Monday, January 30, 2012

ခေတ်ကိုပြင်မယ့် အင်ဂျင်နီယာ [ သွန်းနေစိုး ]

by Thorn Nay Soe on Saturday, January 28, 2012 at 6:05pm
 
အင်ဂျင်နီယာတွေလုပ်မယ့် စာစောင်အတွက် ရေးပေးပါလို့ အမှာရှိလာပါတယ်။
အင်ဂျင်နီယာပညာနှင့် ကျနော်ကား အတော်ဝေးပါသည်။ ဒီတော့ ...
ကျနော် ဘာရေးရမည်နည်း? စဉ်းစားသည့်အခါ စိတ်ထဲ အကြောင်းအရာတစ်ခု ပေါ်လာခဲ့သည်။
ကိုယ်သိသော ပိုင်နိုင်သော အကြောင်းအရာကိုပဲ ကိုယ်ရေးတော့မည်။
ကျနော်ယခုရေးမည်မှာ အင်ဂျင်နီယာတစ်ယောက်အကြောင်းဖြစ်သည်။
သို့သော် အင်ဂျင်နီယာအားလုံး၏ အခြေခံစိတ်ဓာတ်ကို ကိုယ်စားပြုနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

အစက စပြောရပါလျှင် ကျနော့်မှာ ဦးလေးတစ်ယောက်ရှိခဲ့ဘူး၏။
ထိုဦးလေးကို ကျနော်က `အင်ဂျင်ပျက်´ ဟု စိတ်ဆိုးဒေါသထွက်သောအခါ ခေါ်ဝေါ်ခဲ့သည်။


သူသည် သူတို့ခေတ် RIT မှ စတုတ္ထနှစ်တွင် ကျောင်းထွက်ခဲ့ရရှာသူဖြစ်၏။
ဘာကြောင့် ကျောင်းထွက်ခဲ့ရသနည်း။ ငယ်စဉ်ကတော့ ကျနော်မသိ။
မည်သို့ဆိုစေ ထိုသို့တစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ခဲ့ရခြင်းကား သူ့အတွက် ပတ်ဝန်းကျင်တွင် လှောင်ပြောင်သရော်စရာများဖြစ်နေခဲ့ပါသည်။
ကျနော် အပါအ၀င်ပေါ့။

ကလေးဆိုတော့ သူများပြောစကားမှတ်ထားတတ်သည်။ ကိုယ့်ဦးလေးပေမဲ့ စိတ်ဆိုးသည့်အခါ ထိုစကားလုံးက ပါးစပ်ဖျားမှ ထွက်လာသည်။
`အင်ဂျင်ပျက်၊ အင်ဂျင်ပျက်၊ ကျနော့်ဦးလေး အင်ဂျင်ပျက်´
ယင်းသို့ အခေါ်ခံရစဉ်တိုင်း၌ ကျနော့်ဦးလေးမှာ သိပ်စိတ်ဆိုးပါသည်။ စိတ်ပေါက်လျှင် လိုက်ရိုက်တတ်၏။
ကျနော်က ထွက်ပြေး။ ပါးစပ်ကလဲ အဆက်မပြတ်အော် ...။
`အင်ဂျင်ပျက်ကြီး၊ အင်ဂျင်ပျက်ကြီး ... ဟေး´
ကလေးဆိုတော့ ဒီလိုသူများအားနည်းချက်ကိုပင် လှောင်ပြောင်ရတာ ပျော်စရာတစ်မျိုး ထင်ခဲ့မိ၏။
ကျနော့်ဦးလေး၏ ခံစားချက်ကို နားမလည်။ သူ့နာကျင်မှုကို စိုးစဉ်းမျှ မသိ။ သူ့မျက်ဝန်းထဲက မျက်ရည်စများကိုပင် မမြင်တတ်ခဲ့ပါ။

