‘မြန်မာနိုင်ငံတွင် ကြံ့များ မျိုးသုဉ်းပျောက်ကွယ်’
by General Knowledge on Saturday, January 28, 2012 at 4:55pm
Posted on Jan 28 12 - 02:54 PM | Hits : 4
မြန်မာနိုင်ငံတွင် ရှားပါးကြံ့မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားပြီဟု တရားဝင်ထုတ်ပြန်ခြင်း မပြုသော်လည်း သဘာဝတောအတွင်း ရှာဖွေတွေ့ရှိခြင်း မရှိတော့သည့်အတွက် မျိုးသုဉ်းသွားပြီဟု ပြောနိုင်ကြောင်း သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“နောက်ဆုံးသိရတာက ထမံသီမှာတွေ့တယ်ဆိုတာပဲကြားပြီး အဲဒီနောက်မှာ ရှာမတွေ့တော့ပါဘူး” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။
မြန်မာနိုင်ငံတွင် ဂျာဗားကြံှ့နှင့် ဆူမတြားကြံ့တို့ကို တွေ့ရှိ ခဲ့ရသော အထောက်အထားများနှင့် မှတ်တမ်းများရှိခဲ့သော်လည်း အခုအခါ လုံးဝတွေ့ရှိရခြင်း မရှိတော့ကြောင်း ဇီဝမျိုးစုံမျိးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင်တစ်ဦးက ပြောကြားသည်။
ကမ္ဘာမှ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးပညာရှင်များ၏ အဆိုအရ မျိုးစိတ်ပေါင်းများစွာ ရှိခဲ့သော ကြံ့မျိုးစိပ်ပေါင်းများစွာ ရှိသည့်အနက်မှ နောက်ဆုံးလေ့လာတွေ့ရှိ ချက်များအရ မြန်မာနိုင်ငံတွင်ထို ၅ မျိုးထဲမှ ၃ မျိုးတွေ့ရှိခဲ့ရသည်ဟု မှတ်တမ်းများရှိခဲ့ကာ ယခုအခါတွင်မူ လုံးဝပျောက်ကွယ်သွားပြီဟု ပညာရှင်များက ခန့်မှန်းနေကြသည်။
(မြန်မာနိုင်ငံတွင် ကျက်စားခဲ့သော မှတ်တမ်းရှိခဲ့သည့် ဂျာဗားကြံ့)(ဓာတ်ပုံ - cyberdodo.com)
ယခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့သော ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် ကမ္ဘာ့သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ အမေရိကန်ပညာရှင် ရောဘတ်တီဇက်ကလည်း သူ၏ မြန်မာနိုင်ငံတွင်းမှ ဇီဝမျိုးစုံမျိုးကွဲများအကြောင်း ရှင်းလင်းပြောကြားရာတွင် ဂျာဗားကြံ့နှင့် ဆူမာတြား ကြံ့တို့ကို မြန်မာ၌ မျိုးသုဉ်းပျောက်ကွယ်သွားပြီဟု ခန့်မှန်းရကြောင်း သူ၏ တင်ပြချက်တွင် ထည့်သွင်းပြောကြားသွားသည်။
မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ရသော ကြံ့မျိုးစိတ်များမှာ အိန္ဒိယကြံ့၊ ဂျာဗားကြံ့နှင့် ဆူမတြားကြံ့တို့ဖြစ်ကြောင်း ဘီဘီစီသတင်းဌာန၏ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစိတ်မှတ်တမ်းဖော်ပြချက်များအရ သိရသည်။
အိန္ဒိယ ကြံ့မျိုးစိတ်များမှာ ယခင်တွေ့ရှိချက်များအရ အိန္ဒိယနိုင်ငံ မြောက်ဘက်ခြမ်းဒေသဖြစ်သော ပါကစ္စတန်နိုင်ငံမှ မြန်မာနိုင်ငံအထိ ရှာဖွေတွေ့ခဲ့ပြီး ယခုအခါ အိန္ဒိယနှင့် နီပေါနိုင်ငံတို့တွင်သာ အကောင်ရေအနည်းငယ်မျှ ကျန်ရှိတော့သည်။ ဂျာဗား ကြံ့မျိုးစိတ်များမှာ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးကျွန်းဆွယ်နှင့် ဆူမတြားဒေသတို့တွင် တွေ့ရှိခဲ့ဖူးပြီး ယခုအခါ ထိုနေရာ အားလုံးထဲမှ နှစ်နေရာတွင်သာ တွေ့ရှိရတော့ပြီး အကောင်ရေမှာလည်း စိုးရိမ်ဖွယ်ရာ လျော့ကျလျှက် ရှိကြောင်း လေ့လာတွေ့ရှိချက် များကို ကိုးကား၍ ဘီဘီစီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
ဆူမတြားကြံ့များမှာ မြန်မာနိုင်ငံတွင်းရှိ ဒေသအချို့တွင် ကျက်စားဖူးကြောင်း မှတ်တမ်းများရှိခဲ့ဖူးပြီး ယခုအခါ တစ်ကမ္ဘာလုံးတွင် အကောင်ရေ ၃၀၀ အောက်ပင် လျော့နည်းလျက်ရှိကြောင်း ပညာရှင်များက ခန့်မှန်းထားကြပြီး မျိုးသုဉ်းပျောက်ကွယ်လုနီးသော အဆင့်ထက်ပင် ကျော်လွန်နေပြီဖြစ်ကြောင်း နိုင်ငံတကာ ဇီဝမျိုးစုံထိန်းသိမ်းရေးအဖွဲ့များမှ ထုတ်ပြန်ပြောကြားထားသည်။
ကြံ့များသည် ယင်းတို့၏ ဦးချိုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရပြီး ဦးချိုများမှာ တိုင်းရင်းဆေးဝါးများ ဖော်စပ်ရန် ဈေးကောင်းပေးဝယ်ယူသဖြင့် ကြံ့ဦးချိုရရှိရန် ဖမ်းဆီးသတ်ဖြတ်နှုန်းမှာ မြင့်မားလျက်ရှိသည်။ ကမ္ဘာ့ကြံ့အကောင်ရေမှာ စိုးရိမ်ဖွယ်ကောင်းအောင် ကျဆင်းနေပြီး ကမ္ဘာတွင် လုံးဝပျောက်ကွယ်သွားမည်ကိုပင် စိုးရိမ်ရကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။
Credit: အေးမြကျော် (7Day News Journal)
0 comments:
Post a Comment