Thursday, January 26, 2012

ငြိမ်းချမ်းရေးအတွက် ပညာရေး (အပိုင်း ၁) အယူအဆနှင့် နည်းစနစ် (မောက္ခ မဂ္ဂဇင်း) အပိုင်း-၁

by Yeyint Kyaw on Wednesday, January 25, 2012 at 9:14pm

Written by သိန်းနိုင်


ပဋိပက္ခများ၊ စစ်ပွဲများနှင့် အတိပြည့်နှက် နေဆဲဖြစ်သည့် ဤမြေကမ္ဘာတွင် ငြိမ်းချမ်းရေးကို မည်သို့ မည်ပုံ ရယူ တည်ဆောက်နိုင် ပါသနည်းဆိုသည့် မေးခွန်းမှာ ခေတ်အဆက်အဆက် ဒဿနပြဿနာ တစ်ရပ်အနေဖြင့် ရှိနေခဲ့ပြီးလည်းဖြစ်သည်။

နိဒါန်း
“...လူလူချင်း သတ်ဖြတ်မှုတွေ၊ လူလူချင်း ရက်စက်မှုတွေ ကမ္ဘာမြေကို အကျည်းတန်စေပြီ၊ လူလူချင်း ညှင်းပမ်းမှုတွေ၊ လူလူချင်း ရက်စက်မှုတွေ၊ ဒါတွေကို ရပ်ဖို့သင့်ပြီလေ။ ...”
ပြည်တွင်းစစ်သီချင်း (အမ်အက်ဖ်ဂျီ) ၂၀ဝ၃။
“...အမှားကို မြင်လာခြင်း... တုံ့ပြန်ရန်လိုခြင်း၊ အတ္တအစွဲများ ပြည့်နှက် တယူသန် ပြိုင်ဆိုင်နေမှုများ... ....ကမ္ဘာမြေငြိမ်းချမ်းရေး... ကမ္ဘာမြေ... လှပရေး အတ္တမာန ကင်းစေ (မာနတရားတွေ ကင်းဝေးစေ) .... ကမ္ဘာမြေ..... ငြိမ်းချမ်းရေး ကမ္ဘာမြေ၏ လှပရေး အသိဉာဏ် စွမ်းအင်ဖွံ့ဖြိုးစေ) .....”

 ကမ္ဘာမြေငြိမ်းချမ်းရေး သီချင်း (လွိုင်ကော်နှစ်ခြင်း အသင်းတော် ၁၉၉၇)။
          နှစ်ဆယ်ရာစုအတွင်း၌ ဤကမ္ဘာမြေတွင် ပြောင်းလဲမှုများစွာ ဖြစ်ထွန်းခဲ့ပါသည်။ နိုင်ငံရေး၊ သိပ္ပံနှင့် နည်းပညာ၊ လူမှုရေးနှင့် စီးပွားရေး အစရှိသည့် နယ်ပယ် အသီးသီးတွင် အထင်ကရ တိုးတက် ထွန်းကားလာမှုများကို မြင်တွေ့ခဲ့ကြရပြီးလည်း ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာမှုပြုခြင်း ဖြစ်စဉ်နှင့် ဗဟိုဦးစီး ချုပ်ကိုင်မှု လျော့ချရခြင်းစသည့် အယူအဆများ၊ ကျင့်စဉ်များမှာ အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်လာခဲ့ပါသည်။ နိုင်ငံတကာ နယ်နိမိတ်များကို ပြိုလဲစေလျက် ကမ္ဘာကြီး တခုလုံးကို ရွာငယ်လေး သဖွယ် (ကမ္ဘာရွာ) ဖြစ်ပေါ်လာစေခဲ့ပါသည်။ သို့ရာတွင် ဤအထင်ကရ ပြောင်းလဲခြင်း ဖြစ်စဉ်များမှ မဖြေရှင်းပေးနိုင်သည့် ပြဿနာများစွာထဲတွင် တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနှင့် လူမှု အသိုင်းအဝိုင်း အတွင်း အညီအညွတ် လိုက်လျောညီထွေ ရှင်သန်နေထိုင်ခြင်း စသည်တို့မှာ လမ်းစ ပျောက်လျက်ပင် ရှိနေသေးချေသည်။ ဤအချင်းအရာများကို မရရှိသေးသည့် အတွက် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ မညီမျှမှုများ၊ နောက်ဆက်တွဲ ပြဿနာများနှင့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်း တန်ဖိုးများနှင့် ပတ်သက်၍လည်း ဆိုးဝါးစွာ ရင်ဆိုင်နေကြရဆဲပင် ဖြစ်သည်။ လူ့သမိုင်းတွင် မကြုံဘူးသည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများကြောင့် ဓနကြွယ်ဝမှုနှင့် သက်တောင့် သက်သာ နေထိုင်ရခြင်းတို့ကို ပိုင်ဆိုင်လာကြသော်လည်း ကမ္ဘာအဝှမ်းတွင် မညီမျှမှုများကြောင့် လူမျိုးရေး၊ ဘာသာရေး၊ လူတန်းစားနှင့် တိုင်းရင်းသား လူမျိုးစု ပဋိပက္ခများဖြင့် ပြည့်နှက် နေဆဲ ဖြစ်သည်။ မြေကမ္ဘာ၏ သက်ရှိ မျိုးနွယ်စုများတွင် လူသားမျိုးနွယ်စုသည် အသိဉာဏ်ပိုင်းဆိုင်ရာ အဖွံ့ဖြိုးဆုံး တိုးတက် လာခဲ့သော်ငြားလည်း အခြားတစ်ဖက်တွင်မူ အတ္တလွန်ကဲခြင်း၊ သီးသန့် နေထိုင်လိုခြင်း၊ သည်းခံခြင်းတရား ခေါင်းပါးလာခြင်းများ အပါအဝင် မိမိကိုယ်ကိုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးသူများ အနေဖြင့်လည်း တည်ရှိနေလေသည်။ ယခု ၂၁ ရာစု အစပိုင်းကာလ၌ ကမ္ဘာအဝှမ်းတွင် ငြိမ်းချမ်းရေးနှင့် ညီညွတ်သော လူမှုအသိုင်းအဝိုင်းအတွက် ကြီးမားသော စိန်ခေါ်ချက်များ ဖြစ်သည့် အောက်ပါ အကျပ်အတည်းများ၊ အရေးပေါ် အခြေအနေများဖြင့် ရင်ဆိုင်နေကြရသည်။
          • ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကွာဟချက်များ၏ အကျိုးဆက်ကြောင့် ဥစ္စာဓနပိုင်ဆိုင်မှုတွင် ချမ်းသာသူများနှင့် ဆင်းရဲသူများကြား ကြီးမားသည့် ကွာဟချက်ရှိနေခြင်း၊ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများကြားတွင်လည်း ဤကွာဟချက်ကို ဖြေရှင်းရန် ဖြစ်နိုင်ချေ နည်းလမ်းများ ရှာမရသေးခြင်း။
          • လက်နက်ဆန်းများနှင့် အဏုမြူစွမ်းအင် နည်းပညာများကို အပြိုင်အဆိုင် တီထွင် တပ်ဆင် မှုများကြောင့် လူသားမျိုးနွယ်စု တစ်ခုလုံး၏ ရှင်သန်မှုကို ခြိမ်းခြောက်လျက်ရှိနေခြင်း။
          • အဆင့်တိုင်းတွင် ပုံစံအမျိုးမျိုးနှင့် ခွဲခြားဆက်ဆံမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ ပဋိပက္ခများ အကြားတွင် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ ရှိနေခြင်း။
          • အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကြမ်းဖက်ဖြေရှင်းမှုများ၊ လူမျိုးရေးခွဲခြားခြင်းများကို ဤ ကမ္ဘာ၏ သွင်ပြင် လက္ခဏာ တစ်ရပ်အနေဖြင့် မြင်တွေ့နိုင်ပြီး လူသားမျိုးနွယ်နှင့် အခြေခံ စံနှုန်း တန်ဖိုးများ တိုက်စား ခံနေရခြင်း။
          • လူဦးရေ ပေါက်ကွဲမှုကြောင့် သဘာဝ အရင်းအမြစ်များကို အလွန်အကျွံ သုံးစွဲရသည့် အတွက် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ဂေဟဗေဒဆိုင်ရာ ညီမျှချေကို ဖျက်ဆီး ခံရခြင်းနှင့်အတူ လူသားမျိုးနွယ်၏ အသက်ရှင်သန် နေထိုင်မှုကို အချိန်ပြည့် ခြိမ်းခြောက်လျက် ရှိနေခြင်း။
          •ကျဉ်းမြောင်းသည့် ပုဂ္ဂလ အကျိုးစီးပွားအပေါ် အခြေပြု၍ စဉ်းစားတွေးခေါ်ခြင်းနှင့် အတ္တမာန လွန်ကဲမှု (မိမိလုပ်ငန်း၊ ပရိုဂျက်နှင့် အဖွဲ့အစည်းကိုသာ အဟုတ်ထင်ခြင်း) ကြောင့် လူသား မျိုးနွယ်သည် နယ်ပယ် အသီးသီးတွင် ဂိုဏ်းဂဏ၊ အုပ်စုငယ်များစွာဖြင့် ကွဲပြားလျက်ရှိနေခြင်း။
          ပစ္စက္ခ ကမ္ဘာ့ လူ့အဖွဲ့အစည်း၏ ရှင်သန် နေထိုင်နိုင်ရန် အတွက် တောင်းဆိုချက်များတွင် ကျဉ်းမြောင်းသည့် အမျိုးသားရေး အမြင်များထက် ကမ္ဘာအဝှမ်း လွမ်းခြုံ စဉ်းစားတွေးခေါ်ခြင်း၊ လူမျိုးရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အစွန်းရောက်ခြင်းထက် သည်းခံခြင်းတရား ထွန်းကားစေခြင်း၊ အပြန်အလှန် နားလည်မှုကို တည်ဆောက်ခြင်းနှင့် ယဉ်ကျေးမှု ဗဟုဝါဒကျင့်သုံးခြင်း၊ လူအနည်းစု အတွက်သာ အခွင့်ထူးခံဖြစ်နေသည့် သိပ္ပံနှင့် နည်းပညာအရ ခွဲခြားခြင်းထက် နည်းပညာအရ စုစည်းနိုင်ခြင်း အစရှိသည့် အကြောင်းချင်း အရာများ ပါဝင်သည်။ လူတန်းစား အလွှာတိုင်းတွင် အကြမ်းမဖက်ခြင်း၊ သည်းခံခြင်းတရား ထွန်းကားစေခြင်းစသော လိုလားအပ်သည့် ယဉ်ကျေးမှုများ ထွန်းကားစေခြင်းဖြင့် ပိုမို၍ ငြိမ်းချမ်းသာယာသည့် ယဉ်ကျေးသည့် လူ့ဘောင်ကို တည်ထောင်နိုင်မည် ဖြစ်သည်။
          ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေးအခေါ် ပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များ အနေဖြင့် လူ့စံနှုန်း တန်ဖိုးများကို ပြန်လည် ရှင်သန်စေရန် အတွက် လိုအပ်ချက်ကို ကာလ ကြာမြင့်စွာ ကတည်းက သိမြင်ခဲ့ကြသည်။ ဤမြေကမ္ဘာ၏ ရေရှည် တည်တံ့ နိုင်မည့် ငြိမ်းချမ်းရေး အတွက် တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်သည်။ အာဏာနှင့် ရုပ်ဝတ္ထု ပစ္စည်းနောက်သို့ အမောတကော လိုက်ပါလျက် လူသားတို့သည် သဘာဝတရား၏ အခြေခံ ဥပဒေ ဖြစ်သော “မိမိနှင့် အခြားသူများ အတူတကွ ရှင်သန် နေထိုင်ရခြင်း” သဘောတရားကို မေ့လျော့ နေခဲ့ပြီလည်းဖြစ်သည်။
