Wednesday, January 25, 2012

အာနီလျှာနီ မြန်မာပြည်

by Min Lulin on Wednesday, January 25, 2012 at 3:37pm
 
တံတားဦးက ကွမ်းနုဝါ
ငါန်းမြှာ က ဆေး
ကွမ်းသီး တောင်ငူနဲ့
ကိုင်းထုံးဖြူ ပြည်ရှား
သာဝါးလို့ထွေး ။    ။

ဒီစာချိုးလေးက မြန်မာတွေ ဘယ်လောက်တောင် ကြီးကြီးကျယ်ကျယ်
ကွမ်းစားခဲ့သလဲဆိုတာ ပေါ်လွင်စေပါတယ် ။ ကွမ်းရွက်ကို တံတားဦးက ၊
ဆေးကို ငါန်းမြှာ က ၊ ကွမ်းသီးကို တောင်ငူက အစရှိသည်ဖြင့် ကောင်းပေ့ဆိုတဲ့
နေရာတွေက ကွမ်း ကွမ်းသီးတွေစုပေါင်းပြီး ဘုရင်ကိုဆက်သ ။
ဘုရင်က ကွမ်းတော်ကို စားတော်မူတယ်ပေါ့ ။ အဲ့သလိုကြီးကျယ်ခဲ့ကြပါတယ် ။


အခုခေတ်မှာတော့ တစ်ချို့အိမ်တွေမှာ ကွမ်းအစ်နဲ့ ကွမ်း ကွမ်းသီးခြမ်း တည်ပြီး
စားတာကလွဲရင် ကွမ်း ဘယ်က ရ ၊ ကွမ်းယာဆိုင်က ရဆိုသလို ဖြစ်နေပါပြီ ။
ရပ်ကွက်တိုင်းမှာ ဘုန်းကြီးကျောင်းမရှိချင်နေရမယ် ။ ကွမ်းယာဆိုင်တော့ ရှိတယ် ။
ကွမ်းယာရောင်းရင်း တိုက်ဆောက်ကြတယ် ။ ကားစီးကြတယ် ။ ကွမ်းယာရောင်းတဲ့လုပ်ငန်း
တွင်ကျယ်နေတာပြောပါတယ် ။ ဒါက မြန်မာနိုင်ငံမှာ ။ ကွမ်းစားချင်ရင် အလွယ်လေး ၀ယ်စားလို့ရတယ် ။

ကွမ်းကို နှစ်နှစ်ခြိုက်ခြိုက်စားတတ်တဲ့လူတစ်ယောက် နိုင်ငံရပ်ခြားကို ရောက်ပြီဆိုရင်တော့
အခက်တွေ့တော့တာပဲ ။ မြန်မာလူမျိုးတွေ ဖွင့်ထားတဲ့ ဆိုင် ( မြန်မာဆိုင်လို့ပဲ လွယ်လွယ်ဆိုကြပါစို့ ) နဲ့
နီးတယ်ဆိုရင်တော့ သိပ်အခက်မတွေ့လှပါဘူး ။ မြန်မာဆိုင်က မြန်မာပြည်မှာလောက်မကောင်းပေမဲ့
စားလို့ဖြစ်တဲ့ ၀ါးလို့ဖြစ်တဲ့ ကွမ်းယာ ရောင်းတယ် ။ နောက်ပြီး ကွမ်းရွက်တွေ ကွမ်းသီးတွေလည်း
ရောင်းတယ်ပေါ့ ။ ဒီတော့ မြန်မာဆိုင်နဲ့ နီးတဲ့ ကိုရွှေမြန်မာတွေအဖို့တော့ ကွမ်းစားဖို့ ကွမ်းဝါးဖို့
သိပ်အပန်းမကြီးလှပါဘူး ။

