Wednesday, January 25, 2012

ကျွန်တော် သုံးတန်းကျောင်းသား (တိမ်များကို ပုံဖော်ကြည့်ခြင်း)

by Naing Htoo Aung on Thursday, January 26, 2012 at 11:52am
 
သုံးတန်းလောက်တုန်းကဖြစ်မည်...

ကျောင်းမှာစာသင်တဲ့ အချိန်လေးတွေထဲက အမှတ်ရစရာ ကိစ္စလေးတစ်ခု ခုတလော သတိရနေမိတယ်။ ငယ်ငယ်က အတန်းထဲ စာသင်တယ်ဆိုတာလေး အရင်ပြောပြချင်ပါတယ်။ တို့ဆရာမများ စာသင်တာ ဘာခက်လို့လဲ သူ့မှတ်စုထဲကစာကို အတန်းထဲက မော်နီတာကို ခေါ်ခိုင်း ကျန်တဲ့သူတွေက လိုက်ရေး... ပြီးတော့ နှစ်ခေါက်လောက်တိုင်ပေးလိုက်ရင် ပြီးတာပဲ။ စာခေါ်နေတုန်းလဲ အတန်းထဲရှိတာမဟုတ်ဘူး။ ဝေယျာဝစ္စ၊ ဗာရီယက များတယ်ထင်ပါရဲ့။ အတန်းကြီးတွေမှ မဟုတ်သေးတာပဲ စာခေါ်ပေးရင်း ရေးဖို့ဆိုတာ သုံးတန်းကျောင်းသားတွေအတွက် လွယ်တဲ့အလုပ်မဟုတ်ပါဘူး။
အဲဒိတော့ ဆရာမကစာအုပ်ကို အိမ်ယူသွားပြီး ကူးကြတာပေါ့လေ။ စာကူးတယ်ဆိုကတည်းက နောက်မရေးရ ပြီးတာပဲဆိုပြီး ကူးတာပေါ့ တို့မော်နီတာများ။ အဲတော့ သူ့စာအုပ်ထဲမှာက စာကအပြည့်ပဲ။

ကျွန်တော့ကိုက ကြီးလာမှ လူအမြင်ကပ်ကြတာဗျ။ ငယ်ငယ်က လူကောင်ကလဲ သေးသေးညှပ်ညှပ် စာကလဲ မဆိုးဘူးပြောလို့ရလောက်တဲ့ အခြေအနေဆိုတော့... ဆရာမတွေကလဲ ပစားပေးပါတယ်။ အဲတော့ ကျန်တဲ့သူတွေကလဲ အလျော့ပေးကြတာများပါတယ်... (အဲတာကြောင့် ခုများ အချိုးမပြေ ဖြစ်နေလားပဲ)။ အတန်းထဲ မော်နီတာ ဆိုတာက နှစ်ယောက်ရှိတာ ယောင်္ကျားလေး မော်နီတာရယ် မိန်းကလေး မော်နီတာရယ် ဆိုပြီတော့လေ...။ မော်နီတာဆိုတာက အတန်းထဲ ကြိမ်လုံးကိုင်ခွင့် ရှိတဲ့ဆရာ အသေးစားလေးတွေလေ။ အဲတော့ လူရှိန်အောင် လူကောင်ထွားထွားတွေပဲ ရွေးခန့်ကြတာများတယ်ဗျ။ အဲဒိနှစ်ယောက်ဆို ကျွန်တော့်အရပ်ရဲ့ တစ်ဆခွဲလောက်များ ရှိမလားပဲ... အဲလို။

