Saturday, January 28, 2012

ခေါင်းဆောင် (Leader) ခေါင်းဆောင်မှု (Leadership) တို့နှ့င့်ပတ်သက်၍ လေ့လာချက်အချို့ (အပိုင်း ၁)

by Nay Oo-People on Tuesday, January 17, 2012 at 8:26am
  • လူတွေဟာသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဘို့ ခေါင်းဆောင်တွေကို ရွေးချယ်ကြပါတယ်။ရွေးချယ်ကြတဲ့အခါမှာ-သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာအကြပ်အတည်းတွေက လွတ်မြောက် ကျော်လွားနိုင်ဘို့၊ သူတို့ကိုလမ်းမှားမရောက်သွားအောင် ဦးဆောင်မှပေးနိုင်ဘို့၊ အဲဒီခေါင်းဆောင်မှုရဲ့အောက်မှာ လုံခြုံအေးချမ်းမှုရရှိပြီး သူတို့အရည်အချင်း အရည်အသွေးတွေ တိုးတက်မြင့်မားလာစေဘို့၊  စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာလာစေ ဘို့၊ နောက်ဆုံးစိတ်ပိုင်းဆိုင်ရာ တောင်းဆိုမှုတွေဖြစ်တဲ့ သူတို့ယုံကြည်မှု ခံယူမှု အမြင်တွေ လူထုလူတန်းစား အသီးသီးအတွင်းပြန့်နှံ့လာစေဘို့၊ နောက်ဆုံး သူတို့ရဲ့လူ့အဖွဲ့အစည်းဟာ ခေတ်မီတဲ့လူအဖွဲ့အစည်းဖြစ်လာပြီး ကမ္ဘာမှာဂုဏ်သိက္ခာအဆင့်အတန်း ရှိရှိနဲ့ တင့်တင့်တယ်တယ်ရှိနေစေဘို့ အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ ခေါင်းဆောင်များကိုရွေးချယ် တင်မြောက်ကြတာဖြစ်ပါတယ်။
  • နိုင်ငံတခု..မိသားစုတစု အသင်းအဖွဲ့တခု ကုမ္ပဏီတခု စီးပွားရေးလုပ်ငန်းတစ်ခု ရပ်ကွက်မြိုနယ် ကျေးရွာအုပ်စုတစု တိုင်းပြည်တပြည် စတာတွေရဲ့ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်ကံကြမ္မာတွေဟာ သူတို့ရွေးချယ်တင်မြောက်ထားတဲ့ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ လုပ်နိုင်စွမ်းအားကောင်းမကောင်းဆိုတဲ့အပေါ်မှာ အများကြီးမူတည်နေတယ်ဆိုတာ မေးစရာမလိုတဲ့ကိစ္စဖြစ် ပါတယ်။ ခေါင်းဆောင်မှုကောင်းရင်ကောင်းသလိုတိုးတက်မှုတွေအခွင့်အလမ်းတွေများပြားလာမှာဖြစ်ပြီး ခေါင်းဆောင်မှုညံ့ဖျင်းရင်ဖျင်းသလို မလိုလားအပ်တဲ့ ဆုတ်ယုတ်မှုတွေ ဆုံးရှုံးမှုတွေကိုရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ထက်မြက်တဲ့ခေါင်းဆောင်ကောင်းများကို