မြန်မာဆိုင်နဲ့ ဝေးတဲ့ ကွမ်းသမားတွေအဖို့ကတော့ တော်တော့ကို အခက်တွေ့စေတာပဲ ။
တစ်ပတ်တစ်ခါလောက်ဖြစ်စေ တစ်လတစ်ခါလောက်ဖြစ်စေ မြန်မာဆိုင်ရောက်တဲ့အခါ ကွမ်းရွက်တွေ
ကွမ်းသီးတွေ ၀ယ်လာ ။ အိမ်မှာ ထားပြီး ခြိုးခြိုးခြံခြံ စားရတာ ဆိုတော့ .. တော်တော့်ကို အခက်တွေ့စေပါတယ် ။
ကျွန်တော်ကိုယ်တိုင်ကလည်း နိုင်ငံရပ်ခြားကို ရောက်နေတဲ့ ကွမ်းသမားတစ်ယောက်ပဲ ဆိုပါတော့ ။
ဒီတော့ အထက်မှာပြောခဲ့သလို မြန်မာဆိုင်ရောက်တဲ့အခါ ကွမ်းရွက်တို့ ကွမ်းသီးတို့ ၀ယ်ထား ၊ အိမ်မှာ ရေခဲသေတ္တာထဲထည့်ပြီး
ကွမ်းယာ ရေခဲရိုက်ထား ။ စားချင်တဲ့အခါ အာသာပြေ တစ်ယာ နှစ်ယာလောက် ကောက်ယာပြီး စားလိုက်တယ် ။

ကျွန်တော်လုပ်တဲ့အလုပ်မှာက ကွမ်းယာပေါင်းထုတ်ကလေးတွေငုံတဲ့ နီပေါလူမျိုးတွေ အများကြီးရှိတယ် ။
အဲ့ဒီ နီပေါလူမျိုးတွေထဲက တစ်ယောက်က ကျွန်တော်တို့စားတဲ့ကွမ်းယာမျိုးကို အရမ်းသဘောကျတယ်ဗျ ။
ပါးစပ်ကို နီနီကလေး ဖြစ်သွားစေတယ်ပေါ့ ။ သူပြောပုံပြောပါတယ် ။ နှုတ်ခမ်းနီနီ လျှာနီနီလေးနဲ့ တော်တော်လှတယ် တဲ့ ။
အဲ့သလို ကွမ်းယာမျိုးကိုလည်း သူက သိပ်စားချင်နေရှာတယ် ။ ဒါပေမဲ့ ကျွန်တော့ဆီမှာ တောင်းရမှာလဲ အားနာတဲ့ပုံပဲ ။
ကျွန်တော် ကွမ်းဝါးတဲ့အခါ အားကျတဲ့ မျက်နှာလေးနဲ့ ထိုင်ငေးနေတတ်တော့ ကျွန်တော်လည်း အားနာလာတယ် ။

ဒါနဲ့ တစ်နေ့တော့ ကျွန်တော့်အိမ်ကို လိုက်ခဲ့ ... အိမ်မှာ ခင်ဗျားစားချင်တဲ့ ကွမ်းယာမျိုးရှိတယ်ဆိုပြီး
အိမ်လိုက်ဖို့ ခေါ်တော့ သကောင့်သားက အားတက်သရောကို ချက်ချင်းထလိုက်လာတယ် ။
အိမ်ရောက်တော့ ရေခဲရိုက်ထားတဲ့ ရေခဲစိမ်ကွမ်းရွက်တွေ ကွမ်းသီးတွေကို ထုတ် ။
ထုံး အထုပ်သေးသေးလေးကို ထုတ် ။ သူ့ကို ကွမ်းတစ်ယာ ယာပေးလိုက်တယ် ။
သူက ကျွန်တော်ယာပေးတဲ့ကွမ်းယာကို မယူသေးဘဲ ကျွန်တော့်ကို ကြောင်ငေးငေးနဲ့ကြည့်နေတယ်ဗျ ။
ကျွန်တော်လည်း “ဟေ့လူ .. ဒီမှာ ခင်ဗျားစားချင်တဲ့ ကွမ်းယာလေ”  ဆိုတော့
သူက “ခင်ဗျား တစ်ခုထည့်ဖို့ မေ့နေတယ်ထင်တယ်” တဲ့ ။