ဤအချင်းအရာကို အသိအမှတ်ပြု ထည့်သွင်း စဉ်းစားလျက် ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (ယူနက်စကို) မှ အထူးခန့်အပ် တာဝန် ပေးခဲ့သည့် ဒီလော်(စ်) ကော်မစ်ရှင်၏ အစီရင်ခံစာဖြစ်သည့် “သင်ယူခြင်း ရတနာအတွင်းမှာ - Learning - The Treasure Within (၁၉၉၆)” တွင် “အတူတကွ အသက်ရှင်သန် နေထိုင်ဖို့ သင်ယူ လေ့လာစို့” ဟူသော အချက်ကို ပညာရေး မဏ္ဍိုင်ကြီး လေးရပ်အနက် အဓိက ပညာရေး ထောက်တိုင် တစ်ရပ် အနေဖြင့် လမ်းညွှန် အကြုံပြုခဲ့ပါသည်။ မျက်မှောက် ကမ္ဘာကြီးတွင် ဝမ်းနည်းဖွယ်ရာ လိုအပ်နေသည့် ညီညွတ်သော လူ့ အသိုင်းအဝိုင်း တည်ဆောက်ရေးနှင့် ငြိမ်းချမ်းစွာ အမြင်သဘောထား ဖလှယ်ခြင်းတို့ကို ဤအစီရင်ခံစာတွင် မီးမောင်းထိုး တင်ပြခဲ့သည်။ ခေတ် အစဉ်အဆက်တွင် အသိပညာနှင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်သည့် ကာယ၊ ဥာဏ လုပ်သားထုကို မွေးထုတ်ပေးရန် အတွက် ပညာရေးကို အသုံးချခဲ့သည်။ ယခုအခါတွင်မူ ပုဂ္ဂလ ဖွံ့ဖြိုးတိုးတက်ရန်နှင့် လူမှုဆက်ဆံရေး တိုးတက် မြင့်မားစေရန် အတွက် ပညာရေးမှာ အခြေခံ အကျဆုံး ဖြစ်သည်ဟူ၍ အမြင်သဘောထား ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ ငြိမ်းချမ်းသော လူမှု အသိုင်းအဝိုင်းအတွက် မတူ ကွဲပြားသည့် ယဉ်ကျေးမှုများ သဟဇာတ ဖြစ်စေရေးနှင့် လူမှုပြုပြင် ပြောင်းလဲရေးတို့တွင် အခြေခံ ပညာ ကျောင်းများမှာ အခရာကျသည်ကို လျစ်လျူရှု ခဲ့ကြ၏။ လူမှုအသိုင်းအဝိုင်းအတွင်း ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေကို ထိန်းသိမ်းထားနိုင်ရန် အတွက် လက်ရှိ အခြေအနေနှင့် တစ်ပုံစံတည်း၊ တစ်ထပ်တည်း ဖြစ်စေရန်သာ ရည်ရွယ်ချက်များ ထားရှိသည်။ ဤသို့ဖြင့် စာသင်ကျောင်းများ၏ အခန်းကဏ္ဍမှာ မှေးမှိန်၍ လာရသည်။
          စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများကို အမှီလိုက်နိုင်ရန်နှင့် ယှဉ်ပြိုင်နိုင်ရန် အတွက် ကြိုးစားနေစဉ် ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံအများစုတွင် လူ့စံနှုန်း တန်ဖိုးဆိုင်ရာ ရေရှည် ရည်မှန်းချက် များနှင့် စာရိတ္တ၊ နီတိဆိုင်ရာများကို ပညာရေးတွင် ဦးစားပေးခြင်း မရှိပါချေ။ သို့ဖြစ်ပါ၍ ပညာရေးသည် နိုင်ငံသားတို့အား ငြိမ်းချမ်းသော ပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းသော ယဉ်ကျေးမှု ဖွံ့ဖြိုး ထွန်းကားစေရန်၊ သည်းခံခြင်းတရား ထွန်းကားစေရန်၊ ဒီမိုကရေစီ စံနှုန်း တန်ဖိုးများ၊ လူ့အခွင့်အရေးနှင့် တာဝန် ဝတ္တရားများကို သိရှိနားလည် လိုက်နာစေရန် အတွက် ပြင်ဆင်ပေးနိုင်ရမည် ဖြစ်သည်။
ကျောင်းပညာရေးနှင့် ငြိမ်းချမ်းရေးအတွက် ပညာရေး သုတေသနမေးခွန်း
          ကျောင်းပညာရေးနှင့် ငြိမ်းချမ်းရေး အတွက် ပညာရေးဆိုင်ရာ သုတေသနပြု လေ့လာ တင်ပြ ဆွေးနွေးရာဝယ် မေးခွန်းငယ် (၇) ခု အပေါ်တွင် အခြေပြု၍ လေ့လာ တင်ပြပါမည်။
သုတေသနမေးခွန်းမား-
(၁) ပြောင်းလဲနေသည့် ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးဆိုင်ရာ ငြင်းခုံဆွေးနွေးမှုများကို လေ့လာရန်။
(၂) ငြိမ်းချမ်းရေး အယူအဆကို ရှင်းလင်း ဖွင့်ဆိုရန်၊
(၃) ငြိမ်းချမ်းရေး အတွက် ပညာရေးအစီအစဉ်၏ တန်ဖိုးနှင့် လိုအပ်ချက်ကို သတိပြုမိစေရန်။
(၄)ကျောင်းသင် ဘာသာရပ် နယ်ပယ် အသီးသီးတွင် ငြိမ်းချမ်းရေး အတွက် ပညာရေးဆိုင်ရာ လေ့ ကျင့် သင်ကြားခြင်းကို မည်သို့ ယှက်နွယ်ပေါင်းစပ်၍ ပေါင်းစည်း သင်ရိုးညွှန်းတမ်း အနေဖြင့် သင်ကြားနိုင်သည့် နည်းလမ်းများကို ရှာဖွေဖေါ်ထုတ်ရန်။