ရှာဖွေမွေးမြူ တင်မြောက်တာမျိုးဟာ လူ့အဖွဲ့အစည်းမှာ မရှိမဖြစ်လုပ်ဆောင်ရမယ့်အလုပ်တခုဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလျှင်အမြန်တိုးတက်ထွန်းကားမှု့တွေရလာစေချင်တယ် ဆိုရင်တော့ အလုပ်အလွန်လုပ်နိုင်ပြီး အရည်အသွေးပြည့်ဝတဲ့  ခေါင်းဆောင်တွေမွေးထုတ်ပေးဖို့ရာ အလွန်အရေးကြီးပါတယ်၊
  • လူတွေဟာသူတို့ကိုဦးဆောင်မယ့် ခေါင်းဆောင်များကိုရွေးချယ်တင်မြောက်ကြရာမှာ ခေါင်းဆောင်တွေရဲ့ ပြုမှု ပြောဆို နေထိုင် လုပ်ကိုင် ကျင့်ကြံပုံနဲ့ သူတို့မှာရှိနေတဲ့ အရည်အချင်းတွေပေါ်မှာမှုတည်ပြီး  အဓိကထားပြီး  ရွေးချယ်တင်မြောက်ကြတာကိုတွေ့ရပါတယ်။
  • လူတွေအများစုကခေါင်းဆောင်ဆိုတာမွေးကတည်းကခေါင်းဆောင်ဖြစ်ဘို့အကြောင်းအရာအချက်အလက်တွေတပါတည်းပါလာပြီးသား လို့ယုံကြည်ကြပြီး “မွေးကတည်းက ခေါင်းဆောင်ဖြစ်ဘို့မွေးလာတာ” (he/she is born to be a leader) “သဘာဝကဖန်တီးပေးလိုက်တဲ့ခေါင်းဆောင်”  (He/she is a natural born leader) အစရှိသဖြင့် ယေဘူယျအားဖြင့် ပြောဆိုတတ်ကြပါတယ်။  
  • အဲဒီလိုယုံကြည်တဲ့သူတွေက ခေါင်းဆောင်တွေဟာ အခြားသူတွေနဲ့မတူ နောက်လိုက်တွေနဲ့ မတူပဲ မွေးလာကတည်းက ထူးခြားတဲ့ ပင်ကိုယ်အရည်အသွေးတွေ အရည်အချင်း အချက်အလက်တွေရှိနေတယ် ဒါကြောင့်ခေါင်းဆောင်ဖြစ်ကြတာလို့ ယုံကြည်တတ် ကြပြီး အဲဒီလိုယုံကြည်ကြတဲ့သူတွေက များသောအားဖြင့် ခေါင်းဆောင်တွေရဲ့ ပုံပန်းသ္ဂန် အနေအထားသွင်ပြင်လက္ခဏာတွေကို အဓိကအာရုံစိုက်ကြတာတွေ့ရပါတယ်။
  • အဲဒါကိုကြည့်ခြင်းအားဖြင့် ခေါင်းဆောင်တွေရဲ့ပုံပန်းသ္ဂန်ဟာ လူတွေကို လွမ်းမိုး ဖန်းစား စေစားတတ်တဲ့ သဘောရှိတာကိုတွေ့ရပါတယ်။ လူတွေကို လွမ်းမိုးဖမ်းစားစေစားတတ်တဲ့ အာဏာနဲ့ချုပ်ကိုင်မှု ဘယ်ကလာသလည်းဆိုတာကို လေ့လာကြတဲ့အခါ တိရိစ္ဆာန်အဖွဲ့အစည်းနဲ့ လူ့အဖွဲ့အစည်းကို နိုင်းယှဉ်လေ့လာ မှုတွေလုပ်ကြတာကိုစိတ်ဝင်စားဖွယ်ရာတွေ့ရပါတယ်။

ခေါင်းဆောင်မှုနှင့်ပတ်သက် တိရိစ္ဆာန်လောကအားစူးစမ်းလေ့လာပြီး လေ့လာ တွေ့ရှိမှုကိုတင်ပြခြင်း