လူဆိုတာက မတိမ်းမယိမ်းဆို သိပ်တည့်ချင်တာ မဟုတ်ဘူးလေ...(သုံးတန်းတုန်းက ပြောပါတယ်)။ ကိုယ်နဲ့ကျတော့ အတော့်ကွာတာကို ပြီးတော့ ဆရာမကလဲ ပစားပေးထားတော့ သူတို့က ချစ်ကြတယ်ဗျ... ကျုပ်ကိုလေ။ စာခေါ်တော့ သူတို့တွေက တစ်လှည်စီ ခေါ်ရတာပဲ။ အဲဒါနဲ့ သူတို့ စာခေါ်ပြီဆို သူတို့လွယ်အိတ်ထဲက စာအုပ်သွားနှိုက်တာပဲ ဘာမှကိုမပြောတာ။ တခြားသူဆို ကျောပြင်ကို ဗျောတင်ခံရမှာပေါ့။ အတန်းထဲ လက်စွဲတော် ကြိမ်လုံးအပ်ပြီး ဆရာမတွေက တခြားအရေးကြီးတာတွေ သွားလုပ်ကြတာပေါ့။ ဘာမှန်းမသိပါဘူး မေးလဲမမေးဘူး သိချင်စိတ်လဲ မရှိဘူးလေ။ ခုလိုများ စပ်စုတက်တဲ့ အကျင့်ရှိခဲ့ရင် အဲတုန်းကတည်းက အခွင့်အရေးတွေ လက်လွတ်လောက်တယ်။

အဲဒိတော့ စာကူးကြတာပေါ့။ ကျွန်တော်ရယ် အနီးအနားက အချွေအရံတွေရယ်။ ဟုတ်တယ်လေ ကိုယ့်ကိုအကြောင်းပြုပြီး သူတို့ကူးရတာပဲ...:D :D။ သူတို့ စာခေါ်တာထက် အများကြီးရှေ့ရောက်ပြီး ပြီးနေတာများပါတယ်။ မပြီးနေမလား ကျွန်တော်စာရေးရင် သူများတွေလောက်မှ ခက်ခက်ခဲခဲ ရေးရတာမှ မဟုတ်တာပဲလေ။ သိပ်လဲမြန်တာ... မြန်ဆို မူလတန်းတုန်းက ကျုပ်စာကိုဖတ်တက်တာ စုစုပေါင်းရယ်မှ သုံးယောက်နဲ့ တစ်ပိုင်းပဲရှိတာ။ ကျွန်တော်ကိုယ်တိုင်ရယ် အတန်းပိုင်ရယ် ကျူရှင်က ဆရာမလေးရယ် ပြီးတော့ တစ်ပိုင်းဆိုတာက ကျွန်တော့ အမေလေ...။ အမေကပြောတယ် သူရေးထားတာ သူ့ဘာသာဖတ်တော့ ဟုတ်နေတာပဲတဲ့... အဲလိုချီးကျုးတာ။ ပြောချင်တာက စာတွေ အစောကြီးပြီးတော့ လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတာကိုပါ။



အဲဒိလို အားပြီးတဲ့ အချိန်တွေထဲမှာမှ ဆောင်တွင်းဘက် နေ့လယ်ဖက်တွေဆို ကျွန်တော်တို့မှာ ထွေထွေထူးထူး လုပ်စရာတစ်ခုရှိတယ်ဗျ။ ကောင်းကင်ကြီးက ပြာတောက်နေပြီးတော့ တိမ်တွေကလဲ တိမ်တောင်လိုမျိုး အုပ်စုကြီးတွေ လာတာဗျ။ ဘာလုပ်သလဲဆိုတော့ အဲဒိတိမ်တွေကို ကြည့်ပြီးတော့ စိတ်ကူးထဲ အရုပ်တွေ ရေးတာပါပဲ။ တိမ်တွေက ဖြစ်ချင်တိုင်းဖြစ်နေတာလေ အဲတာကိုမှ ရှည်ရှည်လေးဆိုရင် နဂါပေါ့... ငှက်ကလေးနဲ့ တူရင် ငှက်ပေါ့...။ အကောင်တွေ ပလောင်တွေမှ စုံစိနေတာပဲ။ လူပုံတွေ နတ်ပုံတွေ အိမ်ပုံတွေ။ တစ်ခါတစ်လေဆို ဘုရားပုံ(စေတီပုံပြောတာပါ) တောင် တွေ့ရတက်သေးတယ်။ ခုနက ကိုယ်နဲ့အတူ စာပြီးတဲ့ သူတွေနဲ့ပေါ့လေ။ အပြိုင်အဆိုင်ပါပဲ... ကိုယ်တွေ့တာသူ့ကိုပြ သူကထောက်ခံ ဟုတ်တယ်ဟ။ သူတွေ့တာ ကိုယ့်ကိုပြ ကိုယ်ကလဲ အေးအေး ငါလဲတွေ့တယ်နဲ့ ပျော်တာပါပဲ။