RIT မှ ထွက်လာရသော်လည်း ကျနော့်ဦးလေးမှာ အင်မတန်စာတော်ပါသည်။
သူကျောင်းထွက်ခဲ့ရတာလဲ ပညာရေးကြောင့်မဟုတ်။
အတန်းထဲမှာ ထိပ်ဆုံးနား၌ အမြဲတန်းရှိသော ကျောင်းသားတစ်ယောက်အတွက် ပညာရေးကြောင့်တော့ ဘယ်လို ကျောင်းထွက်စရာရှိပါမည်နည်း။
မူးယစ်ဆေးဝါးလည်း သူမသုံးစွဲ။ လောင်းကစားလည်း မဖက်။ ရှုပ်ရှုပ်ပွေပွေလည်း မရှိ။
ရန်ဆိုတာ ဖြစ်ဖို့ဝေးစွ၊ ကျနော့်ဦးလေးကား အင်မတန်အေးဆေးသောသူ တစ်ယောက်ဖြစ်ပါသည်။
သို့သော် ... သူကား လက်မှတ်ထိုး၍ ကျောင်းထွက်လာရခြင်း ဖြစ်၏။
ယခုလောက်ဆိုလျှင် ဘာကြောင့်ကျောင်းထွက်ရမည်နည်း။
စာဖတ်သူများ ရိပ်မိလောက်မည် ထင်ပါသည်။
အဟောင်းတွေအသစ်မဖြစ်လိုသမို့ အကြောင်းတွေ ကျနော်ပြန်မလှန်လိုတော့ပါ။
ယခုကျနော်ပြောလိုသည်မှာ စက်မှုတက္ကသိုလ်ကျောင်းသားဘ၀က ထွက်လာအပြီး ကျနော့်ဦးလေး၏ ဘ၀အကြောင်းဖြစ်ပါသည်။

ကျောင်းမှ ထွက်လာသော်လည်း ကျနော့်ဦးလေးမှာ သူ့ကျောင်းက သူငယ်ချင်းတွေနှင့် အဆက်သွယ်မပြတ်။
သူငယ်ချင်းတွေ၏ ကျောင်းသုံးစာအုပ်တွေကို ငှားသည်၊ ယူဖတ်သည်၊ ကျက်သည်။ သူငယ်ချင်းများနှင့် စာအကြောင်းဆွေးနွေးသည်။
ကျနော့်စိတ်ထင် တစ်ချိန် သူပြန်ကျောင်းတက်ခွင့်ရမှာပဲဟုများ မျှော်လင့်ခဲ့လေသလား မပြောတတ်ပါ။
သို့သော် ယင်းမှာ ဘယ်တုန်းကမှ မပြည့်ဝခဲ့လေသော ဆန္ဒတစ်ခုသာ ဖြစ်ခဲ့ပါသည်။

ကျနော်နည်းနည်းကြီးလာတော့ သူ့ကို စာနာတတ်လာသည်။
အင်ဂျင်ပျက်ဟု စနောက်ခြင်း မပြုလေတော့။
ထိုအချိန်တွင် သူကလည်း အိမ်ထောင်ရက်သားကျနေလေပြီ။

သူတို့အိမ်ထောင်ရေးမှာ အင်မတန်ရယ်ရသလို၊ အင်မတန်မှလည်း အတုယူစရာကောင်းပါသည်။
သူ့တို့အိမ် ရောက်လေတိုင်း တစ်အိမ်လုံးအနှံ့ စာရွက်အတိုအစကလေးများ ကပ်ထားသည်ကို တွေ့နိုင်၏။
ဥပမာလေး တစ်ခုပြောပြပါမည်။
`သွားကို နေ့စဉ်မှန်မှန်တိုက်ပါ။
တစ်ရက်နှစ်ကြိမ်တိုက်ပါ။
အထက်အောက် တိုက်ပါ။
ကန့်လန့်မတိုက်ရ´
စသည်များ။
သူ့မှာ သားသမီးနှစ်ယောက်ရှိသည်။
တစ်ယောက်စီအတွက် အချိန်ဇယားကလေးတွေ ခုတင်ခေါင်းရင်းမှာ ကပ်ထားသည်ကို တွေ့ဘူး၏။
တစ်နေရာမှာတော့ အတော်ထူးဆန်းသော စာရွက်ကလေးတစ်ရွက်ကို တွေ့သည်။
`ခင်နဲ့ မောင်ရန်ဖြစ်စကားများရင် လိုက်နာရန်´ တဲ့။

စိတ်လိုလက်ရရှိသော တစ်ခါက သူရှင်းပြခဲ့ဘူးပါသည်။
`အိမ်ထောင်ရေးဆိုတာလဲ စနစ်တစ်မျိုးပဲ၊ မိသားစုဆိုတာလဲ စနစ်တစ်မျိုးပဲကွ၊ Blue Print ကောင်းကောင်း၊ Draft ကောင်းကောင်းနဲ့ တည်ဆောက်မှ ကောင်းကောင်းရုပ်လုံးပေါ်လာမှာ´
ကျနော့်ဦးလေးကား တကယ်ပင် အင်ဂျင်နီယာစိတ်မပျောက်သောသူဖြစ်ပါသည်။
သူမဖြစ်လိုက်ရသော၊ အရည်အချင်းရှိပါလျက် ရခွင့်မကြုံလိုက်သော အင်ဂျင်နီယာဘ၀ကို သူ့အိမ်ထောင်ရေး သူ့မိသားစုအတွင်းမှာ တည်ဆောက်နေသည်လား မပြောတတ်ပါချေ။

