Wednesday, January 25, 2012

ကိုမင်းကိုနိုင် ။ ။ မြန်မာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမှ ချန်ထားပြီး စဉ်းစားလို့မရပါဘူး။

by ကိုကို သစ္စာ on Wednesday, January 25, 2012 at 10:27am


" ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ "

သတင်း - ဗီအိုအေ၊ ဓာတ်ပုံ - အန်အယ်လ်ဒီ

မကြာသေးခင်ကမှ အကျဉ်းထောင်တွေအတွင်းကနေ လွတ်မြောက်လာကြတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာအတွင်းပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သလို မြန်မာနိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးပေါင်းလက်တွဲသွားမယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ။

နိုင်ငံရေးအကျဉ်းသားဟောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ ဇန်န၀ါရီ ၂၄ ရက် အင်္ဂါနေ့ ညနေ ၆ နာရီက ရန်ကုန်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေဆုံခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ ၁၉၈၈ လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၂၀ ကျော်ကြာအတွင်း ဒီခေါင်းဆောင်တွေ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေထဲက ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပဏ္ဍိတ်ထွန်း ကိုအံဘွယ်ကျော်တို့အပြင် ကိုပြုံးချို၊ ကိုအောင်သူတို့တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ညစာ အတူစားခဲ့ကြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေကတော့ မြန်မာ့နိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ ဆောင်ရွက်ပြီး ပံ့ပိုးဖို့လည်း အသင့်ပဲလို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

ကိုမင်းကိုနိုင် ။ ။ မြန်မာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမှ ချန်ထားပြီး စဉ်းစားလို့ မရဘူးလေ။ အဲဒီလို အရေးကြီးဆုံး ပုဂ္ဂိုလ်တယောက်နဲ့ ကျနော်တို့ တောက်လျှောက်ထိတွေ့ပြီး ဆွေးနွေးနေရမှာပါ။ မီဒီယာတွေမှာ အရင်ကတည်းက ကျနော်တို့ သဘောထားတွေ ပြောထားပြီးသားပါ။ အဲဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာမှ ကန့်ကွက်စရာမရှိဘူးလို့ပဲ ကျနော်တို့ သိရပါတယ်။ ဒီကနေ့ ကျနော်တို့ ပြန်တွေ့ဆုံကြတဲ့ အနေအထားပေါ်မှာ အန်မတန် အားရစရာကောင်းတယ်။ အားလုံးနားလည်မှုနဲ့ ရင်းနှီးချစ်ကြည်မှုတွေ ပိုပြီးတော့ ရခဲ့တယ်။ နှစ်ပေါင်းများစွာ ကွဲနေရတဲ့အတွက် အတိုးချပြီးတော့ ကျနော်တို့ အရင်ထက် ညီညွတ်ရေး၊ မိသားစုအတွင်းမှာ ချစ်ကြည်ရေးက အစပေါ့ဗျာ အားလုံး အဆင်ပြေချောမွေ့မယ်လို့ ဒီကနေ့ တွေ့ဆုံမှုအပေါ်မှာ ခန့်မှန်းလို့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ မတွေ့ဘဲ နေခဲ့ရတာ အခုကျတော့ ပြန်ပြီး တွေ့တယ်ဆိုတာ တကယ်တော့ မိသားစု ပြန်လည်ဆုံတွေတဲ့ ပွဲမျှပဲ ဖြစ်ပါတယ်။ တယောက်နဲ့တယောက် ကျန်းမာရေးကအစ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်နှုတ်ဆက်တဲ့ သဘောပါ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပါ။ နောက်ပိုင်းမှာလည်း ၈၈ အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ထပ်မံတွေ့ဆုံကာ မြန်မာ့နိုင်ငံရေးအခြေအနေတွေ ဆွေးနွေးဖိုရှိတယ်လို့ ပြောပါတယ်။ ဒီကနေ့ညနေ တွေ့ဆုံမှုတွေထဲ အကြိမ်ကြိမ် အဖမ်းခံရတဲ့သူတွေရဲ့ အတွေအကြုံတွေကို ပြောဆိုဖြစ်ခဲ့ကြတယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။

ကိုဂျင်မီ ။     ။ ပြောတာပေါ့။ ပြောတာပေါ့။ ကျနော်တို့ နောက်ကြောင်းအတွေအကြုံတွေ ဒါပဲ။ ရယ်စရာ မောစရာအနေနဲ့ အတိတ်က အကြောင်းတွေကို အခုအချိန်မှာ ရယ်မောပြီး ပြောနိုင်ကြတဲ့ သဘောတွေပါ။ အဓိကကတော့ ကျနော်တို့ ကျော်လွှားခဲ့ရတဲ့ ဒုက္ခတွေကို ရယ်စရာမောစရာအဖြစ် ပြန်ပြောနေကြတာပါ။ အခု ပြန်ဆုံကြတယ်။ ကျနော်တို့ ဒါ ပျော်ရွှင်ကြတဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒါ ညစာစားကြတာပါ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီပါရှင်။

ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင် ပြီးခဲ့တဲ့ စနေ ဇန်န၀ါရီလ ၂၁ ရက်နေ့ကလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ လက်ရှိ နိုင်ငံရေးပါတီထူထောင်မှာ မဟုတ်သေးသလို ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မှာကို သဘောတူလက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၀န်းရံသွားမယ်လို့ ၈၈ ခေါင်းဆောင်တွေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူတို့သဘောထားတွေကို ထုတ်ဖော်ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...