်ခုကို ဖြတ်ကျော်ဖို့ ခန္ဓာကိုယ်ဟာ
အကောင်းဆုံး လက်နက်ပဲ၊ငြင်းပါ ကိုသံခဲရဲ့ အငြင်းဝါကျဟာ
ကျွန်မကို ပြောင်းလဲစေမှာမဟုတ်တဲ့အတွက် ငြင်းပါ၊ကျွန်မအတွက်
အချစ်ဆိုတာ မီးခြစ်တစ်လုံးလောက်တောင် ဘယ်တုန်းကမှ အရေးမပါခဲ့ဘူး၊
ချွေးစေးတွေနဲ့ တဏှာဆီတွေဝင်းထိန်နေတဲ့ မျက်နှာနားကို နီးကပ်စေပြီး
ထောက်...ကနဲခြစ်လိုက်တဲ့ ဂတ်စ့်မီးခြစ်ကနေထွက်ပေါ်လာတဲ့ မီးတောက်ဟာ
စားဝတ်နေရေးအတွက် ပြေလည်စေမယ့် ပထမဦးဆုံးအဆင့်ပဲ ဖြစ်။


ကိုသံခဲကို ကျွန်မ မချစ်ဘူး၊အချစ်ဆိုတာ ရေခဲတုံးပဲ၊အချစ်ဆိုတာ
ပါရမီကားပဲ၊အချစ်ဆိုတာ မဲ့ရွဲ့ခြင်းပဲ၊အချစ်ဆိုတာ အစာပြေစားတတ်တဲ့
ပဲပလာတာပဲ၊အချစ်ဆိုတာ အိမ်နဲ့ရှူတင်ပဲ၊အချစ်ဆိုတာ ဟိုတည်အခန်းနံပါတ်
ဘယ်လောက် ဘယ်လောက်ပဲ၊အချစ်ဆိုတာ....အချစ်ဆိုတာ ဒါတွေပဲ၊
ကိုသံခဲကို ကျွန်မ မချစ်တဲ့အကြောင်း ဒီထက်ပိုနားလည်အောင်ပြောပြချင်နေသေးတယ်။


မိုက်ရူးရဲဆန်ပေမယ့် ဘယ်သူကမှ အသိဥာဏ်ကိုမနှောက်ယှက်ကြဘူး၊
လူသိအောင် ကျွန်မပုန်းအောင်နေရတာများနေပြီ၊ကျေးဇူးပြု၍ ကျွန်မဘ၀ကို
လက်ခုပ်တီးပေးကြပါ၊နံရံကို ကျောကပ်ထားတယ် ကိုသံခဲ၊ရှေ့နားလေးစီက
သံတိုင်တွေကို မုန်းတယ်၊တားမြစ်နယ်ထဲကနေခေါ်ပါ၊ကျွန်မအရေပြားဟာ
လူမသိသူမသိ ကြမ်းတမ်းနေပြီဆိုတာ၊ အို....ဘာဖြစ်ဖြစ် အဆင်ပြေသတဲ့လား၊
ပျော်ရွှင်နေလေတဲ့ချစ်သူ စုံတွဲတွေဟာ ကျွန်မအတွက် အကြီးမားဆုံး ရန်သူတွေပဲ၊
လူတွေကို တဖြည်းဖြည်းမုန်းတီးတတ်လာတာလဲ ကျွန်မရဲ့ အကြီးမားဆုံး အားနည်းချက်ပဲ၊
ပြင်ဆင်သမျှအရာအားလုံးဟာ ဖြစ်မလာပါဘူး။


လူသိအောင်ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ရတဲ့အတွက် လူတွေကို မုန်းတယ်၊
ပုခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက်သတဲ့လား ..အဟတ်၊ကြေကွဲစရာပဲကိုသံခဲ၊
တစ်ခုခုဆို ကျွန်မတို့ဟာ အမြဲလို ခေါင်းမာတတ်ကြတယ်၊လူတွေဟာ
အသိဥာဏ်ကို မျက်ဝါးထင်ထင်မကိုင်တွယ်ဖူးကြပါဘူး၊၀ိုးတိုးဝါးတားနဲ့
အကောင်မြင်တိုင်း အရိပ်ကိုပြေးပြေးရှာတတ်တာလူတွေမှာပဲ ရှိတယ်၊


ဗီလိန်တွေကို လူတွေချစ်လာတဲ့တစ်နေ့ ကျွန်မဒီလောကထဲကနေ
ထွက်ခွာသွားတော့မယ်၊ကျွန်မတို့လိုလူတွေကြောင့် ဗီလိန်တွေပေါ်ပေါက်လာခြင်းပဲဖြစ်၊
ငရဲရှိကြောင်း ပြောဆိုခဲ့တဲ့မိဘတွေကို ကျွန်မမုန်းတယ်၊Alc43%ဟာ ကျွန်မဘ၀ရဲ့
ကယ်တင်ရှင်ပဲ၊ငရဲကို ယုံကြည်မှုပျက်ပြားအောင် သူကလုပ်ဆောင်ပေးနိုင်တယ်၊
ခဏလေးပဲဖြစ်ဖြစ် ကိုသံခဲ ကျွန်မရှေ့ကို ရောက်မလာပါစေနဲ့၊ကျွန်မတို့ တူတူဝေးဝေးပြေးကြမယ်၊
ဘယ်သူမှမရှိတဲ့အရပ်မှာ ကျွန်မတို့ နှစ်ယောက်ရှိမယ်ဆိုရင် ဘယ်သူမှမရှိတဲ့အရပ်ဆိုတာ
မရှိနိုင်တော့ဘူးမဟုတ်လား။


ကျွန်မဘ၀ကို ဘယ်ဘုရားသခင်ကမှမကယ်တင်တဲ့အတွက် ကျွန်မကလဲ
ဘယ်ငရဲကိုမှ အယုံအကြည်မရှိတော့ဘူး၊ကျွန်မ တစ်ခုခုကို ရူးသွပ်နေပါရစေ၊
ကျွန်မAlc43%တွေသောက်ပါရစေ၊ကျွန်မ မပျော်ရွှင်တဲ့အရပ်မှာပဲနေပါရစေ၊
ကိုသံခဲကို မချစ်အောင် ကိုသံခဲကလဲ ကျွန်မကို မချစ်ပါနဲ့၊အဲ့လိုလဲမဟုတ်ပြန်ဘူး။


ပျင်းရိခြင်းရဲ့ရလဒ်ဟာတူညီနေရင်အမှန်အတိုင်းမပြောဆိုရဲ့တဲ့
ဒါမှမဟုတ်ရင့်သီးတဲ့လွှမ်းခြုံမှုတွေနဲ့ကျွန်မဘ၀ကိုကယ်တင်ပါ။






ဇာတိ(ဖျာပုံ)
2012
ညနေ ၆ နာရီ ၃၀ မိနစ်
zartipyapon@gmail.com
www.zartinaung.blogspot.com
www.fivethreeworld.net

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...