Tuesday, January 31, 2012

သူယုတ်မာများ

by Wai Maw on Tuesday, January 31, 2012 at 11:51am

ကျွန်တော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားများသည် နှစ်ပေါင်းကြာရှည် ပြည်သူ့နီတိ မသိသော၊ ကိုယ်ကျင့် တရားဆိုတာ ဘာမှန်းမသိသော၊ လူ့အခွင့်အရေး ဟူသည်ကို လုံးဝနားမလည်တာလား၊ နားမလည်ချင် ယောင်ဆောင်တာလား အသေအချာ မပြောတတ်သော ၊ သူတော်ကောင်းလိုလို ၊ သူယုတ်မာလိုလို ပုဂ္ဂိုလ်ကြီးငယ်များ၏ အုပ်ချုပ်မူ အောက်တွင် ယုန်သူငယ်လေးများအဖြစ် နေခဲ့ရသည်မှာ ယခုဆိုလျှင် ယုန်ကြီးများပင် ဖြစ်ကုန်ကြပါပြီ။

လွန်ခဲ့သော နှစ်သုံးဆယ်ကျော်က တပည့်ဖြစ်သူများကို လိမ္မာယဉ်ကျေးရန်၊ ကိုယ်ကျိုးစီးပွားအတွက်သာ ဦးစားမပေးပဲ အများပြည်သူ ကောင်းစားရေးအတွက် ဦးစားပေး ဆောင်ရွက်ရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးအတွက် ကြိုးစားကြရန် သြဝါဒများ ပို့ချပေးခဲ့ပါသည်။သည်လိုနှင့် ဆယ်နှစ်ကျော် ကြာ လာသည့်အချိန်တွင် ထိုတပည့်ဟောင်းများနှင့် ပြန်ဆုံသည့်အခါ ထိုတပည့်များသည် ဆင်းရဲနွမ်းပါးကာ မိမိတို့၏ အကျင့်စာရိတ္တကို အပွန်းအပဲ့မခံပဲ စရိုက်ပျက်မြန်မာ့လူ့အသိုင်းအဝန်းဒါဏ်ကို ကြံ့ကြံ့ခံနေသည်ကို တွေ့ရသည့်အတွက် ဝမ်းနည်းရမလိုလို၊ဝမ်းသာရမလိုလို၊ဂုဏ်ယူရမလိုလို ခံစားရပါသည်။
နောက်ထပ်ဆယ်နှစ်ကျော် ကြာပြန်သည့်အခါ တချို့ကတော့ အရင်အတိုင်း ကြံ့ကြံ့ခံဆဲ၊ တချို့ကတော့ တောင့်မခံနိုင်တော့ပဲ မိုးခါးရေကို နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးသူ လူတန်းစားအဖြစ်သို့ ပြောင်းလဲသွား သည်ကို တွေ့ရပါသည်။ထိုအခါ ကျွန်တော်၏ ရင်ထဲတွင် သူတော်ကောင်းဆိုတာ ဘာလဲ၊ သူယုတ်မာ ဆိုတာ ဘာလဲ ဟု တိတိကျကျ ပြောချင်လာပါသည်။