  • တိရိစ္ဆာန်လောကကိုလော့လာတဲ့အခါမှာ တိရိစ္ဆာန်တွေဟာ ခေါင်းဆောင်မှုနဲ့  ထိန်းချုပ်မှုအာဏာကို တထပ်ထည်းထားပြီး ကျင့်ကြံလုပ်ကိုင်လေ့ရှိတယ် ဆိုတာကိုလေ့လာ တွေ့ရှိရပါတယ်။ တိရိစ္ဆာန်တွေဟာ ဘယ်နေရာမှာအစာရှာရမယ်။ မိတ် ဘယ်လိုလိုက်ရမယ်။ ဘေးအန္တရာယ်ကလွတ်အောင် ဘယ်လိုအကာအကွယ်ယူရမယ်။ သူတို့စခန်းမှာ ဘယ်လိုတာဝန်ကိုယူရမယ်။ သူတို့ကြားမှာ အချင်းချင်းတိုက်ခိုက်မှုတွေဖြစ်လာတဲ့အခါ ငြိမ်ဝပ်ပိပြားရေးအတွက် ဘယ်သူ့ကိုရှာဖွေရမယ်ဆိုတာ သဘာဝပေးအသိအရ သိကြပါတယ်။
  • ခေါင်းဆောင်မှုနဲ့ပတ်သက်၍ လေ့လာစူးစမ်းသူ ပညာရှင်တွေ အများအပြားအနက်က နာမယ်ကျော်တယောက်ဖြစ်တဲ့ ရော်နယ်ဒ် ဟက်ဖ်ဖက်ဇ် (Ronald Helfetz)က အာဖရိကအလယ်ပိုင်း တွင် နေထိုင်ကျက်စားကြ သည့် ဂေါ်ရီလာ မျောက်ဝံများ ကြား ခေါင်းဆောင်နဲ့ နောက်လိုက်တွေရဲ့ ဆက်ဆံရေး၊  သူတို့ရဲ့ပြုမှုကျင့်ကြံနေထိုင်ပုံ၊ အာဏာတည်ဆောက်ပုံ တွေ နဲ့ပတ်သက်ပြီး လေ့လာတင်ပြထားတာရှိပါတယ်။  သူ့လေ့လာတင်ပြချက်ဟာ အတော်စိတ်ဝင်စားဘွယ်ရာကောင်းပြီး သူ့အဆိုအရ ဂေါ်ရီလာမျောက်ဝံတွေဟာ (၇) ကောင် မှ (၈) ကောင်ခန့်ရှိအုပ်စုငယ်တွေ ဖွဲ့ပြီးနေကြပါတယ်။   သူတို့ဟာ ကျောကုန်းနဲ့ လယ်ဆန်မှာ ငွေရောင်အမွှေးအမြှင်တွေပါတဲ့  ဂေါ်ရီလာမျောက်ဝံအထီးကို ဗဟိုပြုပြီးနေကြတယ်လို့ဆိုပါတယ်။  အချို့အုပ်တွေမှာတော့ အဲဒီလို ငွေရောင် အမွှေးအမြှင်တွေပါတဲ့  အထီးသုံးကောင်လေးကောင်ထိရှိတာကို ရှားရှားပါးပါးတခါတလေမှသာတွေ့ရတတ်တယ်လို့ သူကဆိုပါတယ်။ အဲဒီ ဂေါ်ရီလာမျောက်ဝံအုပ်ကို ပူးပေါင်းနေထိုင်တဲ့ ကျန်တဲ့ဂေါ်ရီလာတွေဟာ အထက်ခေါင်းဆောင်ကချပေးတဲ့ "အထက် အောက်ဆက်ဆံရေး စည်းမျဉ်းစည်းကမ်း" ကို လိုက်နာကြရပုံပေါ်ပြီး ခလေးရှိတဲ့ မျောက်ဝံအမတွေကအခွင့်အရေးပိုရကာ အုပ်စုရဲ့အကာအကွယ်ပေးမှုကိုပိုရတတ်ကြတယ် လို့ ဟက်ဖက်ဇ် ကဆိုပါတယ်။