(၅) ငြိမ်းချမ်းသော လူ့ အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ရန် အတွက် လိုလားအပ်သည့် လူမှု ပတ်ဝန်းကျင်ကို မည်သည့် ပညာရေးအစီအစဉ်များ၊ နည်းလမ်းများမှ တဆင့် ပြုစုပျိုးထောင်နိုင်ပါ သနည်း။
(၆) ငြိမ်းချမ်းရေး အတွက် ပညာရေး သင်ရိုးညွှန်းတမ်းဆိုသည်မှာ အဘယ်နည်း။ လက်ရှိ ကျောင်း ပညာရေး သင်ရိုးညွှန်းတမ်းများနှင့် မည်သို့ ဆက်စပ်ပေါင်းစည်း၍ လုပ်ဆောင်ရမည်နည်း။
(၇) လူ့ အဖွဲ့အစည်းအတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းသာယာဝပြောစေရန် အတွက် မရှိမဖြစ် လိုအပ်သည့် ငြိမ်းချမ်းသောစိတ် ယဉ်ကျေးမှု တည်တံ့ခိုင်မြဲနေစေရန် မည်သည့် သင်ယူခြင်း-သင်ကြားခြင်း နည်းစနစ်များကို အသုံးပြုရပါမည်နည်း။
ငြိမ်းချမ်းရေးဆိုသည်မှာ
ငြိမ်းချမ်းရေးကို အစဉ်အဆက် အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်။ ရှုပ်ထွေး၍ အဓိပ္ပါယ် ဖွင့်ဆိုရန် ခက်ခဲသည့် အယူအဆ တစ်ရပ်အနေဖြင့် တည်ရှိနေဆဲလည်း ဖြစ်သည်။ ပဋိပက္ခများ၊ စစ်ပွဲများ မရှိခြင်း ဟူသော ရိုးရှင်းသည့် အဓိပ္ပါယ်မှ အစပြု၍ ပဋိပက္ခများ၊ စစ်ပွဲများနှင့် အတူ ရှင်သန် နေထိုင်နိုင်ခြင်း စွမ်းရည်ဟူသည့် ပိုမိုရှုပ်ထွေးသော အဓိပ္ပါယ် ဖွင့်ဆိုချက် အမျိုးမျိုးကို လေ့လာ တွေ့ရှိရသည်။ သမိုင်းစဉ်ဆက်ထဲတွင် ငြိမ်းချမ်းရေးကို စိတ်၏ချမ်းသာခြင်း (စိတ္တသုခ)၊ ကိုယ်တွင်း ငြိမ်းအေးခြင်းနှင့် ယှဉ်တွဲ ဖေါ်ပြခဲ့သည်။
ရှင်တော်မြတ်ဗုဒ္ဓ၏ တရားဒေသနာများတွင် ဤသဘော တရား၊ အယူအဆနှင့် အကျင့်အကြံတို့ကို အထင်အရှား လေ့လာ တွေ့ရှိနိုင်သည်။ လောကတွင် စိတ်သည် အရာအားလုံး (အမှုခပ်သိမ်း) ၏ ရှေ့ဆောင်ပင်ဖြစ်သည် (စိတ္တေန နိယတေ လောကော -ဓမ္မပဒ) ဟူသော တရားကို မြွက်ကြားတော်မူခဲ့ခြင်းသည် ထင်ရှားသည့် သာဓက ဖြစ်သည်။
ကုလသမဂ္ဂ၊ ယူနက်စကို၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြေညာချက် နိဒါန်းတွင် စစ်ပွဲများအားလုံးသည် လူသားတို့၏ စိတ်တွင်းမှ အစပြု၍ ဖြစ်ပေါ် လာခြင်းကြောင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်မှာ လူသားတို့၏ စိတ်တွင်း၌ပင် ဖြစ်ချေသည်။ ပဋိပက္ခများ၊ စစ်ပွဲများနှင့် အတိ ပြည့်နှက်နေဆဲ ဖြစ်သည့် ဤမြေကမ္ဘာတွင် ငြိမ်းချမ်းရေးကို မည်သို့မည်ပုံ ရယူတည်ဆောက် နိုင်ပါသနည်းဆိုသည့် မေးခွန်းမှာ ခေတ်အဆက်ဆက် ပြဿနာ တစ်ရပ်အနေဖြင့် ရှိခဲ့ပြီးဖြစ်သည်။ သို့ရာတွင် လူသားတစ်ဦးချင်းစီ၏ ကိုယ်တွင်း၊ စိတ်တွင်း ငြိမ်းအေးခြင်းနှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုး တိုးတက်ခြင်းကို ရှာဖွေလေ့လာ၊ ကျင့်ကြံ အားထုတ်နေဆဲမှာပင် လူ့အသိုင်းအဝိုင်း၏ လူမှု ရေးပိုင်းဆိုင်ရာများမှာ လျစ်လျူရှု ခံထားရဆဲ ဖြစ်ပါသည်။ အကြင်ပုဂ္ဂိုလ်၏ လွတ်မြောက်ရာနှင့် အသိဉာဏ်ပိုင်းဆိုင်ရာ ပြည့်စုံရေးတို့ အတွက် ကြိုးပမ်းခြင်းမှာ ဤ လူမှုအသိုင်းအဝိုင်း အတွင်း၌ပင် ဖြစ်လေရာ ၁၉ ရာစုနှောင်းပိုင်း အသိပညာ ဉာဏ်အမြင် ဆန်းသစ်ခဲ့သည့် ခေတ်ကာလအတွင်း အနောက်တိုင်း အတွေးအခေါ် ပညာရှင်များမှ လူမှု ပတ်ဝန်းကျင် အခြေအနေများနှင့် နှိုင်းယှဉ်၍ လေ့လာခဲ့ကြသည်။
အထူးသဖြင့် သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ    Scientific Socialism ထွန်းကား လာခြင်းနှင့် အတူ ပိုမို၍ ထဲထဲဝင်ဝင် လေ့လာခဲ့ ကြသည်။ သို့ရာတွင် မာ့က်စ်ဝါဒီ Marxists များ အနေဖြင့်မူ တစ်သီးပုဂ္ဂလငြိမ်းချမ်းခြင်း အယူအဆကို ဦးစားပေးခြင်း မရှိတော့ဘဲ ပုဂ္ဂလသဘော မှေးမှိန်လာပြီး လူ၏ရှင်သန်နေထိုင်ရာ လူမှုအသိုင်းအဝိုင်း၏ တည်ဆောက်ပုံနှင့် လူ့အဖွဲ့အစည်း (လူမှု အဆောက်အအုံ) ကို အလေးထား လေ့လာခဲ့ကြသည်။ ဥစ္စာဓနကို ညီတူမျှတူ ခွဲဝေရေးအပေါ် အလေးထားသည့် ဆိုရှယ်လစ်အမြင် သဘောထားအရ ပုဂ္ဂလပိုင်ဆိုင်မှုသည် လူမှုအနိဌာရုံ အလုံးစုံနှင့် အကြမ်းဖက် အနိုင်အထက် ပြုကျင့်ခြင်းတို့၏ အကြောင်းရင်းဖြစ်သည်ဟူ၍ ယူဆကြ သည်။ သို့ဖြစ်လေရာ သူတို့မှ ငြိမ်းချမ်းရေးဆိုသည်မှာ အစီအစဉ်တကျ အကြမ်းဖက်ခံရခြင်းမှ ကင်းစင်ခြင်းပင် ဖြစ်သည်။