ကျွန်တော်ပြည်တွင်းတွင် ရှိစဉ်က နိုင်ငံရေးစကားပြောလျှင် အထူးအဆန်းသတ္တဝါလိုလို၊ သနားစရာ ကောင်းသည့်သူလိုလို၊ ကြံ့ဖွံ့လားမသိ၊စွမ်းအားရှင်လားမသိ၊သတင်းပေးလား ခွဲခွဲခြားခြား မသိတတ်သည့် ပုဂ္ဂိုလ်တော်မြတ်များ၏ ပေစောင်စောင် အကြည့်များ ခံစားရပါသည်။ အိမ်ပြန်သည့်အချိန်တွင် နောက်ကပါ လာမလား၊ ညကြမှ အမြင်ကပ်ပုဒ်မဖြင့် နရသိန်စံအိမ်သို့ ပို့လေမလားဟု ခြောက်ခြား နေရပါသည်။ အိမ်ကထွက်သည်နှင့် စပယ်ယာ၏ဟောက်သံကို စတင်နာခံရင်း မတော်မတည့်ဖြစ်ရပ် ပေါင်းစုံကိုလည်း နားနှင့်မဆန့် ကြားရပါသည်။တရားရုံးများမှ ငွေကြေး မတတ်နိုင်သည့် ဆင်းရဲသားတရားခံများ အပေါ် မတရားပြုမူများ၊ ပညာရေးလောကမှ မတရားသော အပြုအမူများ၊ ဥပမာဆိုရလျှင် ကျောင်း ဆောက်သည့် ကံထရိုက်တာများ၏ ပက်ပက်စက်စက်ခိုးကြသည့် လုပ်ရပ်ကြောင့် ကျောင်းဆောင် အမိုးပြိုကြသည့် ဖြစ်ရပ် ရှိခဲ့ပါသည်။
၁၉၉၁ ခုနှစ် ဟုတိတိကျကျသိပါသည်။တောင်ဥက္ကလာပမြို့နယ်မှ တပည့်တစ်ဦးသည် လက်ထဲတွင် စားသုံးဆီ ပုလင်းကြီးတစ်ပုလင်းကိုင်လျှက် ကျွန်တော့်အိမ်သို့ ရောက်လာပါသည်။သူက ကျွန်တော့်ကို ပြောသည်မှာ  “ဆရာရေ နောက်ဆိုလျှင် မြေပဲဆီစစ်စစ် ဘယ်တော့မှ စားရမှာ မဟုတ်တော့လို့ နောက်ဆုံး လက်ကျန် ဆီကို ဆရာ့ လာပေးတာ၊ စစ်စစ်စားချင်ရင် နယ်က ဆုံဆီသာမှာစားတော့ဆရာရေ” တဲ့။ သူ့အဖေက ဆီစက်ပိုင်တယ်လေ။နောက်ပိုင်း တီဗွီက ကြော်ငြာတွေမှာ ပဲဆီသန့် ဆိုတာတွေ့လျှင် ရင်ထဲမှာ ဘယ်လိုဖြစ်သွားမှန်းမသိချေ။
အချိန်ကား ည ၉ နာရီကျော်ချေပြီ။ “ဟေ့ ရဲဘော် လာအုန်း၊ဆရာ့ကို အိမ်လိုက်ပို့လိုက်” ဟု စစ်ဖက်အရာရှိကြီး၏အမိန့်ကြောင့် ဒရိုင်ဘာရဲဘော်တစ်ဦးက ကျွန်တော့်ကို အိမ်လိုက်ပို့ပါသည်။ လမ်းတွင် ကျွန်တော်က ရဲဘော်လေးကို လှမ်းကြည့်မိသောအခါ သူ့ခမျာ နွမ်းဖတ်ဖတ်ဖြစ်နေသည့်ပုံမှာ သိသာ ထင်ရှားလွန်းသည့်အတွက်  “ဟေ့ ရဲဘော် ထမင်းစားပြီးရဲ့လား” ဟုမေးလိုက်သည့်အခါ ရဲဘော်လေးက “မနက်ကတည်းက ခုထိ မစားရသေးပါဘူး” ဟုဖြေလိုက်သောအခါ စိတ်မကောင်းဖြစ်ရပါသည်။ “လာကွာ ရှေ့ကဆိုင်မှာ ဝင်စားရအောင်” ဟုဆိုသောအခါ  အကြောက်အကန် ငြင်းပါသည်။သူက ‘အဘ’ ဆူမည်တဲ့။ သူ့သားပညာရေးအတွက် အိမ်ခေါ်တိုင်ပင်တာကြောင့် သူ့အိမ်မှာ ထမင်းစားခဲ့ရပြီး စား၍ပိုသည့် အကျန် များအား သွန်ပစ်လိုက်သည်ကို မျက်စိနှင့် တပ်အပ်မြင်ခဲ့ရသည့်အတွက် ကျန်နေသည့် ထမင်း ဟင်းများကို ရဲဘော်လေးအားကျွေးလိုက်လျှင် ဘယ်လောက်ကောင်းလိုက်လေမလဲ၊ ဘာကြောင့်များ မကျွေးတာလဲ ဟု အတွေးပွားမိပါသည်။