  • အဲဒီဂေါ်ရီလာတွေနဲ့ပတ်သက်ပြီး အခြားလေ့လာစူးစမ်းသူတွေဖြစ်ကြတဲ့ ဂျော့ ရှက်ကော်လာ (George Shcaller) နဲ့ ဒိုင်ယန် ဖေါ်ဆီ (Dian Fossey) တို့ပြောဆိုချက်အရဆိုရရင် ဂေါ်ရီလာမျောက်ဝံခေါင်းဆောင်က သူ့နောက်လိုက်အားလုံးရဲ့ ဂရုပြုမှု သူ့ဦးဆောင်မှုကိုအလေးထားမှုနဲ့ အာရုံ့စူးစိုက်မှုကိုအမြဲတမ်းရနေနိုင်တာဟာ သူ့ကိုယ်နောက်ဘက်က ငွေရောင်အမွှေးအမြင်တွေ (Silverback) ကြောင့်  ဖြစ်တယ်လို့ဆိုပါတယ်။
  • သူ့အဆိုအရ မျောက်ဝံတွေဟာ သူတို့ရဲ့နေ့တဒူဝ လုပ်ဆောင်မှုတွေကို လုပ်ဆောင်ရေးကိစ္စမှာလည်း အားလုံးက ခေါင်းဆောင်ကိုအမြဲကြည့်နေရပါတယ်။ ခရီးသွားတဲ့အခါမျိုးမှာလည်း သူသတ်မှတ်ပေးတဲ့ လမ်းကြောင်းဦးတည်ချက်အတိုင်းသွားရပြီး သူရှေ့မှ အုပ်စုတစုလုံးက လိုက်ရွှေ့ကြရပါတယ်။
  • သူတို့လေ့လာချက်တွေအရ အုပ်စုခေါင်းဆောင်ဟာ အခြားပြင်ပက အန္တရာယ်ပေးတဲ့သူ ၀င်လာ ရင် နောက်လိုက်နောက်ပါ ဂေါ်ရီလာအထီးများကို သူနောက်မလှမ်းမကမ်းမှာထားကာ သူက ရှေ့ဆုံးက မားမားမတ်မတ် ရပ်ကာ ခုခံကာကွယ်တတ်ပါတယ်။  ဥပမာ-ကျားသစ်တွေက သူ့တို့ကိုလာတိုက်တဲ့အခါ ခေါင်းဆောင်လုပ် သူက သူ့ရင်ပတ်ကိုလက်နှစ်သီးဆုတ်နှစ်ဘက်ဖြင့် မြေသိမ့်သိမ့်တုန်အောင်ထုပြီး စိန်ခေါ်ကြုံးဝါး လိုက်သံဟာ ကြောက်မက်ဖွယ်ရာကောင်းလှပါတယ်။ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် ခေါင်းဆောင်ဟာ သူ့နောက်လိုက်တွေအား အန္တရာယ်ကိုသတိထားကြဘို့ ဘေးကင်းရာကိုခုံလုံနိုင်ကြဘို့ သတိပေးလိုက်တာဖြစ်ပါတယ်။ ထို့အပြင်လိုအပ်က သူနဲ့အတူ ခုခံကာကွယ်တိုက်ခိုက်ပြီး စွန့်စားကြဘို့ လုံ့ဆော်လိုက်တာလည်းဖြစ်ပါတယ်။
  • ရှက်ကလာရဲ့အဆိုအရ ကတော့ ခေါင်းဆောင်က သိမ့်သိမ့်တုန်အောင် “ဟိန်း”လိုက်တာနဲ့ နောက်လိုက်တွေဟာ သူတို့အနီးဝန်းကျင်မှာ အန္တရာယ်ကြုံနေရပြီဆိုတာကို သိရှိကြပြီး သူတို့ခေါင်းဆောင်နားမှာလာရောက် စုစည်းလိုက်ကြပါတယ်။  ပြောရရင်ခေါင်းဆောင်တွေဟာ အများရဲ့အာရုံစူးစိုက်မှုကိုယူနိုင်စွမ်းအားရှိရပါမယ်.။