လူသားတစ်ဦးစီ၏ အသိပညာဉာဏ် ဖွံဖြိုးတိုးတက်ပြောင်းလဲခြင်းနှင့် ယနေ့ခေတ် အကြမ်း ဖက်ခြင်း၊ ပြဿနာကို ရုန်းရင်းဆန်ခတ် ဖြေရှင်းတတ်သည့် လူမှုအသိုင်းအဝိုင်း တည်ဆောက်ပုံကို ပြုပြင် ပြောင်းလဲခြင်းတို့မှာ ခွဲခြား၍ မရနိုင်ပါပေ။ လူမှုအဆောက်အအုံနှင့် လူမှုရေးဆိုင်ရာ လက်တွေ့ ဖြစ်ပျက်နေမှုများကို ဥပေက္ခာပြု၍ အကြင်သူတစ်ဦး၏ စိတ်အေးငြိမ်းချမ်းသာခြင်း အကြောင်းတရား (စိတ္တသုခ) နှင့် အသိဉာဏ်ပညာ တိုးတက်ခြင်းတို့ကို ပြောဆို ဆွေးနွေးရန်မှာ မဖြစ်နိုင်ပါ။ ထို့အတူ တစ်ဦးချင်းစီ၏ အခန်းကဏ္ဍနှင့် လူသားအားလုံး၏ အသိပညာဉာဏ် တိုးတက် မြင့်မားရေးတို့ကို မျက်ကွယ်ပြု၍ အခွင့်အာဏာဆိုင်ရာ ဆက်သွယ် ဆောက်ရွက်ခြင်းသည်လည်း လိုလားအပ်သည့် ကောင်းကျိုး ချမ်းသာတရားများကို မဆောင်ကျဉ်းပေးနိုင်ချေ။ သို့ဖြစ်လေရာ ငြိမ်းချမ်းရေး၏ ဤအယူအဆ နှစ်ရပ်စလုံးမှာ ဒင်္ဂါးပြား၏ ခေါင်းနှင့် ပန်းသဖွယ် လေ့လာ တွေ့ရှိနိုင်ပြီးလျှင် တစ်ခု မရှိပါက အခြားတစ်ခု၏ အဓိပ္ပါယ်ရှိမှုမှာ မေးခွန်း ထုတ်ဖွယ်ရာ ဖြစ်သည်။
မဟတ္တမဂန္ဒီမှ ပိုမို၍ ကျယ်ပြန့်သည့် အဓိပ္ပါယ်ဖွင့်ဆိုခြင်းကို ပြသခဲ့သည်။ ငြိမ်းချမ်းရေးကို ရှင်းလင်းဖွင့်ဆိုရန် အကြမ်းဖက်ခြင်းသဘောကို ဖော်ပြခဲ့သည်။ သူ့အနေဖြင့် အကြမ်းဖက်ခြင်း ဆိုသည်မှာ- နိုင်ငံတစ်နိုင်ငံမှ အခြားနိုင်ငံတစ်နိုင်ငံအပေါ်၊ လူတစ်ဦးမှ အခြားသူတစ်ဦးအပေါ်၊ အမျိုး သားများမှ အမျိုးသမီးများအပေါ်၊ စနစ်တစ်ခုမှ အခြားစနစ်တစ်ခုအပေါ်၊ စက်ပစ္စည်းများမှ လူသားများ အပေါ်တွင် - နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအရ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ ချယ်လှယ်ခြင်း ပင်ဖြစ်သည်။ အကြမ်းဖက်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော အကြမ်းမဖက်ခြင်းတွင် သွင်ပြင်လက္ခဏာ ရှစ်ရပ် အနည်းဆုံး ပါရှိလေသည်။ ယင်းတို့မှာ - ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး၊ မိမိကိုယ်ကို နှိမ့်ချခြင်း၊ ချစ်ခြင်းမေတ္တာ၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း၊ အမှန်တရားနှင့် သည်းခံခြင်းတရား (ခန္တီ) တို့ဖြစ်ကြသည်။ ဤအချင်းအရာများမှာ အပြန်အလှန် ဆက်စပ်နေခြင်း ဖြစ်သော်ငြားလည်း ငြိမ်းချမ်းရေး ဆိုသည်မှာ အကြမ်းမဖက်ခြင်း၏ နောက်ခံ အကြောင်းရင်းပင် ဖြစ်လေသည်။ မဟတ္တမဂန္ဒီ အနေဖြင့်မူ မည်သည့်ပုံစံနှင့်မှ ခေါင်းပုံဖြတ် ချယ်လှယ်ခြင်း လုံးဝမရှိသည့် အကြမ်းဖက်မှုကင်းစင်သော လူမှုအသိုင်းအဝိုင်းကို မျှော်မှန်းခဲ့သည်။ သူ့အနေဖြင့် ဤကဲ့သို့သော လူ့အသိုင်းအဝိုင်းကို ပညာရေးတည်းဟူသော ကိရိယာ အသုံးပြုခြင်းဖြင့် တည်ဆောက်နိုင်သည်ဟူ၍ ယုံကြည်ခဲ့သူဖြစ်သည်။ ဂန္ဒီကြီး၏ ငြိမ်းချမ်းရေး အယူအဆတွင် အမှန်တရား၊ အကြမ်းမဖက်ခြင်း၊ မိမိကိုယ်တိုင်အနစ်နာခံခြင်း၊ လူမှုဆက်ဆံရေးနည်းလမ်းများနှင့် ရလာဒ်များမှာ အရေးကြီးလေသည်။ လုပ်ဆောင်ချက်များနှင့် နောက်ဆက်တွဲရလဒ်များ နှစ်ခုစလုံးမှာ အရေးကြီးသည်ဟူ၍ ယုံကြည် သူဖြစ်သည်။ နှစ်ဆယ့်တစ်ရာစု ပညာရေးလမ်းကြောင်း ဖော်ထုတ်ခြင်း အစီအစဉ်အရ ယူနက်စကို၏ “အတူတကွ အသက်ရှင်သန်နေထိုင်နိုင်ဖို့ သင်ယူလေ့လာစို့” Learning to Live Together အယူအဆမှာ ဂန္ဒီ၏ ငြိမ်းချမ်းရေး ဒဿနကို ရောင်ပြန်ဟပ်ကြောင်း လေ့လာ တွေ့ရှိနိုင်သည်။ အခြားသူများအပေါ်တွင် အကြမ်းဖက်ခြင်းအစား မိမိကိုယ်ကို အနစ်နာခံခြင်းနှင့် သစ္စာဂြဟ (အာဏာရှင်ဆန့်ကျင်ရေးတွင် လူထုတစ်ရပ်လုံး အနုနည်းဖြင့် အမိန့်အာဏာ ဖီဆန်ရေး) ကို ဟောပြော ဆွေးနွေးခဲ့သူဖြစ်ပြီးလျှင် ဖိနှိပ်သူများကို တန်ပြန်ဖျက်ဆီးခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း တို့သည် အမုန်းတရားများနှင့် အကြမ်းဖက်ခြင်း သံသရာကိုသာလျှင် ရှည်စေသည်ဟူ၍ အခိုင်အမာ ယုံကြည်သူ ဖြစ်လေသည်။ နိုင်ငံတကာပညာရေး ပညာရှင်များမှ ယနေ့ခေတ် ကမ္ဘာကြီးနှင့် လူမှုအသိုင်းအဝိုင်းအတွင်းတွင် လူမျိုးရေး၊ ဘာသာရေး၊ လူတန်းစား၊ ဇာတ်နိမ့်၊ ဇာတ်မြင့်၊ လူမျိုးစုနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားခြင်း၊ အကြမ်းဖက် ပြုမူခြင်းများကို အထင်အရှား တွေ့မြင်ရလေရာ ငြိမ်းချမ်း သာယာသော ကမ္ဘာ့အစီအစဉ်သစ်ကို တည်ဆောက်နိုင်ရန်မှာ အနာဂတ် နိုင်ငံသားများ အားလုံးကို အမြင့်မားဆုံးသော သည်းခံခြင်းတရား ဖွံ့ဖြိုးစေခြင်းနှင့် အမှန်တရားဖက်မှ ရပ်တည်ရေး အတွက် ပညာသင်ကြားခြင်းသည် အရေးတကြီး လိုအပ်ချက်ဖြစ်ကြောင်း တင်ပြ ထားကြပါသည်။ သို့ဖြစ်လေရာ ဂန္ဒီ၏ဒဿနများမှာ မျက်မှောက်ခေတ်တွင် အရေးပါဆဲပင် ဖြစ်လေသည်။
ဤစာတမ်းတွင် ငြိမ်းချမ်းရေးဆိုင်ရာ ယူဆချက်များကို အောက်ပါအတိုင်း တင်ပြ လေ့လာ ဆွေးနွေးလိုပါသည်။
(၁) တင်းမာမှုများ၊ ပဋိပက္ခများနှင့် စစ်ပွဲများမရှိခြင်း၊
(၂) အကြမ်းမဖက်သော လူမှုစနစ် (အစီအစဉ်ရှိရှိ အကြမ်းဖက်ခြင်း ကင်းစင်သော လူ့အဖွဲ့အစည်း)၊
(၃) မည်သည့် ပုံစံမျိုးနှင့်မှ ခေါင်းပုံဖြတ်ခြင်းနှင့် တရားမျှတမှု ကင်းမဲ့ခြင်းတို့ မရှိခြင်း၊
(၄) နိုင်ငံတကာဆိုင်ရာ သိရှိနားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊
(၅) သဘာဝပတ်ဝန်းကျင်၏ ဂေဟဗေဒဆိုင်ရာ ညီမျှခြေရှိခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း၊
(၆) စိတ်၏ ချမ်းသာခြင်း၊
သို့ဖြစ်၍ ငြိမ်းချမ်းရေးကို နေထိုင်မှုပုံစံ၊ ခံယူချက်အမြင်သဘောထား၊ တည်ငြိမ်ခြင်းစသည်ဖြင့် ဖော်ပြနိုင်ပါသည်။ မိမိ၏ ကိုယ်တွင်း  အဇ္ဈတ္တသဏ္ဌာန် ငြိမ်းအေးချမ်းသာခြင်းနှင့် အခြားသူများ အပေါ်တွင် မေတ္တာတရား ထားရှိခြင်းဖြစ်သည်။ ငြိမ်းချမ်းသည့် ကမ္ဘာ့အစီအစဉ်သစ်ကို တည်ဆောက် နိုင်ရန်မှာ တစ်ဦးချင်းစီ၏ လုပ်ရပ်များသည် မိမိနှင့် အခြားသူများ ကောင်းကျိုးချမ်းသာကို ထည့်သွင်း စဉ်းစားခြင်းမှ စတင်လေသည်။ တစ်ဦးချင်းစီ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်မှာ တစ်ဦးချင်းစီ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်လိုစိတ်နှင့် ဆက်နွယ်နေမှုမှလည်း စတင်လေသည်။ ကျိုးကြောင်း ဆီလျော်စွာ စဉ်းစားတွေးခေါ်ခြင်းမှလည်း စတင်ပါသည်။ ပုဂ္ဂလအစွဲအလမ်းများ၊ ဘက်လိုက်မှုများ၊ အမုန်းတရားများ၊ အမျိုးဇာတိမာန် လွန်ကဲခြင်းများ၊ ဖိနှိပ်ချုပ်ချယ်ခြင်းများ ကင်းစင်ခြင်းများမှလည်း စတင်ပါသည်။ အရှည်တည်တံ့နိုင်မည့် ငြိမ်းချမ်းရေးကို ရရှိရန်မှာ မိမိ၏ စိတ်တွင်း အခြေအနေကို သိရှိနားလည်ခြင်းစွမ်းရည် ဖွံ့ဖြိုးစေခြင်းဖြင့် အစပြုရပါလိမ့်မည်။ စဉ်းစားတွေးခေါ်ခြင်းများ၊ စိတ်ဆန္ဒ များ၊ အပြောအဆိုနှင့် အပြုအမူများ ဟန်ချက် ညီစေခြင်း ဖြစ်သည်။ စိတ်တွင်း အဇ္ဈတ္တမှ ဖြစ်တည်လာသည့် ငြိမ်းချမ်းရေးတွင် သန့်စင်သော အတွေးအမြင်များ၊ သန့်ရှင်းသော ခံစားချက်များ၊ သန့်ရှင်းသော စိတ်ဆန္ဒများနှင့် ခံယူချက်များ ပါရှိလေသည်။