မြန်မာပြည်၌ တစ်နိုင်ငံလုံး ဟိုးဟိုးကျော်ခဲ့သည့်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ဖူးပါသည်။ပြည်သူများ၏ ငွေကြေး သန်းပေါင်းများစွာကို လိမ်လည်သွားသည့် လင်းသစ္စာ၊ဧရာမြေ အကျိုးဆောင် လုပ်ငန်းများ၏ကိစ္စ၊ တောလိုလို တောင်လိုလိုနှင့် မည်သို့ ပြီးဆုံးသွားမှန်းမသိ၊သို့ပေမဲ့လည်း လိမ်ညာယူသူ လူကြီးလူကောင်း အမည်ခံများ၏ ဆွေစဉ်မျိုးဆက် များကတော့ တစ်ယောက်လျှင် ကားတစ်စီးနှုံး၊ မြေးများ၏ ပညာသင် စရိတ်အဖြစ် ဘဏ်အသီးသီး၌ နာမည်နှင့်အပ်ထားပြီးသား၊ ဘယ်နိုင်ငံသွားမလဲ၊ ငွေကြေးအဆင်သင့်၊ အလှူအတန်း ဆိုလျှင်တော့ လက်မနှေး၊သာဓုပဲ ခေါ်ရမလိုလို၊ထိုင်ပဲ ကန်တော့ရမလိုလို၊ သူတော်ကောင်းကြီး ဟုခေါ်ရမလား။
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိမြို့တွင် မိမိ၏ အမျိုးဇာတ်(မျိုးရိုး)ကို အကြောင်းပြု၍ မိမိကိုယ်ကို အထင်ကြိးမာနဝင်နေသော အဂ္ဂိကဘာရဒွါဇ အမည်ရသော ပုဏ္ဏားတစ်ယောက်ရှိသည်။တစ်နေ့တွင် မြတ်စွာဘုရားသည် အိမ်စဉ်လှည့်လည်၍ ဆွမ်းခံကြွရင်း ပုဏ္ဏား၏နေအိမ်ဘက်သို့ ရောက်ရှိလာသည်။ထိုစဉ် ပုဏ္ဏားက မြတ်စွာဘုရားကို  ဦးပြည်းယုတ်၊ထိုနေရာ၌ ရပ်လော့၊သူယုတ်မာ ရပ်လော့ ဟုဆိုသည်။
မြတ်စွာဘုရားသည် စိတ်ဆိုးအမျက်ထွက်ခြင်း၊တုန်လှုပ်ခြောက်ခြားခြင်းမရှိ၊ ပင်ကိုယ်အားဖြင့် ငြိမ်သက် တည်ကြည်သောဣနြေ္ဒ၊သာယာကြည်နူးဖွယ်သော အသံတော်ဖြင့်  ပုဏ္ဏား သင်သည် သူယုတ်မာ အဖြစ် ကို  လည်းကောင်း၊ သူယုတ်မာ ဖြစ်ကြောင်း တရားကိုလည်းကောင်း၊သိသလော ဟုမေးလေသည်။
ထိုအခါမှ ပုဏ္ဏားသည်  သူယုတ်မာ ဟူသော စကားလုံး၏ အနက်အဓိပ္ပါယ်ကို ဆင်ခြင်စဉ်းစားမိကာ  အရှင်ဂေါတမ အကျွန်ုပ် မသိပါ၊ သူယုတ်အဖြစ် ကိုလည်းကောင်း၊ သူယုတ်မာ ဖြစ်ကြောင်း တရား ကိုလည်းကောင်း အကျွန်ုပ် သိနိုင်လောက်အောင် ဟောကြားပေးတော်မူပါ ဟုလျှောက်ထား လေသည်။မြတ်စွာဘုရားက ဟောတော်မူသည်မှာ