  • အစားအသောက်ရှာဖွေစားသောက်တဲ့အခါမှာလည်း ခေါင်းဆောင်ရှေ့ဆုံးကဦးဆောင်ပြီး သူ့နောက်က ခလေးငယ်ရှိတဲ့မိခင်မျောက်ဝံများ၊ နောက်မှာအတော်အတန်အရွယ်ရောက်နေသော ခလေးရှိတဲ့ မိခင် မျောက်ဝံမများနှင့် သူတို့နားမှာမှ ဂေါ်ရီလာမျောက်ဝံအထီးများကိုထားရှိပါတယ်။ အဲဒီနောက်မှာမှ  ဂေါ်ရီလာအများနှင့် အထီးများထားရှိပြီးနောက်ဆုံးမှာတော့ မျောက်ဝံအထီးတကောင်ကိုထားကာ စီတန်းပြီး အစာရှာကြ ခရီးထွက်ကြတယ်လို့ဆိုပါတယ်၊  စားပြီးသောက်ပြီးနားကြတဲ့အခါမှာ ငယ်ရွယ်တဲ့ မျောက်ဝံများဟာ ခေါင်းဆောင်နားကိုပြန်လာစုကြရပါတယ်။
  • ခေါင်းဆောင်ဟာအုပ်စုစုစည်းတည်ရှိရေးမှာအဓိကကျပြီး အုပ်စုကို စုစည်းလွမ်းမိုးမှုမရှိနိုင်တော့တဲ့အခါ အုပ်စုလည်း အကွဲကွဲအပြားပြားဖြစ်သွားတယ်လို့ ရှက်ကလာကဆိုပါတယ်။
  •  ခေါင်းဆောင်ဟာအုပ်စုတည်ငြိမ်ရေးကိုလည်းထိန်းသိမ်းပေးပါတယ်။ အုပ်စုထဲမှာ အချင်းချင်း တိုက်ကြခိုက်ကြပြန်ရင်လည်း ခေါင်းဆောင်ဟာ ငယ်ရွယ်တဲ့သူ အားနည်းသူဘက် ကရပ်တည်တတ်ပါတယ်။
  • ဒီအချက်တွေအရ ခေါင်းဆောင်တွေဟာ အားနည်းတဲ့သူတွေကိုကာကွယ်စောင့်ရှောက်ဖို့လိုပြီး သူခေါင်းဆောင်တဲ့အုပ်စုကို လက်တွေ့ကျကျ ဦးဆောင်နိုင်စွမ်းရှိဘို့အရေးကြီးတယ်ဆိုတာကိုတွေ့ရပါတယ်။
  • ဒါပေမယ့်လည်း ခေါင်းဆောင်ဟာအုပ်စုထိမ်းသိမ်းရေးကို သူတယောက်တည်း လုပ်ဆောင်တာတော့မဟုတ်ပါဘူး။   အထက်အောက်နာခံရေးစနစ်ကို ခေါင်းဆောင်ငယ် အဆင့်ဆင့်တိုင်းမှာ လိုက်နာလုပ်ဆောင်ကြပါတယ်။  ဥပမာ- အမတွေက မျောက်ဝံပျို။ မျောက်ဝံပျိုမများကိုအုပ်စိုး ထိန်းသိမ်းကြပြီး မျောက်ဝံပျို။ မျောက်ဝံပျိုမများက ခလေးငယ်မျောက်ဝံများကိုထိမ်းကြပါတယ်။ ရှက်ကလာရဲ့အဆိုအရ အထက်အောက်နာခံမှုကို တည်ထောင်ကျင့်သုံးခြင်းဖြင့် ခိုက်ရန်ဖြစ်ပွားတာတို့ သဘောထားကွဲလွဲတာတို့ကို မဖြစ်ပေါ်စေပဲ အုပ်စုတွင်း ငြိမ်းချမ်းရေးကိုပိုမိုတိုးပွားစေပါတယ်။  ဘာကြောင့်မို့လည်းဆိုတော့ အဲဒီစနစ်က ဘယ်သူက ဘယ်တာဝန်ကိုယူပြီး ဘာအတိအကျ လုပ်ရမယ် ဆိုတာကိုချထားလို့ပဲဖြစ်တယ် လို့ဆိုပါတယ်။