သူ့အုပ်ထိန်းမှုကောင်းမွန်သည်ဟုပင် ဆိုရမည်လား မသိ။
သူတို့ အိမ်ထောင်ရေး သာယာအောင်မြင်သည်ကတော့ အမှန်ပင်ဖြစ်ပါသည်။
သမီးနှင့်သား နှစ်ယောက်လုံးမှာ အတန်းထဲတွင် အမြဲထိပ်ဆုံးချည်း စွဲလေ့ရှိသည်ကို သိရ၏။

ပြီးတော့သူတို့ မိသားစုက မချမ်းသာပါ။ သို့သော် ကြည်နူးစရာကောင်းပါသည်။
ဝင်ငွေနည်းပါးလှသည်ကို တွေ့နေရပါလျက် ဘယ်တော့မှ အကြွေးတင်သည်ဟူ၍ မကြားရ မမြင်ရ။
သူ့ဝင်ငွေလေးနှင့်သူ လောက်ငှ ချမ်းမြေ့နေသည်ကိုသာ တွေ့ရ၏။
မခမ်းနားလှပေမယ့် ဖွယ်ဖွယ်ရာရာကလေးပြင်ဆင်ထားသော သူတို့မိသားစု ထမင်းပွဲကို ကျနော်မကြာခဏ အားမနာလျှာမကျိုး ၀င်စားခဲ့ဘူးပါသည်။

သို့သော် ကျနော့်ဦးလေးမှာ အားနည်းချက်ကလေးတစ်ခု ရှိသည်။
တခြားသူတွေအတွက် အားနည်းချက်ဆိုပေမဲ့ ကျနော့်အတွက်တော့ သူရဲကောင်းစိတ်ဆိုရမည်လား။
ထစ်ကနဲရှိလျှင်၊ သန့်ကနဲ အသံကြားလျှင် လမ်းပေါ် ရှေ့ဆုံးက ထွက်တတ်ခြင်းပင်ဖြစ်ပါသည်။
ရပ်ကွက်ထဲတွင် သူ့ကို နာမည်ပြောင်ပင် ပေးထားကြ၏။ `တို့အရေးလူကြီး´ တဲ့။
သူ့အမေ ကျနော့်အဖွားက တားမြစ်စဉ်တိုင်း သူတစ်ခွန်းသာ ပြောတတ်၏။
`ဒီလိုလုပ်ရပ်တွေကို ကျနော်လည်း မလုပ်ချင်ပါဘူးအမေရယ်၊ ဒါပေမဲ့ လောလောဆယ်ဖြေရှင်းစရာနည်းလမ်းက ဒါပဲရှိတော့ ဒါပဲလုပ်ရတာပေါ့ဗျာ´ တဲ့။

ဆက်ရေးရပါလျှင် ကျနော့်ဦးလေးအကြောင်းချည်း စာတစ်အုပ်စာ ရေးပြ၍ ရပါသည်။
သို့သော် စာမရှည်လှ လိုသောကြောင့်လည်းကောင်း၊ ဒီစာပုဒ်တွင် လိုရင်းတစ်ချက်ကလေးကိုသာ ကွက်ကာ ပြောလိုပြလိုသောကြောင့်လည်းကောင်း
အတင်းကြီးနိဂုံချုပ်လိုက်ပါတော့မည်။ယခုတော့ ကျနော့်ဦးလေးဆုံးသွားခဲ့ရှာပါပြီ။
လွန်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက ...။
ဘယ်လို ထိခိုက်မှုကြုံသောကြောင့်မှတော့မဟုတ်ပါ။
ကျနော့်ဦးလေးမှာ ရောဂါပေါင်းစုံလှပါသည်။
အသည်း၊ နှလုံး၊ ကျောက်ကပ် ... ဘာတစ်ခုမှ ကောင်းသည်မရှိ။
သူဖြတ်သန်းခဲ့ရသော အခြေအနေတွေကလည်း ဘယ်လိုမှကောင်းစရာမရှိပဲကိုး။