လူတစ်ယောက်သည် အမျက်ထွက်လေ့ရှိ၏။ ရန်ငြိုးဖွဲ့လေ့ရှိ၏။ သူတပါးကျေးဇူးကို မေ့ဖျောက် တတ်၏။ အယူဖောက်ပြန်တတ်၏။ လှည့်ပတ် ကောက်ကျစ်တတ်၏။   ထိုသူသည် သူယုတ်တည်း။
လူတစ်ယောက်သည် လူ, ငှက် စသော သတ္တဝါတို့ကို ညှင်းဆဲ သတ်ဖြတ်၏။ သတ္တဝါတို့အပေါ်၌ သနားညှာတာမှုမရှိ။ထိုသူသည် သူယုတ်တည်း။
လူတစ်ယောက်သည် မြို့ရွာ၊လယ်မြေ၊ခြံမြေ၊ဥယျာဉ်မြေ တို့ကို ဖျက်ဆီး၏။ ပိတ်ပင်၏။ ထိုအလုပ်မျိုးကို ပြုလုပ်လေ့ရှိ၏ဟုထင်ရှား၏။ထိုသူသည် သူယုတ်သာတည်း။
လူတစ်ယောက်သည် ပိုင်ရှင်မပေးသော ပစ္စည်းကို ခိုးယူလိုသော စိတ်ဖြင့် ယူ၏။ထိုသူသည် သူယုတ်တည်း။
လူတစ်ယောက်သည် သူတပါးထံမှ ငွေကြေးကို ချေးယူပြီးလျှင် ကြွေးရှင်မှ အကြွေးတောင်းသည့်အခါ သင့်ကို အကြွေးပေးစရာမရှိဟုပြောဆိုလျှက် ထွက်ပြေး၏။ထိုလူမျိုးသည် သူယုတ်တည်း။
လူတစ်ယောက်သည် ငွေကြေးမဆိုသလောက်ကို အလိုရှိသည့်အတွက် ခရီးသွားကို သတ်ဖြတ်ကာ ထိုငွေကြေးကို ယူ၏။ထိုသူသည် သူယုတ်သာတည်း။
လူတစ်ယောက်သည် မိမိကိုယ်ကို သက်သေထား၍ မုသားဆို၏။ထိုသူသည် လူယုတ်တည်း။
လူတစ်ယောက်သည် ဆွေမျိုး(သို့မဟုတ်)မိတ်ဆွေခင်ပွန်း တို့၏ မယားတို့ကို အနိုင့်အထက်ဖြင့် ဖြစ်စေ၊ နှစ်ဦးသဘောတူ လွန်ကျူးပြစ်မှား၏။ထိုသူသည် သူယုတ်တည်း။
လူတစ်ယောက်သည် အမိ(သို့မဟုတ်) အဖ(သို့မဟုတ်) အကိုနှင့်ညီ(သို့မဟုတ်) အမနှင့်ညီမ(သို့မဟုတ်) ယောက္ခမများကို ရိုက်နှက်၏။ကြမ်းတမ်းသောစကားဆို၏။ထိုသူသည် သူယုတ်တည်း။
လူတစ်ယောက်သည် အိုမင်း၍ နောက်ဆုံးအရွယ်သို့ရောက်နေသော မိဘတို့ကို ကျွေးမွေးနိုင်စွမ်းရှိလျှက် မကျွေးမွေး၊မပြုစု။ထိုသူသည် သူယုတ်တည်း။
လူတစ်ယောက်သည် အကျိုးစီးပွားကို အလိုရှိသည့်အတွက် မေးမြန်းသည့်အခါ အကျိုးစီးပွားမဲ့ကို ပြော၏။ ထိုသူသည် သူယုတ်တည်း။
လူတစ်ယောက်သည် ယုတ်မာသောအမှုကို ပြုပြီးလျှင် မိမိပြုသောအမှုကို ဖုံးလွှမ်း၏။ထိုသူသည် သူယုတ်တည်း။