  • ချန်ပန်ဇီမျောက်များကတော့ ဂေါ်ရီလာမျောက်များလို အမိန့်ကိုတင်းတင်းကြပ်ကြပ် ကျင့်သုံးတာမျိုး မဟုတ်ပဲ ကာလံဒေသံအရ ပြောင်းလဲတတ်တဲ့ ဆက်ဆံရေးစနစ်ရှိပါတယ်။ သူတို့ထဲမှာ အလွန်တရာ မှ  ကောင်းမွန်တဲ့ နိုင်ငံရေးပုံစံစနစ်များရှိကြပြီး အတူတူနေထိုင်သူအချင်းချင်း ခိုက်ရန်ဖြစ်ပွားတဲ့တိုက်ပွဲများလည်းရှိကြကာ ပဋိပက္ခ ကို ဖြေရှင်းသည့် ဖြေရှင်းရေးနည်းနာနိသယများလည်း ရှိကြတယ်လို့ ဆိုပါတယ်။  ချန်ပန်ဇီ မျောက်အုပ်တအုပ်မှာ အကောင်ရေ (၁၀၅) ကောင်ခန့်ရှိပြီး အမတွေရဲ့အခန်းကဏ္ဍအတော်ကလေးအရေးပါပါတယ်။  သွားလမ်းလာလမ်းကိုရွေးချယ်တာ၊ ကျရောက်လာတဲ့ အန္တရာယ်ကို ကာကွယ်တာ၊ အုပ်စုတွင်းမှာခိုက်ရန်ဖြစ်ပွားမှုကိုဖြန်ဖြေပြီး ငြိမ်ဝပ်ပိပြားမှုကိုထိန်းသိမ်းတာ စတာတွေကို လုပ်ဆောင်တာ မိခင်မျောက်မများပဲဖြစ်တယ်လို့ ဆိုပါတယ်။
ကဲ ခေါင်းဆောင်မှုနဲ့ပတ်သက်လို့ အပိုင်းတစ် (၁) ကို ဒီမှာတင်ရပ်ပါ့မယ်။

အကြံပြုချက်။  ။ ဂေါ်ရီလာ မျောက်ဝံတွေလို  မိမိတို့ရဲ့ကျောကုန်းတွေပေါ် မှာ ငွေရောင်အမွှေးအမြင်တွေကိုတပ်ဆင်ကြ-  ( နေပုံထိုင်ပုံ ၀တ်ပုံစားပုံ ပြောပုံဆိုပုံ သွားလာပုံ၏ အရေးကြီးမှု)
  • အခုလေ့လာမှုတွေကတဆင့် မြန်မာပြည်မှာခေါင်းဆောင်လုပ်ချင်တဲ့သူများ ဟက်ဖက်ဇ်တင်ပြခဲ့သလို ခေါင်းဆောင်ဟာ သနားညာတာတဲ့စိတ် တာဝန်ခံတဲ့စိတ် အများစုကြီးအကျိုးစီးပွားကို ဦးဆောင်ကာကွယ်လိုတဲ့စိတ်ရှိရပါလိမ့်မယ်။  တဖန်.ကျနော်တို့ရဲ့ခေါင်းဆောင်တွေဟာ .ဂေါ်ရီလာခေါင်းဆောင်မျောက်တွေလိုပဲ အများက အာရုံစူးစိုက်မှုကိုရလာအောင်. ဘယ်လိုလုပ်ကြမလည်း..(သို့) အများစုကြီးရဲ့ အာရုံစူးစိုက်မှုတွေကို  ရိုးရိုးသားသားအလုပ်လုပ်ပြီး ဘယ်လိုရယူကြမလည်း အဲဒီလိုလုပ်ခြင်းအားဖြင့် အကျိုးအမြတ်ကဘာတွေလည်း.. အခြားတစ်ဘက်က ကိုယ့်ကိုပိုပြီးအာရုံစူးစိုက်လာလေမလား.. ( ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ကိုယ်အကောင်အထည်ဖေါ်ချင်နေတဲ့အရာတွေ ပိုပြီးအလုပ်ဖြစ်လာမလား ဆိုတာ စဉ်းစားကြဘို့လို့ပါတယ်။ 
