Sunday, January 29, 2012

လူတွေ ထဲက လူအချို့ (ရှာမှ ရှားတဲ့ ဖခင်)

by မြန်မာ့ အရေး on Friday, 27 January 2012 at 20:40
 
ဒီတခါတော့ ကျွန်တော် အားကျသော လူတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်..။
သူ့ရဲ့လုပ်ကိုင်ပုံဟာ ကျွန်တော်တို့ မြန်မာလူမျိုး မိဘအများစုရဲ့ လုပ်ကိုင်ပုံနဲ့ ခြားနားနေတဲ့အတွက် စာရှုသူထဲက မိဘတွေကတော့ သဘောတူချင်မှတူမှာပါ…။
မြန်မာမိဘ အများစုဟာ သားသမီးများထဲက ပြန်မပြောသူ ခိုင်းတိုင်းလုပ်သူကိုမှ လိမ္မာရေးခြားရှိသူအဖြစ် သတ်မှတ်သော်လည်း သူကတော့ မိဘကိုပင် ပြန်ခံပြောတတ်စေရန် စနစ်တကျ သင်ကြားပေးခြင်းပင်ဖြစ်ပါတယ်....။
သို့ပေမဲ့ မိဘက “ဒါ” ဆိုရင် သားသမီးက အကြောင်းမဲ့ မလိုက်နာတာမျိုး၊ ခပ်ရိုင်းရိုင်း စိတ်ဓာတ်မျိုးတွေနဲ့ ကလန်ကဆန် ပြုလုပ်တာမျိုးမဟုတ်ပဲ အကျိုးအကြောင်းသင့်စွာနဲ့ မလုပ်လိုကြောင်း မလုပ်သင့်ကြောင်းစတာတွေကို ယဉ်ကျေးစွာပြန်လည် ပြောဆိုတတ်စေရန် သင်ကြားပေးခြင်းဖြစ်ပါတယ်..။