လူတစ်ယောက်သည် သူတပါးအိမ်သို့ သွားပြီးလျှင် မွန်မြတ်သောအစားအစာကို စားပြီးနောက် မိမိအိမ်သို့ လာသော မိတ်ဆွေကို (အတုန့်အပြန်)မကျွေးမွေး။ထိုလူသည် သူယုတ်တည်း။
လူတစ်ယောက်သည် ထမင်းစားချိန်ရောက်လာသော အလှူခံပုဂ္ဂိုလ်အား စကားဖြင့် ချုပ်ချယ်၏။ ပေးလှူခြင်း မရှိ။ထိုသူသည် သူယုတ်တည်း။
လူတစ်ယောက်သည် ရဟန်းသာမဏေ ကိုလည်းကောင်း၊ သူတောင်းစား ကိုလည်းကောင်း အလှူအတန်း ပြုရန် ဖိတ်ကြားပြီး ဖြစ်လျက် သင်တို့အား မဖိတ်ကြားပါဟု မုသားဆို၏။ ထိုသူသည် သူယုတ်တည်း။
လူတစ်ယောက်သည် မိမိကိုယ်ကို ချီးမွမ်း၏။သူတပါးကို ကဲ့ရဲ့ရှုတ်ချ၏။ ထိုသူသည် သူယုတ်တည်း။
လူတစ်ယောက်သည် ချုပ်ချယ်တတ်၏။ သူတပါးပေးလှူသည်ကိုလည်း ဝန်တိုမှုရှိ၏။ ယုတ်မာသော အလိုရှိ၏။ ကပ်စေးနည်း၏။ စဉ်းလဲ ကောက်ကျစ်၏။ အကုသိုလ်ပြုရမည်ကို မရှက်၊ အကုသိုလ်ပြုရမည်ကို မကြောက်၊ ထိုသူသည် သူယုတ်တည်း။
လူတစ်ယောက်သည် မြတ်စွာဘုရားကို ဘုရားမဟုတ်ဟုစွပ်စွဲ၏။ ထိုမှတပါး ဘုရား၏ တပည့်ရဟန်း ကိုလည်းကောင်း၊ လူကိုလည်းကောင်း စွပ်စွဲ၏။ ထိုသူသည် သူယုတ်တည်း။
လူတစ်ယောက်သည် ရဟန္တာ မဟုတ်ဘဲ ရဟန္တာဟု ဝန်ခံ၏။ဤသူသည် အယုတ်မာဆုံးသောသူ ဖြစ်၏။
အမျိုးဘယ်လောက်ပင် မြင့်မြတ်စေကာမူ ယုတ်မာသော အမှုကိုပြုလျှင် ယခုဘဝ၌ပင် ကဲ့ရဲ့ဖွယ်ဖြစ်၏။ တမလွန်ဘဝ၌လည်း ဒုဂ္ဂတိဘဝသို့ လားရ၏။
ကျွန်တော်တို့၏ သုံးလောကထွတ်ထား မြတ်စွာဘုရားသည် သူယုတ်မာ အကြောင်းကိုရှင်းရှင်းလင်းလင်း ဟောကြားခဲ့သည်ကို ဝသလသုတ်၊ဥရဝဂ်၊သုတ္တနိပါတ်ပါဠိတော်မြန်မာပြန်တွင် ပါရှိပါသည်။
ယနေ့မြန်မာနိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးတွင် အရေးကြီးဆုံးသော အဟန့်အတားမှာ သူယုတ်မာ များ ကြီးစိုးနေခြင်း ဖြစ်ပါသည်။သို့အတွက် မိမိကိုယ်တိုင်လည်း သူယုတ်မာ မဖြစ်အောင်ကြိုးစားပြီး သူယုတ်မာ အားပေး မလုပ်မိစေရန်နှင့် သူယုတ်မာတိုက်ဖျက်ရေးကို ကြိုးပမ်းပေးကြပါရန် လေးလေး နက်နက် တိုက်တွန်းအပ်ပါသည်။
သန့်စင်အောင်(ရန်ကင်း)
၃၁.၁.၂ဝ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...