  • ကျနော်ဖတ်မိမှတ်မိတာတွေကို ယခုလို ပြန်တင်ပြတာတွေကို သဘောမတူဘူးဆိုရင် နည်းနည်းလေး ကိုယ့်ကိုကိုယ် ဆန့်ကျင်ပြီး ပြန်စဉ်းစားကြည့်ပါ။  ကျနော်ရိုးရိုးကလေးမြင်မိတာက ခေါင်းဆောင်ဆိုတာ အနေရိုးတယ် ၀တ်ဆင်မှုရိုးတယ်..တင်ပြမှုရိုးစင်းတယ်..နလုံးသားလှတယ်..အတွေးအခေါ်လူထုနဲ့နီးစပ်တယ်... စသည်ဖြင့်ပေါ့လေ...ဆိုတာ ဆိုတာတွေ...  ကြားလို့ကောင်းပါတယ်။  နားထောင်လို့ကောင်းပါတယ်.။  အဲဒီလိုအနေအထိုင် အပြင်အဆင် အပြောအဆိုတင်ပြမှု ရိုးသားမှုခြင်းအားဖြင့် လူထုထောက်ခံမှုရနိုင်တယ်ဆိုပြီး ယုံကြည်တဲ့သူတွေလည်းရှိနိုင်ပါတယ်.။  တကယ့်လက်တွေ့ဘ၀မှာလည်း အဲဒိလိုရှိလည်းရှိနေပါတယ်။ ပြောရရင် ..... ယနေ့  မြန်မာနိုင်ငံရေးမှာလည်း အဲဒီလိုရိုးရိုးလေးနေထိုင်ပြောဆိုခြင်းအားဖြင့် လူထုထောက်ခံမှုရကောင်းရနိုင်ပါတယ်။ ထို့အတူ ကိုယ့်ခံယူချက်နဲ့ကိုယ် ငါကတော့ ဒိလိုပဲနေထိုင်ပြောဆိုဝတ်စားတတ်တယ်.. အဲဒီလိုလုပ်လို့ တခြားသူတွေက ဘယ်လိုထင်ထင် ဂရုမစိုက်ဘူးလို့ ပြောနိုင်ဆိုနိုင်လုပ်နိုင်ပါတယ်.။  ဒါပေမယ့်လည်း  အဲဒီလိုနေထိုင်ပြောဆိုနေမှုဟာ မြန်မာအပြင်ကမ္ဘာ့နိုင်ငံတကာဆက်ဆံရေးမှာရော တကယ်ရောအလုပ်ဖြစ်ရဲ့လား..  ကိုယ့်ရဲ့နေထိုင်ဝတ်စား ပြောဆိုပုံတွေကြောင့် တဘက်ကဆက်ဆံလာသူတွေက ပိုပြီးလေးစားသွားသလား၊  သို့မဟုတ် အတားအဆီးဖြစ်သွားသလား၊  ကိုယ့်ရဲ့နေထိုင်ပြောဆိုပြုမှုကျင့်ကြံပုံတွေကြောင့် ဆုံးဖြတ်ချက်တွေကျလာဘို့ပိုလွယ်သွားသလား ဆိုတာတွေကို ပြန်ဆန်းစစ်ရမှာဖြစ်ပြီး ဆင်ခြင်သိနဲ့လေ့လာလုပ်ကိုင်ရမှာဖြစ်ပါတယ်။   ဒီနေရာမှာ ပြင်းပြင်းထန်ထန်ကလေး စဉ်းစားမိတာတစ်ခုရှိပါတယ်။ ယနေ့မြန်မာ့နိုင်ငံရေးက ခေါင်းဆောင်တွေ  ဥပမာ..ဦးသိန်းစိန်.. ဦးရွှေမန်း.. နဲ့ မြန်မာနိုင်ငံက ဒိတ်ဒိတ်ကြဲခေါင်းဆောင်တွေ ဥပမာ ဒေါ်အောင်ဆန်းစုကြည် ကိုမင်းကိုနိုင် ကိုကိုကြီး ကိုဌေးကြွယ် နဲ့ ၈၈ မျိုးဆက်သစ်ခေါင်းဆောင်များ.. တိုင်းရင်းသားခေါင်းဆောင်များ.. ပုဆိုးကြီးတိုက်ပုံကြီး ရိုးရာအ၀တ်အစားကြီးတွေ ၀တ်ပြီး အခြားနိုင်ငံကခေါင်းဆောင်တွေကို တွေ့တာ ပြောဆိုတာဟာ တကယ့်လက်တွေ့မှာရော အလုပ်ဖြစ်ရဲ့လား။  ကိုယ့်အနေနဲ့ အိုကေနေ အဆင်ပြေနေပေမယ့် အခြားဘက်ကရော အဲဒါတွေကို မြင်ရတဲ့အတွက် ကြိုးစားနားလည်ပေးနေရမှုတွေရှိနေသလားဆိုတာတွေ ကို ပြန်ဆန်းစစ်ရပါမယ်။