 သူလုပ်ခဲ့သလို တခြားမိဘတွေတိုင်း လိုက်လုပ်နိုင်မယ်လို့ မထင်ပါဘူး..။
သူက သတင်းစာ ဆရာ တစ်ဦးလို့ သိရှိခဲ့ရပြီး  န၀တ လက်ထက်တွင် နိုင်ငံပိုင်လုပ်ငန်းများ၌ စစ်ဖက်ဆိုင်ရာပုဂ္ဂိုများ အစားထိုးခန့်ထားချိန်တွင် အလုပ်မှ ထွက်ခဲ့ရသူဟု သိရပါသည်..။သူ့မှာ လူပျိုပေါက်အရွယ် သားတစ်ယောက်လည်း ရှိနေပါတယ်…။
ကျွန်တော်နဲ့ ဆုံစည်းတာကတော့ သူ အလုပ်က အနားယူပြီး နှစ်အနည်းငယ် အကြာမှပါ..။ဆုံခဲ့ရတဲ့အချိန်ဟာ နာရီဝက်လောက်ပါပဲ..။
ဒါပေမဲ့ ကျွန်တော့် အတွက်တော့ သူ့ကိုမမေ့နိုင်စရာပါပဲ….။
 အတူသွားသူ သူငယ်ချင်းနဲ့ သူကသိကျွမ်းတာပါ…။သူတို့ စတင်နှုတ်ဆက်တာကတော့ ထုံးစံ သာကြောင်းမာကြောင်းပါပဲ....။  နောက်ပိုင်းစကားဆက်မိရင်း လက်ရှိစီးပွားရေး နိုင်ငံရေး အကြောင်းတွေ ရောက်ရှိသွားပါတယ်..။အဲ့သည် အချိန်ကာလက ကျင့်သုံးနေတဲ့ မူဝါဒတွေအကြောင်း အရာရာမှာ ခေါင်းငြိမ့်ပြီး ပြန်မပြောပဲ ကိုယ်သက်သာရာ သက်သာကြောင်းတွေးပြီး လုပ်နေကြတဲ့ လူတွေအကြောင်း နဲ့ ဝေဖန်ဆန်းစစ်ခြင်း မလုပ်ကြတော့တဲ့ သူနဲ့အတူ တွဲလုပ်လာတဲ့လူတွေ ၊ရပ်ကွက်ထဲက အကြောင်းတွေပါ ပါလာပါတယ်..။ (သိရသလောက်ကတော့ သူကလည်း လုပ်ငန်းထဲမှာ လုပ်ငန်းမကျွမ်းကျင်တဲ့ အထက်လူကြီးရဲ့ အမိန့် မူဝါဒ အမှားတွေကို မှားနေကြောင်း ထောက်ပြပြောဆိုရာကနေ အနားပေးခံလိုက်ရသူ တစ်ဦးပါ)
 သူပြောပုံကတော့…
တနေ့မှာ သူဟာ သားဖြစ်သူကို အိမ်မှာရှိတဲ့ ရေတိုင်ကီနဲ့ စဥ့်အိုးတွေကိုေ၇ဖြည့်ခိုင်းပါသတဲ့…၊သားလုပ်သူကလည်း သူခိုင်းတဲ့အတိုင်း ရေတုံကင်ကနေ နှိပ်ပြီးဖြည့်ပါတယ်..။ပြည့်တဲ့အချိန်မှာပဲ သူဟာ ရေတွေကို သွန်ပလိုက်ပါတယ်..။ပြီးတော့ သားကို နောက်တစ်ခါ ထပ်ဖြည့်ခိုင်းပြန်ပါတယ်..။သူ့သားကလည်း ဘာတစ်ခွန်းမှ ပြန်မပြောပဲ ထပ်ဖြည့်ပြန်ပါတယ်…။ပြည့်တဲ့အခါမှာ သူက နောက်တကြိမ် ထပ်သွန်ပြီး ပြန်ဖြည့် ခိုင်းပြန်ပါတယ်..။
သားလုပ်သူကလည်း မျက်နှာတော့ ဆူပုတ်လာပြီးေ၇ပြန်ဖြည့် ပေးပါတယ်..။ဘာမှတော့ ပြန်မပြောပါဘူး..။ေ၇ပြည့်ပြန်တော့ သူဟာ နောက်တစ်ကြိမ် သွန်ပလိုက်ပြီး ရေကို ထပ်ဖြည့်ခိုင်း ပြန်ပါတယ်..။သားလုပ်သူကတော့ ဘာမှမပြောပါဘူး..။နောက်တစ်ကြိမ် ရေကို ပြန်ဖြည့်ဖို့ လုပ်နေပါတယ်…။
ဒီတော့မှ သားလုပ်သူကို  အနားခေါ်ပြီး… သူကမတရားခိုင်းနေပါလျက် ဘာ့ကြောင့် ဘာတစ်ခွန်းမှ ပြန်မပြောပဲ လုပ်နေရသလဲ ဆိုတာကို မေးပါသတဲ့။ သားလုပ်သူကတော့ အဖေက ခိုင်းမှတော့ လုပ်ရတော့တာပေါ့ လို့ဖြေပါတယ်..။အဲ့မှာတင်သူက သားဖြစ်သူကို အဖေက ခိုင်းတာမှန်ပေမဲ့လည်းပဲ တရားနည်းလမ်းမကျဘူးဆိုရင် ငြိမ်ခံမနေသင့်ကြောင်း၊အမှားအမှန် ကို သားရဲ့ကိုယ်ပိုင်ဦးနှောက်နဲ့ ချင့်ချိန် ဝေဖန်ပိုင်းခြားတတ်ဖို့ လိုကြောင်း၊သားဘက်က မှန်နေပြီဆိုရင် ဘယ်သူကခိုင်းနေသည် ဖြစ်ပါစေ မကျေနပ်ကြောင်း တရားသဖြင့်မဟုတ်ကြောင်းကို ပြန်ပြောဆိုရဲရမည် ဖြစ်ကြောင်း စတာတွေကို သေချာသင်ပေးလိုက်ပါတယ်…။
ဒီတကြိမ်မှာတော့ သူဟာ ကိုယ်တိုင်ရေဖြည့်ပါတယ်..။
(နောက်ပိုင်းမှာလည်းပဲ အခွင့်အခါသင့်တိုင်း သားဖြစ်သူကို အခြေခံလူ့အခွင့်အရေး (basic human right) အကြောင်းကို သေချာရှင်းပြပေးကြောင်း ဆက်ပြောပါတယ်..။)