သို့ဖြစ်လေရာ ငြိမ်းချမ်းရေး အယူအဆမှာ စံတန်ဖိုး များစွာ ပါရှိလျက် လွန်စွာ ကျယ်ပြန့် နက်ရှိုင်းသည်ကို လေ့လာတွေ့ရှိရသည်။ ဒေသဆိုင်ရာ ညီလာခံ တစ်ရပ်ဖြစ်သော နိုင်ငံတကာ ပညာရေးနှင့် လူ့စံနှုန်းတန်ဖိုးများဆိုင်ရာ ပညာရေးအတွက် အာရှ-ပစိဖိတ်ကွန်ယက် (Asia-Pacific Network for International Education and Values Education(APNIEVE – 1995) မှ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် အရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်နွယ် နေသော စံတန်ဖိုးများ၊ အထောက်အပံ့များဆိုင်ရာ သွင်ပြင် လက္ခဏာများကို လေ့လာ တင်ပြခဲ့သည်။ ငြိမ်းချမ်းရေး အယူအဆတွင် ချစ်ခြင်းမေတ္တာ၊ ကရုဏာ၊ ညီညွတ်ခြင်း၊ သည်းခံခြင်း၊ ကူညီ ပြုစုစောင့်ရှောက်ခြင်းနှင့် မျှဝေခြင်း၊ အပြန်အလှန် အမှီသဟဲပြုခြင်း၊ စာနာစိတ်၊ နီတိနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးခြင်းနှင့် ကျေးဇူးတရားကို သိမြင်ခြင်းတို့ပါရှိသည်။
ဤပင်မစံတန်ဖိုးများနှင့် ဆက်နွယ်နေသည့် အခြားသောစံနှုန်းများမှာ -
(၁) ချစ်ခြင်းမေတ္တာ
မိမိကိုယ်ကို တန်ဖိုးထားခြင်း၊ ယုံကြည်ခြင်း၊ လေးစားခြင်း၊ အပြုသဘောဆောင်သော မိမိ ကိုယ်ကို ဝေဖန်ရေး၊ ရိုးသားပွင့်လင်းခြင်း၊ တာဝန်သိစိတ်ရှိခြင်း၊ အခြားသူများအတွက် စဉ်းစား ပေးခြင်း၊ သစ္စာရှိခြင်း၊ စွန့်လွှတ်အနစ်နာခံလိုစိတ်၊ ပြေလည်ရာ ပြေလည်ကြောင်း ဆွေးနွေး ညှိနှိုင်း တိုင်ပင်လိုစိတ်၊ သတ္တိရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် သည်းခံနိုင်ခြင်းတို့ ပါရှိပါသည်။
(၂) ကရုဏာ
ကြင်နာသနားတတ်ခြင်း၊ စိတ်ဓါတ်ခွန်အားရှိခြင်း၊ အခြားသူများ၏ လိုအင်ကို သိမြင်ခံစား နိုင်ခြင်း၊စိတ်ကောင်းနှလုံးကောင်းရှိခြင်း၊ ပြုစုစောင့်ရှောက်တတ်ခြင်း၊ အကူအညီအထောက်အပံ့ ပေးတတ်ခြင်းတို့ပါရှိသည်။
(၃) ညီညွတ်ခြင်း
အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုရှိခြင်း၊ ပါဝင်ဆောင်ရွက်ခွင့်ရှိခြင်း၊ ယဉ်ကျေးမှု စံတန်ဖိုး များ မျှတခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အတူတကွလုပ်ဆောင်ခြင်း၊ ထိရောက်သော ဆက်ဆံရေး ရှိခြင်း၊ ဘုံအကျိုးစီးပွားအတွက်ထည့်သွင်းစဉ်းစားခြင်း၊ ပြေလည်ရာပြေလည်ကြောင်း ဆွေးနွေးညှိနှိုင်း တိုင်ပင်လိုစိတ်၊ အများသဘောထားကို လေးစားလိုက်နာခြင်း တို့ပါရှိသည်။
(၄) သည်းခံခြင်း
အပြန်အလှန်ယုံကြည်မှုရှိခြင်း၊ ရင်ထဲမှလက်ခံနိုင်ခြင်း၊ အခြားသူများကို နေရာပေးခြင်း၊ ယဉ်ကျေးမှု စံနှုန်းများနှင့်ပုဂ္ဂလမတူ၊ ကွဲပြားခြားနားခြင်းများကို လေးစားခြင်း (မတူ၊ ကွဲပြားခြား နားခြင်းများ ရှိလျှက်ပင် အတူတကွ အလုပ်လုပ်နိုင်ခြင်း)၊ ပဋိပက္ခများကို ငြိမ်းချမ်းသော နည်းလမ်း များဖြင့် ဖြေရှင်းခြင်း၊ မတူ ကွဲပြားသော ယဉ်ကျေးမှုများကို လေးစားနိုင်ခြင်း၊ လက်ခံတန်ဖိုးထားခြင်း၊ လူနည်းစုများ၊ အုပ်စုငယ်များအပေါ် လေးစားခြင်း၊ ယဉ်ကျေးစွာ ပြောဆိုပြုမူခြင်း၊ အမြင်ကျယ်၍ ပွင့်လင်းသော စိတ်ထားရှိခြင်း၊
(၅) ကူညီပြုစုစောင့်ရှောက်ခြင်းနှင့် မျှဝေခြင်း
ချစ်ခြင်းမေတ္တာ၊ သူတစ်ပါးအတွက် စိုးရိမ်စိတ်နှင့် စေတနာ သဒ္ဒါတရား ထက်သန်ခြင်းတို့ ပါရှိသည်။
(၆) အပြန်အလှန်အမှီသဟဲပြုခြင်း၊
အသက်ရှင်သန်ခြင်းတွင် အခြားသောသူများနှင့် ဆက်စပ်နေရခြင်း သဘောကို သိမြင် ခံစားနိုင်ခြင်း၊ မည်သူမျှ ပြီးပြည့်စုံခြင်း မရှိသည့် တရားသဘောကို သိမြင်နားလည်ခြင်း၊ စွန့်ဦး တီထွင်ဖန်တီးလိုစိတ်နှင့် အတူတကွ တာဝန်ယူ လုပ်ဆောင်လိုစိတ်၊ ပူးပေါင်းဆောင်ရွက်ခြင်း တို့ပါရှိသည်။
(၇) နီတိနှင့် စိတ်ပိုင်းဆိုင်ရာ စာရိတ္တဖွံ့ဖြိုးခြင်း