  • လိုအပ်လို့ အနောက်တိုင်းဝတ်စုံဝတ်တာ အမျိုးသားရေးကိုသစ္စာဖေါက်တာမဟုတ်ပါဘူး။.. ဒီမှာ ပြန်သတိရမိတာလေးတစ်ခုကိုပြောရရင်... အန္ဒိယနိုင်ငံက ထင်ရှားတဲ့နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်တဲ့ နေရူး ဟာ ကျနော်တို့ချစ်ခင်မြတ်နိုးလေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်း အောင်ဆန်းအက်တလီစာချုပ်ချုပ်ဆိုဖို့ မသွားခင်လေးမှာ ၀တ်သင့်ဝတ်ထိုက်တဲ့ ကုတ်အင်္ကျီလေး တစ်တည် ချုပ်ပေးခဲ့ဘူးတယ်လို့မှတ်သားမိခဲ့ဘူးပါတယ်။  ချစ်စရာကောင်းတဲ့ အဖြစ်အပျက်ကလေးတွေပါ။  အဲဒါလေးကိုအမှတ်ရမိလို့ ကျနော့်မှာ "တောင်းမှာအကွပ် လူမှာအ၀တ်" ဆိုတဲ့ စကားပုံကို အမှတ်ရစေမိပါတယ်။ ဟုတ်ပါတယ်.. ခေါင်းဆောင်တွေဟာ ၀တ်တတ်စားတတ်ဘို့လည်းအရေးကြီးပါတယ်။
  • ကဲမေးစရာတွေရှိလာပြီ။  ဥပမာအနေနဲ့ကြည့်မယ်ဆိုရင် အခြားအခြားသော  နိုင်ငံတကာကခေါင်းဆောင်တွေ အချင်းချင်းကိုတွေ့ကြတဲ့အခါ သူတို့ရိုးရာအ၀တ်အစားတွေကို ၀တ်ဆင်ပြီးတွေ့ကြတာလား သူတို့ရိုးရာဝတ်စုံကိုမ၀တ်ကြဘူးဆိုရင် ဘာကြောင့်လည်း ဆိုတာ အလုပ်ကြီးတစ်ခုအနေနဲ့ စဉ်းကိုစဉ်းစားရမယ့်ကိစ္စတွေဖြစ်ပါတယ်။
  • ကွမ်းတပြစ်ပြစ်နဲ့ ဆေးလိပ် တဖွာဖွာလုပ်  ဖုဆိုးတိုတိုဝတ် ပင်နီဝတ် (သို့) ယောဂီအင်္ကျီဝတ်စုံဝတ်ပြီးနိုင်ငံရေးသိကြွမ်း တတ်ကြွမ်းရုံလောက်နဲ့ ထူးခြားပြီး စံပြခေါင်းဆောင်ဖြစ်မလာနိုင်သလို နိုင်ငံတကာနိုင်ငံရေးကိုလည်းအဲဒီနည်းနဲ့ တိုးမရပါဘူး။ အဲဒီလိုလုပ်ခြင်းအားဖြင့်လည်း ပြည်သူ့စံပြခေါင်းဆောင်တွေ နိုင်ငံတကာကလေးစားလောက်တဲ့ခေါင်းဆောင်တွေ ဖြစ်လာမှာမဟုတ်ပါဘူး။ ငြင်းခုံစရာကောင်းတဲ့ ကိစ္စ္စလေး (debatable issues) တွေဖြစ်ပါတယ်။  

ဦးနှောက်ကိုလှုပ်ရှားစေနိုင်တဲ့ ဆွေးနွေးမှုတစ်ခု (Brain-storming) လုပ်ကြည့်တာပါ။  အပိုင်း (၂) ကို နောက်မှဆက်ပါ့မယ်.။

အားလုံးကျန်းမာချမ်းသာကြပြီး ဘေးဘယာဝေးကွာကြပါစေ. ပြန်လည်ဖြန့်ဝေပေးကြပါ။ ကျေးဇူးတင်ပါတယ်။

နေဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...