ပြောရရင် ကလေးဆိုတာမျိုးက သိပ်ပြီးတော့ အရောင်ရောယှက်လွယ်တယ်ပြောရမလားပဲ။ နောက်ပြီးတော့ တူရာစုတက်တာလဲ ရှိမှာပေါ့။ တစ်တန်းလုံး လိုက်လုပ်တယ်လဲ မရှိပါဘူး။ အခွင့်အရေးဆိုတာမျိုးက လူတိုင်းတန်းတူ ရတာမျိုးမှမဟုတ်တာ။ ကြည့်မရတဲ့သူလဲ ရှိမှာပေါ့ အလကား အရူးတွေပါဆိုပြီးတော့လေ။ ခုခေတ် Facebook လိုမှ မျက်နှာဖုံးအုပ်ပြီး လိုက်ဆဲလို့ကလဲ မဖြစ်လေ။ ဆဲရင် အဆော်ခံရမှာပေါ့ ကိုယ်ကဦးအောင်ကို တိုင်ပြစ်လိုက်မှာ... ဘာရမလဲ။ နောက်ပြီးတော့ ကလေးတွေဆိုတာက သူများကိစ္စ စပ်စုလဲ ခဏပဲ ကိုယ်နဲ့မဆိုင်တဲ့ အလုပ်ဆိုတာ သိပ်စိတ်မဝင်စားတက်ဘူး သူတို့ပျော်ရဖို့က အရေးအကြီးဆုံးပဲ။ ရွဲတာတို့ အတင်းတုပ်တာတို့က အသက်ကြီးမှ တက်လာကြတာပါ။ Facebook သုံးတဲ့သူတွေဆို ပိုဆိုးသေး။ နောက်ပြီး ကိုယ်နဲ့ မဆိုင်တာ သိပ်စိတ်မဝင်စားကြပါဘူး။ ရပို့ကဒ်က အဆုံးအဖြတ်ပဲလေ ဒီထဲမှာလို တက်ယောင်ကား ဝင်ရွှီးပြီး ဆရာလိုလို သမားလိုလို ပုံမှားရိုက်လို့မှမရတာ။ အဆင့်နဲ့ပဲ ခွဲသွားတာပဲ တကယ်လုပ်မှ တကယ်ရမှာလေ (တကယ်ဆိုတာက စာချည်းတင် မဆိုလိုဘူးနော်)။

တိမ်တွေကို ကြည့်ပြီးတော့ အရုပ်တွေ ပုံတွေ မြင်တယ်ဆိုတာကလဲ ကိုယ်မြင်ဖူးတာတွေကို စိတ်ကူးနဲ့ ပုံဖော်ကြတာပါပဲ... အဲဒိတုန်းက ကြည့်ဖူးတဲ့ မြင်ဖူးတဲ့ ဟာတွေပဲ မြင်ရမှာပေါ့... Ban Ten လိုမျိုးတွေတော့ မမြင်ပေါင် ကိုယ်မှ မသိသေးတာပဲလေ။ ပါဝါရိမ်းဂျားတို့ လင်းနို့လူသားတို့တော့ တွေ့တာပေါ့။ လူမျက်နှာပုံပေါ်လဲ အဲတုန်းကသိတဲ့ ကျောင်းအုပ်တို့ ရပ်ကွတ်ထဲက အရူးကြီးတို့လောက်မြင်တာပေါ့။ အိုဘာမားတို့ ပြောင်ပြောင်တို့တော့ ဘယ်မြင်မလဲ။ အသဲပုံထက် ရေခဲမုန့်ပုံ ပိုမြင်တာပေါ့လေ။ တကယ်က တိမ်တွေကလဲ သူ့ဘာသာ ဖြစ်ချင်ရာ ဖြစ်နေတာပဲလေ။ အဲတာကိုပဲ ကိုယ်အသိဥာဏ်ရှိသလောက်လေးနဲ့ ဒါထင်တယ် ဟိုဟာထင်တယ် ပြောကြတာပါပဲ။ အချင်းချင်းကလဲ ဟုတ်တယ်ကွနဲ့ ပြီးတာပါပဲ။ ပြောရရင်တော့ ကိုယ်နဲ့ ဆိုင်ပေမယ့် တကယ်တမ်း ဘာမှ မဆိုင်တဲ့ ကိစ္စလေးတစ်ခုကို အသိလေး မရှိတရှိနဲ့ လိုက်ပြီးတော့ ပုံဖော်ယူပြီး ပြောနေ ဟောနေတာပါပဲ။