ဒီနေရာမှာ ပြောချင်တာက သူဟာ ကလေးကို နှိပ်စက်သူဟု ရှုမြင်နိုင်သော်လည်း ထိုကလေး၏ စိတ်အတွင်းသို့ မတရားသော အမိန့်အာဏာများကို တွန်းလှန်ရန်အတွက် အသိဥာဏ် ခွန်အားများကို ဥပမာအကြောင်းအကျိုးများဖြင့် မှတ်မိစေရန် သေချာရိုက်ထဲ့ပေးခဲ့ခြင်းဖြစ်သည်..။ဖခင်တစ်ယောက်၏ အခွင့် အာဏာများကို အဆုံးအရှုံးခံကာ လုပ်ဆောင်ခြင်းဖြစ်သည်..။
(မိဘတိုင်းသည် သားသမီးများကို ချစ်၍ ထိန်းကျောင်းကြသည် ဟု သူလက္ခံသော်လည်း သားသမီးများ၏ ကိုယ်ပိုင်အခွင့်အရေးကို မထိခိုက်မိစေရန် သူဆင်ခြင်လေ့ရှိကြောင်း သိရသည်။)
သူသည် နောင်တစ်ချိန်တွင် သားဖြစ်သူအား မိဘအခွင့်အာဏာဖြင့် မတရားသည့် ပြုမူပြောဆိုမှုများအား ပြုလုပ်လိုလျှင်ပင် ပြုလုပ်၍ ရနိုင်တော့မည် မဟုတ်သော်လည်း သူ၏ ပြုပြင် သင်ကြားမှုများကြောင့် သားဖြစ်သူ၏ ဘ၀တစ်လျှောက်လုံး မည်သူကမျှ မတရားပြုမူပြောဆို စေခိုင်းခြင်းမျိုးကို ပြုလုပ်လို့ ရနိုင်တော့မည် မဟုတ်ပေ..။
မတရားမှုများအား တွန်းလှန်တတ်သူသည် မိမိကိုယ်တိုင်လည်း မတရားမှုများအား ကျူးလွန်မည် မဟုတ်ပေ..။
သူသည် သားဖြစ်သူအား မိမိကိုယ်ပိုင် ဦးနှောက်ကိုသုံး၍ အရာရာအား ကျိုးကြောင်းသင့်ဝေဖန်ပိုင်းခြားတတ်စေရန် ၊တစ်စုံတစ်ဦးမှ မတရားပြုမူ ပြောဆိုလာပါက စဉ်းစားဆင်ခြင်ဥာဏ်ဖြင့် တွေးခေါ်ဖြေရှင်းတတ်စေရန် စသည်တို့အား ပြည့်ဝစွာ သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်သည်..။
ဒီနေရာမှာ (မိဘအခွင့်အာဏာဖြင့် မတရားသည့် ပြုမူပြောဆိုမှုများ) ဆိုသည်ကို အနည်းငယ်ရှင်းပြလိုပါသည်…။
အရွယ်ရောက်ပြီး သားသမီးများအား ဟိုဟာမလုပ်ရ၊ဒီဟာမလုပ်ရ စသည် စသည် များဖြင့် ချုပ်ချယ်တားမြစ်ခြင်း (disparage bans) များကို ဆိုလိုပါသည်..။
ဥပမာ… မြန်မာမိဘအများစု အသုံးပြုလေ့ရှိတဲ့ ဟိုဟာမလုပ်ကောင်းဘူး၊ဒီဟာ မလုပ်ကောင်းဘူး..ဆိုတာမျိုးတွေပါ…။ ကလေးတွေကို ကြောင်းကျိုးမဲ့ ဟိုဟာမလုပ်ကောင်းဘူး၊ဒီဟာ မလုပ်ကောင်းဘူး… ဆိုပြီးမတားမြစ်သင့်ပါဘူး..။ကြောင်းကျိုးပြည့်စုံစွာနဲ့ သေချာရှင်းပြပြီး ဒါမျိုးမလုပ်သင့်ဘူး ဆိုတဲ့ ပုံစံမျိုးနဲ့သာ ထိန်းကျောင်းသ့င်ပါတယ်..
ကြောင်းကျိုး သေချာရှင်းပြထားတဲ့အတွက် နောင် မိဘကွယ်ရာ ဖြစ်နေပါစေ.. ထိုကလေးသည် ဆင်ခြင်လိုက်နာ နေမည်သာဖြစ်ပါတယ်..။
 ယနေ့ လူငယ် နောင်ဝယ် လူကြီး….တဲ့။
 ဆင်ခြင်ဥာဏ်ကင်းမဲ့သော လူကြီးများကြောင့် ယနေ့လူ့လောက၏ တည်ငြိမ်အေးချမ်းမှုများ ဆိတ်သုဉ်းနေကြရသည်ဆိုလျှင် ဆင်ခြင်ဥာဏ်ပြည့်ဝသော လူငယ်လေးများဖြင့် တည်ဆောက်မှသာလျှင် နောင်အနာဂါတ် လှပနိုင်မည်ဖြစ်ပါသည်..။
ဆင်ခြင်ဥာဏ်ဖြင့် ပြည့်ဝနေသော ကလေးများ နေထိုင်သည့် ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်သည်လည်း အစဉ်အမြဲ လှပနေမည်ဟုသာ  ယုံကြည်မိပါကြောင်း…………
 (မြန်မာ့ အရေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...