ရွှေဝါရောင်ကိစ္စဖြစ်စဉ်က သူ ဆေးရုံက ဆင်းပြီး တစ်ပတ်ကျော်ကျော်မျှ အကြာမှာ ဖြစ်လေသည်။
အိမ်မှာ နားနေရမယ့်အချိန်။ ရုတ်ရုတ်သဲသဲ သတင်းကြားတော့ အပြင်ကို သူထွက်၏။
တစ်ရက် နှစ်ရက်လောက်တော့ အိုကေ။
ပြန်လာတိုင်း ကျနော်တို့ တူဝရီးနှစ်ယောက် ကိုယ့်ခရီးစဉ် သူ့ခရီးစဉ် အပြန်အလှန် ဖောက်သည်ချလိုက်ရတာအမော။
သူ့အိမ်မှာက ဖုန်းမရှိတော့ အပြင်ဖုန်းကနေ ထွက်ထွက်ဆက်ရသည်ကိုပင် နေ့တိုင်းမပြတ် ကျနော်တို့ ဆက်သွယ်ဖြစ်၏။
သို့သော် အစပိုင်းတစ်ရက်နှစ်ရက်မျှသာ။
အပြင်မှာ အပြင်းထန်ဆုံးရက်မှာတော့ သူဆေးရုံပေါ် ပြန်ရောက်နေပေပြီ။
ဒီလောက်ရောဂါသည် ပင်ပန်းမှုဒါဏ်တွေ သူ ဘယ်ခံနိုင်ပါမည်နည်း။
သို့သော် ကျနော်ဆေးရုံပေါ် လူနာသွားကြည့်တော့ သူ့ခမျာ အတင်းလူးလဲထကာ စကားတွေ အားတင်းပြောနေပါသေးသည်။

`ငါတို့ခေတ်ကို ငါတို့ ပြင်ရမယ်၊ ဒီလိုလုပ်ဖို့ ငါတို့မှာ တာဝန်ရှိတယ်´
တဲ့။ သူပြောသမျှထဲမှ ထိုစကားတစ်ခွန်းသာ ကျနော်မှတ်မိသည်။ ထိုတစ်ခွန်းကလည်း ထပ်တလဲလဲဖြစ်နေသည်ကိုး။
နောက်တစ်ရက်မှာ သူဆုံးသွားသည်။
သူ့အလောင်းကို ထုတ်လာလာချင်း ကျနော် ချက်ချင်းထိုင်ဦးချ ကန်တော့လိုက်မိ၏။
`ကျနော့်အမှားအတွက် ခွင့်လွှတ်ပါ ဦးလေး´ ဟုလည်း တောင်းပန်လိုက်မိပါသည်။

ကျနော် သူ့အပေါ် ဆိုးရွားစွာ မှားယွင်းခဲ့သည်။
သူ့ကို အင်ဂျင်ပျက် ဟု မသိဆိုးရွားစွာ ကျနော် ခေါ်ခဲ့မိ၏။
တကယ်က သူ အင်ဂျင်နီယာစစ်စစ်တစ်ယောက်ပါ။
အင်ဂျင်နီယာဆိုတာ ဘယ်လိုလူပါနည်း။
ပြုပြင်သူ တည်ဆောက်သူဟု ကျနော်တို့ နားလည်ထားပါသည်။
ကျနော့်ဦးလေးသည်ကား သူဖြတ်သန်းနေရသော ကမောက်ကမ ခေတ်ကြီးကို၊ သူ့တိုင်းပြည်ကို
ပြုပြင်ရန် တည်ဆောက်ရန် အတတ်နိုင်ဆုံး ကြိုးစားသွားခဲ့ပါသည်။
အောင်မြင်သည် မအောင်မြင်သည်ကတော့ ကံကြမ္မာပေပေါ့။
သို့သော် ပြင်ဆင်နိုင်ရန် အစွမ်းရှိသရွှေ့ ကြိုးစားခဲ့သူဖြစ်ခြင်းကြောင့်
အင်ဂျင်နီယာဘ၀ကို မြတ်နိုးလွန်းသော သူ့အိပ်မက်မှာ အလကားဖြစ်သွားသည်ဟု ကျနော်မထင်ပါ။

ဟိုတလောကတင် ဆယ်တန်းအောင်စာရင်းတွေ ထွက်တော့ သူ့သမီးအကြီးက ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်၏။
ကျနော်က မုန့်ဖိုးပေးရင်း တစ်ခွန်းတော့ပြောလိုက်မိသည်။
`ငါ့ဦးလေး တည်ဆောက်ခဲ့တဲ့ စက်ယန္တယားတစ်ခု အောင်မြင်ခဲ့ပေတာပဲ´
ကျနော့်ညီမ၀မ်းကွဲ (ဦးလေး၏ သမီး) ကတော့ နားလည်မလည် မပြောတတ်ပါ။
ဘာလိုင်းလျှောက်မလဲ မေးတော့ GTC တဲ့။
အင်ဂျင်နီယာဗီဇသည် မျိုးရိုးမပြတ်ဟု ကျနော် နားလည်လိုက်မိပါတော့သည်။

သွန်းနေစိုး Thorn Nay Soe

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...