စိတ်တွင်း၊ ကိုယ်တွင်းငြိမ်းအေးခြင်း၊ အသက်ရှင်သန်ခြင်း (ဘဝ) အပေါ် အလေးအမြတ် ထားခြင်း၊ လူတိုင်း၏ ရုပ်ပိုင်း၊ စိတ်ပိုင်း အကောင်းဆုံး ဖြစ်တန်စွမ်းကို အသိအမှတ်ပြုခြင်း၊ လူသားထု ဖွံ့ဖြိုးတိုးတက်ရန် အမှန်တကယ်ဆန္ဒရှိခြင်း၊ လူ့စိတ်စွမ်းအားအပေါ် ယုံကြည်မှုရှိခြင်း၊ လွတ်လပ်စွာ တွေးခေါ်စဉ်းစားခွင့်၊ ယုံကြည် ကိုးကွယ်ခွင့်နှင့် အသိပညာရှာဖွေခွင့်ရှိခြင်း၊ ရိုးသားဖြောင့်မတ် မှန်ကန်ခြင်း၊ မိမိအပြုအမူ အပြောအဆိုတို့ကို ပြန်လှန်သုံးသပ် လေ့လာ တတ်ခြင်း၊ သမာဓိတရား ဖွံ့ဖြိုးစေခြင်းတို့ ပါရှိသည်။
၁၉၉၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စကိုမှ ကြီးမှူး ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာ နားလည်မှု ထွန်းကားရေး အတွက် ဆရာအတတ်ပညာ Teacher Education for Peace and International Understanding ညီလာခံကြီးမှလည်း အဖွဲ့ဝင် နိုင်ငံတိုင်း၏ ဆရာအတတ်ပညာ သင်တန်းများတွင် ထည့်သွင်း သင်ကြားရန်အတွက် စံနှုန်းတန်ဖိုး (၁၀) ရပ်ကို ဖော်ထုတ် ဆွေးနွေးခဲ့ကြသည်။ ငြိမ်းချမ်းရေးနှင့် အပြည်ပြည်ဆိုင်ရာ နားလည်မှု ထွန်းကားရေးအတွက် ရည်ရွယ်ရင်းဖြစ်သည်။ ဤစံနှုန်းတန်ဖိုး (၁၀) ရပ်မှာ (၁) လူ့အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ၊ (၂) အပြန်အလှန် နားလည်မှုရှိရေး၊ (၃) ဒီမိုကရေစီ၊ (၄)သည်းခံခြင်းတရား (ခန္တီ)၊ (၅) ကိုယ်တွင်းစိတ်တွင်း ငြိမ်းအေးခြင်းနှင့် ညီညွတ်မျှတခြင်း၊ (၆) လူ့ဂုဏ်သိက္ခာ၊ (၇) အရှည် တည်တံ့ ခိုင်မြဲသော တိုးတက်ဖွံ့ဖြိုးမှု၊ (၈) နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု၊ (၉) ကူညီ စောင့်ရှောက်ခြင်းနှင့်မျှဝေခြင်း၊ (၁၀) အသက်ရှင်သန်ခြင်း (သတ္တလောက) တွင် တရား မျှတမှုရှိခြင်း၊ မတူ ကွဲပြားခြားနားခြင်းများကို အသိအမှတ်ပြု တန်ဖိုးထားခြင်းတို့ ဖြစ်ကြသည်။
ငြိမ်းချမ်းရေး အယူအဆနှင့် တစ်ထပ်တည်း တည်ရှိနေသော အဓိက စံနှုန်းများ ဖြစ်သည့် အပြန်အလှန် သိနားလည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ သည်းခံခြင်းတရား ထွန်းကားရေး၊ သတ္တ လောက တစ်ခုလုံးအတွက် တရားမျှတမှုရှိရေး၊ လူ့အခွင့်အရေးနှင့် တာဝန်ဝတ္တရားများမှာ ငြိမ်းချမ်း ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းများ ဖြစ်ကြောင်း ထင်ရှားသည်။
၎င်းအပြင် နီတိနှင့် စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးမှာလည်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် လျစ်လျူရှု ထား၍ မရပါချေ။ ဤစံတန်ဖိုးများကို လက်ဆင့်ကမ်း သွားနိုင်ရန် အားထုတ်ကြရမည် ဖြစ်သည်။ သို့ဖြစ်လေရာ ပညာရေးမှာ အရေးကြီးပြီး အပြုသဘောဆောင်သည့် အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ယခင် ကာလများကထက် ပိုမို လိုအပ်လျှက် ရှိနေလေသည်။ ငြိမ်းချမ်းရေးနှင့် မျှတညီညွတ်သော လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အနေဖြင့် ကလေးများ ရှင်သန်ကြီးပြင်းရာတွင် သင့်လျော် သော စိတ်နှလုံးသားနှင့် အမြင်သဘောထားများ ဖွံ့ဖြိုးစေရန် တာဝန်ဝတ္တရား တစ်ရပ် အနေဖြင့် ကျောင်းများတွင် တည်ရှိနေလေသည်။ သည်းခံခြင်းတရား၊ တန်းတူရည်တူရေး၊ တရားမျှတရေး၊ လိင်ပိုင်းဆိုင်ရာ တန်းတူအခွင့်အရေး၊ အုပ်စုအလိုက် ပူးပေါင်း ဆောင်ရွက်တတ်မှု၊ လူမှုဝန်ထမ်း စိတ်ဓါတ် ရှင်သန်ရေးနှင့် ပဋိပက္ခများ ဖြေရှင်းတတ်သည့် စွမ်းရည်ဖွံ့ဖြိုးရေးတို့ အတွက် ပြင်ဆင်ထားရှိသည့် သင်ယူလေ့လာရန် ပတ်ဝန်းကျင်မှ တဆင့် ကလေးများ၏ စိတ်နှလုံးသားများတွင် ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို တည်ဆောက် နိုင်ပါလိမ့်မည်။

ဆက်လက် ကူးယူ ဖော်ပြပေးပါမည်။
ကိုဝိုင်ဝိုင်ကေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...