ကျွန်တော်လည်း ဘာကျန်သေးပါလိမ့် လို့ တွေးပြီး ပစ္စည်းတွေ သေချာစစ်ကြည့်တော့လည်း အကုန်အပြည့်အစုံပဲ ။
ကွမ်းရွက်စိမ်းစိမ်းလေးပေါ်မှာ ထုံးဖြူဖြူလေး ကွက်လို့ ။ အဲ့ဒီအပေါ်မှာမှ ရေခဲရိုက်ထားတဲ့ကွမ်းသီး ညိုညိုကလေး ။
သူ့ဘေးမှာ မြန်မာဆေးရွက် အပိုင်းသေးသေးလေး ။ အကုန်စုံပါတယ်ပေါ့ ။ ဘာမှမမေ့ပါဘူးလို့ ပြောလိုက်တော့ ....
သကောင့်သားက ခင်ဗျား နီတဲ့ဟာ မေ့နေတယ်လေဗျာ တဲ့ ။ ကျွန်တော့် အတွေးထဲမှာ နီတဲ့ဟာဆိုတော့ ရှားဆေးကို
ပြောတယ်မှတ်တာပေါ့ ။ အဲ့ဒါနဲ့ နီတဲ့ဟာမရှိဘူး ။ အဲ့ဒါက မြန်မာပြည်မှာပဲ ရှိတာ .. လို့ပြောတော့
ခင်ဗျားလိမ်တယ်တဲ့ ။ ဟောဗျာ ... ကျွန်တော်လည်း ကိုယ့်နဖူးကိုယ်ရိုက်ပြီး ဘာလိမ်လို့လဲ ပေါ့ ။
ဒီတော့မှ သကောင့်သားက ခင်ဗျားကွမ်းဝါးလိုက်ရင် နှုတ်ခမ်းတို့ လျှာတို့မှာ နီနီလေး ဖြစ်သွားတယ် ။
အဲ့ဒီနီတဲ့ဟာကိုပြောတာ ဆိုတော့မှ .. ၊ ကျွန်တော် တဟားဟား အော်ရယ်လိုက်မိတယ် ။
ကွမ်းရွက်စိမ်းစိမ်းရယ် ကွမ်းသီးညိုညိုရယ် ထုံးဖြူဖြူရယ် သုံးမျိုးပေါင်းလိုက်ရင် နီသွားတယ်ဆိုတာ သူမသိရှာဘူးကိုး ။

ဒါနဲ့ပဲ ကျွန်တော်က သူ့ကိုပေးတဲ့ကွမ်းယာကို ကိုယ့်ပါးစပ်ထဲကိုယ်ပြန်ထည့်ပြီး ခင်ဗျား ခဏစောင့်ကြည့်နေ ဆိုပြီး
စောင့်နေခိုင်းလိုက်တယ် ။ တအောင့်ကြာတော့ ကိုရွှေကွမ်းယာက နီလာပါလေရော ။ အဲ့ဒီတော့မှ ငနီ
( နီပေါလူမျိုးကို ကျွန်တော်ခေါ်တဲ့ အခေါ် ) သဘောတွေကျပြီး အတင်းကို နောက်တစ်ယာ ယာခိုင်း ။
အငမ်းမရ စားတော့တာပဲ ။ နှုတ်ခမ်းတွေရော နှာခေါင်းတွေပါ ပေပွလို့ ။ ကျွန်တော်လည်း သဘောတွေကျလို့ပေါ့ ။

မြန်မာပြည်မှာလို ကွမ်းယာဆိုင်မြောက်များစွာနဲ့ နေရာမျိုးကို ငနီ့ ကို ခေါ်သွားချင်မိတာ အမှန်ပဲ ။
ကျုပ်တို့မြန်မာတွေက ခင်ဗျားမျက်စိထဲ လှပါတယ် ဆိုတဲ့ အာနီ လျှာနီ မျိုး တွေဗျ လို့ ကြွားချင်မိတာလည်း ပါတာပေါ့ဗျာ ။   
ဒါပေမဲ့ ကျွန်တော် မြန်မာပြည်ဒေသတစ်ခုမှာ တွေ့ဖူးခဲ့တဲ့ ကွမ်းယာဆိုင်တစ်ဆိုင်ကိုတော့ ငနီ့ ကို မမြင်စေရဘူး ။
အဲ့ဒီဆိုင်နာမည်က အရည်မရ အဖတ်မရ ကွမ်းယာဆိုင် တဲ့ ။ ဆိုင်ထဲမှာလည်း စာလုံးမည်းမည်းကြီး အကြီးကြီးတွေနဲ့
ရေးထားသေးတယ် ။ ဘာရေးထားတာလဲ ဆိုတော့ ...

" ကွမ်းစားခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းပါ "    ။      ။


 - မင်းလုလင် -( HOE Online Magazine တွင် ဖော်ပြပြီး )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...