ကလေးတွေဆိုတော့ ဒီလိုမျိုးက ပြောတာကို လက်ခံနိုင်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် ဆရာတစ်ယောက်ယောက်က တွေ့သွားရင် အရေးကြီးတာမလုပ်ပဲ အပိုတွေ လုပ်နေတယ်လို့ မှတ်ချက်ပေးမှာပါပဲ။ ပါးစပ်ကနေပဲဆို တော်သေးရဲ့ပေါ့လေ။ ကိုယ်ကိုယ်တိုင်က ခပ်ဆိုးဆိုး ကျောင်းသားလဲ ဖြစ်မယ် ဒီလိုတွေ လုပ်နေမယ်ဆိုရင်တော့ အဆော်ပလော်ခံဖို့က သေချာသလောက်ပါပဲ။ နောက်တစ်ခုက ကိုယ်တွေပြောနေတာက အဲဒိ တိမ်တွေကို ဘာမှ ထိခိုက်သွားတယ်မထင်ပါဘူး ထိလဲ မထိခိုက်သွားပါဘူး ။

ကလေးတွေဆိုတော့လေ....

အဲဒိကလေးတွေကနေ ကြီးလာတော့ တွေ့ဖူးတာတွေလဲ ပိုပြီးတော့ ထိခိုက်လွယ်တဲ့နေရာတွေကို ပုံဖော်တတ်လာတယ်။ တစ်ယောက်နှစ်ယောက်လောက် မဟုတ်တော့ပဲ အုပ်စုတွေ ဖွဲ့တက်လာတယ်။ အမှန်တကယ်မဟုတ်ပဲ စိတ်ထဲမကြည်တဲ့နေရာတွေကို မကောင်းတာအဖြစ် ပုံဖော်တက်လာသလို ကိုယ်က အထင်ကြီးနေရင် ဇွတ်ကောင်းတယ်ပဲ ထင်တက်လာတယ်။

ဘယ်တော့မှ မပြောင်းမလွဲပဲ တူတာတစ်ခုကတော့...
ကိုယ်တွေ့ဖူးတဲ့ ကိုယ်သိဖူးတဲ့ အကြောင်းအရာတွေကို အခြေခံပြီး ပုံဖော်တက်တာပါပဲ...

လူတွေဟာ ကိုယ်ပိုင် အသိဥာဏ်၊ မျိုးရိုးဗီဇ၊ တက်ထားတဲ့ ပညာအရည်အချင်း၊ ကြုံတွေ့ဖူးတဲ့ ဘဝအတွေ့အကြုံ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ ဘဝပေး ကုသိုလ်ကံ စသဖြင့် စသဖြင့်သော အခြေခံ အကြောင်းအရာတွေ အလိုက်... ပုံဖော်တဲ့ အမြင်တွေ ပြောင်းကြတယ် မတူနိုင်ဘူးဆိုတာပါပဲ....(တောက်... !!! ဒါလေးပြောတာများ စတေးတပ်တင်လိုက် ပြီးတာပဲ အရစ်ကိုရှည်တယ်)


အားနာပါးနာနဲ့ Like ကြပါကုန်....
Luminox

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...